စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့ ကဏ္ဍအားလုံးမှာ မဟာဗျူဟာ (strategy) ဆိုတဲ့ကားလုံးဟာ အလွန် အရေးကြီးတဲ့ စကားလုံးတခုပါ။ လူတစုအနာဂတ်။ နိုင်ငံရေး (သို့) စီးပွားရေးအဖွဲ့အစည်းတခုရဲ့ အနာဂတ်၊ တိုင်းပြည်တခုရဲ့ အနာဂတ်ကို ကောင်းကျိုး၊ ဆိုးကျိုးများစွာ သက်ရောက်စေတဲ့ စကားလုံးဖြစ်ပါတယ်။ ဒီ စကားလုံးကို တချို့က ရေပက်မ၀င်ပြောတတ်ကြတယ်။ လူအများစုက မဟာဗျူဟာဆိုတာကို စီမံချက်တွေ၊ သဘောတရားတွေ၊ လုပ်ဆောင်ချက်တွေ၊ အမြင်တွေနဲ့ ရောထွေးပြောလေ့ရှိကြတယ်။ ဒီလိုပြောလာတာ တွေများလာတဲ့အခါကျတော့ မဟာဗျူဟာနဲ့ စီမံကိန်းတွေမှာ ရောထွေးရှုပ်ယှက်ခတ်မှုတွေ ဖြစ်လာတယ်။ မဟာဗျူဟာကျ တွေးခေါ်မှုတွေကို ကန့်သတ်ချက်တွေဖြစ်လာတယ်။ မျှော်လင့်ချက်ကို အခြေတည်တဲ့ ရလာဒ်တွေကို မဆီလျော်ပဲ ချတတ်လာကြတယ်။
အဲဒီလိုအခြေအနေတွေမှာ အဆိုးဆုံးဖြစ်လာနိုင်တာကတော့ ကိစ္စတခုတည်းပေါ်မှာတင် မဟာဗျူဟာပေါင်း များစွာ ပေါ်ထွက်လာတော့တာပဲ။ တကယ်တန်းကျတော့ မဟာဗျူဟာချမှတ် ရေးဆွဲခြင်းဆိုတာဟာ ကလေး မွေးဖွားခြင်းနဲ့ တူပါတယ်။ ကလေးတယောက်ကို လူ့လောကထဲမရောက်လာ ခင်မှာ ကိုယ်ဝန်ဆောင်မိခင်က ရှောင်သင့်တာ၊ ဆောင်သင့်တာတွေ စနစ်တကျအများကြီး ပြင်ဆင်ရတယ်။ မဟာဗျူဟာ ချမှတ်ရာမှာလဲ အဲလိုပါပဲ။ စနစ်တကျ ရေးဆွဲ ချမှတ်ရပါတယ်။ ကောင်းတာ၊ ဆိုးတာတွေ၊ အားသာချက်၊ အားနည်းချက် တွေအားလုံးကို စဉ်းစားဆုံးဖြတ်ရပါတယ်။ ချမှတ်ပြီးပြီဆိုတာနဲ့လဲ မပြီးသေးပါဘူး။ အကောင်အထည်ဖော် ဆောင်ရွက်ရပါတယ်။ ကလေးမွေးပြီးရင် မွေးထားတာနဲ့ မပြီးသေးပဲ ပြုစုစောင့်ရှောက်ရသလိုပါပဲ။ အဲလို မဟုတ်ပဲ မဟာဗျူဟာချမှတ်တာတွေချည်းပဲ လုပ်နေရင် ကလေးတွေမွေးပြီး လမ်းပေါ်သွား ပစ်လိုက်တာနဲ့ အတူတူပဲ။ ဘယ်လိုမှ လူလားမြောက်တော့မှာ မဟုတ်ပါဘူး။
အခု ဒီဆောင်းပါးမှာ မဟာဗျူဟာနဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးတချို့ကို တစေ့တစောင်း တင်ပြ ချင်ပါတယ်။
မဟာဗျူဟာဆိုရာဝယ်
မဟာဗျူဟာ (Strategy) ဆိုတဲ့ စကားလုံးဟာ ဂရိဘာသာစကား strategos (general) ဆိုတာကနေ ဆင်း သက်လာတာပါ။ ယနေ့ခေတ်မှာတော့ စစ်ရေးတခုတည်းတင်သာမက၊ နိုင်ငံရေး၊ စီပွားရေးရာကိစ္စတွေမှာပါ ဒီစကားလုံးဟာ တွင်ကျယ်နေပြီဖြစ်ပါတယ်။
မဟာဗျူဟာနဲ့ ပတ်သက်တဲ့ classical definition တခုကတော့ စစ်မဟာဗျူဟာလေ့လာရေးပညာရှင်ကြီး Carl Von Clausewitz ရေးသားခဲ့တဲ့ On War ဆိုတဲ့ စာအုပ်လေးထဲမှာ ပါပါတယ်။ စစ်ရေး၊ နိုင်ငံရေး လောကမှာ သူ့သြဇာဟာ ကြီးမားလွန်းလှပါတယ်။ စစ်မဟာဗျူဟာ လေ့လာရေးဌာနတိုင်းမှာ ယနေ့အချိန်ထိ ကလော့ဝစ်ကျွမ်းကျင်သူ ပညာရှင် အနည်းဆုံးနှစ်ယောက် ခန့်ထားကြရပါတယ်။ သူကတော့ မဟာဗျူဟာ ဆိုတာကို "the use of engagements for the object of war" လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။
စစ်အေးတိုက်ပွဲကာလ နှစ်ဆယ်ရာစု အလယ်ပိုင်းကျတော့ Basil Hart ဆိုတဲ့ နိုင်ငံရေးသိပ္ပံပညာရှင် တယောက်က "မဟာဗျူဟာဆိုတာ ပေါ်လစီရည်မှန်းချက်တွေ ပြည့်မှီဖို့ စစ်ရေးနည်းစနစ်တွေနဲ့ ချမှတ်အသုံး ပြုခြင်းအနုပညာတရပ်" လို့ဆိုပါတယ်။ ဒါပေမယ့် သူ့အဓိပ္ပာယ်ဖွင့်ဆိုချက်က စစ်ရေးနည်းတခုကိုပဲ ပြောဆို ထားတာကြောင့် သိပ်ကျဉ်းမြောင်းတယ်လို့ ဝေဖန်ကြပါတယ်။ US. Joint Chief of Staff, Dictionary of United States Military Terms for Joint Usage ထဲကျတော့ မဟာဗျူဟာဆိုတာကို စစ်ပွဲနဲ့ ငြိမ်းချမ်းရေး ကာလတွေမှာ ပေါ်လစီရည်မှန်းချက်များ ပြည့်မှီဖိုပအတွက် နိုင်ငံရေး၊ စီးပွားရေ၊ စိတ်ဓာတ်ရေးနဲ့ စစ်ရေး နည်းလမ်းများ ချမှတ်သုံးစွဲတဲ့ ၀ိဇ္ဇာသိပ္ပံပညာလို့ ဖော်ပြထားပါတယ်။
နှစ်ဆယ့်တစ်ရာစု နိုင်ငံရေးပညာရှင်များကကျတော့ မဟာဗျူဟာဆိုတာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ မှန်တွေနဲ့ လိုချင်တဲ့ အနာဂတ်အခြေအနေတွေကြားကို ပေါင်းကူးပေးတဲ့ blueprint တခုပါလို့ ဆိုကြပါတယ်။ လွယ်ကူရိုးရှင်းတဲ့ စကားလုံးတွေနဲ့ ဆိုရမယ်ဆိုရင်တော့ မဟာဗျူဟာဆိုတာ မိမိတို့လိုချင်တဲ့ ရလာဒ်တွေကို သူ့အလိုလိုဖြစ်ပျက်လာတာ၊ တခြားသူတွေရဲ့လက်ထဲမှာပဲ ရှိနေတာတွေမဖြစ်စေပဲ ရည်မှန်းချက်တွေ၊ သဘောတရားတွေနဲ့ စွမ်းအားအရင်းအမြစ်တွေကို တွက်ချက်အသုံးချပြီး အကောင်အထည်ဖော်တာ ဖြစ်ပါ တယ်။
စီးပွားရေးလုပ်ငန်းတခုမှာ ကိုယ့်ပြိုင်ဘက်ရဲ့ ကစားကွက်မှာပဲ ကိုယ်က လိုက်ကစားနေရပြီဆိုရင် ဒါဟာ strategic failure ဖြစ်နေပြီလို့ဆိုနိုင်ပါတယ်။ စနစ်တကျသာ ကိုင်တွယ်ပြင်ဆင်မှုမရှိရင် အရှုံးပေါ်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေးမှာလဲ ဒီအတိုင်းပါပဲ။ ကိုယ့်ကြမ္မာကို ရန်သူရဲ့ဆုံးဖြတ်မှု ခံနေရပြီဆိုရင် အင်မတန် အန္တရာယ်ရှိနိုင်ပါတယ်။ ဒီလို strategic failure ကို အချိန်မှီ အဖတ်ဆယ်နိုင်အောင် ကြိုးပမ်းအားထုတ်ရပါ မယ်။ သူ့ကစားကွက်ကို ကိုယ်လိုက်ကနေရတဲ့ အခြေအနေမျိုးကနေ ဖောက်ထွက်နိုင်ရပါမယ်။ ဒီလို ဖောက် ထွက်နိုင်ဖို့က ကောင်းမွန်တဲ့ မဟာဗျူဟာတရပ်လိုအပ်လှပါတယ်။
မဟာဗျူဟာဆိုင်ရာအင်္ဂါရပ်များ
စစ်ရေး၊ နိုင်ငံရေးပညာရှင်တွေက ကောင်းမွန်ပြည့်စုံတဲ့ မဟာဗျူဟာတွေမှာ လိုအပ်တဲ့ အင်္ဂါရပ်များစွာကို ထောက်ပြပြောဆိုခဲ့ကြပါတယ်။
တချို့သော အရေးကြီးတဲ့အချက်တွေကို ဖော်ပြရရင် -
(၁) မဟာဗျူဟာဆိုတာ ကြိုတင်တွေးခေါ်ပြီးလုပ်ဆောင်ရတဲ့ အနာဂတ်တခုဖြစ်ပါတယ်။ တကယ်ကောင်းမွန် တဲ့ မဟာဗျူဟာတရပ်ဆိုတာ အနာဂတ်မဟာဗျူဟာဝန်းကျင်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ရပါမယ်။ တချို့လူတွေ က အဖြစ်အပျက်တွေလာမှ အစည်းအဝေးတွေလုပ်ပြီး၊ response လုပ်ကြပါတယ်။ မဟာဗျူဟာဆိုတာ အဲဒီ လို "crisis management" ကို ဆိုလိုတာမဟုတ်ပါဘူး။
(၂) တချို့သော အဖွဲ့အစည်းတွေက မဟာဗျူဟာဆိုတာကြီးကို နိုင်ငံရေးရည်ရွယ်ချက် (political purpos -es) မရှိပဲ ချမှတ်ပြောဆိုတတ်ကြပါတယ်။ အ၀တ်အစားလို ထည်လဲ သုံးနေတတ်ကြပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်မပါပဲ ရေးဆွဲထားတဲ့ မဟာဗျူဟာဆိုတာတွေဟာ တကယ်တော့ အုန်းရည်မပါတဲ့ အုန်းသီး ခြောက်ကြီးတွေပါပဲ။
(၃) မဟာဗျူဟာဆိုတာ strategic environment ရဲ့ သဘောသဘာဝနဲ့လဲ ကိုက်ညီရပါတယ်။ မဟာဗျူဟာ ၀န်းကျင်ဆိုတာမှာ physical attributes တွေသာမက metaphysical attributes တွေလဲ ပါပါတယ်။ ပြည်တွင်းနိုင်ငံရေးသာမက ပြည်ပနိုင်ငံရေးတွေလဲ ပါပါတယ်။ ဒီအချက်တွေအားလုံးကို သုံးသပ်ပြီး အခြေ အနေနဲ့အညီ လိုက်လျောညီထွေရှိရပါမယ်။
(၄) တခါတရံမှာ မဟာဗျူဟာတွေဟာ လက်ရှိအဖွဲ့အစည်းတွေရဲ့ status quo အပေါ် သက်ရောက်မှုတွေ ရှိ တတ်ပါတယ်။ အဲဒီအခါမှာလဲ လိုအပ်တယ်ဆိုရင် လိုက်လျောညီထွေ ပြောင်းလဲမှု လိုက်လုပ်ရပါမယ်။ အဲလို မလုပ်ရင် ထိရောက်ကောင်းမွန်တဲ့ မဟာဗျူဟာ ထွက်မလာနိုင်တော့ပဲ လှုပ်လေ မြုပ်လေ ၀ဲဂယက်ထဲ ရောက်သွားတတ်ပါတယ်။
(၅) မဟာဗျူဟာဆိုတာ ဘာကိုပြီးမြောက်အောင်လုပ်ဆောင်မှာလဲ၊ ဘာကြောင့် ဒီလိုလုပ်ဆောင်ရတာလဲဆို တဲ့ အချက်အပေါ်မှာ မူတည်ပါတယ်။ အဆုံးသတ်မှာ ဘာလုပ်ချင်တာလဲ၊ ဘာဖြစ်ချင်တာလဲဆိုတာတောင် မကွဲပြားပဲနဲ့တော့ မဟာဗျူဟာဆိုတာကို ချနေလဲ ဘာမှ အကြောင်းမထူးပါဘူး။
(၆) မဟာဗျူဟာကို အကောင်အထည်ဖော်ရမယ့် လူသားတွေရဲ့အမြင်တွေ၊ အယူအဆတွေ၊ ယုံကြည်ချက် တွေ၊ တန်ဖိုးထားမှုတွေကို လေ့လာပြီးမှ ရေးဆွဲသင့်ပါတယ်။ အကောင်အထည်ဖော်မယ့် လူတွေရဲ့ တန်ဖိုး ထား၊ ယုံကြည်မှုတွေနဲ့ မကိုက်ညီနိုင်မယ့် မဟာဗျူဟာဆိုတာ ကျားသေကောင်ကြီးနဲ့ပဲ တူပါလိမ့်မယ်။
(၇) မဟာဗျူဟာဆိုတာ ဖြစ်ပွားရတဲ့ အကြောင်းအရာတွေ၊ ရည်ရွယ်ချက်တွေအပေါ်မှာ အခြေခံရပါတယ်။ အတွေ့အကြုံတွေကနေ သင်ခန်းစာ ယူတတ်ရပါတယ်။ သမိုင်းကြောင်းက ဖြစ်ရပ်တွေ၊ ရန်သူရဲ့ လှုပ်ရှားမှု ပုံစံတွေကို လေ့လာနားလည်ရပါတယ်။ အဲလိုမဟုတ်ရင် ပင်လယ်ထဲမှာ တ၀ဲဝဲလည်လည်ဖြစ်နေတဲ့ လှေငယ် လို လှော်လိုက်ရင်း မူလနေရာပြန်ရောက်လာရင်းနဲ့ စုန်းစုန်းမြုပ်သွားတတ်ပါတယ်။
(၈) မဟာဗျူဟာဆိုတာကို ချမှတ်ပြီးရင် အကောင်အထည်ဖော်ရမယ့် နိုင်ငံရေးဦးဆောင်မှု လိုအပ်ပါတယ်။ ဒေါင်လိုက် အမိန့်ပေးနိုင်တဲ့ structure တခု လိုအပ်ပါတယ်။ ဒါတွေမှ မရှိပဲ ချထားတဲ့ မဟာဗျူဟာဆိုတာ စက္ကူကျားတခုလိုပါပဲ။ ဘယ်လိုနည်းနဲ့မှ အသက်မ၀င်နိုင်ပါဘူး။
(၉) မဟာဗျူဟာဆိုတာ အချိန်ကာလတခုနဲ့လဲ ပတ်သက်စပ်ဆိုင်ပါတယ်။ အတိတ်ကာလက strategic choices အချိန်တွေအားလုံးကို လေ့လာထားရမယ်။ ဘယ်အချိန်ကာလမှာ ဘယ်လို ရွေးချယ်မှုလုပ်ခဲ့ရင် လက်ရှိမှာ ဘာတွေဖြစ်နေမလဲဆိုတဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ဆန်းစစ်သင့်ပြီး၊ အခုအချိန်မှာ ရွေးချယ် လိုက်မှုဟာ နောင်အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်။
ဒီအချက်တွေကတော့ မဟာဗျူဟာနဲ့ ပတ်သက်ပြီး ပညာရှင်များ ထောက်ပြပြောဆိုထားကြတာပါ။
ရေတို၊ ရေရှည်မဟာဗျူဟာများ ချမှတ်ရာမှာ အရေးအကြီးဆုံး ထည့်စဉ်းစားရမှာကတော့ ends နဲ့means ပါပဲ။ မဟာဗျူဟာကျ ဆုံးဖြတ်ချက်များချမှတ်ရာမှာ ဒီအချက်က အရေးကြီးပါတယ်။ မဟုတ်ရင် ကိုယ်စီးနေ တဲ့ မြင်း အထီးလား၊ အမလား မသိတဲ့ အခြေအနေမျိုးဖြစ်တတ်ပါတယ်။ Ends ဆိုတာကို ဘာကိုအောင်မြင် အောင် လုပ်မှာလဲ ဆိုတာပါ။ Means ဆိုတာက ဘယ်လိုအောင်မြင်အောင်လုပ်မှာလဲ ဆိုတာပါ။ ရေရှည် ရည်မှန်းချက်တွေ ပြည့်မြောက်အောင်မြင်ဖို့ grand strategies တွေ ချမှတ်ရပါတယ်။ ရေတိုရည်မှန်းချက် တွေ အောင်မြင်ဖို့ short-term strategies တွေ ချမှတ်ရပါတယ်။ ဒီနေရာမှာ မဟာဗျူဟာ စီမံခန့်ခွဲမှုဖြစ်စဉ် က စနစ်တကျရှိနေဖို့ လိုအပ်လှပါတယ်။
အဖွဲ့တခုပဲဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံမှာပဲဖြစ်ဖြစ်၊ တပ်ပေါင်းစုတခုမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဖြစ် မဟာဗျူဟာ စီမံခန့်ခွဲမှုပုံစံဆိုတာ စနစ်တကျရှိရပါတယ်။ သူ့ process နဲ့သူ အဆင့်ဆင့်လုပ်ရပါတယ်။ အဲလို မဟုတ်ရင် ချလိုက်တဲ့ မဟာဗျူဟာတွေအားလုံးဟာ သဲထဲရေသွန်ပဲ ဖြစ်သွားပါလိမ့်မယ်။ များသောအားဖြင့် အသုံးပြုလေ့ရှိတဲ့ ပုံစံကတော့
(၁) mission ကို ချမှတ်ရပါမယ်။ အဖွဲ့တခုချင်းမှာဆို သိပ်မရှုပ်ထွေးလှပေမယ့် တပ်ပေါင်းစုလိုမျိုး၊ ဖက်စပ် စီးပွားရေးလိုမျိုးတွေမှာကျတော့ ဒီအချက်က အရေးကြီးပါတယ်။ အားလုံးညီညွတ်လက်ခံကြတဲ့ mission ကို ပြတ်ပြတ်သားသားမချနိုင်ဘူးဆိုရင် ရှေ့ဆက်မတက်တာ အကောင်းဆုံးပါပဲ။ မဟုတ်ရင်လဲ ဘာမှ မထူးပါ ဘူး။ အချိန်ကုန်၊ လူပမ်းတာပဲ အဖတ်တင်လိမ့်မယ်။
(၂) ပြင်ပပတ်ဝန်းကျင် အခြေအနေ (external environment) ကို ဆန်းစစ်ရပါတယ်။ အမြင်အားလုံးကို ဖလှယ်ရပါတယ်။ သုံးသပ်ရပါတယ်။
(၃) မဟာဗျူဟာဆန်းစစ်ချက် (strategic analysis) နဲ့ မဟာဗျူဟာ ရွေးချယ်မှု (strategic choices) တွေ ကို ပြုလုပ်ရပါတယ်။
(၄) ပြီးတဲ့အခါကျမှ ရေရှည်ရည်မှန်းချက်တွေ ရေးဆွဲရပါတယ်။
(၅) အဲဒီ ရေရှည်ရည်မှန်းချက်တွေအပေါ် အခြေခံပြီးမှ grand strategies တွေကို ချမှတ်ရပါတယ်။
(၆) တချိန်တည်းမှာပဲ ရေတိုရည်မှန်းချက်တွေ ချမှတ်ရပါမယ်။
(၇) ဒီလို ရေတိုရည်မှန်းချက်တွေကို ပြည့်မှီဖို့ grand strategy ကို အခြေတည်တဲ့ functional tactics တွေ ကို ထပ်မံရေးဆွဲရပါမယ်။
(၈) ချထားပြီးသား ဗျူဟာတွေ တကယ်ကော အလုပ်ဖြစ်ရဲ့လားဆိုတာ သိရှိနိုင်ဖို့ strategic control measure တွေ လိုအပ်ပါတယ်။ စဉ်ဆက်မပြတ်တိုးတက်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။
အခု ဆက်လက်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မဟာဗျူဟာပိုင်းဆိုင် ရာ စဉ်းစားသုံးသပ်ချက်များကို ရေးသားဖော်ပြပါမယ်။
ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်
ဒီမိုကရေစီဆိုတာ စနစ်တခုသာဖြစ်ပါတယ်။ အဲဒီစနစ်ကို အသက်သွင်းဖို့အတွက်က ဖြစ်စဉ်တရပ်လိုအပ်ပါ တယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်မယ့် လမ်းကြောင်းပေါ်ကိုသွားရောက်နေတဲ့ နိုင်ငံရေးပြောင်းလဲမှုများဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင်များဖြစ်ကြသော Rustow, Guillermo O' donnell, Scott Mainwaring, Yossi Shain, Juan Linz စသူတို့က ကမ္ဘာ့သမိုင်းရဲ့ ဒီမိုကရေ စီ ကူးပြောင်းမှုဖြစ်စဉ်ကြီးတွေဖြစ်တဲ့ First long wave in USA, France, Italy, Argentina, the overseas British dominions (1828-1926) First, reverse wave in Italy, Germany, Argentina (1922-1942), Second short wave in West Germany, Italy, Japan, India, Israel (1943-62), Second, reverse wave in Brazil, Argentina, Chile (1958-1975), Third wave in Portugal, Spain, others in Latin America, Asia, Africa, Eastern Europe စတာတွေကို လေ့လာပြီး၊ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် မှာ အပိုင်းနှစ်ပိုင်းပါဝင်ကြောင်း ရေးသားဖော်ထုတ်ခဲ့ကြပါတယ်။
သူတို့အဆိုအရ ပထမအပိုင်းမှာ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကနဦးအသွင်ကူးပြောင်းမှု (initial transition from authoritarian rule)၊ ဒုတိယပိုင်းမှာကား လစ်ဘရယ်ဒီမိုကရေစီစနစ်ကို စနစ်တကျ တည် တံ့အောင် (consolidate) ပြုလုပ်ခြင်းတို့ဖြစ်ပါတယ်။ ကနဦးအသွင်ကူးပြောင်းမှုမှာ အရေးကြီးဆုံးကတော့ ကြားဖြတ်အစိုးရပါပဲ။
ကြားဖြတ်အစိုးရ (Interim Government)
ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ရဲ့ အဓိကသော့ချက်ဟာ interim period မှာ ဘယ်သူတွေက အုပ်ချုပ်ပြီး အာဏာကို ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်ပါတယ်။ အဲဒီအချက်ကို သေချာစွာ ဖော်ထုတ်ပြီးမှသာ ဒီမိုကရေစီလှုပ်ရှားမှုလမ်းကြောင်းမှာ တည့်တည့်မတ်မတ်နဲ့ ထိထိရောက် ရောက်ရှိပါတယ်။
နှစ်ဆယ်ရာစုနှောင်းပိုင်း ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေကို လေ့လာပြီး ပညာရှင် Shain နှင့် Lintz ဆိုသူတွေက ဒီပြောင်းလဲမှုဖြစ်စဉ်တွေမှာ ပါဝင်တဲ့ ကြားဖြတ်အစိုးရပုံစံလေးမျိုးကို ထုတ်ဖော်ခဲ့ကြပါ တယ်။
ပထမတမျိုးက အတိုက်အခံတွေဦးဆောင်တဲ့ အစိုးရ (opposition-led provisional government) ဖြစ်ပါ တယ်။ နောက်တမျိုးက ပါဝါခွဲဝေသုံးစွဲတဲ့ အစိုရ (power-sharing interim government) ဖြစ်ပါတယ်။ နောက်တမျိုးက အာဏာရှင်က ဦးဆောင်ဖွဲ့စည်းလိုက်တဲ့ အိမ်စောင့်အစိုးရ (incumbent-led caretaker government) ဖြစ်ပါတယ်။ နောက်တမျိုးက နိုင်ငံတကာ ကြားဖြတ်အစိုးရ (international interim government) ဖြစ်ပါတယ်။ ဒီလေးမျိုးမှာ ဘယ်အစိုးရမျိုးဟာ မြန်မာပြည်အခြေအနေနဲ့ ကိုက်ညီနိုင်မလဲ လေ့လာကြည့်ရအောင်ပါ။
မဟာဗျူဟာရှုဒေါင့်ကနေ Ends နဲ့ Means ကို ကြည်ကြရအောင်ပါ။
Ends#
Ends က စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် လက်ရှိစစ်အစိုးရပဲဖြစ်ဖြစ်၊ နောင်လာမယ့် စစ်အစိုးရကြိုး ကိုင်အစိုးရကိုပဲဖြစ်ဖြစ် ဖြုတ်ချပြီး ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ပါ။
Means#
ဒီလို ဖော်ဆောင်မယ်ဆိုရင် ဘယ်လို means တွေ လိုမလဲ။
(၁) တိုက်ပွဲ ဦးဆောင်ကွပ်ကဲနိုင်မယ့် တပ်ပေါင်းစုလိုမယ်။
(၂) တိုင်းရင်းသားလူမျိုးတွေ စုပေါင်းနေထိုင်နေပြီး၊ ရေရှည်ပြည်တွင်းစစ်ဖြစ်ပွားခဲ့တဲ့ တိုင်းပြည်တခုဖြစ်တာ ကြောင့် တိုင်းရင်းသားညီညွတ်ရေးအတွက် ခေါင်းဆောင်များအချင်းချင်း ကြိုတင်သဘောတူညီချက်တွေ လို အပ်မယ်။ ညှိနှိုင်းထားမှုတွေလိုမယ်။
(၃) နိုင်ငံတကာအကူအညီနှင့် အသိအမှတ်ပြုမှုတွေလိုပါမယ်။
(၄) စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ အတွေးအခေါ်၊ နိုင်ငံတကာစတဲ့ စစ်မျက်နှာ ငါးရပ်လုံးမှာ ဘက်ညီနေဖို့ လိုအပ်မယ်။
ဘယ်လိုအမျိုးအမည်တွေပဲ တပ်တပ်၊ အစိုးရခေါ်ခေါ်၊ တပ်ပေါင်းစုခေါ်ခေါ်၊ ဘာနာမည်နဲ့ပဲဖြစ်ဖြစ် အရေးကြီး တာကတော့ အရည်အချင်းနဲ့ အရည်အသွေးပဲ။ ကနဦး အသွင်ကူးပြောင်းမှုကို ကြားဖြတ်အစိုးရအနေနဲ့ တာဝန်ယူနိုင်တဲ့ အရည်အသွေး။ အဲဒါ ရှိကိုရှိရမယ်။
အပြောင်းအလဲဆိုတဲ့ ကာလတခုမှာ တာဝန်ယူရတဲ့ ကြားဖြတ်အစိုးရဟာ "ပွဲပြီးရင် မီးသေပြီ၊ အောင်ပွဲခံနိုင် ပြီ" လို့ တရားသေ ယူဆထားပြီး၊ အောင်ပွဲခံတတ်တဲ့အစိုးရမျိုး ဖြစ်လို့မရဘူး။ အဲဒီအခြေအနေဟာ တကယ် အရေးကြီးတဲ့ critical hours တွေ ဖြစ်တယ်။ အကိုင်အတွယ်တွေ အများကြီး လိုအပ်တယ်။ (ဗြိတိသျှအရာ ရှိဟောင်းတဦးက ပြောဖူးတယ်။ မြန်မာတွေ လွတ်လပ်ရေးလိုချင်တယ်ဆိုပြီး တကယ်လဲရရရော တိုင်းပြည် အုပ်ချုပ်ရေးလေးတောင် နိုင်နိုင်နင်းနင်းမရှိဘူး။ ရန်ကုန်အစိုးရဖြစ်သွားပါလေရောတဲ့) ကြားရရင်တော့ စိတ် တိုချင်စရာပဲ။ ဒါပေမယ့် တကယ့်သမိုင်းဖြစ်ရပ်မှန်တွေကလဲ ရှိနေပြန်တယ်။ တခုရှိတာက အဲဒီတုန်းက ဗြိတိသျှက အခွင့်ကောင်းယူပြီး ပြန်လာသိမ်းခဲ့တာမဟုတ်ဘူး။ အခု စစ်အုပ်စုကျတော့ ပြန်သိမ်းဖို့ ကြိုးစား တာတွေ ရှိလိမ့်မယ်။ ဒီမိုကရေစီတိုက်ပွဲကို သွေးတွေနဲ့ရင်းပြီး တိုက်ခဲ့ကြပြီးပြီ။ ဆက်တိုက်ကြရဦးမယ်။ တကယ့် အပြောင်းအလဲကာလရောက်မှ စကားထိုင်များ၊ အငြင်းအခုံလုပ်နေကြတုန်း စစ်တပ်က အာဏာပြန် သိမ်းသွားလို့ကတော့ အကုန်လုံး သဲထဲရေသွန်ဖြစ်ပြီ။ ၁၉၈၈ မှာ အာဏာရှင်တွေပြုတ်ကျပြီးမှ လနဲ့ချီအချိန်ရ နေတဲ့ အခြေအနေမှာ ကြားဖြတ်အစိုးရလေးတခုတောင် မဖွဲ့နိုင်ခဲ့ကြတာကို ပြန်ပြီး သင်ခန်းစာယူသင့်တယ်။ ဘာမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးလေးတွေကြောင့် တော်လှန်ရေးကံကြမ္မာတခုလုံး ဘယ်လိုဖြစ်သွားခဲ့သလဲ။
ပြည်ပမှာ ဝေလေလေလုပ်ဖို့ ငါးဦး၊ ဆယ်ဦး အစိုးရတွေ ငြင်းနေကြတာတွေက အရေးမကြီးဘူး။ အရေးကြီး တာက အဲဒီအကူးအပြောင်းကာလမှာ ပြတ်ပြတ်သားသား၊ ခိုင်ခိုင်မာမာနဲ့ စနစ်တကျတာဝန်ယူနိုင်မယ့် ကြား ဖြတ်အစိုးရ။ ဒါကိုပဲ ဦးတည်သင့်တယ်။ ဒါကိုပဲ ဦးစားပေးပြီး အမြော်အမြင်နဲ့ လုပ်သင့်တယ်။ ကမ္ဘာတ၀ှမ်းက အသွင်ပြောင်းမှုပုံစံတွေအရ စနစ်တခုကနေ စနစ်တခုကို ပြောင်းလဲရင် လက်အောက်ခံ တိုင်းပြည်တခုဘ၀ ကနေ လွတ်လပ်တဲ့တိုင်းပြည်တခုကို ထူထောင်ရင် ဒီလိုအချိန်မျိုးတွေမှာ ခေါင်းဆောင်တွေ လုပ်ကြံသတ် ဖြတ်ခံရမှု၊ ပြည်တွင်းစစ်မီးပွားတွေ ပေါ်ပေါက်လာမှု၊ ရာဇ၀တ်မှု ထူပြောမှု၊ ခေါင်းဆောင်များအကြား အယူအ ဆကွဲလွဲမှုဆိုတာတွေ ဖြစ်တတ်တယ်။ ဖြစ်ဖန်များလွန်းလို့ ဘယ်လိုမှ နလန်မထူနိုင်တဲ့တိုင်းပြည်တွေ ကမ္ဘာ မှာ အများကြီးပဲ။ ဒါတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့၊ ကိုင်တွယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ကြိုရှာထား ဖို့ တကယ်ကို လိုအပ်တယ်။
လက်ရှိအာဏာရှင်နဲ့ ပါဝါခွဲဝေသုံးစွဲတဲ့ ကြားဖြတ်အစိုးရ
မဟာဗျူဟာရှုဒေါင့်ကနေ Ends နဲ့ Means ကို ကြည့်ကြရအောင်ပါ။
Ends#
Ends က လက်ရှိအာဏာရှင်နဲ့ အတိုက်အခံနဲ့ အာဏာကို ခွဲဝေသုံးစွဲတဲ့ ကြားဖြတ်အစိုးရပါ။ အတိုက်အခံ ပါတီ အဲန်အယ်လ်ဒီက နအဖကို ဒီလိုအစိုးရပုံစံမျိုးအတွက် ကမ်းလှမ်းခဲ့ဖူးတယ်။ ၂၀၀၆ ခုနှစ်ကပါ။ နအဖက ပယ်ချလိုက်တယ်။
Means#
ဒီလို ဖော်ဆောင်မယ်ဆိုရင် ဘယ်လို Means တွေ လိုမလဲ။
(၁) အာဏာရှင်က သူ့အာဏာကို အတိုက်အခံနဲ့ ခွဲဝေလာအောင် နိုင်ငံတကာဖိအား၊ ပြည်တွင်းဖိအားတွေ လိုအပ်တယ်။
(၂) အတိုက်အခံတွေကို အလုံးစုံချေမှုန်းရေးလုပ်လို့ရမှာ မဟုတ်ဘူးဆိုတာကို အာဏာရှင်ဘက်က သဘော ပေါက်သွားစေနိုင်တဲ့ စစ်ရေးအင်အား၊ နိုင်ငံရေးအလေးသာမှုတွေရှိရမယ်။
(၃) တွေ့ဆုံဆွေးနွေးပွဲဆိုတာကို အတိုက်အခံတွေရော၊ အာဏာရှင်ကပါ လုပ်ချင်တဲ့စိတ်တွေရှိရမယ်။
ဒီအစိုးရပေါ်လာနိုင်ရင် အကောင်းဆုံးလို့ ပညာရှင်တော်တော်များများက ဆိုတတ်ကြတယ်။ ဘယ်လိုပဲဆိုပေ မယ့် ဖြစ်လာဖို့ကျတော့ အင်မတန်ခက်ခဲလွန်းနေတယ်။ တော်ရုံတန်ရုံ နိုင်ငံတကာဖိအားနဲ့ မလုံလောက်ဘူး။ အတိုက်အခံဘက်မှာလဲ လူရိုသေ၊ ရှင်ရိုသေ စစ်အင်အားရှိရမယ်။ စစ်ရေးမလိုပါဘူး သတ်မှတ်ထားရင်တော့ ကျွဲပါးစောင်းတီးပဲ ဖြစ်နေမှာပဲ။ လက်ခုပ်ဆိုတာ နှစ်ဘက်မတီးပဲ မမြည်နိုင်ဘူး။ ကိုယ့်လက်နဲ့ သူ့လက်ထိချင် လာအောင် သူ့လက်ကို တွန်းအားပေးရမယ်။ မဟုတ်ပဲ လက်သွားဆွဲပြီး "တီးပါနော်" လုပ်နေလို့ကတော့ လက်ခုပ်မတီးပဲ လက်သီးနဲ့ ပြန်ထိုးလိုက်တာပဲ ခံရလိမ့်မယ်။
ပြီးတော့အစိုးရလုပ်ဖို့ Ends ကိုချမှတ်ပြီး၊ ဒိုင်ယာလော့ခ်ကို Means အဖြစ်အသုံးပြုတဲ့အခါ မလိုလားအပ်တဲ့ ဆိုးကျိုးတွေက ထွက်ပေါ်လာနိုင်သေးတယ်။ ဘာလဲဆိုတော့ ရန်သူက ကိုယ့်ကို မြွေအလမ္မာယ်ဆရာလို လုပ်ပြသွားတတ်တာမျိုးတွေပါ။ ကိုယ်ကတော့ မြွေဟောက်လို တရှူးရှူးပဲ။ လိုက်ပေါက်ဖို့လုပ်နေတုန်း၊ ဟိုက ဟိုဘက် ရှောင်ပြေးလိုက်၊ ဒီဘက်က ရှောင်ပြေးလိုက်နဲ့ ကိုယ့်အင်အားတွေနည်းပြီး ငြိမ်ကျသွားအောင်လုပ် နိုင်တဲ့ ရန်သူ့လက်နက်တမျိုးဖြစ်သွားတတ်တယ်။ လုပ်ခဲ့ကြတာတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးပဲ။ အတိုက်အခံဦးဆောင်တဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးပဲ။ ဒီအတွက် မြွေဟောက်လို တရှူးရှူးဖြစ်ကြတာပဲ။ လုပ်ကြတာပဲ။ အဲဒီအချိန်မှာ ရန်သူက ဒိုင်ယာလော့ခ်လာပြောတာကို လက်ခံလို့မရဘူး။ တိုက်ပွဲရှိန်လျှော့လို့ မဖြစ်ဘူး။ အဲလိုဖြစ်တာက ဘာနဲ့တူလဲဆိုရင် လှေနံနှစ်ဘက်နင်းတာနဲ့ တူတယ်။ နောက်ဆုံးတော့ အရည်မရ အဖတ်မရနဲ့ပဲ အဆုံးသတ်မှာပဲ။ လုံးဝသေချာနေတဲ့ အချက်တခုရှိတယ်။ စစ်အုပ်စုဟာ ဘယ်တော့မှ လက်ခုပ်နှစ်ဘက်မြည်အောင်တီးမှာ မဟုတ်ဘူး။ စစ်အုပ်စုဟာ အတိုက်အခံကို အလုံးစုံချေမှုန်းရေးဝါဒ အပေါ်မှာပဲ အခြေခံလှုပ်ရှားထားတယ်။ ဒီအတွက် တီးမယောင်လက်ခုပ်ယောင်တွေကို ဂရုစိုက်စရာမလိုဘူး။ ယောင်စရာလုံးဝမလိုအပ်ဘူး။
ကြားဖြတ်အစိုးရအနေနဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးကိစ္စတွေကို ဟန်ချက်ညီထိန်းနိုင်ပြီ ဆိုတဲ့အချိန်ကျမှ ဆွေးနွေးချင်တယ်ဆို ဒိုင်ယာလော့ခ်ပြန်ခေါ်ချင်ရင်လဲရတယ်။ နိုင်ငံရေးချိန်ခွင်လျှာကို ကိုယ့်ဘက်က အလေးသာအောင် အရင်လုပ်သင့်တယ်။
အာဏာရှင်က ဦးဆောင်ဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရ
မဟာဗျူဟာရှုဒေါင့်ကနေ Ends နဲ့Means ကို ကြည့်ကြရအောင်ပါ။
Ends#
Ends က ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက်ဆိုပြီး အာဏာရှင်က ဦးဆောင်ဖွဲ့စည်းတဲ့ အိမ်စောင့်အစိုးရ ပုံစံမျိုးဖြစ်တယ်။
Means#
နိုင်ငံတကာဖိအား
အတိုက်အခံများရဲ့ ခြိမ်းခြောက်နိုင်မှုစွမ်းရည်
အာဏာရှင်ဘက်တော်သားများ ကွဲပြားမှု၊ အာဏာရှင်စနစ်တွင် ပြောင်းလဲမှု
အာဏာရှင်အစိုးရကိုယ်တိုင်က နိုင်ငံရဲ့စီးပွားရေးယိုယွင်းမှုကို ဘယ်လိုမှ မထိန်းနိုင်တော့တဲ့အခါ၊ အုပ်စိုးသူ တွေ အချင်းချင်း သဘောထားကွဲလွဲလာတဲ့အခါ၊ အတိုက်အခံတွေရဲ့ခြိမ်းခြောက်မှု အင်အားကြီးမားလာတဲ့ အခါ၊ ဆက်လက်ထိန်းထားရင် တိုင်းပြည်တခုလုံး ဖရိုဖရဲဖြစ်လာတော့မယ့်အခါ အာဏာရှင်ကိုယ်တိုင်က ကနဦး ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို စတင်လိုက်ရတာမျိုးတွေ ရှိလာတယ်။ တောင်အာဖရိက ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာ အဲလိုပြောင်းလဲမှုနဲ့ စတင်ခဲ့တာဖြစ်တယ်။ incumbent de Klerk government က အိမ်စောင့်အစိုးရအဖြစ်စတင်ခဲ့ပြီး (၁၉၉၃) စက်တင်ဘာရောက်မှ power-sharing coalition အနေနဲ့ပြောင်းလဲပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို စတင်ခဲ့တာဖြစ်တယ်။
မြန်မာပြည်မှာတုန်းက စောမောင်က အာဏာသိမ်းပြီး ၉၀ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက စောမောင်အစိုးရကို အဲဒီလို အိမ်စောင့်အစိုးရမျိုးလို့ ထင်ခဲ့ကြတယ်။ ဖိအားပေးမှုတွေ လျှော့ချခဲ့ကြတယ်။ အတိုက်အခံအများစုကလဲ န၀တခင်းတဲ့လမ်းပေါ် လျှောက်လိုက်ကြတော့တယ်။ ဒါပေ မယ့် န၀တက အတိုက်အခံတွေရဲ့မျှော်လင့်ချက်၊ ယုံကြည်ချက်တွေကို ရိုက်ချိုးပစ်လိုက်ပါလေရော။ ကျော ချမှ ဓားပြမှန်းသိပြီး ကောက်ခါငင်ခါအဲဒီကျမှ အစိုးရထဖွဲ့မယ်လုပ်တော့ စစ်အုပ်စုက အသာစီးရနေခဲ့ပြီ။
မြန်မာပြည်ဟာ တောင်အာဖရိကနဲ့ နိုင်ငံရေးပထ၀ီဝင်အနေအထားတွေ လုံးဝမတူပါဘူး။ ဒါကြောင့် နိုင်ငံ တကာ ဖိအားထိရောက်နိုင်မှု အခြေအနေလဲမတူပါဘူး။ နိုင်ငံရေး လူ့အဖွဲ့အစည်းရဲ့စိတ်ဓာတ်တွေ၊ အတွေး အခေါ်တွေ၊ ရင့်ကျက်မှုတွေလဲ မတူပါဘူး။ ဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ ဖြစ်ရခြင်းအကြောင်းရင်း၊ သမိုင်းနောက် ခံ အနေအထားတွေလဲ လုံးဝမတူပါဘူး။ ဒီလိုအခြေအနေမှာ စီးပွားရေးပိတ်ဆို့မှုလေးလုပ်လိုက်တာနဲ့၊ ပြည် တွင်းလှုပ်ရှားမှုလေးကို ငြိမ်းချမ်းစွာလေးလုပ်လိုက်တာနဲ့ နအဖက ကြောက်ပြီး သူ့ဘာသူ အိမ်စောင့်အစိုးရပဲ ထဖွဲ့တော့မလိုလို၊ ဒီမိုကရေစီပြောင်းလဲမှုတွေပဲ လုပ်ပေးတော့မလိုလို၊ ဒိုင်ယာလော့ခ်ကြီးပဲ ထခေါ်ပေးတော့ မလိုလိုနဲ့ သမုဒ္ဒရာထဲမှာ လှေတစီးနဲ့ စိတ်ကူးယဉ်အိပ်မက် မက်နေလို့မရပါဘူး။ နိုးလာတော့မှ ကြောက်အား လန့်အား ထခုန်မိပြီး ရေထဲပြုတ်ကျနေရင် အခက်ကြုံပါလိမ့်မယ်။ ရန်သူ နအဖဘက်က စတင်သဘောထား ပြောင်းလာမှုဆိုတာကို လုံးဝ မမျှော်လင့်ပါနဲ့။
နိုင်ငံတကာ ကြားဖြတ်အစိုးရ
မဟာဗျူဟာရှုဒေါင့်ကနေ Ends နဲ့ Means ကို ကြည့်ကြရအောင်ပါ။
Ends#
Ends က ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှုအခြေအနေမှာ နိုင်ငံတကာအဖွဲ့အစည်းများ၊ အင်အားကြီးနိုင် ငံများဝင်လာပြီး၊ ကြားဖြတ်အစိုးရအနေနဲ့ ခေတ္တထိန်းသိမ်းပြီး အသွင်ကူးပြောင်းမှုကို စတင်ပေးတာမျိုးပါ။
Means#
ကုလသမဂ္ဂနဲ့ အင်အားကြီးနိုင်ငံများအား မြန်မာစစ်အုပ်စုအားအရေးယူပေးရန် တောင်းဆိုခြင်း
မြန်မာနိုင်ငံသို့ စစ်အရေးအရ အရေးယူဝင်ရောက်နိုင်ရေးအတွက် လိုအပ်သောအကူအညီများပေးခြင်း၊ ပူးတွဲဆောင်ရွက်ခြင်း
လက်ရှိနိုင်ငံတကာဖြစ်ရပ်များကို ဥပမာပေးရရင် အီရတ်၊ အာဖဂန်နစ်စတန်နိုင်ငံများကို ဥပမာပေးရပါမယ်။ နာမီးဘီးယား (၁၉၈၉-၁၉၉၀) နှင့် ကမ်ဘောဒီးယား (၁၉၈၃-၉၃) အခြေအနေတွေလဲ ဒီလိုပြောင်းလဲမှု ဖြစ် စဉ်တွေပါပဲ။ ယူအန်ကိုစာတန်းတွေတင်၊ မြန်မာပြည်ကို အရေးယူပေးအောင်လုပ်ပြီး၊ နိုင်ငံတကာတပ်ပေါင်းစု တွေ မြန်မာပြည်ဝင်၊ စစ်အုပ်စုကို မောင်းထုတ်၊ ကြားဖြတ်အစိုးရဖွဲ့ဆိုတဲ့ ဒီပုံစံလေးက ပြောရရင် လွယ်လွယ် လေးရယ်။ ဒါပေမယ့် ပြောတဲ့လူတွေ လေကုန်မောဟိုက်ပြီး ဆံဖြူသွားကျိုးတဲ့ အချိန်အထိ အကောင် အထည်ပေါ်လာဖို့ တော်တော်ခဲယဉ်းနိုင်တဲ့ ကိစ္စကြီးပါ။ ယူအန်ဆိုတာက structural failure ဖြစ်နေတဲ့ အဖွဲ့ ကြီးတခုပါ။ သူ့ဟာသူ reform လုပ်ဖို့ကိုတောင် မနည်းကြိုးစားနေရတာပါ။ ဒါတောင် အောင်မြင်သေးတာ မဟုတ်ပါဘူး။
လုံခြုံရေးကောင်စီမှာထိုင်နေကြတဲ့ နိုင်ကြီးငါးနိုင်ငံရဲ့ ဗွီတိုအာဏာကို ကျော်လွှားနိုင်ဖို့ဆိုတာကလဲ ထီထိုး သလိုပဲ အခါတရာလောက်ထိုးတောင် တခါမပေါက်နိုင်တဲ့ အခြေအနေမျိုးပါ။ မြန်မာပြည်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ မဟာဗျူဟာအချက်အချာနေရာတခုဖြစ်နေပါတယ်။ ဒါကြောင့် တရုတ်ရဲ့ ဗွီတိုအာဏာကို ကျော်လွှားနိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တာကို လုပ်နေတာဟာ အိတ်ပေါက်နဲ့ ဖား ကောက်နေသလိုပဲ ဖြစ်နေပါလိမ့်မယ်။
တကယ်လို့ ယူအန်ရဲ့ ဆုံးဖြတ်ချက်ကျသွားခဲ့ရင်တော့ US-led Coalition အသွင်မဟုတ်ပဲ၊ China-led Coalition ပုံစံမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။ အနည်းဆုံး အောက်မြန်မာပြည်ကို US-led Coalition, အထက် မြန်မာပြည်ကို China-led Coalition ပုံစံတွေနဲ့သာ ၀င်လာခဲ့ကြရင် နေရင်းထိုင်ရင်း တောင်ကိုးရီးယား၊ မြောက်ကိုးရီးယားလို ဖြစ်သွားပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ ဒီအင်အားစုနှစ်ခုရဲ့ကြားမှာ ညပ်သွားပါလိမ့်မယ်။ နိုင်ငံတကာဖိအားတွေ ပြင်းထန်တင်းမာလာချိန်မှာ နေပြည်တော်ကိုပြောင်းရွှေ့ထားမှုတွေ၊ နယူးကလီးယား စက်ရုံးလုပ်ထားတဲ့ နေရာဒေသတွေ၊ တပ်ရင်း၊ တပ်မနေရာချထားမှုတွေ၊ ငြိမ်းချမ်းရေးအဖွဲ့တွေကို လုပ် ဆောင်ခိုင်းစေထားတဲ့ ပရောဂျက်တွေကို မြေပုံပေါ်မှာ ချပြီးကြည့်လိုက်ပါ။ အဖြေမှန်ကို သိရပါလိမ့်မယ်။
အချိန်တွေဟာ အရမ်းတန်ဖိုးရှိပါတယ်။ ရေကြောမရှိတဲ့နေရာမှာ ရေတွင်းတူးသူကို ကြိုးစားတာလို့ ဘယ် လောက်ပဲ သူအော်နေနေ၊ ရေတွင်းဆိုတာ ရေကြောရှိတဲ့နေရာမှာသာ တူးရတယ်ဆိုတာသိနေသူတွေက တော့ "မိုက်လိုက်တာကွယ်" လို့ပဲ မြင်ပါလိမ့်မယ်။ စိတ်နှလုံးကောင်းသူတွေကတော့ "သနားပါတယ်ကွယ်" ဆိုပြီးပဲ ပြောမရတဲ့အဆုံး လက်မှိုင်ချပြီး ထိုင်ကြည့်နေကြပါလိမ့်မယ်။
နိဂုံး
ဒီကြားဖြတ်အစိုးရပုံစံလေးမျိုးအောက်မှာ ဘယ်ပုံစံဟာ လက်ရှိ မြန်မာပြည်အတွက် အသုံးဝင်မလဲဆိုတာကို သေချာစွာရွေးချယ်သင့်ပါတယ်။ အမှန်တကယ်ဖြစ်နိုင်ချေလည်းရှိပြီး၊ ကိုယ့်အားကိုယ်ကိုး ၀ိုင်းလုပ်သင့်ကြတဲ့ ပုံစံကတော့ အတိုက်အခံများကဦးဆောင်သော ကြားဖြတ်အစိုးရဖွဲ့စည်းရေးလို့ပဲ စာရေးသူ မြင်ပါတယ်။ မြန်မာပြည်အရေးဟာ အာဏာရှင်စနစ်တခုလုံးကို မြေလှန်ပစ်ရမယ့် တော်လှန်ရေးတခုဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာဟာ လူထုထဲမှာပဲ အခြေတည်မှ အောင်မြင်နိုင်မှာပါ။ အင်အားဆိုတာကလဲ လူထုထဲမှာ ပဲရှိပါတယ်။ လူထုနဲ့ တော်လှန်ရေးကို တသားတည်းပေါင်းစပ်ပေးနိုင်ဖို့က အရာအားလုံးထက်ပိုပြီး အရေးကြီး နေပါတယ်။
မဟာဗျူဟာကို သေသေချာချာရွေးချယ်ချမှတ် အကောင်အထည်ဖော်နိုင်ကြဖို့လဲ လိုအပ်လှပါတယ်။ တခုနဲ့ တခု သဘောသဘာဝမတူတဲ့ မဟာဗျူဟာတွေကို မရောထွေးကြပါနဲ့။ Strategic doctrine အနေနဲ့ဆိုရင် စစ်အုပ်စုကိုဖြုတ်ချပြီး၊ ကြားဖြတ်အစိုးရဖွဲ့တာက offensive doctrine ပါ။ ဒိုင်ယာလော့ခ်ဆိုတာကကျတော့ နှစ်ဘက်စလုံးကို ဆက်တိုက်နေရင် အကျိုးမရှိတော့တဲ့ အနေအထားကြောင့် စစ်ပြေငြိမ်းမှုလုပ်ပြီး ညှိနှိုင်း ဆွေးနွေးတဲ့ Resolution တခုပါ။ ဒီလိုဖြစ်လာဖို့ဆိုတာက လက်ခုပ်နှစ်ဘက်မတီးပဲမရပါဘူး။ ငါ့ပါတီ အသက် ဆက်ရှင်နေရင်ပြီးရောဆိုတာမျိုးကျတော့ defensive doctrine ပါ။ ဒီလို မူအပေါ် အခြေခံသူတွေကို တိုက်ပွဲ ၀င်စစ်သူကြီးနေရာမှာ ထားလို့မရပါဘူး။ ငုတ်တုတ်ကြီးဖြစ်နေပြီး၊ ရန်သူကတလှမ်းတိုးလာလိုက်၊ နောက် ဆုတ်ပေးလိုက်နဲ့ ဆုတ်ရင်းဆုတ်ရင်း ချောင်ထဲမှာ ပိတ်မိနေတတ်ပါတယ်။ လမ်းကြောင်းတွေကို ဟိုတခု၊ ဒီ တခု ခုန်မကူးမိအောင်လဲ သတိထားရပါမယ်။ အခုပဲ ပြည်ပကို ၀င်ခိုင်းလိုက်၊ အခုပဲ ပြည်တွင်းမှာ လူထုတိုက် ပွဲလုပ်ရမယ်ပြောလိုက်၊ အခုပဲ ဒိုင်ယာလော့ခ်အော်လိုက် လုပ်နေရင်တော့ နောက်ကလိုက်နေသူတွေလဲ ဘာ လုပ်လို့ လုပ်ရမှန်းမသိ၊ ပြည်သူလူထုလဲ ဘာလုပ်ရမယ်မသိပဲ ဦးဆောင်သူတွေလဲ မျောက်သစ်ကိုင်းလွတ် သလို ဖြစ်သွားတတ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခု မြန်မာ့နိုင်ငံရေးအခြေအနေရဲ့ strategic environment က တောင်းဆိုနေတာတွေ ကတော့
(၁) ယာယီတိုက်ပွဲဝင်အစိုးရ (သို့) တပ်ပေါင်းစု ဖြစ်ပေါ်ရေး
(၂) လူထုနှင့် တော်လှန်ရေးပေါင်းစပ်ပါဝင်နိုင်စေရေးနဲ့
(၃) အသွင်ကူးပြောင်းမှု အခြေအနေကို ထိန်းချုပ်နိုင်မည့် အရည်အသွေးနှင့် အရည်အချင်းရှိသော တိုင်းရင်း သားလူမျိုးအားလုံးကို ကိုယ်စားပြုတဲ့ ကြားဖြတ်အစိုးရတရပ်ပေါ်ပေါက်လာရေးတို့ပဲ ဖြစ်ပါတယ်။
ခင်မမမျိုး
Dip. IT (NCC,UK), Dip. Politics & Government (UK),
Dip. Journalism (UK), Adv. Dip. Management (Cambridge UCLES)
BA (Hons) management (HW, UK), P.G. Dip Mgt (London, UK)
MA Economics (Political Economy) (Aberdeen, UK)
MSc Strategic Studies (Aberdeen, Uk), MIISS (UK)
ရည်ညွှန်းကိုးကား။ ။
Baylis, J. et. Al (2002) Strategy in the Contemporary World, Oxford, OUP
Betts, R. (2000) "Is Strategy an illusion?" International Security, Vol. 205, No.2, Fall 2000
Calusewitz, C. (1997) On War, London, Wordsworth
Faringdon (1989) Strategic Geography, London & New York, Routledge
Freedman, L. (2008) "The Transformation of Strategic Affaris", Adelphi Paper, Vol. 379
Gracy, C. (2005) Another Bloody Century: Future Warfare, London, Phoenix
Gracy, C. (1999) Modern Strategy, Oxford, OUP, Harvard, Belknap
Liddell Hart, B. H. (1967) Strategy: The Indirect approach, London, Faber & Faber
Murray, W. et. al. (1994) The Making of Strategy: Rulers, States & Wars, Cambridge, Cambridge University Press
Paret, P. (ed) (1986) Makers of modern strategy from Machiavelli to the Nuclear age, Princeton University Press
Pearce & Robinson (1997) Strategic Management: Formulation, Implementation and Control, London, IRWIN
REF: ခင်မမမျိုး
0 comments:
Post a Comment