Monday, May 27, 2013

အင်းလေလံဈေး မြင့်နေခြင်းကြောင့် ရေလုပ်သားများနှင့် အင်းသူကြီးများ ပြဿနာဖြစ်ရခြင်းဟုဆို

ဖိုးစိုးသူ
မေလ ၂၆ ရက် ၂၀၁၃ ခုနှစ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း အင်းများ လေလံပေးရာတွင် လေလံဈေးများ မြင့်နေခြင်း ကြောင့် ရေလုပ်သားများနှင့် အင်းသူကြီးများ ပြဿနာဖြစ်ရခြင်းဖြစ်သည်ဟု ပန်းတနော်မြို့နယ် တောင်သူ
လယ်သမား ရေလုပ်သားဖွံ့ဖြိုး တိုးတက်ရေးသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးမောင်ငြိမ်းက ပြောသည်။

ဦးမောင်ငြိမ်းက 'သက်ဆိုင်ရာ ငါးဦးစီးမှူးတွေက အင်းလေလံကြေးတွေကို ရေလုပ်သားတွေ မတတ်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချကြတယ်။ ရေလုပ်သားတွေက မတတ်နိုင်တဲ့ ဈေးနှုန်းဖြစ်နေတဲ့အတွက် အင်းတွေထဲမှာ ငါးတွေခိုးဖမ်းကြတယ်။ ဒါကြောင့် အင်းတွေမှာ ရေလုပ်သားတွေနဲ့ အင်းသူကြီးတွေ ပဋိပက္ခတွေ ဖြစ်ပေါ် လာရတာပါ' ဟု ပြောသည်။

ယင်းကြောင့် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဋ္ဌာနများမှ ရေလုပ်သားများ အဆင်ပြေစွာ ရေလုပ်ငန်းလုပ်ကိုင်နိုင်ရန် အတွက် သင့်တင့်သော ကြေးဒိုင်ဈေးနှုန်းများကို သတ်မှတ်ပေးရန်လိုကြောင်း ၎င်းးက ဆက်လက်ပြောကြားသည်။

အင်းသူကြီးများက အစိုးရထံမှ အင်းလေလံဈေးများကို သိန်းတစ်ရာမှ သိန်းလေး ငါးဆယ် အထိပေး၍ ဝယ်ယူထာရပြီး ရေလုပ်သားများဘက်က အင်းများအတွင်း ငါးခိုးဖမ်းခြင်း၊ အုပ်စုလိုက်ဝင်ရောက် ငါးဖမ်းခြင်းများ လည်း ဖြစ်လေ့ရှိသည်ဟု အင်းသူကြီးများက ဆိုသည်။ သက်ဆိုင်ရာသို့ တိုင်ကြားပါက သက်ဆိုင်ရာ ငါးဦးစီးများ မှ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းမပေးပဲ ရေလုပ်သားများအား လုပ်ပိုင်ခွင့်ပြန်ပေးခဲ့၍ လေလံကြေးဖြင့် ဝယ်ယူထားသော အင်းသူကြီးများမှာ နစ်နာမှုများလည်းရှိကြောင်း မအူပင်မြို့နယ် အင်းတေးထုံးဝိုင်းကြီးအားပြန်လည် လုပ်ကိုင်ခွင့် ပေးလိုက် ရသော အင်းသူကြီး ဦးအေးမြင့်က ရှင်းပြသည်။

၎င်းက 'အုပ်စုလိုက် ငါးဝင်ဖမ်းတယ်။ ရဲကိုတိုင်ရင်လည်း ထိရောက်တဲ့ကာကွယ်မှု၊ အရေးယူမှုမပေးဘူး။ ပြဿနာ က ကြီးလာရင် အင်းသူကြီးတွေရဲ့ လေလံကို ငွေပြန်ပေးပြီး ရေလုပ်သားတွေကို လုပ်ခွင့်ပြန်ပေးတဲ့အခါ အင်းပြင်ရိတ်တွေ၊ ငါးမျိုးစိုက်ထည့်ထားတာတွေ၊ အချိန်ကုန်၊ ငွေကုန်ဖြစ်ရတယ်' ဟု သူ၏ အတွေ့အကြုံကို ပြောသည်။

ပြီးခဲ့သော နှစ်အတွင်း ဧရာဝတီတိုင်းအတွင်း အင်းပြဿနာများကြောင့် အင်းသူကြီးများနှင့် ရေလုပ်သားများ ပြဿနာများ ဖြစ်ခဲ့ကြပြီး ယင်းပြသနာများကို သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးမှူးများမှ ဖြေရှင်း နည်းများ မမှန်ကန်ကြောင်း မအူပင်မြို့၊ နန်းစိုက်ကျေးရွာမှ အင်းသူကြီး ဦးအောင်ကျော်မိုး က ဆိုသည်။

၎င်းက 'ရေလုပ်သားတွေက ငါးဖမ်းတဲ့ နေရာတွေမရှိရင် ရှိတဲ့နေရာမှာ ဆင်းဖမ်းကြမှာပဲ။ စားစရာမရှိရင် ဘာမဆိုလုပ်ကြတော့မှာပဲလေ။ အင်းသူကြီးတွေဘက်ကလည်း သိန်းကို ရာချီပြီးပေးထား ရ တာ ဖြစ်တဲ့အတွက် ငါးဖမ်းတာကို မခံနိုင်ဘူးပေါ့။ အဓိက,ကတော့ ရေလုပ်သားတွေကို အစားထိုးအလုပ် တွေရှာပေးတာပဲဖြစ်ဖြစ်၊ ဘုံဖမ်းခွင့် နေရာဖြစ်ဖြစ် ပေးသင့်တယ်။ ဒါမှ ဒီလို ပြဿနာတွေမရှိလာနိုင်မှာ' ဟု သုံးသပ်ပြောဆိုသည်။

အင်းပြဿနာများကြောင့် ဧရာဝတိုင်းအတွင်း အင်းသူကြီးများနှင့် ရေလုပ်သားများအကြား ပြဿနာများဖြစ်ပွာခဲ့ရပြီး ပြီးခဲ့သော နှစ်အတွင်းက ရှားခဲအင်းပြဿနာကြောင့် လူသေဆုံးမှုများလည်း ဖြစ်ပွားခဲ့သည်။

မအူပင်ခရိုင်ငါးဦးစီးမှူး ဦးစိန်သောင်းသို့ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရေချိုငါး ဥပဒေ ၂ /၂ဝ၁၂ အရ မြစ်ချောင်း ၊ အင်း၊ အိုင်များကို လေလံတင်ရောင်းချရာတွင် ဈေးပြိုင်လေလံ စနစ်ဖြင့် ရောင်းချပေးခြင်း ဖြစ်သည်ဟု ပြောကြားသည်။

၎င်းက 'အင်းတွေမှာ ရေလုပ်သားတွေနဲ့ အင်းသူကြီးတွေ ပြဿနာဖြစ်တဲ့အတွက် ဧရာဝတီတိုင်းထဲက မြစ်ချောင်း အင်းအိုင် တော်တော်များများမှာ ဘုံငါးဖမ်းခွင့်နေရာတွေကို ထားရှိပေးထားတယ်။ ထပ်ပြီးတော့ ဘုံငါးဖမ်းနေရာ တွေပေးနိုင်ဖို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ တိုင်ပင်ဆောင်ရွက်လျက် ရှိနေတယ်'ဟုလည်း ပြောသည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၉-၁ဝ ခုနှစ် အင်းစာရင်းများအရ အင်းပေါင်း (၃၇၂၄) အင်း ရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်း အင်းပေါင်း (၁၇၈၁) အင်း ရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့