Tuesday, July 15, 2008

မြန်မာ့အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထ္ထုပ္ပတ္တိများ




ကျဆုံးလေပြီးသော... ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊

အာဇာနည်ခေါင်းဆောင်ကြီးများအား

ဦးညွတ်အလေးပြုပါ၏




ဗိုလ်ချုပ်အောင်ဆန်း

၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ နောင်တစ်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ ဗမာ့နိုင်ငံသမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ၊ ပါဠိ (၂) ဘာသာ ဂုဏ်ထူးဖြင့် (၁၀) တန်းအောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။

ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅-၁၉၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမူဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည်ဖြင့် အိုးဝေညိုမြ ရေးသားသော "ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)" ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင် ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်း တချက်ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခု သပိတ်အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာထွက်လာသည်။ အစီရင်ခံစာကို တကသမှ ကန့်ကွက်ခဲ့သည်။ ဒေါက်တာဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည်ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆-၁၉၃၇ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၃၈-၁၉၃၉ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇-၁၉၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဖာတန်းကို အောင်ပြီး၊ ဥပဒေ ၀ိဇ္ဖာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈-၁၉၃၉ တွင် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ်ကောင်စီတွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တကသ ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်သည်အထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ၀င်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။

သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ ဗမာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့ အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့ အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၁၉၄၀ သြဂုတ်လအတွင်း ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား ဗမာ့မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် ဗမာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ဗမာ့လွတ်လပ်ရေး စီမံကိန်း စာတမ်းတရပ်ကို ရေးဆွဲကာ ဂျပန်စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ ဗမာပြည်အတွင်းမှ မျိုးချစ်လူငယ်များကို စုစည်းကာ အလီလီခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသောအခါ အင်အားကြီးထွားလာပြီး ပရမ်းပတာ ဖြစ်လာသော ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်သေနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ ဗမာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ်ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် မြန်မာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ တစ်နိုင်ငံသဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ သြဂုတ်လအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ဦးဆောင်ပြီး ဖက်ဆက်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်းတည်ထောင်က ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ်ဂျပန်တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက်ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေးခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ရာထူးလက်ခံရန် စကားကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ်အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံ၏ စက္ကူဖြူစီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့် ပုလိပ်သပိတ်အပါအ၀င် အထွေထွေ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိန်အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး ဘုရင်ခံအသစ် အဖြစ် ဆာဟူးဘတ်ရန့်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရဖွဲ့စည်းရန် စကား ကမ်းလှမ်းလာတော့သည်။ ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ရာထူးများကို လက်ခံယူလိုက်ကြသည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေး ဆောင်ပုဒ်အရ ဗမာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာအစိုးရ၏ ဖိတ်ကြားချက်အရ ဗမာ့ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်န၀ါရီလတွင် လန်ဒန်သို့ သွားရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရာတွင် ဗြိတိသျှတို့က တောင်တန်းဒေသများကို ချန်ထားလိုသောကြောင့် ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းဒေသကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပြီး တောင်တန်းဒေသနှင့် ဗမာပြည်မ ပေါင်းစည်းရေးအတွက် အားသွန် ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုယ်းစားမှုကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံသမိုင်းတွင် အရေးပါသော တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး သင်္ကေတဖြစ်သည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေးရရန် သေချာသော အခြေအနေသို့ ရောက်သောအခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲကြမည့် တိုင်းပြု ပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီးအချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန်ကြိုးပမ်းနေဆဲတွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့် အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရပေသည်။


သခင်မြ

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာဇာတိဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ်တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေဖြစ်သည်။ နှမ မမြငွေ တစ်ဦးသာရှိ၍ နောင်အခါ သီလရှင်ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သာယာဝတီ အေဘီအမ်ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ကိုးလ်ကတ္တားတက္ကသိုလ်တို့မှ အိုင်အက်စီတန်းကို ဓာတုဗေဒဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှင့် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသားပညာရေး ကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်းကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသားကောလိပ်မှပင် အောင်မြင်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
၁၉၂၇ ခုနှစ်တွင် ဥပဒေ ၀ိဇ္ဖာဘွဲ့ အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာမှ ထင်ရှားလာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာအစည်းအရုံးဝင်ရာမှ သခင်ဖြစ်လာပြီး သခင်မြဟု ထင်ရှားလာခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး၏ ကိုယ်ပွားဖြစ်သော "ကိုယ်မင်းကိုယ်ချင်းအဖွဲ့" ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြုလွှတ်တော်အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော်အတွက် ပထမဆုံး အရွေးခံရသော သခင်အမတ် သုံးဦးအနက် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထိုသို့ အမတ်အဖြစ် အရွေးခံရ သော်လည်း အင်္ဂလိပ် နယ်ချဲ့အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့သောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပဆက်သွယ်ရေး တာဝန်ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန်ယူခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရအဖွဲ့တွင် ဒုတိယ၀န်ကြီးချုပ် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးအတွက် ဖဆပလကို ဖွဲ့သောအခါ ပြည်သူ့ အရေးတော်ပုံပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံပါတီကို မြန်မာပြည် ဆိုရှယ်လစ်ပါတီဟု ပြင်ဆင်ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ကြားဖြတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ၀န်ကြီး တာဝန်များ ယူခဲ့ရသူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြုလွှတ်တော် ယာယီသဘာပတိ တာဝန်များ အပေးခံရသည်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား ဗမာကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ လယ်သီးစား ဥပဒေဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။



ဒီးဒုတ်ဦးဘချို

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြဇာတိ ဖြစ်သည်။ အဖ ဗမာ ဆေးဆရာကြီး ဦးဘိုးစာနှင့် အမိ ဒေါ်မြစ်တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူးအောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက်ပညာသင်ယူရာ ၁၀ တန်းကို အထူးအောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန်တက္ကသိုလ်တွင် ဘီအေ အထက်တန်းကျောင်း တက်နေဆဲ မျက်စိရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ရသည်။ ပေါင်းတည်နှင့် ဟင်္သာတမြို့များတွင် အစိုးရ ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသားကျောင်းများ ဖွင့်လာသောအခါ အစိုးရ၀န်ထမ်းမှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ၀င်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသားကျောင်းဆရာလည်း လုပ်ခဲ့ဖူးသည်။ တစ်ပတ် တစ်ကြိမ် ထုတ် "မြန်မာ့ ရီဗျူးဂျာနယ်" ကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့သည်။ ထိုနောက် "ဒီးဒုတ်ဂျာနယ်" ကို ၁၉၂၅ ခုနှစ်တွင် ဦးစီးထုတ်ဝေရာတွင် ဒီးဒုတ်ဦးဘချိုဟု ထင်ရှားလာသည်။

ဆရာကြီးသည် အင်္ဂလိပ်-မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂိရတ်ပညာများကိုလည်း လိုက်စားခဲ့ သည်။ ဗမာသီချင်းကြီးကိုလည်း စည်းစနစ်ကျစွာ တတ်မြောက်သူ တစ်ဦး ဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတာကို မြတ်နိုးပြီး စောင်းကောက် ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ ဗမာ သီချင်းကြီး၊ သီချင်းခန့်များကို မူမှန်အတိုင်း ဖြစ်စေရန် "ဂီတ၀ိသော ဓနိ" ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်အတွင်း ဒီးဒုတ် နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် သတင်းစာဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေသမားတစ်ဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြားစေသည့် စာပေများကိုလည်း ရေးသားခဲ့သည်။ အင်္ဂလိပ်တို့ပေးသော ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေးတို့ကို ဆန့်ကျင်ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီကိုလည်း တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ဗမာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သေးသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရလက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ စာရေးဆရာအသင်း နာယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝလွတ်လပ်ရေး ရရှိ ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ ၀င်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့်အတူ အထူး အပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက်ခဲ့သည်။

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။



ဦးရာဇတ်

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားကလေး ကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင်ခဲ့သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီကို ဦးစီးဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြ ဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်မြင်ခဲ့၍ အေရာဇတ် ဘီအေ (နေရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟို အမျိုးသား အထက်တန်း ကျောင်းအုပ်အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ်ဖွဲ့စည်းပြီး ကျောင်းသားလူငယ်များကို စစ်ပညာ သင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်သောအခါ အမျိုးသားကျောင်းတွင် ဆရာပြန်လုပ်သည်။ အထက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာ-မွတ်စလင် အသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် တာဝန်ယူနေစဉ် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။



မန်းဘခိုင်

ကရင်အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိဒေါ်ပုဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ဖြစ်သည်။ ဟင်္သတာမြို့၊ အေဘီအမ်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်းအောင်သည်။ ကရင်ဘာသာသင် ကျောင်းတစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန်ဖြစ်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင်-ဗမာ ချစ်ကြည်ရေးကို အထူးဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလ ဗဟိုအလုပ်အမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံရ၍ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။



မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း

မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့၏ သား စ၀်စံထွန်းသည် ၁၉၀၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ မန္တလေး ပုလိပ်အတတ်သင်ကျောင်းလည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ်အရာရှိအဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွားအဖြစ် ခံယူလိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြိး၏ သမီး စ၀်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီစာအုပ်များ၊ ကိရိယာ တန်ဆာပလာများနှင့် သီးနှံ မျိုးစေ့များကိုပင် မှာယူခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာနိုင်ငံသို့ ပြန်ဝင်လာသောအခါ ယင်းနှင့်အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေးအတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားလည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီးဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ လုပ်ကြံခံရပြီး ဇူလိုင်လ (၂၀) ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။



ဦးဘ၀င်း

နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက်အနက် ဦးဘ၀င်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အကို အကြီးဆုံးဖြစ်ပြီး ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်သည်။ ဗမာ ကိုးတန်း အောင်ပြီးနောက် အလယ်တန်းဆရာဖြစ် စာမေးပွဲ အောင်သောအခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေးဘ၀ဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်းဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်းကျောင်းတွင် အထက်တန်း ကျောင်းအုပ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီးမြို့မှ ဦးစံ၊ ဒေါ်ရွှေမေတို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်းမြို့နယ် ဖဆပလ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင်ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင်
အခြား ခေါင်းဆောင်ကြီးများနှင့် အတူ လုပ်ကြံခံရပြီး ကွယ်လွန်သည်။



ဦးအုန်းမောင်

ဦးအုန်းမောင်သည် မင်းဘူးမြို့၊ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)၀န်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ၀ိဇ္ဖာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲဖြေသူ ၃ ဦးအနက် ပထမရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ၀န်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့် အတူ လုပ်ကြံခံခဲ့ရသည်။



ရဲဘော် ကိုထွေး

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

Read More...

Tuesday, July 1, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၅/၀၇/၀၈

Read More...

Monday, June 30, 2008

စည်းကမ်းမဲ့အကြမ်းဖက်မှုများ တားဆီးပေးရန် ၀ါရင့်နိုင်ငံရေးသမားကြီးများ တောင်းဆို

၂၀၀၈ ဇွန်လ (၁၉) ရက် အန်အယ်လ်ဒီရုံး၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ အခမ်းအနားကျင်းပရာသို့ စွမ်းအားရှင်နှင့် ကြံ့ဖွံ့လူရမ်းကားအုပ်စုများက မော်တော်ယာဉ်များဖြင့် ရောက်ရှိလာကာ ရုံးရှေ့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ၀ိုင်းဝန်းရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် ပြစ်တင်ဝေဖန်လိုက်ခြင်းဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏ကြေငြာချက်မူရင်း

Read More...

Tuesday, June 24, 2008

လူလိမ်ကြီးများ

Read More...

Saturday, June 21, 2008

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းနှင့် ပြင်သစ်သမတ နစ်ကိုးလပ်စ်ဆာကိုဇီ မှ

ဒေါ်အောင်ဆန်းစုကြည်သို့ အိပ်ဖွင့်ပေးစာ

၁၉-၆-၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား..

ဗမာပြည်မှာ ဒီမိုကရေစီနဲ့ လူသားဘဝ ပီသရေးအတွက် အမရဲ့တသက်တာ ကြံ့ကြံ့ခိုင် တိုက်ပွဲဝင်မှုဘက်မှာ ကျနော်တို့ ထောက်ခံ ရပ်တည်ကြောင်း ထပ်လောင်းပြောပြဖို့ အမရဲ့မွေးနေ့အခါသမယ အခွင့်အလမ်းကို ကျနော်တို့ သုံးပါရစေ။ အမဟာ တခြားလူတွေရဲ့ လွတ်လပ်ခွင့်အတွက် ကိုယ့်လွတ်လပ်ခွင့်ကို စတေးခဲ့ပါတယ်။ အမရဲ့ပြည်သူတွေ အတွက် သူမတူတဲ့ သတ္တိနဲ့ စွန့်လွှတ် ပိုင်းဖြတ်မှုကို အမ ပြခဲ့ပါတယ်။
အကျယ်ချုပ်ကနေ အမ လွတ်မြောက်ရေးနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အနာဂတ်မှာ အမ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်ခွင့် ရှိရေးဟာ အချက်အချာ ဖြစ်နေဆဲပါ။ မကြာခင်က လုပ်သွားခဲ့တဲ့ ဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒ သဘောထားကို အမှန် တကယ် ထင်ဟပ်မှုအဖြစ် ယုံကြည် အားထားနိုင်စရာ မရှိသလို အခြေခံ ဥပဒေသစ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုအတွက် ခိုင်ခန့်တဲ့ အခြေအမြစ်ကို မဆောင်ကျဉ်းပေးနိုင်လို့ ကျနော်တို့ ယုံကြည်မိပါတယ်။ အရပ်ဖက် အတိုက်အခံတွေ၊ တိုင်းရင်းသား လူမျိုးတွေရဲ့ ကိုယ်စားလှယ်တွေ အပြည့်အစုံပါဝင်တဲ့၊ အားလုံးအကျုံးဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တခုကို အချိန်မဆိုင်းဘဲ စတင်ဖို့ မြန်မာအစိုးရကို ကျနော်တို့ တောင်းဆိုလိုက်ပါတယ်။
လက်ရှိ လိပ်ခဲတည်းလည်း အခြေအနေကနေ ဖောက်ထွက်နိုင်ဖို့အတွက် စစ်ခေါင်းဆောင်ပိုင်းနဲ့ စစ်မှန်ပြီး အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ အမအနေနဲ့ အသင့်ရှိတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒီလို လူသားပီသပြီး ဆင်ခြင်တုံတရား လွှမ်းတဲ့ စကားသံဟာ နားပေါက်တွေကို ထွင်းဖောက်နိုင်လိမ့်မယ်ဆိုတာ ကျနော်တို့ သေချာပေါက် ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထားဟာ ဘယ်လိုမှ ကျေနပ်စရာလည်း မကောင်း၊ အရှည်သဖြင့်လည်း တည်တံ့နေလို့ မရနိုင်ဘူး ဆိုတာနဲ့ ပြတ်သားရဲရင့်တဲ့ ရှေ့ဆောင်ရှေ့ရွက် အစချီချက်တွေ၊ အပေးအယူ အလျှော့ အတင်းတွေ လုပ်ဖို့လိုတယ် ဆိုတာကို လူအများက အခုအခါ သဘောပေါက်ဖို့ လိုအပ်လာလို့ ဖြစ်ပါတယ်။
ကျနော်တို့ဟာ နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ပြီးနောက်ပိုင်း လူသားချင်း စာနာရေးအခြေအနေအပေါ် အလွန် တရာမှ စိုးရိမ် ပူပန်မိပါတယ်။ နဂိုကတည်းက အခြေခံ လူ့လွတ်လပ်ခွင့်တွေ စီးပွားရေး အခွင့်အလမ်းတွေ ဆုံးရှုံးကင်းမဲ့နေ ရတဲ့ မြန်မာပြည်သူတွေဟာ အဲသလိုကြီးကျယ်လှတဲ့ သဘာဝကပ်ဘေးကြီးဒဏ် ခံရလေခြင်း ဆိုပြီး အထူးဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာက အကူအညီပေးဖို့ ကမ်းလှမ်းချက်တွေကို စောစီးစွာ ကတည်းက လုံလုံ လောက်လောက် လက်မခံတဲ့ အပေါ်မှာလည်း ရင်နင့်အောင် ဝမ်းနည်းမိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အာဆီယံနိုင်ငံတွေနဲ့ အာဆီယံ အတွင်းရေးမှူးချုပ်တို့က လှုပ်ရှား တုံ့ပြန်မှုတခုကို အစချီနိုင်လိုက်ပြီး ဘန်ကီမွန်းကလည်း ဒီဖြစ်စဉ်ကို ကိုယ်တိုင် ကိုယ်ကျ အားပေး ထောက်ခံခဲ့တာကြောင့် ကျနော်တို့ ဝမ်းသာမိပါတယ်။ ဒေသဆိုင်ရာ ကူညီရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကူညီရေး အဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေဟာ အားတက်စရာပါဘဲ၊ ဒါပေမဲ့ အရေးတကြီး လိုအပ်နေတဲ့ ပြည်သူလူထုဆီ ဒီ အကူအညီတွေ သေချာပေါက် ရောက်စေဖို့နဲ့ နောက်ထပ် အသက်ဆုံးရှုံးမှုတွေ၊ ဝေဒနာ ခံစားရမှုတွေကို ကာကွယ်တားဆီး နိုင်ဖို့ လုပ်ဆောင်စရာ အများကြီး လိုအပ်နေပါသေးတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ကယ်ဆယ်ရေးလုံးပမ်းမှုမှာ အားဖြည့် ကူညီပေးဖို့ ချက်ချင်း ဆုံးဖြတ်တာဝန်ယူခဲ့ပြီး ရေရှည်ပြန်လည် တည်ဆောက်ရေးအတွက် အာဆီယံ ယန္တရားကိုလည်း အားပေး ထောက်ခံ သွားမှာဖြစ်ပါတယ်။ နိုင်ငံတကာမှ ကြိုးပမ်းအားထုတ်မှုရဲ့ အောင်မြင်မှု မအောင်မြင်မှုဟာ မြန်မာ အစိုးရရဲ့ လုပ်ရပ်တွေ၊ မြန်မာအစိုးရ ချမှတ်တဲ့ စည်းကမ်းချက်တွေအပေါ် မူတည်ပါလိမ့်မယ်။
မြန်မာနိုင်ငံက များပြားလှတဲ့ အစုအဖွဲ့တွေရဲ့ မျှော်လင့်ချက်တွေကို ရင်ကြားစေ့ ညှိနှိုင်းပေးနိုင်တဲ့ အမရဲ့ စွမ်းအား ကိုရော တိုင်းပြည်ရဲ့ အမျိုးသား စုစည်း တည်တံ့ရေးအပေါ် အမရဲ့ ထက်သန်စူးနစ်မှုကိုပါ ကျနော်တို့ လေးစားသဘောကျ မိပါတယ်။ ဒီတိုက်ပွဲထဲမှာ အမနဲ့တကွ အမပြည်သူတွေကို ကျနော်တို့ မေ့ပစ်မှာမဟုတ်ပါဘူးခင်ဗျား။

ဂေါ်ဒွန်ဘရောင်း
နစ်ကိုးလတ်စ်ဆာကိုဇီ


NCGUB-Border Office မှ ဘာသာပြန်ဆိုသည်။

Read this document on Scribd: open letter

Read More...

နအဖအား သရော်ထားသည့် Mr.Creator ၏ ဓါတ်ပုံများ

















Read More...

Friday, June 20, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၄/ ၀6/ ၀၈


Read More...

Thursday, June 19, 2008

နအဖ အတွက် Mr.Creator ၏ လက်ဆောင်များ







Read More...

New York မြန်မာသံရုံး အခြေအနေ

Read More...

ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ စိတ်ပိုင်းဆိုင်ရာ လုပ်ကြံမှု


Read More...

Friday, June 13, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထူးကြေညာချက် - ၁၃/၀၆/၀၈






Read More...

Tuesday, June 3, 2008

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဒီပဲယင်း အကြမ်းဖက်မှုများကို ဖွင့်ချ ဖော်ထုတ်ထားတဲ့ ဗိုလ်မှူး အောင်လင်းထွဋ်နှင့် အင်တာဗျူး



ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဒီပဲယင်း အကြမ်းဖက်မှုများကို ဖွင့်ချဖော်ထုတ်ထားတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်နှင့် အင်တာဗျူးအသံဖိုင်ဖြစ်ပါတယ်။


လွန်ခဲ့တဲ့ ၅ နှစ်၊ ၂၀၀၃ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း လုပ်ကြံတိုက်ခိုက်မှုကို မြန်မာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးအောင်သောင်းတို့က အကွက်ချ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ မြန်မာ စစ်ထောက်လှန်းရေး အဆင့်မြင့် အရာရှိနဲ့ သံတမန်ဟောင်း တဦးဖြစ်တဲ့ ဗိုလ်မှူးအောင်လင်းထွဋ် ကပြောကြားလိုက်ပါတယ်။ အဲဒီတုန်းက စစ်အစိုးရ နောက်လိုက်နောက်ပါ လူမိုက်လူရမ်းကားတွေက ဒီပဲယင်းမြို့နယ် အတွင်း ကျည်ရွာအနီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယဉ်တန်းကို မှောင်ရိပ်ခို ချောင်းမြောင်း တိုက်ခိုက် ခဲ့တဲ့အတွက် လူပေါင်း ၇၀ ကျော် သေဆုံးပြီး ဒါဇင်နှင့်ချီ ဒါဏ်ရာရခဲ့တယ်လို့ ပြည်ပရောက် အတိုက်အခံတွေရဲ့ စုံစမ်းထွက်ဆိုချက်တွေမှာဖေါ်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကိုလည်း အဲဒီ အချိန်ကတည်းက မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ် ချထားခဲ့တာပါ။ မြန်မာ နိုင်ငံမှာ လွန်ခဲ့တဲ့ ၅ နှစ်က အဲဒီဖြစ်ရပ် ဖြစ်ပြီးပြီးချင်း နာရီပိုင်း အတွင်းမှာပဲ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌါနက သတင်းရရှိခဲ့ပြီး ၀ါရှင်တန်မြို့ မြန်မာသံရုံးကို စုံစမ်း မေးမြန်းလာခဲ့တယ်လို့ အဲဒီ အချိန်က ၀ါရှင်တန် မြန်မာသံရုံးမှာ သံမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူးအောင်လင်းထွဋ် က ဗွီအိုအေကို အခုလို ပြောကြားခဲ့ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဒီ ၁၂ နာရီ ၁နာရီ ပတ်ဝန်းကျင်ပေါ့လေ အဲဒီအချိန်လောက်မှာ ၀ါရှင်တန်က ဗမာသံအမတ်ကြီး ဦလင်းမြိုင်ဆီကို ကျနော်တို့ State Department ကနေပြီးတော့မှ ဒီပဲယင်းဖြစ်စဉ်နဲ့ ပါတ်သက်ပြီး ဖြစ်သွားပြီ အဲဒါဟုတ်လား မဟုတ်လားဆိုတာကို လှမ်းပြီးတော့မှ Confirm တောင်းပါတယ် အမှန်တိုင်းပြောရရင် ကျနော်တို့လည်း မသိသေးပါဘူး အဲဒီချိန်ကိုပြန်တွက်ကြည့်လိုက် တဲ့အခါကြတော့ လည်း ဗမာပြည်နဲ့ဆိုရင် တစ်နာရီခွဲ နှစ်နာရီလောက်ပဲ ခြားပါသေးတယ် အဲဒါနဲ့ ကျနော့်သံအမတ်ကြီး ဦလင်းမြိုင်ကနေပြီးတော့ ကိုအောင်လင်းထွဋ်ရေ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟုတ်လားမဟုတ်လားလဲ ကျနော်တို့ မသိသေးဘူး အဲတော့ ခင်ဗျား ကကလှမ်းကို မေးကြည့်ပါဦးဗျာ.. စုံစမ်းခိုင်းပါဦးဆိုပြီးတော့ ကျနော့်ကို တာဝန်ပေးပါတယ်။ သံအမတ်ကြီး ကျနော့်ကို တာဝန်ပေးချင်းချင်းပေါ့လေ ကျနော် ကကလှမ်းကို လှမ်းပြီး တော့မှ ကျနော်ဖုန်းဆက်ပါတယ်။ ကျနော် နံမည်တော့ မပြောပါရစေနဲ့ပေါ့လေ… အဲတော့ ဖုန်းဆက်တဲ့ အခါကြတော့ သူက ဘာပြန်ပြောလဲဆိုတော့ ဟာ..အကိုတဲ့ ဒီလောက်တောင် မြန်လှချည်လားတဲ့ ကျနော်တို့တောင်မှ အခုမှ ပူပူနွေးနွေးပဲ ရှိသေးတယ် ဆိုတဲ့ အခါကြတော့.. အေး ဟုတ်တယ် ဒီကတော့ သိနေပြီ အဲတော့မင်းတို့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့မှ ငါ့ကိုပြောဖို့လိုတယ် ဒီမှာလည်း အကျိုးသင့် အကြောင်းသင့် ပြန်ပြီး ရှင်းပြရမယ်ဆိုတဲ့ အခါကြတော့ အဲတော့ သူလည်း အတော်လေးကို အကျပ်ရိုက် သွားပါတယ်.. အကိုရေ အမှန်ပဲတဲ့ အမှန်ပဲ ကျနော်တို့ အဘကိုပေါ့လေ (အဘဆိုတာက ဗိုလ်ချုပ် ခင်ညွန့်တို့ ဗိုလ်ချုပ်ကြီးမောင်အေးတို့ကို) သွားပြီးတော့မှ တားသေးတယ် တားပြီးတာနဲ့ ဗိုလ်ချုပ်မှူးကြီး အဘကြီး ကတော့နေပြီးမှ ငါခိုင်းတာ ဆိုပြီးတော့မှ ပြောလွတ်လိုက်တယ် ဆိုပြီးတော့မှ ကျနော့်ကို အစချီပြီး ပြောပါတယ်ခင်ဗျ

မေး ။ ။ ဟုတ်ကဲ့ သဘောက အဲဒါဆိုလို့ရှိရင် ဗိုလ်ချုပ် ခင်ညွန့်ရော ဗိုလ်ချုပ်ကြီးမောင်အေးတို့ ကရော နှစ်ဦးစလုံးက ဒီပဲယင်းဖြစ်စဉ် မဖြစ်ခင်ကတည်းက သိလို့ သွားပြီးတော့ တားတယ်ဆိုတဲ့ သဘောကို ပြောတာလား ခင်ဗျာ..။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော် ဖြစ်စဉ်ကို ကျနော့်ကိုသိသလောက်ပေါ့လေ သူပြောတာကော နောက်ပိုင်းကျနော် သိတာကောပေါ့လေ ပြန်ပြောရရင် ကျနော်တို့ ဒီ မေလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ မန္တလေးက ထောက်လှမ်းရေးတပ်ရယ် ကျနော်တို့ မုံရွာက ထောက်လှမ်းရေး တပ်ရယ်က နေပြီးတော့မှ ကျနော်တို့ ရန်ကုန် ကကလှမ်းကို သတင်းပို့ပါတယ်ခင်ဗျ.. သတင်းပို့တာက ဦးအောင်သောင်းပေါ့လေ ကျနော်တို့ ကြံခိုင်ဖွံ့ဖြိုးရေး အတွင်းရေးမှုးလုပ်တဲ့ ဦးအောင်သောင်းနဲ့ အဲဒီအချိန်က အဲဒီမှာ ခ၀တ ဥက္ကဌ လုပ်တဲ့ ဒုတိယ ဗိုလ်မှူးကြီးသန်းဟန်တို့ အဖွဲ့တွေပေါ့လေ ဆိုလိုချင်တာကတော့ ကြံခိုင်ဖွံ့ဖြိုးရေး အဖွဲ့တွေပေါ့လေ သူတို့တွေဟာ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာမယ့်ယဉ်တန်းကို ၀ိုင်းဝန်းပြီးတော့မှ ရိုက်နှက်ဖို့ပေါ့လေ အကြမ်းဖက်ဖို့တွက်ကို လူတွေစုနေတယ် ဆိုပြီးတော့မှ အဲဒီသတင်းကို လှမ်းပြီးတော့မှ ကကလှမ်းကို ပြောတယ်လို့ သိရပါတယ်ခင်ဗျ အဲတော့ အဲဒီသတင်းကို ရတဲ့အခါကြတော့ ကကလှမ်းမှာ တာဝန်ရှိတဲ့ သူတွေအနေနဲ့လည်း ဟို ဗိုလ်ချုပ်ကြီးခင်ညွန့်ကို သတင်းပို့ပါတယ် ဗိုလ်ချုပ်ကြီးခင်ညွန့်က သိတဲ့အခါကြတော့ သူတယောက်တည်းတော့ ဒါ..ဒီကိစ္စတွေပေါ့လေ ဒီလိုဖြစ်လို့ရှိရင် နောက်ပိုင်းမှာ နိုင်ငံရေးကော ကျန်တဲ့ နိုင်ငံတကာရေးရာကော အရှုပ်အရှင်းတွေ အများကြီး ရှိလာနိုင်တယ်.. တားလို့ ရအောင်ဆိုပြီးတော့မှ သူက စစ်ကူအနေနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးကို သွားပြီးတော့ သတင်းပို့ပါတယ်.. ဗိုလ်ချုပ်ကြီးမောင်အေးလည်း ရှင်းရှင်းပြောရရင်တော့ အဲဒီဖက်တ၀ိုက်မှာ ဦးအောင်သောင်းနဲ့ အဖွဲ့ လှုပ်ရှားနေတယ် ဆိုတာတော့ ကြိုပြီးတော့မှ သိတယ်.. ဒါပေမယ့် ဒီလို ရိုက်မယ် နှက်မယ် ဆိုတဲ့ အစီစဉ် ကိုတော့ ဗိုလ်ချုပ်ကြီးမောင်အေး ကိုယ်တိုင်လည်း မသိပါဘူးခင်ဗျ မသိတာနဲ့ ဗိုလ်ချုပ်ကြီးမောင်အေးနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှစ်ယောက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီ သွားပြီးတော့မှ သတင်းပို့တယ်လို့ ကျနော်တို့ သိပါတယ်ခင်ဗျ.. သတင်းပို့တဲ့အခါမှာ ကျနော် သိသလောက်ပေါ့လေ အဲဒီနားမှာ ကျနော်တို့ ဗိုလ်မှူးနေစိုး အခု အင်းစိန်ထောင်ထဲမှာ ရောက်နေပါတယ် သူက ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီ ဒေါ်အောင်ဆန်းစုကြည် အနားမှာ လုံခြုံရေးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်တဲ့ သူရှိတယ်လို့ သိရပါတယ် အဲတော့ဘာဖြစ်လဲဆိုတဲ့ အခါကြတော့ ဗိုလ်ချုပ်ကြီးခင်ညွန့် ကနေပြီးတော့မှ ဗိုလ်ချုပ်မှူးကြီး အခြေနေ ဒီလို ဖြစ်တယ်ဆိုပြီးတော့ ပြောပြတဲ့အခါကြတော့ အေး..ဘာဖြစ်လဲကွာတဲ့ ငါခိုင်းထားတာ ဆိုပြီးတော့မှ ပြန်ပြောပါတယ် ပြန်ပြောတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ဘာထပ်ပြောလဲ ဆိုတော့ ဗိုလ်ချုပ် မှူးကြီး အဲဒီလိုလုပ်မယ် ဆိုလို့ရှိရင် အားလုံး ရှုပ်ထွေးကုန်လိမ့်မယ် ကျနော်တို့ ဒီ ဗမာ့နိုင်ငံရေးရော ကျန်တဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေ အပိုင်းမှာပါ အားလုံးက ရှုပ်ပြီးတော့မှ ရှင်းမရတဲ့ ပြဿနာတွေ ဖြစ်လာနိုင် တယ် ဆိုပြီးတော့မှ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပြောပါတယ် အဲတော့ ပြောတဲ့ အခါကြတော့ ဒီအဖိုးကြီးက ဘာပြန်ပြောလဲဆိုတော့ အေး အဲဒါဆိုလဲ မင်းတို့ပါမင်းတို့ ကြည့်ကြပ် လုပ်ကြ ပေါ့ကွာ ဆိုပြီးတော့မှ ပြောပြီးတော့မှ အဲဒီ စကားပြောတဲ့ နေရာကနေပြီးတော့ အပြင်ကို ထွက်သွားတယ် ဆိုပြီးတော့မှ ကျနော် သိရပါတယ်ခင်ဗျ..

မေး ။ ။ ကြည့်ကြပ်လုပ်ကြ ဆိုတော့ ဗိုလ်ချုပ်ခင်ညွန့်တို့ အနေနဲ့ ဒီကိစ္စကိုတားဖို့ အချိန်မမှီ တော့ဘူးလား မတားနိုင်ဘူးလား။

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ အချိန်မှီ တားဖို့အတွက်ကိုတော့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ အဖွဲ့ကတော့ ရှင်းရှင်း ပြောရရင် အဲဒီမှာ စစ်တပ်လည်းမပါ ပါဘူး ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်မပါဘူး ဆိုတာက ဒီ တိုင်းမှူး လုပ်တဲ့သူက အဲဒီအချိန်မှာ အနောက်မြောက်တိုင်းက ဗိုလ်ချုပ်စိုးနိုင်ပါ အခု ဟော်တယ်ဝန်ကြီး လုပ်နေတဲ့ ဗိုလ်ချုပ်စိုးနိုင်ပါ။ သူက ရှင်းရှင်းပြောရရင် တိုင်းမှူးက ဒီနယ်မြေမှာ တာဝန်ရှိတယ် ဆိုပေမယ့် အခုလို ကြိပ်ပြီးတော့မှ လုပ်မယ် ကိုင်မယ့် ဥစ္စာကို ဟို..တိုင်းမှူးတို့က ဒီလောက်ကြီး အတွင်းကျကျ သိပုံမပေါ်ဘူး ဘာဖြစ်လို့လဲဆိုတော့ ခါတိုင်းလည်း အဲဒီနေရာ တ၀ိုက်မှာ ဆန္ဒပြတယ် ဒီ ဒေါ်အောင်ဆန်းစုကြည် ယဉ်တန်းလာရင် ဆန္ဒပြမယ် ပြုမယ် အဲလောက်ပဲ သူတို့ထင်ကြတာ ဒါပေမယ့် တကယ်ကြံစည် လိုက်တာ ကတော့ အဓိက တရားခံကတော့ အဲဒီအချိန်တုန်းက ဦးအောင်သောင်း… ဦးအောင်သောင်းက စီစဉ်တယ် ဒုတိယ ဗိုလ်မှူးကြီးသန်းဟန် အခု ကျနော် သိရသလောက်က ရဲမှူးချုပ်နဲ့ ကွပ်ကဲရေးမှူး လားမသိဘူး လုပ်နေပါတယ် သူက ဒီ ကြံ့ဖွတ်တွေကို ဦးစီးပြီးတော့မှ ရိုက်တယ်.. ဒါပေမယ့် အဲဒီမှာ ကွပ်ကဲမှု အနေနဲ့ သူတို့ ပေးလိုက်တာက ကျနော်တို့ နောက်ပိုင်းသိတာက ကိုစိုးဝင်းပေါ့လေ အခု ၀န်ကြီးချုပ် သေသွားပါပြီ ဗိုလ်ချုပ်ကြီးစိုးဝင်းက တကယ်တော့ လူတွေကို မဖေါ်ပြပဲထားတဲ့ ရာထူးတခုပေါ့လေ ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ ဒုတိယ ဥက္ကဌပါ ဗိုလ်ချုပ်စိုးဝင်းက သူက ကွတ်ကဲသူအဖြစ် တာဝန်ယူတယ် ဆိုပြီးတော့မှ သိရပါတယ်ခင်ဗျ အဲဒါ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့..

မေး ။ ။ ဆိုတော့ သူတို့တွေက ဥပမာအားဖြင့် အဲဒီအချိန်က ဗိုလ်ချုပ်ကြီးစိုးဝင်းဆိုရင် စစ်တပ်က မဟုတ် ဘူးလား.. သူတို့က ဗိုလ်ချုပ်ခင်ညွန့်တို့ ဗိုလ်ချုပ်မောင်အေးတို့ရဲ့ ကွပ်ကဲမှုအောက်မှာ မရှိဘူးလားခင်ဗျ…

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော်တို့ တပ်မတော်က ရှင်းရှင်းပြောရရင်တော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တယောက်တည်းရဲ့ အာဏာ Control အောက်မှာရှိပါတယ် လက်ရှိ ရှိနေတဲ့သူတွေကိုလည်း ပြန်ပြီး ပြန်ကြည့် ကြည့်ရင်သိပါတယ် အဲဒီ လူကြီးဖြစ်နေတဲ့သူတွေ အနီးနားမှာ ရောက်နေတဲ့သူတွေ တိုင်းမှူး တပ်မမှူးအဆင့် အားလုံးရှိတဲ့သူတွေက ကျနော်တို့ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ တနည်းမဟုတ် တနည်း ပတ်သက်နေတဲ့ သူတွေ အားလုံးပဲဖြစ်ပါတယ် အဲ နဲနဲကြီးကြီးပိုင်းက ဆိုရင် တပ်မ ၈၈ တို့က နေခဲ့တဲ့ သူတွေက ဗိုလ်ချုပ်အဆင့်လောက် ကျနော်တို့ ဖြစ်နေကြပြီ ကကကြည်းမှာ တွေ့တဲ့သူတွေဆိုရင် အခု တိုင်းမှူးပေါ့လေ ဗိုလ်ချုပ်လှဌေးဝင်းတို့ ဗိုလ်ချုပ်ဘိုဘိုတို့ အားလုံး ဒီ တိုင်းမှူးအားလုံးလောက် နီးပါး ပါ။ တယောက်နှစ်ယောက်ပဲ လွတ်မယ် အားလုံးက ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ ကွပ်ကဲမှုအောက်မှာ နေခဲ့ဖူးတဲ့ သူတွေပဲ အားလုံးဖြစ်ကြပါတယ် အဲတော့ အဲဒီသူတွေက ရှင်းရှင်းပြောရရင်တော့ ဗိုလ်ချုပ်ကြီးမောင်အေးတို့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ဆိုတာက နာမည်ပဲရှိတာပါ သူတို့ တကယ်အားလုံး ကြောက်ရတာက ဒီ အဘကြီး သန်းရွှေပါပဲခင်ဗျ…

မေး ။ ။ အဲတော့ သူ့ လက်နိုင်ခြေနိုင် ရှိတဲ့သူတွေနဲ့ သူကိုယ်တိုင် ခိုင်းတယ်ဆိုတဲ့ သဘော ဆိုတော့ ဦးအောင်လင်းထွဋ်ပြောတဲ့ စကားကိုပဲ ပြန်ကောက်ရမယ် ဆိုလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငါခိုင်း တာကွဆိုပြီး ပြောတယ်ဆိုတော့ ဒီနေရာမှာ ဘာ့ကြောင့် ဒီလိုလုပ်ရသလဲ ဘယ်လောက်ထိ သူ ရည်ရွယ် သလဲ ဆိုတာကတော့ သူကိုယ်တိုင်မှပဲ သိမှာပေါ့လေ ဒါပေမယ့်လည်း တခြား ဒီရည်ရွယ်ချက်နဲ့ ပတ်သက် လို့ ဦးအောင်လင်းထွဋ် အနေနဲ့လည်း ဘာတွေများသိထားတာရှိလဲ ဘာ့ကြောင့် သူဒီလိုလုပ်ရတာလဲ….

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ တကယ်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူစတက်လာကတည်းက ကျနော်တို့ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို သူ ဒါ လူမှုရေးအသင်း အမည်ခံပြီးတော့မှ ဒီအသင်းကို တဖြည်းဖြည်း ကြီး ထွားအောင်လုပ်ပါတယ် အခုကိစ္စမှာလည်း သူ ရှင်းရှင်းပြောရရင်တော့ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေနဲ့ ဆန္ဒပြခိုင်း တာတွေ ပြုခိုင်းတာတွေ ဟာတွေကလည်း ဒီ ဦးအောင်သောင်းနဲ့ ဒီအဖိုးကြီးရဲ့ ဉာဏ်နီဉာဏ်နက်တွေပဲ ဖြစ်ပါတယ် နောက်ပိုင်းသူတို့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ဘယ်လိုမှ ပြည်သူလူထုနဲ့ ယှဉ်လို့မရတဲ့ အခါကြတော့ နောက်ဆုံးမှာ ဒီနည်းနဲ့ပဲ ဖြေရှင်းတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ..

မေး ။ ။ အဲတော့ ဒီလိုနည်းနဲ့ ဖြေရှင်းလိုက်တယ် ဆိုတဲ့နေရာမှာ အတည်မပြုနိုင်သေးတဲ့ သတင်းပေါ့နော် ဒါပေမယ့်လည်း တော်တော်များများ ဒီဘက်မှာ သက်သေထွက်ချက်တွေနဲ့ ဖေါ်ပြထားတဲ့ စာရင်းဇယားတွေ အရ ဆိုလို့ရှိရင် လူတစ်ရာကျော် အဲဒီတုန်းက သေဆုံးပြီးတော့ တော်တော်များများ ဒါဏ်ရာရပါတယ် အစိုးရကတော့ ၅ ယောက်လောက်ပဲ သေတယ်လို့ပြောပါတယ် ဆိုတော့ အဲဒီလောက်အထိ ဖြစ်သွား လောက်အောင်ရော သူတို့အနေနဲ့ တကယ်တမ်း ရည်ရွယ်ရင်း ရှိခဲ့ရဲ့လား…

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ အမှန်တိုင်းပြောရရင်တော့ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ရှင်းရှင်း ပြောရရင် အသေလုပ်ကြံတာပဲ ခင်ဗျ ကျနော် သိသလောက်ပေါ့လေ ကံကောင်းတာက ဒေါ်အောင်ဆန်း စုကြည်ကားက ထိပ်ဆုံးက ဖြစ်ပြီးတော့မှ နောက်ဆုံး သူ့ကားက မောင်းပြီးတော့မှ ပြေးပြီးတော့မှ ထွက်သွားနိုင်တယ်လို့ သိရတယ် နောက်ပိုင်းမှာ ကျနော်တို့ ရဲစခန်းတခုကို ၀င်သွားပြီးမှ သတင်းပို့တယ်လို့ ကျနော်တို့သိပါတယ် ရဲစခန်းရောက်တဲ့ အခါကြတော့ ကျနော်တို့အဲဒီမှာ ထောက်လှမ်းရေး တပ်စွယ်က လူတွေကနေပြီးတော့မှ သတင်းပို့လို့သိရပါတယ် နောက်ပိုင်း အန္တရာယ်ရှိတာနဲ့ ရဲစခန်းကနေပြီးတော့မှ ကျနော်တို့ တနေရာကို ရွှေ့တယ်လို့သိတယ် တပ်ကိုရွှေ့တယ်လို့ ကျနော်တို့သိတယ် ဒါကျနော်သိ သလောက်နော်. တိုက်တန်းကျမှ ကျနော်တို့ မိတ္ထီလာ လေတပ်ကရဟတ်ယဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ညတွင်းချင်းပဲ ရွှေ့သွားတယ်လို့ ဆိုပြီးတော့မှ ကျနော်တို့ သိပါတယ်..အဲတော့ လူတွေသေတာနဲ့ ပတ်သက်ပြီးတော့ အမှန်အတိုင်း ပြောရရင်တော့ သူတို့ သတင်းထုတ်ပြန်တာလည်း ကျနော်တို့ဆီက ဗိုလ်ချုပ်သန်းထွန်းတို့ ဗိုလ်ချုပ်ကျော်ဝင်းတို့ပါပဲ ကျနော်တို့ဆီမှာလည်း ဒါလုပ်လေ့လုပ်ထနဲ့ ပြောလေ့ ပြောထ ရှိတဲ့ စကားတွေပါပဲ ဒါနည်းနည်းပါးပါး ဟို..လူးသာခံသာ ဖြစ်အောင်အတွက်ကို သတင်း လေးကို လွှင့်တာပါ သေတာက ဒီထက်မက ဖြစ်နိုင်ပါတယ် ဒါပေမယ့် ခုန ရာဂဏာန်းလောက်လဲ ဖြစ်ချင်မလညှ်း ဖြစ်မှာပေါ့လေ အဲတော့ အဲဒါကတော့ သူတို့လည်း မသိနိုင်ဘူး ဘယ်သူမှလည်း ကြိုတင်မသိနိုင်ပါဘူး ခင်ဗျ။

မေး ။ ။ ဟုတ်ကဲ့ ဦးအောင်လင်းထွဋ် အနေနဲ့က အဲဒီအချိန်တုန်းက ၀ါရှင်တန်မှာ ရှိနေတော့ ဒီ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌါနကနေ စုံစမ်းမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်အထိ အကြာင်းကြား သတင်း ထုတ်ပြန်ပေးမှု လုပ်ခဲ့သလဲ ခင်ဗျာ..

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော်တို့ အဲဒီတုန်းကတော့ သံအမတ်ကြီးကိုတော့ မူတရပ်အနေနဲ့ ကတော့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတဲ့ ဥစ္စာကိုပဲ မူတရပ်အနေနဲ့ပဲ အမေရိကန်ကို ပြန်ပြီးတော့မှ ရှင်းခိုင်း တယ်လို့ ကျနော်တို့သိရပါတယ် ဒါမျိုးကိစ္စကလည်း သံအမတ်ကြီး ပြန်ပြီးတော့မှ ဟိုကဘာမှ Green Light မရပဲနဲ့ ပြောရဲတဲ့ အနေအထားမရှိပါဘူး…

မေး ။ ။ အဲတော့ အဲဒီအချိန်က ဆိုလို့ရှိရင် ဦးအောင်လင်းထွဋ်တို့ အနေနဲ့က ဒီ နိုင်ငံခြား တိုင်းပြည်တွေမှာ မြန်မာနိုင်ငံ သံရုံးတွေမှာ အလုပ်လုပ်ခဲ့ရတဲ့ အလုပ်လုပ်နေရတဲ့ ၀န်ထမ်းတွေဆိုတော့ ဒီလို အဖြစ်အပျက် မျိုးတွေ ပေါ်လာတယ်ဆိုလို့ရှိရင် သံတမန် အမှုထမ်း တယောက်အနေနဲ့ ကိုယ်ပိုင်ခံစားမှုတွေ ဘယ်လို ဖြစ်ခဲ့သလဲ ခင်ဗျာ..

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ကျနော်တို့ကတော့ ဒီနိုင်ငံတကာမှာနေခဲ့တဲ့ အခါကြတော့ ဒါမျိုးဖြစ်စဉ်အဖြစ်က အင်မတန်မှကျနော်တို့အတွက် ရှက်ဖို့ကောင်းပါတယ် ကျနော်တို့က ဗမာသံတမန် တယောက်အနေနဲ့ ဘယ်နိုင်ကိုမဆိုပါ အားလုံးက မျက်နှာငယ်ငယ်နဲ့ ကျနော်တို့ဘ၀က ဘယ်လိုခေါ်မလဲဆိုတော့ သံတမန် သူများလို ဟုတ်လား သံအမတ် သံရုံးယာယီတာဝန်ခံ ဒုတိယသံ သံအမတ် သံမှူးကြီး ဖြစ်ပင် ဖြစ်သော် ငြားလည်း သံတမန်တွေအကြားထဲမှာ သွားလို့ရှိရင် အင်မတန်မှ ကျနော်တို့ဟာ အမေးခံရတယ် အမြန်း ခံရတယ် ဒီအမေး အမြန်းခံရတဲ့ ဥစ္စာကိုလည်း ကျနော်တို့က အမှန်အတိုင်း ဖြေဖို့ကလည်း တော် တော်လေးခက်တယ် ဘယ်လိုပြောရမှန်း မသိဘူး မူဝါဒအပိုင်း အနေနဲ့လည်း အခုလို ဒီပဲယင်း ဖြစ်တဲ့ အခါကြတော့လည်း မင်းတို့ ဘယ်လိုပြန်ပြော ဆိုတာလည်း တိတိပပ မလာဘူး သတင်းစာ ရှင်းလင်းပွဲက ဥစ္စာကိုပဲ ဒါ Guide Line ဆိုပြီးတော့မှ ကျနော်တို့ ကိုယ့်သဘောနဲ့ ကိုယ်ပဲ အဲဒီလို ပြောရပါတယ်ခင်ဗျ..

မေး ။ ။ ဆိုတော့ ဦးအောင်လင်းထွဋ်ရဲ့ ဒါကိုယ်ပိုင်ခံစားချက်ပေါ့နော် အဲဒါဘယ်ရှိလဲခင်ဗျာ အခုဆိုလို့ရှိရင် ဒီအဖြစ်အပျက်က ၅ နှစ်ပြည့်ခဲ့ပြီဆိုတော့ ဘယ်လိုများ ပြန်ပြောင်းပြီးတော့ သတိတရ ရှိနေသလဲ ဘယ်လိုများ ခံစားမှု ရှိနေလဲခင်ဗျ….

ဗိုလ်မှူးအောင်လင်းထွဋ် ။ ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီးတော့မှ ကျနော့်အနေနဲ့ ပြောရရင်တော့ အင်မတန်မှ စိတ်မကောင်းစရာကောင်းတဲ့ အဖြစ်ပျက်တခုပါ ဒီလိုလည်း လုပ်လိမ့်မယ်လို့ ကျနော်တို့ မထင်ခဲ့ဘူး ဒါပေမယ့် မထင်မှတ်တဲ့ ဥစ္စာကို ရက်ရက်စက်စက် လုပ်ခဲ့တယ် ဒီအပိုင်းမှာလည်း ကျနော်ပြန်ကြည့်တော့ ကျနော်တို့ ကကလှမ်းကော ကျနော်တို့ ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ဒီတပ်တွေ ကောဟာ ဒီအဖြစ်ပျက်နဲ့ ပတ်သက်ပြီးတော့မှ နံမည်ပျက်ခဲ့တယ် ကမ္ဘာမှာ ကျနော်တို့ကပဲ လုပ်သယောင် ယောင် စစ်တပ်ကပဲ လုပ်သယောင်ယောင် ထင်ခဲ့တယ် တကယ်တော့ ဗမာပြည်ကို တဦးတည်း အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ မသမာမှုတွေ မရိုးသားမှုတွေ နိုင်ငံကို ထင်တိုင်း လုပ်ချင်တာလုပ်နေတဲ့ အကျိုးဆက်တခုပါပဲခင်ဗျ....။

မြန်မာ စစ်ထောက်လှမ်းရေးနဲ့ ၀ါရှင်တန်မြို့ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံ သံမှူးကြီးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး လက်ရှိ အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံ နေထိုင်နေသူ ဗိုလ်မှူးအောင်လင်းထွဋ် ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။


ဗွီအိုအေမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

Read More...

Wednesday, May 28, 2008

ဘ၀ရဲ့မုန်တိုင်း


ရေးသားတီးခတ်သီဆိုသူ - မျိုးချစ်မြန်မာ

ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ
ဆင်းရဲခြင်းများနဲ့ ခါးစည်းနေ့တွေဖြတ်သန်းခဲ့ လောကဓံဒီဘဝထဲ
မှားယွင်းမွေးဖွားခဲ့ နှုတ်ဆက်ရက်ကို ကြိုနှင့်လို့ ဖြစ်တည်နေထိုင်ခဲ့
လောကရဲ့လှည့်ကွက် ရက်စက်လွန်းစွာ ဝင်ရောက်ခဲ့ ခုခံနိုင်စရာမဲ့


ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်

လူးလွန့်လှုပ်ခတ်ဖို့ မရတော့တဲ့ဒီအချိန်လေးရယ် ဟစ်အော်သံတွေနဲ့
ဖုံးလွမ်းသွားခဲ့တဲ့ ရေလှိုင်းရဲ့အောက်မှာ ကျန်ခဲ့တဲ့ ကလေးတွေငိုနေဆဲ
လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေလွင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်

သွေးပျက်ကြောက်လန့်လို့ နိုးထခဲ့အိပ်မက်ဆိုးရယ် အကျည်းတန်နာကျင်ဆဲ
လှိုင်းများဖုံးလွမ်းခဲ့ သောကဝိဥာဉ်မြို့များရယ် ဟစ်အော်ဆူညံဆဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
သူကြိုးစားခဲ့တာ အကုန်လုံးလဲ ကောင်းကင်လိုကြေကွဲခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သူရင်းနှီးခဲ့တာတွေအားလုံး မျက်ရေမှာနစ်မျောခဲ့တယ်

SOLO

လှိုင်းများရဲ့အောက်က ရက်စက်တဲ့ ဒီရေလှိုင်းရဲ့ ဆွဲငင်နေမှုထဲ
ကြိုးစားရုန်းထွက်ရင်း ရှုံးနိမ့်ခဲ့ဒီလူသားရဲ့ အားအင်တွေပြိုလဲ
မွန်းနစ်ကူးခတ်ရင်း သမီးလေးလက်ကိုကိုင်ဆုတ်လို့ လှိုင်းကိုအံတုဆဲ
ရုတ်တရက်နိုးလာခဲ့ သူ့လက်ထဲမှာ သစ်ကိုင်းတစ်ခု သမီးငယ်ဘယ်မှာလဲ

ကြည့်လိုက်ပါမိတ်ဆွေတို့…
မြစ်ကမ်းပါးကရွာငယ်များထဲ လှိုင်းတွေတောင်လိုမြင့်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
ရေလှိုင်းများအောက်ကိုဝပ်စင်းလို့ မြို့တွေပင်လယ်ဖြစ်ခဲ့တယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
သိပ်ကြမ်းတမ်းတဲ့လေမုန်တိုင်းထဲ ဝိဥာဉ်တွေကြွေခဲ့ရတယ်
ကြည့်လိုက်ပါမိတ်ဆွေတို့…
အသက်မဲ့တဲ့ခန္တာများလဲ အမှိုက်လိုရေမှာမြောခဲ့တယ်
ငြိမ်းချမ်းလှပခဲ့ မြစ်ဝကျွန်းပေါ်ရွာလေးရယ် မှေးမှိန်ငြိမ်သက်ဆဲ…..

မျိုးချစ်မြန်မာ Studio တွင်ဖန်တီးသည်
Timbaland ၏ Apologize မှ Body Frame ကို အနည်းငယ်အခြေခံထားပါသည်။

လင်းလက်ကြယ်စင်ဘလော့ဂ်မှကူးယူဖော်ပြသည်။

Read More...

ဗိုလ်မှူးအောင်လင်းထွဋ်နှင့် ဗွီအိုအေအင်တာဗျူး


ဗွီအိုအေမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။

Read More...

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှုဓာတ်ပုံများ









Read More...

အပေါ်သို့