Wednesday, May 29, 2013

မြစ်ကြီးနား ဆွေးနွေးပွဲအပေါ် မျှော်လင့်ချက်နှင့် အကြံပြုချက်များ

ဖနိဒါ | အင်္ဂါနေ့၊ မေလ ၂၈ ရက် ၂၀၁၃ ခုနှစ်

ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲကို မေလ ၂၈ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။

၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်များ ပျက်ပြားပြီး တိုက်ပွဲများ ထောင်နှင့်ချီ၍ ပြန်လည် ဖြစ်ပွား လာပြီးနောက် ပထမဆုံးအကြိမ် မိမိနိုင်ငံတွင်း ကျင်းပမည့် တွေ့ဆုံပွဲအတွက် မျှော်လင့်ချက်များနှင့် အကြံပြုလိုသည်များကို သိရှိနိုင်ရန် ကချင်ပြည်နယ်ရှိ ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံရေး ခေါင်းဆောင် အချို့ထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းထားရာ အလားအလာ ကောင်းသော တိုးတက်ဖြစ်ထွန်း မှုတ ရပ်အဖြစ် အများစုက ခြုံငုံ သုံးသပ်ကြသည်။

ရိုမန်ကတ်သလစ် ဘုန်းတော်ကြီး နော်ဒိန်း

ဆွေးနွေးတဲ့အခါမှာ သူတို့ စီစဉ်ထားတဲ့အတိုင်း တပ် နေရာပြောင်းရွှေ့ရေးကိစ္စ၊ နိုင်ငံရေး ဆွေးနွေးရေးကိစ္စ ဒီနှစ်ခုက သဘောတူမယ်လို့ မျှော်လင့်တယ်လေ။ ဒီအချက်တွေ မပါရင်တော့ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ ရှေ့ဆက်ပြီးတော့ ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး။ အသေးစိတ်ကတော့ ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီအချက်တွေ သဘောတူထားရင် ဆက်ပြီး ဆွေးနွေးသွားရင် ပြည်ထောင်စု ဆွေးနွေးပွဲတို့၊
နိုင်ငံရေးဆွေးနွေးပွဲ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ ဆွေးနွေး
ရေးကိစ္စတွေတော့ အောင်မြင်သွားမယ်လို့ ယူဆတယ်။

တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိစ္စ၊ နိုင်ငံရေး စတင်ဆွေးနွေးပွဲကို နှစ်ဖက်လုံး အချိန်မဆွဲ၊ ပရိယယ်မသုံး၊ ရိုးသားဖြောင့်ဖြောင့်မတ်မတ် ဆွေးနွေးသွားမယ်ဆိုရင်တော့ တိုင်းရင်းသား ပြည်သူပြည်သား အားလုံး စိတ်ချမ်းသာ သွားမယ်ထင်တယ်။ အားလုံးလည်းပဲ အားရကြမယ်လေ။ ပညာပြမယ်၊ အချိန်ဆွဲထားမယ်၊ အကွေ့အကောက်လုပ်မယ်၊ ပရိယာယ် ပြမယ်ဆိုရင်တော့ လူထုဆန္ဒတော့ ဒေါသထွက်မယ်ထင်တယ်။ အဲတော့ အချိန်မဆွဲဘဲ ဆွေးနွေးကြဖို့ အကြံပြုချင်တယ်။

ဒေါက်တာ ခလမ်ဆမ်ဇွန် (ကချင်နှစ်ခြင်းခရိယာန်အဖွဲ့ချုပ် KBC အတွင်းရေးမှူး)

ရလဒ်အပေါ်မှာတော့ ကျနော်တို့ သိပ်တော့ မထင်ထားဘူး။ ဘာကြောင့်လဲဆိုတော့ KIO ရဲ့ လိုချင်တဲ့ လမ်းစဉ်က နိုင်ငံရေးဆွေးနွေးဖို့၊ ဦးသိန်းစိန်အစိုးရရဲ့ ရည်ရွယ်ချက်က အပစ်အခတ် ရပ်စဲရေး ပေါ့နော်။ ဒီနှစ်ခုက တော်တော်ညှိယူ ရမယ်လို့ ထင်ပါတယ်။ ကျနော် ပြည်သူ တယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ သိပ်တော့ မျှော်လင့်ချက် မထားဘူး။ အလျှော့ အတင်းတော့ နည်းနည်းလုပ်ဖို့တော့ ရှိမယ်။ ဒါပေမယ့် သိပ်ပြီးမှ ခရီးရောက်မယ်လို့ မထင်ဘူး။ ပြည်သူတွေရဲ့ ဝမ်းသာမှုကတော့ KIO တွေ နှစ်နှစ် တိုက်ပွဲဖြစ်တဲ့ နောက်မှာ ပြန်တွေ့လို့ ဝမ်းသာမှု ကတော့ အပြည့်ပဲ တွေ့နေရတယ်။

အကြံပြုချင်တာက နိုင်ငံရေး ပဋိပက္ခကနေ စခဲ့တဲ့ လက်နက်ကိုင် လမ်းစဉ်မို့လို့၊ နိုင်ငံရေး ဆွေးနွေးမှု အားဖြင့်သာလျှင် အဆုံးသတ်နိုင်မယ်လို့ နိုင်ငံရေးဆွေးနွေးဖို့ကတော့ အဓိကပဲ ဆိုတာကို အကြံပြုလိုပါတယ်။

ဆရာဂမ်အောင် (ကချင်အတိုင်ပင်ခံအဖွဲ့ WMR အတွင်းရေးမှူး)

ကျနော်တို့ကတော့ အကောင်းဆုံး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်လာမယ်လို့တော့ မျှော်လင့်တယ်လေ။ ဒါပေမယ့် အဲမှာ ဆွေးနွေးမယ့် နိုင်ငံတော်အစိုးရနဲ့ KIO အပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့ကတော့ အကောင်းဆုံးဖြစ်လာမယ်လို့ မျှော်လင့်တယ်။

တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် နှစ်ဖက်စလုံးကို တိုက်တွန်းချင်တယ်။ တည်တံ့ ခိုင်မြဲတယ်ဆို တာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကို ဖန်တီးခွင့်နဲ့ ပတ်သက်ပြီးတော့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ဖို့အတွက် တိုက်တွန်းချင်တယ်။ ဆွေးနွေးပွဲမှာတော့ ဒီအချက်တွေကို စဉ်းစားဖို့ ကျနော်တို့ တိုက်တွန်းချင်ပါတယ်။

ဒေါက်တာ တူးဂျာ (KIO ဒု-ဥက္ကဋ္ဌ ဟောင်း)

မျှော်လင့်ချက်တော့ အများကြီးထားလို့ ရတယ်။ ဘာကြောင့်လဲဆိုတော့ အရင်က နယ်စပ်မှာ၊ နိုင်ငံခြားမှာ တွေ့ဆုံကြတယ်။ အခုက ကိုယ့်နိုင်ငံ မြစ်ကြီးနားမှာ ဆွေးနွေးပွဲကျင်းပနိုင်တယ်ဆိုတာ တိုးတက်မှုပါပဲ။ ဒီလို ဆွေးနွေးပွဲကနေ အကျိုးအမြတ်တွေ ရဖို့ အများကြီး အကျိုးအမြတ် ရှိပါတယ်။ မျှော်လင့်ချက်တွေ အများကြီးရှိတယ်။ တထိုင်တည်းနဲ့တော့ လိုချင်တဲ့ အဖြေထွက်ဖို့ မလွယ်ဘူး။ ဒါပေမယ့် အရေးကြီးတဲ့
ခြေလမ်းသစ် ဖြစ်တယ်။ တပ်ကိစ္စတွေ၊ နိုင်ငံရေးဆွေးနွေးပွဲ ကိစ္စတွေက အရေးကြီးတဲ့အဆင့် ရောက်နေပြီ။ ဒီကနေတဆင့် တိုးတက်မှု ရရှိသွားမယ် ဆိုရင်တော့ လိုချင်တဲ့ အဖြေရဖို့ အများကြီး နီးစပ်သွားမယ်။

ဒီဆွေးနွေးပွဲကို အချိန်ယူပြီး ပြင်ဆင်တယ်။ နှစ်ဖက် လူကြီးတွေလည်း အဝေးက လာကြတယ်။ အရေးကြီးတဲ့ လူကြီးတွေ၊ လေ့လာသူအနေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ လာတယ်။ တပ်ပေါင်းစုက တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း လာကြတယ်။ ဆိုတော့ ဒီလောက် လူစုံကျင်းပတဲ့ ပွဲက စိတ်ရှည်ရှည်နဲ့ အဖြေကောင်းတခုခု ရအောင်တော့ ဆွေးနွေးစေချင်တယ်။ သူတို့လည်း လုပ်ကြမှာပါ။ ဒီလို တဆင့်ချင်း တဆင့် တိုးတက်မှုတော့ ရလာနေပါပြီ။ ဒီကနေ ဆက်ပြီးတော့ ဒီထက်မက အရေးကြီးတဲ့ ခြေလမ်းတွေ ဖြစ်လာမှာ။ ဒါကြောင့် တိုးတက်မှု ပြတဲ့ ဖြစ်ထွန်းမှု ဖြစ်တယ်။ ဒီလို ဆက်တိုက် လုပ်ဆောင်သွားမယ်ဆိုရင် ငြိမ်းချမ်းရေး ရရှိဖို့ အများကြီး အလားအလာ ကောင်းပါတယ်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့