Tuesday, August 14, 2012

တပ်တွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲ အီဂျစ်မီဒီယာ ချီးကျူး

13.08.2012
အီဂျစ်နိုင်ငံမှာ သမ္မတ Mohamed Morsi က တစ်ခါက တအား တန်ခိုးထွားခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးကို ရာထူးကဖြုတ် ပစ် ပြီးတော့ စစ်တပ်ရဲ့ အာဏာကို တခန်းရပ်ဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ လုံးဝ ပြောင်းလဲရေး အသွင်သဏ္ဍန် ဆောင်တယ်လို့ အီဂျစ် မီဒီယာ အသင်းအဖွဲ့တွေက ချီးကျူးပြောဆိုနေကြပါတယ်။ မစ္စတာမော်စီဟာ ကာကွယ်ရေးဝန်ကြီး Hussein Tantawi နဲ့ လက်နက်ကိုင်တပ်များရဲ့ စစ်ဦးစီးချုပ် Sami Enan တို့ကို ရာထူးကနေ အနားပေးလိုက် တာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီး တန်တာဝီဟာ သမ္မတဟောင်း Hosni Mubarak ရဲ့ အာဏာကို လွှဲယူခဲ့သူ ဖြစ်ပါတယ်။ မစ္စတာတန် တာဝီ နဲ့ တခြား စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိတွေ စစ်ကောင်စီနဲ့ သြဇာအာဏာမြင့်မားစေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ကြေငြာချက်ကိုလည်း သမ္မတမော်စီက ပယ်ဖျက်လိုက်ပါတယ်။

မစ္စတာမော်စီက သူ အစိုးရအဖွဲ့အစည်းတွေကို အရှက်ခွဲဖို့ မဟုတ်ပါဘူး အီဂျစ်နိုင်ငံတော်ကြီးနဲ့ တိုင်းသူပြည်သား တွေရဲ့ အကျိုး စီးပွား အတွက် အခုလိုမျိုး လုပ်ဆောင်ရတာဖြစ်ပါတယ်လို့ ပြောပါတယ်။ စစ်တပ်ကတော့ သမ္မတရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ် လို့ လူသိရှင်ကြား တုန့်ပြန်တာမရှိပါဘူး။

အမေရိကန်သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကတော့ အီဂျစ်နိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲ ရှေ့ဆက် အကောင် အထည် ဖော်နိုင်အောင်လို့ အီဂျစ်အရပ်သားနဲ့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ လက်တွဲပြီးတော့ လုပ်ဆောင်ကြရလိမ့်မယ်လို့ အလေးပေးပြီးတော့ ပြောကြားသွားခဲ့ပါတယ်ရှင်။


Ref: ဗွီအိုအေ

Read More...

ကယ်တင်ရမယ့် မြို့တော်ရန်ကုန်

စတိဗ် တစ်က်နာ
August 11, 2012

တစစီပြိုကျနေတဲ့ ရန်ကုန်က ဗြိတိသျှကိုလိုနီခေတ် ဗိသုကာလက်ရာတွေကို ဓာတ်ပုံနဲ့ မှတ်တမ်းတင်ပြီး စာအုပ် ထုတ်ဝေဖို့ ဓာတ်ပုံဆရာ ၂ ယောက်က ပြင်ဆင်နေကြပါတယ်။ ရန်ကုန်ဆိုတာကလည်း ဒီလက်ရာတွေကြောင့် ထင်ရှားကျော်ကြားနေတာကိုး။

မော်ရိုကိုနိုင်ငံဖွား သြစတြေလျနိုင်ငံသား ယက်ခ် မောဒီ (Jacques Maudy) နဲ့ အီတလီနိုင်ငံသား ဂျီမီ ကက်စက်စ်စီယာ (Jimi Cassaccia) တို့ဟာ ပုံဖျက်ခံရတဲ့ မြို့တော်ရဲ့ သရုပ်မှန်ကို ရင်သပ်ရှုမောဖွယ်ရုပ်ပုံတွေနဲ့ ရေးဆွဲပြနိုင်ကြပါတယ်။ တချိန်တည်းမှာလည်း သမိုင်းဆိုင်ရာအမွေအနှစ်တွေကို အလေးအနက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတယ်ဆိုတာကိုလည်း ရုပ်ပုံ တွေကနေတဆင့် ပြောပြကြပါတယ်။

ထင်ရှားတဲ့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး တည်ထောင်ခဲ့တဲ့ ရန်ကုန်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Rangoon Heritage Trust – RHT) ကိုယ်စား ရိုက်ကူးတဲ့ ဒီဓာတ်ပုံတွေဟာ စိတ်ကူးစိတ်သန်းကောင်းမွန်ပြီး အရောင်အသွေး စုံလင်လှတဲ့အပြင် မြို့တော်ဟောင်းရဲ့ မုတ်သုန်ရာသီ မြင်ကွင်းကိုလည်း အထူးခံစားရစေမှာ ဖြစ်ပါတယ်။

အခုလို မှတ်တမ်းတင်တာဟာ ရန်ကုန်မြို့ကြီးရဲ့ တန်ဖိုးရှိလှတဲ့ ယဉ်ကျေးမှုဆိုင်ရာ သွင်ပြင်လက္ခဏာကို ကာကွယ် စောင့်ရှောက် သွားနိုင်ရေးအတွက် ဥပဒေပြဌာန်းနိုင်ဖို့ သမိုင်းပညာရှင်တွေ ဝိုင်းဝန်းကြိုးပမ်းနေကြတာရဲ့ အစိတ်အပိုင်း တခုဖြစ်ပါတယ်။ နောင် လာမယ့် မျိုးဆက်တွေအတွက် သူတို့ ကြိုးပမ်းနေကြတာပါ။

သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား (Bob Carr) မြန်မာပြည်ကို အလည်လာစဉ်အခါက ဒီမှတ်တမ်းတင်တဲ့ အလုပ် ကိုလုပ်ဖို့ RHT ကို အလေးအနက် တိုက်တွန်းခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ကြွယ်ဝလှတဲ့ ဗိသုကာ အမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ သူ့အစိုးရအနေနဲ့ အထောက်အပံ့ ပေးသွားမယ်၊ ကျွမ်းကျင်သူတွေနဲ့ ကူညီသွားမယ်လို့လည်း ကတိပေး သွားခဲ့ပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ ဒဏ်ခတ်အရေးယူမှုတွေကို မကြာသေးခင်က လျှော့ချလိုက်တာနဲ့အတူ သူ့ထက်ငါ အလျင်စလို ဝင်ရောက်လာကြမယ့် ဖွံ့ဖြိုးရေး စီမံကိန်းတွေက အလျှင်အမြန် ယိုယွင်းပျက်စီးနေတဲ့ ၁၈ ရာစုပုံစံ လက်ရာမွန်တွေအပေါ် ခြိမ်းခြောက်မှုရှိနိုင်တယ်လို့ စိုးရိမ်မှုတွေ နက်နက်ရှိုင်းရှိုင်း ရှိနေကြပါတယ်။ နှစ်နဲ့ချီပြီး လှည့်မကြည့်ဘဲ ထားခဲ့တာမို့ အဲ့ဒီအဆောက်အအုံ အတော်များများဟာ မူလအနေအထားရောက်အောင် အသည်းအသန် ပြန်လုပ်ဖို့ လိုနေပါတယ်။

RHT ရဲ့ ကြိုးစားမှုရလဒ်အဖြစ် အခုဆိုရင် မြန်မာအစိုးရက ဆောက်လုပ်ခွင့် ပါမစ် အခု ၂၀ ကို ဆိုင်းငံ့ထားလိုက်ပါပြီ။ မူလ အနေအထားအတိုင်း မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်တဲ့ အချိန်အထိ ဆိုင်းငံ့ထား လိုက် တာပါ။

ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာ တို့ဟာ ဓာတ်ပုံရိုက်တဲ့နေရာမှာ အရိပ်ကျမှု လျော့နည်းရလေအောင်နဲ့ သမိုင်း အမွေ အနှစ် အဆောက်အအုံတွေရဲ့ အသေးစိတ်ကို ညှို့ဓာတ်ပါတဲ့ အရောင်နဲ့ ဖော်ထုတ်နိုင်အောင် ရန်ကုန်မြို့ကြီးရဲ့ အေးစိမ့်စိုစွတ် တိမ်ဖုံးနေတဲ့ ရာသီဥတုကို ဖြစ်နိုင်သမျှ အကောင်းဆုံး အသုံးချခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ဓာတ်ပုံတွေထဲမှာ ကောင်းမွန်တဲ့ ပုံတူပန်ချီကားတွေနဲ့ ရန်ကုန်လမ်းမတွေပေါ်က မြင်ကွင်းအတော်များများလည်း ပါဝင်ပါတယ်။

ပုံတွေထဲမှာ ထင်ရှားတာကတော့ ဗြိတိသျှတွေအတွက် သီးသန့်တည်ဆောက်ခဲ့တဲ့ ကိုလိုနီခေတ် ပဲခူးကလပ် ဓာတ်ပုံတွေပါပဲ။ အကောင်းဆုံး ကျွန်းသစ်တွေနဲ့ ၁၈၈၀ ခုနှစ်တွေနှောင်းပိုင်းမှာ တည်ဆောက်ခဲ့တဲ့ ဒီကလပ်ဟာ အခုဆိုရင် အသည်းအသန် ပျက်စီးယိုယွင်းနေပြီဆိုပေမယ့် အချိန်ရဲ့ စမ်းသပ်မှုကို အံ့သြလောက်အောင် အာခံနေဆဲဖြစ်ပါတယ်။ အဲ့ဒီ အချိန်တုန်းကဆိုရင် လူတန်းစားအရ၊ လူမျိုးရေးအရ ခွဲခြားတဲ့နေရာမှာ ဒီကလပ်ဟာ ထိပ်ဖျားမှာ ရှိနေခဲ့ပါ။ ရာထူးအမြင့်ဆုံး မြန်မာလူမျိုးတွေတောင် ဒီကလပ်ထဲ ဝင်ခွင့်မရခဲ့ကြပါဘူး။

အထင်ကရ ရန်ကုန်အတွင်းဝန်ရုံး အဆောက်အအုံကို အတွင်း၊ အပြင်ရိုက်ပြီး မီးမောင်းထိုးပြထားတဲ့ ပုံတွေကိုလည်း ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာ တို့ရဲ့ ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။ လက်ရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ဖခင် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းဟာ သူ့ရဲ့ နိုင်ငံရေးပြိုင်ဘက် တယောက်ရဲ့လက်ချက်နဲ့ ၁၉၄၇ ခုနှစ်တုန်းက ဒီနေရာမှာ လုပ်ကြံခံခဲ့ရတာပါ။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့အချိန်ကစလို့ အတွင်းဝန်ရုံး အဆောက်အအုံကို ပိတ်ထားခဲ့ပြီး အပြင်လူတွေ ဝင်ခွင့် မရခဲ့တာ မို့ ဒီဓာတ်ပုံတွေက ထင်ရှားတဲ့ မြန်မာ့အမိုင်းကာလတခုကို ရှားရှားပါးပါး ဖျတ်ကနဲ မြင်ရစေပါတယ်။

ယက်ခ် မောဒီနဲ့ ဂျီမီ ကက်စက်စ်စီယာတို့ရဲ့ ဓာတ်ပုံမှတ်တမ်းစာအုပ်ဟာ အခုဆိုရင် ပုံနှိပ်နိုင်တဲ့အဆင့်ကို ချဉ်းနင်းဝင် ရောက်နေ ပါပြီ။ စာအုပ်အဖြစ်ထုတ်ဝေနိုင်ဖို့အတွက် သူတို့က အလှူရှင်တွေ ရှာဖွေနေကြပါတယ်။ ဓာတ်ပုံတွေနဲ့ ပတ် သက်ပြီး ထပ်မံသိရှိ လိုတယ်ဆိုရင်တော့ သူတို့ရဲ့ဝက်ဘ်ဆိုဒ် (JJMC) မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

Steve Tickner ၏ စာအုပ်အညွှန်း Yangon: a City to Rescue ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

Ref: ဧရာဝတီ

Read More...

ပဲခူးတိုင်းအတွင်း လယ်မြေဧက ၄ သောင်းကျော်ရေနစ်မြုပ်

မေစစ်ပိုင်
August 13, 2012

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အတွင်းရှိ အိပ်လဟာ၊ ဇီးဝံ၊ ဆုံကုန်း၊ ဒေါဝီနှင့် အိုင်ကတုန်း ကျေးရွာအုပ်စုများရှိ ကျေးရွာ ခွဲပေါင်း ၄၀ ကျော်တွင် ဒေါဝီမြစ်မှ စီးဆင်းလာသော ရေများကို တားဆီးသည့် တာရိုးနှစ်ခုက ရေအားမထိန်းနိုင်ဘဲ ပေါက်ထွက် ခဲ့သဖြင့် လယ်မြေဧက ၄ သောင်းကျော်ရှိ စပါးခင်းများ ရေလွှမ်းမိုးပြီး ပျက်စီးမည့် အခြေအနေနှင့် ရင်ဆိုင် နေရကြောင်း ဒေသခံ များက ပြောသည်။

ယင်းဒေသရှိ လူဦးရေ ၇၅ ရာခိုင်နှုန်းကျော်သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေရသည့် လယ်သမားများ ဖြစ်သည့်အတွက် အဆိုပါ ဒေါဝီမြစ်တာတမံမှ ပေါက်ထွက်လျက်ရှိသော တာပေါက်များကို အမြန်ဆုံး ပိတ်ဆို့ပေးရန် သက်ဆိုင်ရာ သာယာဝတီခရိုင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနသို့ လယ်သမားများ စုပေါင်းကာ တင်ပြခဲ့ကြောင်း၊ ဌာနမှ လာရောက်ကြည့်ရှုခဲ့သော်လည်း လက်ရှိ အချိန်အထိ တာပေါက်များကို ပိတ်ဆို့ပေးရန် စီစဉ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

“စပါးခင်းတွေက ရေမြုပ်လို့ ပျက်စီးကုန်ပြီ။ ဒါမျိုးဖြစ်နေတာ သုံးနှစ်ဆက်တိုက် ရှိပြီ။ ဌာနဆိုင်ရာက ဘာမှကို လုပ်မပေးတာ” ဟု ကြာဗြဲကျေးရွာနေ လယ်ဧက ၃၀ ကျော် ရေလွှမ်းခံနေရသူ လယ်သမားကြီး ဦးသန်းထွန်းက ပြောသည်။

ဒေါဝီ မြစ်ကြောင်းတလျှောက်ရှိ အင်းလေလံများ ယူကာ လုပ်ကိုင်လျက်ရှိသော အင်းသူကြီးများကလည်း ၎င်းတို့၏ အကျိုးစီးပွား အတွက် ငါးများ ပိုမိုရရှိစေရန် တာပေါက်များကို ပိုမိုချဲ့ထွင်ကြသောကြောင့် လယ်မြေများ ထဲသို့ ရေများ ပိုဝင်စေဟု ဒေသခံ ၎င်းကဆိုသည်။

အင်းသူကြီးများ၏ တာပေါက် ချဲ့ထွင်ခြင်းကို သက်ဆိုင်ရာသို့ တင်ပြ တိုင်ကြားသော်လည်း အရေးယူခြင်း မပြုသေးကြောင်း သိရသည်။

“နိုင်ငံတော် အကြီးအကဲတွေကို သိစေချင်တယ်၊ လယ်သမားတွေရဲ့ ဘ၀က သေမထူး၊ နေမထူး ဖြစ်နေပြီ။ တာပေါက်တွေကို ပိတ်မပေးရင် လယ်သမား မိသားစုတွေအားလုံး ငတ်ပြီးသေမှာပဲ” ဟု အင်းပုညာ ကျေးရွာနေ လယ်ဧက ၂၀ ကျော် ရေလွှမ်း မိုးခံရသူ ဦးအောင်မြင့်စိန်က ပြောသည်။

ရေဝင်သည့် တာပေါက်နှစ်ပေါက်ကို သာယာဝတီခရိုင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက် ပေးခြင်း မရှိပါက လယ်မြေရေနစ်မြုပ်ခံရသည့် လယ်သမားများ စုပေါင်းကာ ဌာန၏ ရုံးရှေ့တွင် ဆန္ဒပြသွားမည်ဟု တောင်သူများ က ဆိုသည်။

“တာပေါက်တွေကို ပိတ်ပေးနိုင်ရင် လယ်သမားတွေအတွက် အကောင်းဆုံး ဖြစ်လာမယ်လို့ မြင်ပြီးသားပါ။ ဒါပေမယ့် ဌာနညွှန် ချုပ်က တဆင့် ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကို စာတင်ပြ ထားတာ အကြောင်း မပြန်သေးလို့ ဘာမှမလုပ်သေးတာ” ဟု သာယာဝတီခရိုင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနမှ အမည်မဖော်လိုသူ အင်ဂျင်နီယာတဦးက ပြောသည်။

အဆိုပါ ဒေါဝီမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ရေစူးအနက် ၃၉ လက်မဖြစ်ပြီး လက်ရှိအချိန်တွင် ရေစူးအနက် ၄၂ လက်မ အထိ ရှိနေကြောင်း တိုင်းထွာရရှိသည်ဟု အထက်ပါ အင်ဂျင်နီယာက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်ကလည်း “လယ်သမားတွေ အတွက် ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ အားလုံး အသင်းကို လာရောက်တင်ပြမယ်ဆိုရင် တတ်နိုင်သလောက် ဆောင်ရွက်ပေးမှာပါ” ဟု ပြောသည်။

ယင်းဖြစ်စဉ်ကဲ့သို့ပင် လွန်ခဲ့သည့် ၇ နှစ် ခန့်က သုံးဆယ်မြို့အနီးရှိ အိပ်လဟာ ကျေးရွာအုပ်စုတွင် တာကျိုးပေါက်မှုမှ ရေ၀င်ပြီး စပါးခင်းများ ပျက်စီးခဲ့ကြောင်း၊ ဌာနဆိုင်ရာက တာပေါက် ပိတ်ပေးခဲ့ခြင်းကြောင့် လက်ရှိတွင် အဆိုပါ ကျေးရွာ ဒေသကြီး တ၀ိုက် ၌ လယ်မြေ စိုက်ပျိုးခြင်း အဆင်ပြေနေကြောင်း သိရသည်။

Ref: ဧရာဝတီ

Read More...

ဘူးသီးတောင်၊ မောင်တောက ရခိုင်တိုင်းရင်းသားများ ပြောင်းရွှေ့နေထိုင်လို

ကျော်ခ
August 10, 2012

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သော ဘူးသီးတောင်နှင့် မောင်တောရှိ ဒေသခံများက ၎င်းတို့၏ လက်ရှိ နေ ထိုင်ရာ နေရပ်ရင်းကို စွန့်၍ ရခိုင်လူမျိုးအများစုရှိရာ နေရာများကို ပြောင်းရွှေ့နေလိုကြကြောင်း ပြောဆိုနေကြသည်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ထိစပ်နေသည့် ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ဘင်္ဂါလီ လူမျိုး ၉၀ ရာခိုင်နှုန်းကျော်ရှိရာ ဒေသခံ လူနည်းစု ရခိုင်တိုင်းရင်းသားများက အကြမ်းဖက်မှုများ ထပ်မံရင်ဆိုင် ရမည်ကို ထိတ် လန့်နေကြ၍ ယင်းနေရာများမှ ပြောင်းရွှေ့လိုနေကြခြင်းဖြစ်သည်။

“ရခိုင်သားတွေ အများကြီးရှိတဲ့ မင်းပြားမှာ သွားနေချင်တယ်၊ အဲဒီမှာက ကုလားမရှိဘူး၊ ဒီမှာမနေချင်တော့ဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဒီကလူတွေက ကျမတို့နဲ့ အသိတွေလေ၊ သူတို့တွေပဲ ကျမတို့ကို လုပ်တော့ အဲဒီမျက်နှာတွေမြင်နေရမှာလေ၊ အခု မောင်တောမှာ နေရတာတောင် အပြင်သွားလို့ သူတို့ကိုတွေ့ရင် စိတ်ထဲမှာ တမျိုးကြီးပဲ၊ လန့်နေတယ်”ဟု မောင်တောမြို့နယ် သရီကုန်းဘောင် ရွာသူ မသန်းသန်းဝင်း က ပြောသည်။

မသန်းသန်းဝင်းနှင့် ဖခင်ဖြစ်သူတို့မှာ စီးပွားရေးပြေလည်သူများဖြစ်ကြောင်း၊ ဇွန်လ ၈ ရက်နေ့က မြို့ပေါ်ရှိ ဗလီမှ ဆင်းလာသော ဘင်္ဂါလီ အုပ်စု၏ အိမ်မီးရှို့ခြင်း၊ ရွှေ၊ ငွေနှင့် အခြားတန်ဖိုးကြီးပစ္စည်းများကို လုယက်ခြင်းနှင့် ၎င်းတို့ သားအဖ နှစ်ဦး ထွက်ပြေး စဉ် အကြမ်းဖက်အဖွဲ့များက သံတုတ်၊ မီးတုတ်၊ ခြိမ်းကြိုးများဖြင့် ရိုက်နှက်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

၎င်းတို့ နှစ်ဦးအား မောင်တောမြို့ပေါ်ရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းက အခြားသော ရခိုင်ဒုက္ခသည် ၃၀၀ ကျော် နည်းတူ ကယ်တင်ထားသော်လည်း ခေါင်း၊ ကျော်ပြင်နှင့် ခြေထောက်တို့တွင် ရရှိထားသော ဒဏ်ရာများကြောင့် ယင်းမြို့နယ် ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူခဲ့ကြရပြီး ဒဏ်ရာများ ပျောက်ကင်းခြင်း မရှိသေးပေ။

ဇွန်လ ၈ ရက်နေ့ မြို့ပေါ်အကြမ်းဖက်ခံရမှုတွင် ရခိုင်လူမျိုးများ၏ နေအိမ်များ၊ တည်းခိုခန်းနှင့် ဈေးဆိုင်များ မီးရှို့ဖျက်ဆီးခံခဲ့ရ ကြောင်း၊ အစိုးရ ထိန်းသိမ်းမှု နှောင့်နှေးခဲ့သဖြင့် ဒေသခံ ၅ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး အိမ်ခြေထောင်ဂဏန်း မီး လောင် ပျက်စီး ခဲ့ရကြောင်း သိရသည်။

မောင်တောမြို့နှင့် တရက်တည်း ပဋိပက္ခ ဖြစ်ပွားခဲ့သော ဘူးသီးတောင် ဒေသခံများကလည်း အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် ဘင်္ဂါလီလူမျိုး ၉၀ ရာခိုင်နှုန်းကျော် ကြီးစိုးနေသော ၎င်းတို့၏ မြို့ပေါ်တွင် ဆက်လက်နေထိုင်ရန်အတွက် စိုးရိမ်မကင်းဖြစ်နေကြရ သည် ဟု ဆိုကြသည်။

“အခုကတော့ ကျနော်တို့မြို့ကို လုံခြုံရေးအပြည့်ယူပေးထားတော့ စိုးရိမ်စရာမရှိပါဘူး၊ ရေရှည်မှာတော့ တခုခုပြဿနာတက်လာ ရင် ကျနော်တို့အတွက် စိုးရိမ်ရပါတယ်၊ တခြားရခိုင်သားအများစုရှိတဲ့နေရာကိုတော့ ပြောင်းနေချင်တယ်၊ ကျနော်တို့မှာ ပြောင်းရွှေ့ နေထိုင်ဖို့ငွေကြေးမရှိပါဘူး”ဟု ဘူးသီးတောင်မြို့ခံ ကိုခိုင်မြတ်လင်း က ဧရာဝတီသို့ပြောသည်။

မကြာခင်ရက်ပိုင်းအတွင်းက ကျောက်တော်မြို့နယ်တွင် အကြမ်းဖက် မီးရှို့မှုများဖြစ်ပြီး အစိုးရက ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။

ယင်းသို့ဖြစ်ပွားပြီးနောက် ကျောက်တော်နှင့် ဘူးသီးတောင် မြို့နယ်ကြားရှိ စိုင်းဒင် တောင်တန်း အနီး သရက်ပင်၊ ဖုံညိုလိပ်၊ ကင်း တောင် စသည့် တောင်ခြေရွာများမှ ရခိုင်နှင့် အခြားတိုင်းရင်းသား မျိုးနွယ်စုများမှာ ဘူးသီးတောင် မြို့ပေါ်ရှိ ၎င်းတို့ ဆွေမျိုးများ ရှိရာသို့ ပြောင်းရွှေ့လာနေကြကြောင်း မြို့ခံများက ပြောသည်။

ထိုရွာများ၌ ရခိုင်လူမျိုးများ၏ အိမ်ခြေ ဆယ်ဂဏန်းသာရှိပြီး ဘင်္ဂါလီလူမျိုးများ၏ နေအိမ်များမှာ အိမ်ခြေ ၅၀၀ မှ ၂၀၀၀ အထိ ရှိကြောင်း၊ ထို့ကြောင့် ယင်းကျေးရွာများအတွင်း နေထိုင်သော ရခိုင်၊ မြို၊ ခမီ၊ သက် စသည့် မျိုးနွယ်စု ဒေသခံ တိုင်းရင်းသား များမှာ လုံခြုံရေး စိုးရိမ်မှုကြောင့် ကြိုတင်ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်တော်၌ ဖြစ်ပွားခဲ့သည့် အဆိုပါ ပဋိပက္ခများကြောင့် အိမ်မီးလောင်ခံရသည့် ဘင်္ဂါလီလူမျိုးများလည်း ဘူးသီးတောင် မြို့နယ်သို့ ပြောင်းရွှေ့လာနိုင်ကြောင်း၊ ၎င်းတို့ ရောက်လာပါက ဒေသခံ တိုင်းရင်းသားများအပေါ် အကြမ်းဖက်မှု ဖြစ်ပေါ်လာမည်ကို စိုးရိမ်၍ အိမ်တွင်း ပစ္စည်းများကို မြို့ပေါ်သို့ ယမန်နေ့က ပြောင်းရွှေ့နေကြောင်း ဘူးသီးတောင် ဒေသခံ ဦးထွန်းအောင်သိန်း က ဧရာဝတီသို့ ပြောသည်။

အလားတူ ရခိုင်ပြည်နယ် ပဋိပက္ခ စတင်ဖြစ်ပွားခဲ့ပြီး ၂ လ ပြည့်နေ့တွင် မောင်တောမြို့နယ်အတွင်း ဗုံးဖောက်ခွဲမည်ဟူသော ကော လာဟလ သတင်းများ ပျံ့နှံ့ခဲ့မှုကြောင့် မြို့ပေါ်ရှိ ဈေးဆိုင်များပိတ်သိမ်းခဲ့ပြီး မြို့တွင်း၌ ကူးသန်းသွားလာမှုလည်း နည်းပါး သွားကြောင်း မောင်တော မြို့ခံများထံမှ သိရသည်။

အကြမ်းဖက်မှုဖြစ်ပွားပြီး ၂ လကျော်ကြာသည်ထိ ယင်းမြို့ ၂ မြို့နယ်တွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းများ ပြန်မဖွင့် နိုင် သေးကြောင်း၊ မိဘများက ကျောင်းသားများကို ကျောင်းသို့လွှတ်ရန် စိုးရိမ်နေသကဲ့သို့ ဘင်္ဂါလီကျောင်းသား အများစုရှိနေ သော ကျောင်းများတွင် အစိုးရဝန်ထမ်း ဆရာ၊ ဆရာမ များအနေဖြင့်လည်း စာသင်ရန် စိုးရိမ်နေကြသည်ဟု ဆိုသည်။

နှစ်စဉ် တံငါ လုပ်ငန်းနှင့် စပါးစိုက်ပျိုးကြသော ရခိုင်တိုင်းရင်းသားများမှာ ယခုနှစ်တွင် စိုက်ပျိုးရာသီနှောင်းသွားခြင်း၊ လုံခြုံရေးအရ စိုးရိမ်၍ အလုပ်ထွက်မလုပ်နိုင်ခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်ဟုလည်း ပြောဆိုကြသည်။

မောင်တောမြို့ပေါ်ရှိ အလိုတော်ပြည့်ကျောင်းတွင် ရခိုင်ဒုက္ခသည် ၃၆၂ ဦးကို ခိုလှုံခွင့်ပေးထားပြီး ကြောက်လန့်နေသော ဒုက္ခသည် များကိုလည်း နေရပ်ရင်းကိုစွန့်၍ တခြားနေရာသို့ မပြောင်းရွှေ့ကြရန် တွန်းအားပေး ပြောကြားနေရကြောင်း ကျောင်းထိုင် ဆရာ တော် ဦးမဏိသာရ က ဧရာဝတီသို့ မိန့်ကြားသည်။

“ဒါဟာ တို့မြေ၊ တို့ရေပဲလေ၊ တို့ပိုင်တဲ့ ဒီမြေမှာနေပြီးတော့ ဒီဘင်္ဂါလီကုလား ဆိုတာက တဘက်နိုင်ငံကနေ ခိုးဝင်လာပြီး ဒီမှာ အခြေ ချ ရင်းနဲ့ လာနေတာ၊ နိုင်ငံသား တိုင်းရင်းသားလည်းမဟုတ်ဘူး၊ ဒါကြောင့် ကိုယ့်မြေကိုယ့်ရေကနေပြီးတော့ တလက်မမှ နောက် မဆုတ်ဘူး၊ တိုက်ခိုက်လာရင်လည်း ကိုယ့်အိမ်ကို ကာကွယ်ရင်းနဲ့ ဒီနေရာမှာသေရမှာပဲ၊ ဒီမှာရှိတဲ့ လူတွေကိုလည်း အဲဒီ တွန်း အား တွေ ဦးပဉ္ဇင်းတို့ ပေးထားတယ်”ဟု ဦးမဏိသာရ က မိန့်ကြားသည်။

ပဋိပက္ခဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အိုးအိမ်များကို ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း မရှိသေးသော်လည်း လုံခြုံရေး လုံလောက်စွာချထားပေးကြောင်း၊ နှစ်ဘက်ပြန်လည်သင့်မြတ်ရေးနှင့် တည်ငြိမ်စွာနေရပြန်ချထားနိုင်ရေး အတွက် နှစ်ချီ၍ ပြုလုပ် ရဖွယ်ရှိကြောင်း မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလမ် ဘာသာရေး အဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။

ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ဆေးဝါးပြတ်လပ်မှုနှင့်ကြုံတွေ့နေရပြီး ယခု မိုးရာသီအတွင်း ဝမ်းလျှော ဝမ်းပျက်ရောဂါများ ဖြစ်ပွား နေသဖြင့် ဆေးဝါး၊ အဝတ်အထည်နှင့် စားနပ်ရိက္ခာများကို လေယာဉ်၊ သင်္ဘောများဖြင့်တင်ဆောင်ကာ ဆရာဝန် အများစုပါဝင် သော ၂၁ ဦး အဖွဲ့ဖြင့် သွားရောက် အကူအညီပေးနေကြောင်း သူက ဆက်၍ ပြောဆိုသည်။

Ref: ဧရာဝတီ

Read More...

အာဏာပိုင်က ခွင့်မပြုသဖြင့် နိုင်ငံခြားသားတစု ဓမ္မာရုံတွင် တည်းလိုက်ရ

ရန်ပိုင်
August 10, 2012

ခရီးသွား လုပ်ငန်းသည် နိုင်ငံ၏ အကျိုးစီးပွားဟု အစိုးရက ဆိုသော်လည်း စက်ဘီးစီး ကမ္ဘာလှည့် ခရီးသွား မိသားတစုကို မန္တလေးတိုင်း တံတားဦးမြို့ရှိ တည်းခိုခန်းတွင် တည်းခိုခြင်းမပြုရန် အာဏာပိုင်များက တားမြစ်ခဲ့သဖြင့် ရပ်ကွက် ဓမ္မာရုံက လက်ခံ တည်းခိုခွင့် ပေးလိုက်ရကြောင်း သတင်းရသည်။

အဆိုပါ မိသားစုတွင် အသက် ၁၀ နှစ်မှ ၁၃ နှစ်အကြား ကလေး ၂ ဦးပါဝင်ပြီး ရှမ်းပြည်တောင်ပိုင်း ရပ်စောက်– ရွာငံမှ တဆင့် ကျောက်ဆည်မြို့ကို ဖြတ်ကာ မိုင် ၅၀ ခန့် ဝေးသည့် ရှေးဟောင်း နယ်မြေတခု ဖြစ်သည့် အင်းဝကို လေ့လာရန် တံတားဦးမြို့သို့ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ည ၇ နာရီ ခန့်တွင် စက်ဘီးဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။

ကလေးများပါဝင်ပြီး ခရီးပမ်းသည့်အတွက် ယင်း ကမ္ဘာလှည့် ခရီးသွားမိသားစုက မြကေသီ တည်းခိုခန်းတွင် တည်းခွင့်ပြုရန် ပြောဆိုရာ လက်ခံခဲ့ကြောင်း၊ ည ၉ နာရီခန့် တွင် တံတားဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ဤတည်းခိုခန်းသည် နိုင်ငံခြားသားများ တည်းခိုရန် လိုင်စင်မရှိသဖြင့် ခွင့်မပြုနိုင်ကြောင်း တားမြစ်သည့်အတွက် ရပ်ကွက် ဓမ္မာရုံသို့ အကူအညီ တောင်းကာ ပို့ဆောင်ခဲ့ရကြောင်း တည်းခိုခန်းပိုင်ရှင် ဒေါက်တာ အောင်စိုးမြင့်က ပြောသည်။

“ခရီးပမ်းပြီး ကလေးတွေလည်း ပါတယ်၊ မန္တလေးကို ထပ်သွားရမယ် ဆိုပြန်တော့ အဝေးကြီး။ ဒါကြောင့် စာနာလို့ လက်ခံ လိုက်တာပါ” ဟု သူက ဆိုသည်။

တံတားဦး – အင်းဝ ဒေသသည် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတခု ဖြစ်သော်လည်း နိုင်ငံခြားသားများ တည်းခိုနိုင်သည့် ဟိုတယ်၊ မိုတယ်၊ အင်းများ မရှိကြောင်း၊ လာရောက် လေ့လာသည့် ကမ္ဘာလှည့် ခရီးသွားများသည် ၁၆ မိုင် ဝေးသည့် မန္တလေးမြို့တွင်သာ တည်းခိုရကြောင်း ဒေါက်တာ အောင်စိုးမြင့်က ရှင်းပြသည်။

ယခင်ကလည်း မြကေသီ တည်းခိုခန်းတွင် ဂျပန်၊ အမေရိကန်နှင့် ထိုင်းလူမျိုးများကို မြို့နယ်ရဲတပ်ဖွဲ့က အကူအညီတောင်းသည့် အတွက် လက်ခံခဲ့ဖူးသည်ဟု သိရသည်။

အစိုးရက နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား အများဆုံး လာရောက်သည့် နယ်မြေများတွင် “နိုင်ငံခြားသားများကို ကူညီပါ” ဟူသည့် ဆိုင်းဘုတ်များ ချိတ်ဆွဲကာ လှုံ့ဆော်ထားသည်။

တံတားဦး မြို့ခံတဦးဖြစ်သည့် ကိုသန့်ဇင်ကလည်း အဆိုပါ အဖြစ်အပျက်မှာ မှန်ကန်ကြောင်း၊ မိမိကိုယ်တိုင် ဓမ္မာရုံတွင် လက်ခံ ပေးခဲ့ရကြောင်း၊ ဥပဒေများ ရှိသည်မှာ မှန်သော်လည်း အဆိုပါ မိသားစုသည် လေ့လာရေး လာရောက်ခြင်း ဖြစ်သည့်အတွက် နိုင်ငံခြားသားများ အနေဖြင့် မြန်မာနိုင်ငံ အပေါ်တွင် အထင်အမြင် လွဲမှားသွားနိုင်ကြောင်း ပြောသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသွား မိသားစုနှင့် ပတ်သက်၍ တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေး ရုံးကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဟိုတယ်အများစုမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စသည့် ဒေသများတွင်သာ တည်ရှိကြပြီး မကြာသေးမီက နိုင်ငံခြားသားများ သွားရောက်ခွင့် ပြုခဲ့သည့် ချင်းပြည်နယ် ဟားခါးမြို့၊ မင်းတပ်၊ ကန်ပက်လက် စသည့် တိုင်းရင်းသား နယ်မြေ များတွင်လည်း မရှိသလောက် နည်းပါးပြီး Home Stay ခေါ် ရပ်ရွာများရှိ ဒေသခံ နေအိမ်များတွင် အခပေး တည်းခိုနေထိုင် သည့် စနစ်လည်း ကျင့်သုံးခြင်း မရှိသေးပေ။

မကြာသေးမီကလည်း ဟိုတယ်နှင့် တည်းခိုခ ဈေးနှုန်းများ အဆမတန် မြင့်တက်သွားသည့် အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုကို ထိခိုက်နိုင်သည့်အတွက် အစိုးရ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီဌာန ၀န်ကြီး ဦးတင့်ဆန်းကိုယ်တိုင် ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့သေးသည်။

ကလောမြို့နယ် မြင်းမထိတောင် အပါအဝင် ရပ်စောက်မြို့နယ် အတွင်းရှိ ရွာငံ၊ ပင်းတယ စသည့် ဒေသများကို နိုင်ငံခြားသားများ အလွန်နှစ်ခြိုက်ကြောင်း၊ တောင်တက် စက်ဘီးစီးခြင်း၊ သဘာဝ ပတ်ဝန်းကျင် လေ့လာခြင်း၊ တောင်တက်ခြင်း စသည်ဖြင့် လုပ် ဆောင် လေ့ ရှိကြောင်း ခရီးသွားလုပ်ငန်းများမှ သိရသည်။

Ref: ဧရာဝတီ

Read More...

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ တတိယအကြိမ် တွေ့ဆုံ

သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

တငွေ့ငွေ့ လောင်ကျွမ်းနေသော ရိုဟင်ဂျာပြဿနာနှင့် ရေရှည်တည်တံ့မည့် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးအတွက် မြန်မာ နိုင်ငံအား ဖိအားပေးခံနေရချိန်တွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့သည် တနှစ်အတွင်း တတိယအကြိမ်မြောက်အဖြစ် တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ပထမဆုံးအကြိမ်အဖြစ် ၀န်ကြီးများပါဝင်တက်ရောက် ခဲ့ကြပြီး တိုင်းပြည်၏ ငြိမ်းချမ်းရေးနှင့် စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အဟန့်အတားဖြစ်နေသောအရာများကို ပူးတွဲ ဖြေရှင်းကြရန် သဘောတူညီခဲ့ကြသည်။

တိုင်းပြည်အနှံ့ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းရင်းသားလူနည်းစုများနှင့် ဖြစ်ပွါးနေသော ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက်
ဒေါ်အောင်ဆန်းစုကြည်အား အသုံးချလိုသည့် အစိုးရ၏ဆန္ဒကို ယခုတွေ့ဆုံမှုက ထင်ရှားစေခဲ့သည်။

အစည်းအဝေးတွင် အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးနေသည့် မူဆလင် ရိုဟင်ဂျာများ ပြဿနာ ဖြစ်သည်။ ယင်းဆူပူမှုများကြောင့် လူပေါင်း ၈၀ သေဆုံးခဲ့ရပြီး အိုးအိမ် ထောင်ပေါင်းများစွာနှင့် ပစ္စည်းဥစ္စာ အမြောက် အများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

လက်နက်ကိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်ရာတွင် အစိုးရကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်နေသည့် ဦးစိုးသိန်းလည်း ယခုအစည်းအဝေးသို့ တက်ရောက်ခဲ့သည်ဟု အစိုးရအရာရှိများက ပြောကြသည်။ သို့သော် အစည်းအဝေး အ ကြောင်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

လွန်ခဲ့သော ရက်သတ္တပတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေစိုးမိုးရေး ပါလီမန်ရေးရာ ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခဲ့ သည်။ ယင်းကိစ္စသည် ဧပြီလအတွင်း မဲဆွယ် စည်းရုံးစဉ် ဒေါ်အောင်ဆန်းစုကြည် အဓိက ပြောဆိုခဲ့သည့် ပြဿနာ သုံးရပ် အနက် တခု ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူဦးရေ ၈ သိန်းမျှ ရှိနေသည့် နိုင်ငံမဲ့ ရိုဟင်ဂျာလူမျိုးများ၏ ပြဿနာသည် မကြာခင်က ဖြစ်ပွါးခဲ့သော အဖြစ် အပျက်များအနက် အဓိက ပြဿနာကြီးဖြစ်နေခဲ့သည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဤကိစ္စအတွက် ယုံကြည် ကိုးစားလောက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပါရန်နှင့် ပြဿနာ အတွက် ရေရှည် အဖြေတရပ်ကို ရှာဖွေပါရန် တောင်းဆိုနေခဲ့ကြသည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး ခေါင်းဆောင်သည့် အစ္စလာမ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကိုယ်စားလှယ် အဖွဲ့ကို ဆူပူမငြိမ်မသက်မှုများ ဖြစ်ပွါးနေသည့် ရခိုင်ပြည်နယ်သို့ သောကြာနေ့က လာရောက်လည်ပတ်ခွင့်ပြုခဲ့ပြီးနောက် ယခုတွေ့ဆုံမှု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့သည် တိုင်းရင်းသာလက်နက်ကိုင် ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး စာချုပ်များ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။ သို့သော် အခြားအဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေပြီး အထူးသဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လူထောင်ပေါင်းများစွာ နေအိမ်များကို စွန့်ခွါ ထွက်ပြေးခဲ့ကြရသည်။

တိုင်းပြည်၏ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရေးအတွက် ဥပဒေပြုကဏ္ဍတွင် အပြောင်းအလဲများကို လျင်လျင်မြန်မြန် ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ပြဿနာများအတွက် ဖိအားပေးခံနေရသေး သည်။

ရခိုင်ပဋိပက္ခမှ ရရှိခဲ့သော `အရေးအကြီးဆုံး သင်ခန်းစာ´သည် တိုင်းပြည်တွင်း `ဥပဒေ စိုးမိုးမှုကို လိုအပ်နေခြင်း´ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ ယင်းသည် တိုင်းပြည်အတွင်းရှိ မြောက်များလှစွာသော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းရန် အဓိက အချက်လည်း ဖြစ်ကြောင်းသူက ပြောသည်။

စေ့စပ်ပြေအေးလိုသည့် သဘောထားကို ပြသသည့်အနေဖြင့် ရိုဟင်ဂျာဒုက္ခသည် စခန်းများသို့ `အရေးပေါ်အကူအညီ´များ ကူညီ ခွင့်ပြုရန် OIC ကို ယခုသီတင်းပတ်ကုန် ရက်က ဦးသိန်းစိန်က ခွင့်ပြုခဲ့ကြောင်း နိုင်ငံပေါင်း ၅၇ နိုင်ငံ ပါဝင်သည့် ထိုအဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြ ရေးသားထားသည်။

ယင်းခွင့်ပြုချက်ကို အင်ဒိုနီးရှား ဒု-သမ္မတဟောင်း ဂျူဆုဖ်ကာလာ ခေါင်းဆောင်သည့် OIC ကိုယ်စားလှယ်အဖွဲ့ကို သောကြာနေ့ က ဦးသိန်းစိန် လက်ခံတွေ့ဆုံခဲ့ပြီးနောက် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ဆော်ဒီအာရေဗျ ဘုရင် အဗ္ဒူလာကလည်း ရိုဟင်ဂျာများအတွက် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ သန်း ၅၀ ပေးအပ်ရန် အမိန့်ပေးခဲ့သည်။

ရိုဟင်ဂျာ အသိုင်းအ၀ိုင်းသည် `လူမျိုးတုံး သတ်ဖြတ်ခြင်း၊ လူသတ်မှု၊ မုဒိမ်းမှု၊ နေအိမ် များမှ အတင်းအကြပ် ပြောင်းရွှေ့စေ ခြင်းအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှု များစွာ´ ကို ခံစားခဲ့ရကြောင်း ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီ၏ သတင်းတွင် ရေးသားထားသည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu သည် စစ်တွေသို့ သွားရောက်ကာ အကူအညီ လိုအပ်ချက်ကို သွားရောက်စုံစမ်း လေ့လာခဲ့ပြီး အင်္ဂါနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့၌ ကျင်းပမည့် OIC ထိပ်သီး အစည်းအဝေးသို့ တင်ပြမည်ဖြစ်ကြောင်း ကြေးနန်းသတင်းဌာနများက ရေးသား သတင်းပေးပို့ထားသည်။

Ref: မဇ္ဈိမ

Read More...

စစ်တွေ ဆန်အရေးအခင်း ၄၅ နှစ်ပြည့် RNDP အလေးပြု

နေမျိုး
သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

ရခိုင်ပြည်နယ် ဆန်ပြဿနာနေ့ ၄၅ နှစ်ပြည့်သည့် သြဂုတ်လ ၁၃ ရက်နေ့တွင် သေဆုံးခဲ့ရသည့် ရခိုင်ပြည်သူများအား ရည်စူး ကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ရုံးတွင် အကျဉ်းရုံး အခမ်းအနားတခု ပြုလုပ်နိုင်ခဲ့ကြောင်း စစ်တွေမြို့နယ် RNDP အတွင်းရေးမှူး ဦးအောင်မြကျော် က ပြောသည်။

“ဒီနေ့က ကျနော်တို့ အရုဏ်ဆွမ်း ကပ်ပါတယ်။ အပြင်ပရိသတ်ကို မဖိတ်ပါဘူး။ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ရှိတယ် ခင်ဗျ။ အဲတုန်းက ကျဆုံးသွားရတဲ့၊ သေဆုံးသွာတဲ့ ရခိုင်ပြည်သူတွေကို ငြိမ်သက်ပြီး အလေးပြုပါတယ်။ အဲဒီတုန်းက အာဏာပိုင်တွေက သတ်ဖြတ် နှိမ်နင်းခဲ့တဲ့အတွက် သေဆုံးရတဲ့သူတွေ ရှိတယ်” ဟုဆိုသည်။

၁၉၆၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် စားစရာဆန် ပြတ်လပ်နေသော်လည်း စစ်တွေမြို့ရှိ အစိုးရ ဆန်ဂိုဒေါင်များတွင်မူ နိုင်ငံခြား တင်ပို့ရန် ဆန်များ ရှိနေခဲ့ကြောင်း ဦးအောင်မြကျော် က ဆိုသည်။

“ပြည်တွင်းထဲမှာ ငတ်ပြတ်နေတဲ့ အခြေအနေကို အလေးအနက်ထားပြီး မဖြေရှင်းဘူး။ အစိုးရရဲ့နိုင်ငံခြားငွေ ရရှိရေးကို ဦးစားပေး လိုက်တယ်။ အဲဒီအပေါ် မကျေမနပ်ဖြစ်ခဲ့ကြတဲ့ လူကြီးတွေ ရှိခဲ့တယ်။ စစ်တွေ ဆန်ပြဿနာ ပေါ်ပေါက်ခဲ့တယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆန်ရလိုမှု လူထုဆန္ဒပြပွဲများ စစ်တွေမြို့တွင် ပေါ်ပေါက်လာပြီး အစိုးရ ဆန်ဂိုထောင်များအား ဆန္ဒပြသူများက ၀င်ရောက် ယူငင်ကြရာ အာဏာပိုင်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ရခိုင် သဃာ့ သမဂ္ဂ (RSU)က ဆိုသည်။

“အာရှစပါးကျီဟု တင်စားခေါ်ဆိုခံခဲ့ရသော ရခိုင်ပြည်သည် စစ်အာဏာရှင်လက်အောက် ရခိုင်ပြည်သူများ ထမင်းငတ်ကြရ၍ ဆန်တောင်းရာတွင် ဆန်အစား ကျည်ဆံကိုသာ ရခဲ့သောကြောင့် အပြစ်မဲ့ရခိုင်ပြည်သူ ၃၀၀ ကျော် သေဆုံးခဲ့ရသည်” ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုစဉ်ကတပြည်လုံး ဆန်ရှားနေချိန် အုပ်ချုပ်သူ အစိုးရအား မကျေနပ်သည့် ပြည်သူများအား အစိုးရက တရုတ်-ဗမာ အရေးအ ခင်းဖြင့် အကွက်ကျကျ စီစဉ် လမ်းလွှဲပေးလိုက်ကြောင်း ကျောက်ဖြူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောသည်။

“ဒီနေ့ဟာ ရခိုင်တမျိုးသားလုံး မှတ်မှတ်ရရ ရှိနေရမယ့်နေ့။ ရခိုင်တမျိုးသားလုံး ဒုက္ခရောက်နေတဲ့ အချိန်မှာ ထောက်ပံ့နိုင်တဲ့ သူတွေက ဆန်ကို မပေးဘဲ ကျည်ဆံပေးလို့ ရခိုင်သားတွေ အများကြီးသေဆုံးကြရတဲ့ နေ့ပဲ။ ဒီနေ့ကို ဘယ်မေ့လို့ရမှာလဲ။ ကွယ်လွန်သွားကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေအတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးကြရ မှာပေါ့။ ဒီကိစ္စတွေကတော့ ဖုံးဖိထားလို့မရတဲ့ ကိစ္စပါ။ ရခိုင်ပြည်သူတွေရဲ့ အသဲနှလုံးမှာ ဒီကိစ္စကို ဘယ်သူမှ မမေ့ကြပါဘူး” ဟု မဇ္စျိမကို ပြောသည်။

၄၅ နှစ်မြောက် ရခိုင်ဆန်အရေးအခင်း နှစ်ပတ်လည် အခမ်းအနားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ ဘဇားနှင့် ထိုင်းနိုင်ငံ၊ မဲ့ဆောက်မြို့များတွင် ရခိုင်တိုင်းရင်းသားများ ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်က ကောက်ခံခဲ့သည့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၏ စစ်တမ်းတခုအရ ရခိုင်ပြည်နယ်သည်
မြန်မာ နိုင်ငံတွင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ်တခုအဖြစ် တည်ရှိနေဆဲဖြစ်ပြီး မကြာသေးမီကလည်း လူမျိုးရေး ပဋိပက္ခ များကြောင်း အသက်အိုးအိမ် အမြောက်အများ ဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

မော်တော်ယာဉ် နည်းပညာ တက္ကသိုလ်၊ ကောလိပ်များ ဖွင့်ရန်ရှိ

ရတနာဦး
သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ဒေါ်လာသန်းပေါင်း ၄၅၀ ကျော် ရင်းနှီးရမည့် မော်တော်ယာဉ် ထုတ်လုပ်၊ ပြင်ဆင်ခြင်း နည်းပညာ ဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး အစီအစဉ် တခုကို အကောင် အထည်ဖေါ်ရန် ဆောင်ရွက်နေကြောင်း ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်မည့် မြန်မာ-ဂျပန် ဖက်စပ်ကုမ္ပဏီတခုက ပြောသည်။

“တက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်တွေ ဖွင့်လှစ်သွားမယ်။ အဲဒီဟာက ဂျပန်နိုင်ငံ အိုဆာကာမော်တော်ယာဉ် နည်းပညာ တက္ကသိုလ်ရဲ့ ပညာရေးအစီအစဉ်တခု ဖြစ်တယ်” ဟု ဂျပန် ကားကုမ္ပဏီ လီမိတက်ဟု အမည်ရသည့် ဖက်စပ်ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ ကာဇူဟီစာအီဂါမိုတို က ပြောသည်။

ယင်းစီမံကိန်း အကောင်အထည်ဖေါ်ရန် အဆိုပါ ၀န်ကြီးဌာနများနှင့် သဘောညီချက် ပြုလုပ်ပြီးဖြစ်၍ အသေးစိတ် လုပ်ဆောင်ရ မည်များကို ဆက်လက်ညှိနှိုင်းနေကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးတင်အောင်မြင့် က ပြောသည်။

“မော်တော်ယာဉ် နည်းပညာ တက္ကသိုလ်ကို ဂျပန်နိုင်ငံမှာရှိတဲ့ ဆရာတွေက လေးငါးနှစ်ကြာ လာသင်ကြားပေးမှာ ဖြစ်ပြီး ဆရာ ဖြစ် သင်တန်းတွေကိုလည်း စီစဉ်ပို့ချပေးသွားမယ်။ သင်ရိုး ညွှန်းတမ်းကတော့ အိုဆာကာ သင်ရိုးအတိုင်း သင်သွား ပေးမှာ ပါ” ဟု ဆိုသည်။

အဆိုပါ တက္ကသိုလ်အား လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်းနှင့် လေးနှစ်၊ နှစ်နှစ်၊ သုံးလ သင်တန်းများ ပေးကာ နှစ်ဘက် အစိုးရအသိအမှတ်ပြု အောင်လက်မှတ်များ ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ဦးတင်အောင် မြင့် က မဇ္ဈိမကို ပြောသည်။

သင်ကြားမည့် ဘာသာရပ်များတွင် ဒီဇိုင်းဆွဲနည်း၊ ကားသစ် တည်ဆောက် ထုတ်လုပ်ခြင်း၊ ကားနှင့် ပတ်သက်သော ဥပဒေများ အပြင် အဟောင်းပြန်ပြင်သည့် နည်းပညာ စသည်တို့ ပါဝင်မည်။

မြန်မာပြည်တွင် တက္ကသိုလ်အဆင့် လေးနှစ်တက်ပြီး၍ ဘွဲ့ရလျှင် အိုဆာကာ တက္ကသိုလ်၌ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ အတွက် ဆက်လက် ဆည်းပူးနိုင်သည်။ အလုပ်အကိုင် အခွင့်အလမ်း အနေဖြင့် ဂျပန်နိုင်ငံရှိ ကားကုမ္ပဏီများမှ လာရောက် ရွေးချယ်ကာ ဂျပန်နိုင်ငံ၌ အလုပ်အကိုင် ရရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် တက္ကသိုလ် မတက်ရောက်နိုင်သူများ အတွက်လည်း မော်တော်ယာဉ် နည်းပညာ ကောလိပ် ဖွင့်လှစ်ပေးပြီး နှစ်နှစ် တက်ရောက်စေကာ ဒီပလိုမာ ပေးအပ်သွားမည် ဖြစ်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်လည်း သုံးလကျော် တက် ရောက်ရမည့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ဂျပန်ကားကုမ္ပဏီက ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ချက် တခုအနေဖြင့် မြန်မာနိုင်ငံသို့ ကား အစီးရေ ၃,၀၀၀ တင်သွင်းရန်လည်း စီစဉ်ထားရှိပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

တရားသူကြီးများကို အရေးယူရန် အခွင့်အလမ်းနည်းဟု အစီရင်ခံစာဆို

ကျော်ဖုန်းကျော်
သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

တရားသူကြီးများကို အကာအကွယ်ပေးမှု လွန်စွာ များပြားနေသဖြင့် ၎င်းတို့ကို အရေးယူရန် အခွင့်အလမ်း မရှိသလောက် နည်းနေ ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက လွှတ်တော်တွင် တင်ပြအစီရင်ခံခဲ့သည်။

ကော်မတီ၏ တွေ့ရှိချက် အစီရင်ခံစာကို ကော်မတီ ဥက္ကဋ္ဌဖြစ်သူ သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော်၌ သြဂုတ် ၁၀ ရက်နေ့ က ဖတ်ကြား တင်သွင်းရာတွင် တရားသူကြီးများကို “အခြေခံဥပဒေမှာ တိကျစွာဖော်ပြထားတဲ့ အချက်အချို့မှအပ အခြားမည့် သည့် အကြောင်းနှင့်မျှ အရေးယူ ဆောင်ရွက်လို့ မရနိုင်ကြောင်း လေ့လာစိစစ်တွေ့ရှိရပါတယ်” ပါရှိကြောင်း လွှတ်တော် ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရားသူကြီးများသည် တရားရုံး မထေမဲ့မြင်ပြုမှုဖြင့် တရားရင်ဆိုင်နေရသူ များကို တရားစွဲဆိုနိုင်ခြင်း၊ တရားသူကြီးများကို ဥပဒေမှ ကင်းလွတ်ခွင့်များ ပေးထားခြင်း၊ မှားယွင်း ပြစ်ဒဏ်ချမှတ်မှုများနှင့် ပတ်သက်၍ တရားသူကြီးများကို တန်ပြန် တရား မစွဲဆိုနိုင်ခြင်း စသည့် ယေဘုယျဆန်သော ပြဋ္ဌာန်းချက်များသည် တရားသူကြီးများကို အဓိက ကာကွယ်ပေးထားသည့် အချက် များဖြစ်သည်ဟု ဥပဒေပညာရှင်နှင့် လွှတ်တော် အမတ်များက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း လွှတ်တော်အမတ်တဦးဖြစ်သူ ဒေါက်တာဒေါ်ညိုညိုသင်း က လက်ရှိ တရားစီရင်ရေးစနစ်တွင် တရားသူကြီးများ၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ “ဘုရင်တဆူလို ဖြစ်နေတယ်” ဟု ဝေဖန်ပြောကြားလိုက်သည်။

တရားသူကြီးများ၏ တရားစီရင်ရေးနှင့် ပတ်သက်၍ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသို့ ပြည်သူများက တိုင်ကြားလာ သည်များအနက်မှ ခိုင်မာမှုရှိသော အမှုများကို ပြန်လည်စိစစ်အရေးယူရန် သက်ဆိုင်ရာ တရားလွှတ်တော်များထံ အကြောင်းကြား ခဲ့ သော်လည်း အများစုသည် တာဝန်ကျေရုံသာ ပြန်လည် စိစစ်ကြသည်ကို လေ့လာ တွေ့ရှိရကြောင်း သူရဦးအောင်ကိုက လွှတ် တော်တွင် အစီရင်ခံခဲ့သည်။

ကော်မတီ စတင်ဖွဲ့စည်းပြီးချိန်မှ ခြောက်လကျော် ကာလအတွင်း တရားစီရင်ရေးနှင့် ပတ်သက်သည့် တိုင်ကြားမှု ပေါင်း ၁,၆၀၀ ကျော် ရှိသည့်အနက် ၄၃၂ ခုသည် အချက်အလက်၊ အထောက်အထား ခိုင်မာကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

သူရဦးအောင်ကိုက ဥပဒေနှင့် မညီညွတ်သော အဂတိလိုက်စားသည့် စီရင်ချက်များ ချမှတ်သည့် တရားသူကြီးများကို အရေးယူ နိုင်မည့် ဥပဒေကို ပြည်သူ့လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် အောက်ခြေ တရားစီရင်ရေး အချို့အ နေဖြင့် စနစ်ဟောင်းကို ဆက်လက်ဖက်တွယ်နေဆဲ ဖြစ်သည်ကို တွေ့ရှိရကြောင်း ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်က စာနယ် ဇင်းများသို့ ပြောကြားခဲ့သည်။

ယိမ်းယိုင်တိမ်းစောင်းနေသည့် တရားစီရင်ရေး မဏ္ဍိုင်ကို လွှတ်တော်သက်တမ်း တခု၊ နှစ်ခုအတွင်း ပြန်လည် ဖြောင့်မတ် ကြံ့ခိုင် လာစေရန်အတွက် တရားရေးတွင် သီလ၊ သမာဓိ၊ ပညာ ပြည့်စုံသည့် ပြင်ပ ဥပဒေပညာရှင်များကိုပါ ထည့်သွင်း ဖွဲ့စည်းသင့် ကြောင်း၊ ပြည်ထောင်စုအဆင့်သာမက တိုင်းနှင့် ပြည်နယ် တရားလွှတ်တော် တို့ရှိ တရားသူကြီးများကို ပြည်သူက ရွေးချယ် တင်မြှောက်သူများဖြင့် ပြင်ဆင် ဖွဲ့စည်းပေးသင့်ကြောင်း ကော်မတီက လွှတ်တော်ကို အကြံပြုခဲ့သည်။

ပြည်ထောင်စုအဆင့် တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ရာထူးမှ ရပ်စဲပေးရန် သမ္မတနှင့် ပြည်ထောင်စု အဆင့်ရှိ လွှတ်တော် အမတ်များကသာ စွပ်စွဲပြစ်တင်ခွင့်ရှိပြီး လွှတ်တော်အမတ်များက စွပ်စွဲပြစ်တင်ပါက လွှတ်တော်တရပ်ရပ်၏ လေးပုံတပုံ သော အမတ်များက လက်မှတ်ရေးထိုးရမည် ဖြစ်ပြီး သုံးပုံနှစ်ပုံက ထောက်ခံမှ သာ စွပ်စွဲခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ထို့အတူ တိုင်းနှင့်ပြည်နယ် အဆင့်ရှိ တရားသူကြီးချုပ်နှင့် တရားသူကြီးများ ရာထူးမှ ရပ်စဲပေးရန်ကိုလည်း သမ္မတ၊ တိုင်း (သို့) ပြည်နယ် ဝန်ကြီးချုပ်နှင့် အမတ်များကသာ စွပ်စွဲပြစ်တင်ခွင့်ရှိပြီး၊ လွှတ်တော်အမတ်များက စွပ်စွဲပြစ်တင်ပါက သက်ဆိုင်ရာ လွှတ်တော်၏ အမတ် အနည်းဆုံး လေးပုံတပုံက လက်မှတ်ရေးထိုးရမည်ဟုလည်း အခြေခံဥပဒေတွင် ဖော်ပြထားသည်။

Ref: မဇ္ဈိမ

Read More...

ကမ္ဘာ့နံပါတ် ၁ ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်လာရန် မြန်မာမျှော်မှန်း

သြဂုတ်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

အားလုံး အဆင်ပြေချောမွေ့ပါက မြန်မာနိုင်ငံသည် သုံးနှစ်အတွင်း ကမ္ဘာ့ ဆန်အများဆုံး တင်ပို့သည့် နိုင်ငံအဖြစ်သို့ ပြန်ရောက် လာနိုင်သည်။ မြန်မာနိုင်ငံသည် ၁၉၆၀ စုနှစ်များအတွင်းက ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။

အဓိက ဦးစားပေးလုပ်ငန်းသည် လယ်သမားများ မျိုးကောင်းမျိုးသန့်ရရေးနှင့် ဓါတ်မြေသြဇာ ရရှိရေး ဖြစ်သည်ဟု အစိုးရအရာရှိ များ က ပြောသည်။

“တရုတ်ပြည်မှာဆို မြို့နယ်တိုင်းမှာ မျိုးစေ့ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ ရှိတယ်” ဟု အမျိုးသား စီမံကိန်းနှင့် စီးပွါးရေးဖွံ့ဖြိုး တိုးတက် မှု ၀န်ကြီး ဦးတင်နိုင်သိန်း က ရိုက်တာသတင်း ဌာနသို့ ယခုသီတင်းပတ်ကပြောကြားခဲ့သည်။

“အစိုးရက ဒီကိစ္စကို ဒီမှာလည်း အားပေးကူညီတာတွေ လုပ်သွားပါမယ်” ဟုလည်း ဆိုသည်။

ဒူးပွန့်ပိုင်အိုနီးယား ကုမ္ပဏီအပါအ၀င် အနောက်နိုင်ငံကုမ္ပဏီများက စပါးထုတ်လုပ်မှုကို မြှင့်တင်ရန် အလားအလာရှိသော မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် လေ့လာမှုများ ပြုလုပ်နေကြသည်။

နိုင်ငံခြားသို့ ဆန်တင်ပို့မှုသည် နောက်နှစ်တွင် တန်ချိန် နှစ်သန်းအထိ တိုးတက်လာနိုင်ပြီး ၂၀၁၅ ခုနှစ်တွင် တန်ချိန် သုံးသန်း အထိ ရောက်ရှိလာနိုင်သည်ဟု မြန်မာ့ ဆန်စပါးလုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင် က ပြော သည်။ မြန်မာနိုင်ငံသည် ပြည်ပသို့ ယမန်နှစ်က ဆန်တန်ချိန် ၇၇၈,၀၀၀ တန် တင်ပို့ခဲ့သည်။

ယခုနှစ်တွင် ဆန်တင်ပို့မှုသည် နှစ်ဆတိုးကာ တန်ချိန် ၁.၅ သန်းအထိ ရှိလာနိုင်သည်ဟု ၀န်ကြီးက မျှော်မှန်းထားသည်။

အခြေအနေ မသိရသေးသည့် အချက်တရပ်မှာ လွန်ခဲ့သော နှစ်လက တည်ထောင်ခဲ့သည့် စိုက်ပျိုးရေးဘဏ်အသစ် မည်မျှအထိ ထိရောက်မှုရှိမည်ဆိုသည့် အချက် ဖြစ်သည်။ ယင်းဘဏ်သည် ဧက အနည်းငယ်သာ လုပ်ကိုင်သည့် လယ်သမား အငယ်စား များအား စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ပေးရန် တည်ထောင်ထားခြင်းဖြစ်ပြီး မြန်မာလယ်သမား အများစုမှာ ကြွေးသံသရာတွင် နစ်နေကြသည်။

နောက်ထပ် ပြဿနာတခုမှာ ဆန်စက်များဖြစ်သည်။ ဆန်စက် ၈၀% မှာ အိုဟောင်း ခေတ်မမီ ဖြစ်နေပြီး အငယ်စားများသာ ဖြစ်နေသည့်အတွက် နိုင်ငံတကာ ၀ယ်လက်များက လိုချင်သော ဆန်ဖြူအဆင့်ကို မကြိတ်ခွဲနိုင်ဘဲ ဖြစ်နေသည်။ အကျိုးဆက် အားဖြင့် ထိုင်းနှင့်ဗီယက်နမ် နိုင်ငံတို့နှင့် စာလျှင် မြန်မာ့ဆန်စက်များမှ ထုတ်လုပ်သော ဆန်သည် အကျိုးအကြေ ၂၀ ရာခိုင်နှုန်း ပိုနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်းမှ ဦးရဲမင်းအောင် က ပြောသည်။

ဆန်တင်ပို့သူ လုပ်ငန်းရှင် အများအပြားသည် ယခုအခါ တနေ့ တန် ၂၀၀ ကျ ဆန်စက်ကြီးများကို တည်ဆောက်နေကြသည်ဟု မြန်မာအစိုးရအား အကြံပေးနေသည့် အမျိုးသား စီးပွါးရေးနှင့် လူမှုရေးဖွံ့ဖြိုးမှု အကြံပေးကော်မတီ အကြီးအကဲ ဦးတင်ထွတ်ဦး က ပြောသည်။

အခြေအနေများ အားလုံး ချောမွေ့ပြေပြစ်လျှင် မြန်မာ့ဆန်စပါး တင်ပို့မှုကို “နှစ်နှစ်အတွင်း တန်ချိန် နှစ်သန်းအထိ ရောက် အောင် ကျနော်တို့ အမြန်ဆောင်ရွက်နိုင်ပါတယ်” ဟု သူက ပြောသည်။

မြေသြဇာ ရောင်းချရမှုလည်း တိုးတက်လာမည်ဟု သူက မျှော်လင့်သည်။ ထိုသို့ တိုးတက်လာခြင်းဖြင့် ဆန်စပါး အထွက်နှုန်း အထူးတိုးတက်လာလိမ့်မည်ဟုဆိုသည်။

“နှစ်အနည်းငယ်အတွင်း မြေသြဇာ အသုံးပြုမှု အနိမ့်ဆုံး နှစ်ဆအထိ တက်လာမယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။ သုံးဆအထိ တက်လာမယ်ဆိုရင်လည်း ကျနော်ကတော့ မအံ့သြပါဘူး။ ဒါက ရင်းနှီးမြှုပ်နှံဘို့အတွက် အရမ်းကျယ်ပြန့်တဲ့ နယ်ပယ်ပါ” ဟု ဦးတင်ထွတ်ဦး က ပြောသည်။

မြန်မာနိုင်ငံလောက် ဆန်ကို နှစ်ခြိုက်စွာ စားသုံးသည့် နိုင်ငံ မရှိပါ။ လူတဦး တနှစ်စားသုံးမှုသည် ၂၁၀ ကီလိုဂရမ် (၄၆၀ ပေါင်) ရှိပြီး ကမ္ဘာ့အမြင့်ဆုံး စားသုံးမှုနှုန်း ဖြစ်သည်။ စားနပ်ရိက္ခာအတွက် စားသုံးမှု၏ ၇၅ ရာခိုင်နှုန်းမှာ ဆန်ဖြစ်သည်ဟု အစိုးရ စာရင်းအင်း ကိန်းဂဏန်းများအရ သိရသည်။

Ref: မဇ္ဈိမ

Read More...

မောင်တောမှာ ကျောင်းအချို့ စတင်ဖွင့်လှစ်

သိန်းလှိုင်
သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

ဇွန်လအတွင်း ဆူပူအကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့တွင် ယခုပညာသင်နှစ်အတွက် စာသင်ကျောင်း လုံးဝမဖွင့်နိုင်ဘဲ ရှိနေခဲ့ရာမှ မြို့ပေါ်အထက်တန်း ကျောင်း အပါအ၀င် ကျောင်း ခုနှစ်ကျောင်းကို တနင်္လာနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ပုံမှန်အားဖြင့် ကျောင်းများကို ဇွန်လဆန်းပိုင်းများတွင် ပညာသင်နှစ် စတင်လေ့ ရှိသော်လည်း ၂၀၁၂-၂၀၁၃ ပညာသင်နှစ် အတွက် ထိုကျောင်းများကို ယခုမှသာ စတင်ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပြီး ကျောင်းအများစုမှာ ယခုထိတိုင် လူံခြုံရေးအခြေအနေကြောင့် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။

“ဒီနေ့ ဖွင့်လိုက်တဲ့ ကျောင်းတွေကတော့ မြို့ပေါ် အထက၊ အမက(၁)၊ အမက(၃)၊ အမက(၄)၊ လေးမိုင် အလက(၂)၊ ကျီးကန်းပြင် အလက၊ အောင်ဗလ(အမက) တို့ ဖြစ်ပါတယ်” ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တဦးကပြောသည်။

လုံခြုံရေး အခြေအနေ ကောင်းမွန်ပါက ဆက်ဖွင့်သွားမည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူး (စစ်ဆေးရေး) ဦးလှစိန်ထွန်း က ပြောသည်။

အသေအပျောက်များသော လူမှုအဖွဲ့ပဋိပက္ခ အရေးအခင်းအတွင်း မောင်တောမြို့နယ်၌ ကျောင်း ငါးကျောင်း မီးရှို့ဖျက်ဆီးခံရကာ မူလတန်းကျောင်းအုပ် ဆရာတဦး အသက် ဆုံးရှုံးခဲ့ရပြီး ဆရာဆရာမ အဆောင်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ရခိုင်ပြည်နယ်တခုလုံးတွင် ကျောင်းပေါင်း ၃၄၂ ကျောင်း ဖွင့်လှစ်ရန် ကျန်ရှိနေသေးရာ မောင်တောမြို့နယ်မှ ၁၅၂ ကျောင်း၊ ဘူးသီးတောင်မြို့နယ်မှ ၁၄၃ ကျောင်း၊ စစ်တွေမှ ၂၂ ကျောင်း၊ ကျောက်တော်မှ ၁၅ ကျောင်း၊ ရသေ့တောင်မှ ၁၀ ကျောင်း ဖွင့်လှစ်ရန် ကျန်ရှိနေသေးသည်။

Ref: မဇ္ဈိမ

Read More...

နိုင်ငံရေးဆွေးနွေးရန်ဆန္ဒ အစိုးရတွင် မရှိဟု KNU ပြော

ကွန်းချမ်း
သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

အစိုးရတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးရန် ဆန္ဒမရှိဘဲ စီးပွားရေး ဖွံ့ဖြိုးရေးကိစ္စများ ကိုသာ အသားပေး ဆွေးနွေးနေကြောင်း ကရင်မျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောတာမလာဘော ကသြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၆၂ ကြိမ်မြောက် ကရင်အာဇာနည်နေ့တွင် ပြောကြားလိုက်သည်။

“လက်ရှိ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်နေပါသည်ဟု နားထောင် ကောင်းအောင်ပြောနေသော်လည်းဘဲ လက်တွေ့တွင် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမျိုး ကို ပြုလုပ်ရန် ဆန္ဒရှိပုံ မပေါ်ပေ။ နိုင်ငံရေး အနှစ်သာရ ကင်းမဲ့သည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုမျိုး၊ စီးပွားရေး ဖွံ့ဖြိုးရေး ကိစ္စများကိုသာ စောင်း ပေးသည့် တွေ့ဆုံဆွေးနွေးမှုမျိုးဖြင့် နိုင်ငံတကာ၏ စိတ်ဝင်စားမှုကိုရရှိအောင် ပြုလုပ်နေခြင်းသာ ဖြစ်သည်” ဟု ၎င်း၏ မိန့်ခွန်း တွင် ပါရှိသည်။

ကရင် တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီး ကျဆုံးသည့် နေ့ကို အစွဲပြု သတ်မှတ်ခဲ့သည့် ကရင် အာဇာနည်နေ့ အခမ်း အနားတွင် KNU ဥက္ကဋ္ဌက မိန့်ခွန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ခေတ်မီဖွံ့ဖြိုးသည့် ဒီမိုကရေစီနိုင်ငံသစ်သို့ ချီတက်လိုပါက တိုင်းရင်းသားများနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်ပြီး
နိုင်ငံရေးအရ အဓိပ္ပါယ်ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် သမ္မတ ဦးသိန်းစိန် အား တိုက်တွန်းလိုက်သည်။ သို့မဟုတ်ပါက ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေမည်ဟုလည်း
ထောက်ပြထားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် KNU တို့ ဘားအံမြို့တွင် တတိယအကြိမ် ငြိမ်းချမ်းရေး မဆွေးနွေးမီရက်ပိုင်းအလိုတွင် ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ကာလတလျှောက်တွင် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် အစိုးဘက်မှ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီး၊ KNU ဘက်ကစစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်ပြီးမှသာလျှင် လုပ်ဆောင်သင့် သည်ဟု ရှုမြင်ကြသည်။

KNU ဒု-ဥက္ကဋ္ဌ စောဒေးဗစ်သာကပေါ ကလည်း “တပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ပြီး နိုင်ငံရေး ဆွေးနွေး။ အဲဒီ ဖွံ့ဖြိုးရေးတို့ ဆိုတာက တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်ပြီးမှသာလျှင် လုပ်သင့်တယ်” ဟု ဆိုသည်။

ယခုလ တတိယပတ်အတွင်း ပြည်ထောင်စုအဆင့်နှင့် တတိယအကြိမ် ဆွေးနွေးမည့် KNU အနေနှင့် အပစ်အခတ် ရပ်စဲရေး ခိုင်မာရန်အတွက် တပ်များ ပြောင်းရွှေ့ လျှော့ချရေး၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်များ ပြင်ဆင်ရေးကို အဓိက ဆွေးနွေးသွားမည်ဟု စောဒေးဗစ်သာကပေါ က ပြောသည်။

“ဒါက အခြေခံပဲလေ။ အခုက အပစ်အခတ် ရပ်စဲရေး ပဏာမအဆင့်ပဲ ရှိသေးတယ်။ အဲဒီအဆင့်က မတက်သေးဘူး။ အစိုးရ ဘက်က စခန်းတွေကို ပိုပြီး ခိုင်မာအောင်လုပ်နေတယ်။ လက်နက်တွေ ပို့နေတယ်။ အဆိုးဆုံးကတော့ စိုးမိုးနယ်မြေ တိုးချဲ့တာ ပေါ့ဗျာ။ အဲဒါဆိုတော့ တိုက်ပွဲတွေ ပြန်ဖြစ်မှာပဲ။ ဒါ့ကြောင့် အဲဒီကျင့်ဝတ်တွေကိုချမှတ်ဖို့ဆွေးနွေးသွား မှာ” ဟု မဇ္ဈိမကို ပြော သည်။

KNU သည် အစိုးရနှင့် ပုံမှန်ဆက်သွယ်ရေး ပြုလုပ်နိုင်ရန်အတွက် ယခုလ ၁၈ ရက်နေ့တွင် မြဝတီမြို့၌ ထပ်မံဖွင့်လှစ် သွား မည် ဖြစ်သည်။ ဧပြီလအတွင်းက ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် တနင်္သာရီတိုင်း ထားဝယ်ဒေသတွင် လည်းကောင်း၊ မေလက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် လည်းကောင်း ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။

ကရင် အာဇာနည်နေ့ကို KNU လက်အောက်ခံ မြိတ်ထားဝယ်၊ ဒူးပလာယာ၊ ဘားအံ၊ ညောင်လေးပင် စသည့် ခရိုင် ခုနှစ်ခုရှိ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တပ်မဟာ ၇ ခုတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် KNU သည် တော်လှန်ရေး သက်တမ်း အရှည်ကြာဆုံး အဖွဲ့ ဖြစ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အတွက် ၁၉၄၉ ခုနှစ်ကတည်းက အစိုးရအဆက်ဆက်အား လက်နက်ကိုင် တော်လှန်လာခဲ့သည်။

Ref: မဇ္ဈိမ

Read More...

ကျောင်းကုန်းမြို့နယ် စပါးဧက ၁၆,၀၀၀ အတွက် ပျိုးခင်းများ ရေးကြီးနစ်မြုပ်

သန်းထိုက်ဦး၊ သိင်္ဂီထွန်း
သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ လယ်သမား ၂,၂၀၀ ၏ လယ်မြေဧက ၁၆,၀၀၀ တွင် စိုက်ပျိုးမည့် စပါးပျိုးခင်း များ မြစ်ရေကြီး၍ နစ်မြုပ်လျက်ရှိပြီး ပျက်စီးနိုင်ဖွယ်ရှိသည်ဟု ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးခင်ဋ္ဌေး က ပြောသည်။

င၀န်မြစ်၏ လက်တက်တခုဖြစ်သည့် ဒါးက မြစ်ရေမှာ ကျောက်ကုန်းမြို့နယ်နှင့် ကပ်လျက် စီးဆင်းနေပြီး သြဂုတ်လ ၂ ရက်နေ့ မှ စတင်မြင့်တက်လာခြင်းကြောင့် ထိုကဲ့သို့ စပါးပျိုးခင်းများ ရေနစ်မြုပ်ကုန်ရခြင်း ဖြစ်သည်။

“ရေမြုပ်တဲ့ လယ်မြေက နှစ်ပတ်အတွင်း ပြန်မကျရင် ပျိုးထောင်ထားတဲ့ လယ်မြေတွေ ပျက်စီးနိုင်ပါတယ်” ဟု ဦးခင်ဌေး က မဇ္ဈိမကို ပြောသည်။

တဧက စိုက်ပျိုးရန်အတွက် မျိုးစပါး လေးတင်း ကုန်ကျပြီး စပါး တင်းပေါင်း ၄,၀၀၀ ခန့် ပျက်စီးမည့် အခြေအနေနှင့် လယ် သမားတို့ ကြုံနေကြရခြင်းဖြစ်သည်။ မျိုးစပါး တတင်းလျှင် ကျပ် ၄,၀၀၀ မှသည် ကျပ် ၅,၀၀၀ အထိရှိသည့် အတွက် ကျပ်ငွေ သိန်း ၂၀၀ ခန့်အထိ ဆုံးရှုံးနိုင်မည် ဖြစ်သည်။

“တရက်ကို နှစ်လက်မလောက် ရေက ဆက်တိုးနေပါတယ်။ ရေကျဖို့ကလည်း မမြင်တော့ ရေကျရင် ပြန်စိုက်ဖို့ အမြင့်ပိုင်းတွေမှာ ပျိုးထောင်ထားလို့လည်း မဖြစ်ပါဘူး” ဟု နဂျီကုန်းရွာမှ လယ်သမားကြီး ဦးထွန်းအောင် က ခန့်မှန်းပြောဆိုသည်။

၎င်းပိုင် လယ် ၁၇ ဧကအပြင် ရွာထဲရှိ နေအိမ်ပါ ရေနစ်မြုပ်သွား၍ တာရိုးပေါ်သို့ ပြောင်းရွှေ့နေထိုင်နေရသော ဦးထွန်းအောင် က “ဒီနှစ်က ၀မ်းစပါးတောင် ပြန်ရဖို့ မမြင်ပါဘူး။ မနှစ်က ၁၇ ဧကစိုက်တာ စပါး တင်း ၃၀၀ လောက် ပြန်ရပါသေး တယ်” ဟု ဆက်လက်ပြောဆိုသည်။

မိုးစပါး စိုက်ပျိုးစရိတ်မှာ လယ်တဧကလျှင် ကျပ် ၁၅၀,၀၀၀ ခန့် ရှိပြီး စိုက်ပျိုးရေး ဖွံ့ဖြိုးမှုဘဏ်က တဧကလျှင် ကျပ် ၅၀,၀၀၀ ဖြင့် ချေးပေး၍ ကျန်အရင်းအနှီးများကို လယ်သမားများက ငွေတိုးချေးသူများထံမှ အတိုးနှုန်း တလလျှင် ၁၀၀ ကို ၅ ကျပ်၊ ၁၀ ကျပ် စသည်ဖြင့် ယူကြရကြောင်း နဂျီကုန်းရွာမှ လယ်သမားများက ပြောသည်။

“ဒီနှစ် စိုက်ဘဏ်က ချေးငွေကလည်း မရသေးပါဘူး။ ပျက်သွားတဲ့လယ်တွေ ပြန်စိုက်နိုင်ဖို့ ရာသီမီပါစေပဲ ဆုတောင်းနေရတယ်” ဟု ဦးထွန်းအောင်က ပြောသည်။

ကျောင်းကုန်းမြို့နယ်တွင် မိုးစပါး စိုက်ပျိုးမြေဧက ၁၁၈,၀၁၆ ရှိသည့်အနက် ၁၀၁,၁၇၅ ဧက စိုက်ပျိုးထားကြောင်း မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။ ကျောင်းကုန်းမြို့နယ်တွင် တဧက စပါးအထွက်နှုန်း ၇၈ တင်းရှိသည်။

မြစ်ရေမြင့်တက်မှုကြောင့် ကျောင်းကုန်းမြို့အတွင်း မြို့ပေါ်ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်နှင့် ကျုံဖားရိုး၊ အိုးဘို၊ မန်ကျည်း ပင်ကွမ်း၊ ကွမ်ခြံကုန်း၊ စံပယ်ရုံ၊ သစ်ဆိမ့်ကုန်း၊ ထောက်ရှား၊ ကျောင်းအိုင်၊ လှေကွဲသဟာ၊ ဒေါင့်ကွေး စသည်ရွာပေါင်း ၁၈ ရွာ ရေနစ်မြုပ်လျက်ရှိသည်ဟု တနင်္လာနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖေါ်ပြထားသည်။ အဆိုပါ ရေကြီးမှုကြောင့် အိမ်ထောင် စုပေါင်း ၃,၀၁၁ စု၊ လူပေါင်း ၁၂,၀၀၀ ခန့် ရေဘေးသင့်နေကြောင်း
လည်း ပါရှိသည်။

ထို့အပြင် ပုသိမ်ခရိုင် ၊ကန်ကြီးထောင့်မြို့ အမှတ် ၁ ရပ်ကွက်တွင်လည်း မြစ်ရေကြီးလျက်ရှိပြီး ရေဘေးသင့် အိမ်ထောင်စု ၃၉ စုရှိနေသည်ဟု စနေနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကန်ကြီးတိုက်နယ်မှ လယ်သမားများလည်း တဧကလျှင် စိုက်ပျိုးစရိတ် ကျပ် ၂၀,၀၀၀ ခန့် အရှုံးပေါ်ခဲ့သည်။

Ref: မဇ္ဈိမ

Read More...

မိုဘိုင်း SIM ကတ်များအတွက် မြန်မာ့ဆက်သွယ်ရေး တင်ဒါခေါ်ယူ

တင်ဇာအောင်
သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူရန်အတွက် တင်ဒါခေါ်ယူ ရာတွင် GSM SIM ကတ် ငါးသိန်း ကျော်နှင့် WCDMA SIM ကတ် နှစ်သန်းခွဲကျော် ၀ယ်ယူမည်ဟုမြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တဦးက ပြောသည်။

ပြည်တွင်းကျပ်ငွေဖြင့် ၀ယ်ယူမည့် တင်ဒါခေါ်ယူခြင်းကို သြဂုတ်လ ၂ ရက်နေ့မှ စတင်ခဲ့ပြီး ၁၇ ရက်နေ့ နောက်ဆုံး ထား၍ တင်ဒါ သိမ်းမည် ဖြစ်သည်။

အဆိုပါ ကတ်များကို မြန်မာ့ဆက်သွယ်ရေုးလုပ်ငန်းမှ GSM နှင့် WCDMA မိုဘိုင်း တယ်လီဖုန်းလိုင်းများ သုံးစွဲမှု ချထားပေးရာတွင် အသုံးပြုရန်အတွက် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ ဆက်သွယ်ရေး၊ စာတိုက်ကြေးနန်းဝန်ကြီးဌာန မြန်မာဆက်သွယ်ရေးလုပ်ငန်း(ပစ္စည်းဌာန)တွင် တင်ဒါပုံစံတခုကို ငွေတထောင်ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

အလားတူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိအချိန်တွင် GSM မိုဘိုင်း ဖုန်းလိုင်းများအတွက် SIM ကတ်များကို ကျပ်နှစ် သိန်းဖြင့်လည်းကောင်း၊ WCDMA မိုဘိုင်းဖုန်း SIM ကတ်များကို ကျပ်နှစ်သိန်းခွဲဖြင့် လည်းကောင်းရောင်းချနေသည်။

လက်ရှိအချိန်တွင်မူ GSM ကတ်များကို ၀ယ်ယူမှု ပိုများကြောင်း ‘လူကြီးမင်း’ မိုဘိုင်းဖုန်း အရောင်းဆိုင် မန်နေဂျာ ဦးကိုကို အောင် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက “အခုဆိုရင် အင်တာနက် ရဖို့ကလည်း အရေးကြီးလာပါပြီ။ နယ်တွေမှာဆို လည်း ဆန်ဈေးနှုန်း၊ ပဲဈေးနှုန်းတွေက အစ အင်တာနက်က ကြည့်နိုင်ရင် သူတို့အတွက် အများကြီး အဆင်ပြေပါတယ်။ အသံ ကနေ သွားတာမျိုး မဟုတ်တော့ဘဲ အင်တာနက်ကနေ ကြည့်နိုင်ရင် ပိုပြီး အဆင်ပြေပါ တယ်။ ဒေတာ ပေးဖို့ဆိုရင် 3G က အကောင်းဆုံးပါပဲ။ နိုင်ငံတကာမှာလည် 3G ကိုပဲ သုံးတာ ပိုများပါတယ်။ နောက်ပိုင်းလည်း 3G ကိုပဲ ပိုပေးမှာပါ” ဟု ပြော သည်။

ဆက်သွယ်ရေး လုပ်ငန်းက ချထားပေးနေသော မိုဘိုင်းဖုန်းများတွင် အင်တာနက် အသုံးပြုလိုပါက ကျပ်တသောင်းဖြင့် လျှောက် ထားနိုင်ပြီး အသုံးပြုခမှာ GSM ဖုန်းအတွက် တမိနစ်လျှင် နှစ်ကျပ်ဖြစ်ပြီး WCDMA ဖုန်းအတွက် တမိနစ်လျှင် လေးကျပ် ဖြစ် သည်။

Ref: မဇ္ဈိမ

Read More...

လျှပ်စစ်မီးသတင်း အထောက်အထား မှန်ကန် ခိုင်လုံဟု 7Day ပြော

မြတ်ကျော်သူ
သြဂုတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ်

လူကြိုက်များသော ဂျာနယ်တခုဖြစ်သည့် 7Day တွင် ဖော်ပြခဲ့သည့် လျှပ်စစ်မီးနှင့် ပတ်သက်သည့် သတင်းတပုဒ်ကို မမှန်မကန် မှားယွင်းဖော်ပြသည်ဆိုသည့် ကုမ္ပဏီတခု၏ စွပ်စွဲမှုနှင့်ပတ်သက်၍ ၎င်းတို့ တင်ပြသည့်သတင်းမှာ အထောက်အထား ပြည့်စုံပြီး မှန်ကန်၊ ခိုင်လုံမှုရှိသည်ဟု ဂျာနယ်တာဝန်ရှိသူတဦးက တုန့်ပြန် ပြောဆိုလိုက်သည်။

“အမှုကိစ္စအတွက်တော့ ခုမှ တိုင်ပင်နေတုန်း။ ပြင်ဆင်နေတုန်းပါပဲ။ ဂျာနယ်ဘက်ကတော့ သတင်းက မှန်ကန်မှုရှိ တယ်၊ ခိုင်လုံ မှုရှိတယ်၊ အထောက်အထားတွေ အကုန်ရှိတယ်။ ဘာအကြောင်း တစုံတရာနဲ့မှ တောင်းပန်မှာ မဟုတ်ပါဘူး” ဟု 7Day ဂျာနယ် တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

မုံရွာမြို့နယ်အတွင်းရှိ ခေတ္တာက္ကန်(မြောက်) ရွာတွင် ဖွံ့ဖြိုးမြန်မာကုမ္ပဏီ၏ ဆောင်ရွက်ချက်ကို “ကျေးရွာ လျှပ်စစ်မီးလင်းရေး လေးနှစ်ကြာသော်လည်း လျှပ်စစ်မီးမရဘဲ မီတာ လျှောက်ထားသူများသာ အကြွေးတင်” ဟူသည့် ခေါင်းစဉ်ဖြင့် ဇွန်လအတွင်း ထုတ်ဝေသည့် 7Day ဂျာနယ်တစောင်တွင် ဖော်ပြပါရှိခဲ့ရာ ထိုသတင်း မှားယွင်းသည်ဟု ဆိုကာ ကုမ္ပဏီဘက်မှ တွေ့ဆုံညှိနှိုင်း လိုကြောင်း နိုင်ငံပိုင် သတင်းစာမှ တဆင့် တနင်္ဂနွေနေ့က ကြေညာခြင်းကို ဂျာနယ်က တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

ကုမ္ပဏီ၏ ကြေညာချက်တွင် သတင်းရေးသားသူ သတင်းထောက်အနေနှင့် နှစ်ပတ်အတွင်း လာရောက်တွေ့ဆုံရန် တောင်းဆို ထားသည်။

“သူတို့ဘက်က နှစ်ပတ်နေလို့မှ ဘာမှ အကြောင်းပြန်တာမျိုးမရှိရင် တရားရုံးမှာပဲ ရင်ဆိုင်သွားမှာပါ။ သူတို့ဘက် ကတော့ ခုချိန်ထိ ဆက်သွယ်လာတာမျိုး မရှိသေးပါဘူး” ဟု ဖွံ့ဖြိုးမြန်မာ ကုမ္ပဏီ၏ အင်ဂျင်နီယာ(စီမံ) ဦးတင်ကိုသန့် က မဇ္ဈိမကို ပြောသည်။

ခေတ္တာက္ကန်ရွာမှ လယ်မားများသည် မီတာ တလုံးအတွက် ကုန်ကျစရိတ် ခြောက်သိန်းကို လယ်မြေများ ပေါင်နှံကာ လျှပ်စစ်မီး သုံးစွဲခွင့် ရရှိရေး ဖွံ့ဖြိုးမြန်မာကုမ္ပဏီသို့ ပေးသွင်းခဲ့သော်လည်း လျှပ်စစ်မီးမရဘဲ လယ်မြေများဆုံးရှုံးကာ အကြွေး တင်နေကြ သည်ဟု ဂျာနယ်က ရေးသားထားသည်။

ထိုရေးသားမှုနှင့် ပတ်သက်၍ သတင်းထောက်သည် ကုမ္ပဏီနှင့် ကျေးရွာမီးလင်းရေး ကော်မတီသို့ လာရောက် တွေ့ဆုံ၍ သတင်း အတည်ပြုချက် ရယူခဲ့ခြင်းမရှိဘဲ မီးလင်းရေး ကော်မတီနှင့် ကုမ္ပဏီတို့ကြား အသုံးပြုထားသည့် ငွေကြေးများမှာလည်း လွန်စွာ ကွာဟ ၍ မှားယွင်းနေကြောင်း၊ ဖွံ့ဖြိုးမြန်မာ ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြပါရှိ သည်။

ခေတ္တာက္ကန်(မြောက်)ရွာ မီးလင်းရေးအတွက် ကျပ်ငွေ ၁၄၂ သန်း ကုန်ကျနိုင်သည် ဟုလည်း မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဌာန ကို ကိုးကား၍ 7Day ဂျာနယ်က ရေးသားထားသည်။

Ref: မဇ္ဈိမ

Read More...

အပေါ်သို့