Monday, January 19, 2009

ကရင်သူပုန်များကို တိုက်ခိုက်ရန် နောက်ထပ် တိုက်ပွဲ မကြာမီ စတင်မည်

ဒယ်နီရယ် ပီဒါဆင်
သောကြာနေ့၊ ဇန်နဝါရီလ 16 2009

မဲဆောက် (မဇ္ဈိမ)။ ။ ထိုင်းနယ်စပ်မြို့ မဲဆောက်၏ တောင်ဘက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ အထူးတပ်ရင်း ၁ဝ၃ ကို တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ မှ တပ်ဖွဲ့ဝင်များဖြင့် အင်အား ဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိသည်။

အထူးတပ်ရင်း အမှတ် ၁ဝ၃ သည် လွန်ခဲ့သောအပတ်က ယင်း၏အခြေခံစခန်းကိုဆုံးရှုံးခဲ့ရပြီး၊ လွန်ခဲ့သော ၇ ရက်လုံးလုံး တချိန်လုံး ရွှေ့ပြောင်းနေခဲ့ရသည်။ ရန်သူကို အာရုံလွှဲနိုင်ရန် မြေမြှုပ်မိုင်းများ၊ ရှေ့ထွက်မိုင်းများ အသုံးပြုခဲ့ကြရသည်။

ထိုင်းနိုင်ငံ ဖုပ်ဖရ (Phop Phra) ခရိုင်အတွင်း ဖြစ်ပွါးနေသော တိုက်ပွဲမှာ ထိုင်းမြန်မာနယ်စပ် မြောက်ပိုင်း တလျှောက် လွန်ခဲ့သောနှစ် ဇွန်လ ၃ဝ ရက်နေ့ကတဲက ဘတပြန် ကျားတပြန် ဖြစ်နေခဲ့သည်။

လွန်ခဲ့သော အပတ်ကမူ မြန်မာအစိုးရ တပ်ဖွဲ့များက တပ်ရင်း ၁ဝ၃ ၏ အခြေခံစခန်းကို သိမ်းပိုက်မိခဲ့ပြီး၊ ဖျက် ဆီးပစ်ခဲ့သည်။ ဤစခန်းသည် နေရောင်ခြည် စွမ်းအင်သုံးမီးများ၊ ငါးကန်များ၊ အလွန်ကြီးသော စပါးကျီနှင့် အနီးအနား ရွာ ၂ ရွာမှ လူပေါင်း ၈ဝဝ ခန့်ကို ဆေးဝါး ကုသပေးနေခဲ့သော ဆေးခန်းတို့ဖြင့် အကြီးအကျယ် တည်ဆောက်ထားခြင်းဖြစ်သည်။

KNLA သည် လွန်ခဲ့သော နှစ်ကတည်းက ဤစခန်းကို ဆုံးရှုံးလိုက်၊ ပြန်အရယူလိုက်ဖြစ်နေခဲ့ပြီး ယခုအခါမှာ မူ ပြန်ရနိုင်စရာ မရှိတော့ပါ။

ကရင်အမျိုးသား အစည်းအရုံး (KNU) သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုး ခြင်း မပြုရသေးသည့် အဓိကကျသော အဖွဲ့အချို့အနက်မှ တခုဖြစ်ပြီး (KNLA) သည် ဤအဖွဲ့၏ လက်နက် ကိုင်တပ် ဖြစ်သည်။

တပ်မှူး ဗိုလ်မှူးကြီး နဒါးမြ က သူတို့၏ အခြေခံစခန်းကို ဆုံးရှုံးခဲ့ပြီး၊ ယခုအခါ သူ့တပ်ဖွဲ့ဝင်များသည် မြောက် ဘက်ရှိ တပ်ရင်း ၂ဝ၁ ၏ ဝါးလေခီးစခန်းကို ကာကွယ်ရန် ပြန်လည်စုဖွဲ့ နေရာယူမှုများ ပြုလုပ်လျက် ရှိသည် ဟု ပြောသည်။

ဤစခန်းသည် ၁၉၉၈ ခုနှစ်ကတည်းကတည်ရှိခဲ့ပြီး၊ ယမန်နှစ် ဂျူလိုင်လအတွင်း ခေတ္တ သိမ်းပိုက်ခံခဲ့ရသေး သည်။ သို့သော် ၃ ရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ရပြီးနောက် ပြန်လည် အရယူနိုင်ခဲ့သည်။

လွန်ခဲ့သော အပတ်က ဖြစ်ပွါးခဲ့သော တိုက်ပွဲများ၌ နအဖ (SPDC) တပ်များ အလွန်အထိနာခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံတွင် စတီး လက်တွန်းလှည်းများဖြင့် တွန်းယူလာသော မိုင်းထိ မြန်မာစစ်သား လူနာများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤတိုက်ပွဲ ဖြစ်ပွါးရာနေရာသည် တောင်ပေါ်ရှုခင်းသာများ ရှိသဖြင့် ကမ္ဘာလှည့် ခရီးသည်များ လာရောက် လေ့ရှိသော ထိုင်းနိုင်ငံ အုန်းဖန် (Umphang) ဒေသ၏ တဘက်တွင် တည်ရှိသည်။

နအဖတပ်များသည် ဝါးလေခီးစခန်းကို အကြီးအကျယ် တိုက်ခိုက်ရန် ကြာသပတေးနေ့က နေရာယူထားခဲ့ပြီး၊ ထိုစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မမှန်ဘဲ လွဲချော်သွားခဲ့သည်။

စခန်းအနီးရှိ တောင်ကုန်း အမြင့်များပေါ်တွင် အစိုးရတပ်များ နေရာယူထားနိုင်ပြီး ထိုနေရာများမှ ၈၁ မမ စိန်ပြောင်းများဖြင့် ပစ်ခတ်လျက်ရှိသည်။

KNLA တွင်လည်း သံချပ်ကာယဉ်များပေါ်တွင် တပ်ဆင်ထားလေ့ရှိသည့် အလွန်ကြောက်မက်ဘွယ်ကောင်း သော ပွိုင့် ၅ (လက်မ) စက်သေနတ်ကြီး ရှိသည်။

KNLA က ဤစခန်းကို အသဲအသန် ထိန်းသိမ်းထားလိုသည်မှာ ဤစခန်းသည် ဒေသတွင်း ထူးခြားအရေးပါ သော စခန်းဖြစ်၍ သင်တန်းခန်းမများ၊ ဆေးပေးခန်းများ ရှိခြင်းကြောင့်သာမဟုတ်၊ စစ်သင်းချိုင်းလည်း ဤစခန်းတွင် ရှိနေသောကြောင့် ဖြစ်သည်။

နအဖ သည် ဤဒေသအတွင်း ထွက်ရှိသည့် ထူးခြားသော သတ္တုသိုက်များဖြစ်သည့် ရွှေ၊ သံဖြူ၊ သွပ်၊ အဖြိုက်နက် (ခနောက်စိမ်းကို ယင်းမှ သန့်စင် ထုတ်ယူသည်) တို့ကို လုယူ၍ “စီးပွါးရေးအရ အပြည့်အဝ ထိန်းချုပ်” ထားလိုသည့်အတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု သူပုန်တပ်ဖွဲ့က ပြောဆိုပါသည်။

မည်သည့် အဖွဲ့ကပင်ဖြစ်စေ၊ သူတို့ အရင်းအနှီးများအတွက် လုံခြုံရေး အာမခံချက်သာ အပြည့်အဝ ပေးနိုင် မည် ဆိုပါက အဆိုပါ သတ္တုများကို တူးဖော်ထုတ်ယူရန် ထိုင်ဝမ်နှင့် ထိုင်း သတ္တုတူး ကုမ္ပဏီများက အသင့် စောင့်ဆိုင်းနေကြသည်။

ဒေသအတွင်း KNLA ၏ လှုပ်ရှားမှုသည် အမြဲတမ်း မရေမရာသာ ရှိခဲ့သော်လည်း ယခုနောက်ဆုံး ဖြစ်ပွါးနေ သော တိုက်ပွဲများသည် နှစ်ပေါင်းများစွာအတွင်း ဖုပ်ဖရ ဝန်းကျင်၌ ဖြစ်ပွါးခဲ့သော တိုက်ပွဲများအနက် အရှည် ကြာ အပြင်းထန်ဆုံးသော တိုက်ပွဲများ ဖြစ်သည်။

အကူအညီပေးရေး လုပ်သားများ၏ အပြောအရ နယ်စပ် တဘက်တချက်တွင်ရှိသော ဟက်တာ ရာပေါင်း များစွာရှိသည့် ပြောင်းခင်းများကိုပင် မရိတ်သိမ်းတော့ဘဲ ထိုင်းလယ်သမားများသည် ကရင် ဒုက္ခသည် စခန်း များဆီသို့ ဦးတည်လာနေကြသည်ဟု ဆိုသည်။ ထိုနေရာတွင် သူတို့အတွက် အနည်းဆုံး စားစရာတော့ ရ မည်။

ထိုင်းကြည်းတပ်ကလည်း ထိုဒေသအတွင်း နယ်စပ်တလျှောက် အင်အားဖြည့်တင်းချထားမှုများ ပြုလုပ်ခဲ့ပြီး၊ အဝင်အထွက်အားလုံးကို သေချာစွာ စောင့်ကြည့်နေသည်။

ဤဒေသအတွင်း KNLA ၏ အနာဂါတ်အတွက် ယခု ရက်သတ္တပတ်ကုန်ပိုင်းသည် အရေးပါသော အချိန်ဖြစ် လိမ့်မည်။

ပြင်းထန်စွာ ဖြစ်ပွါးသော တိုက်ပွဲများကြောင့် ပြန်လည် ဆုတ်ခွါရန်မှာ မဖြစ်နိုင်တော့ဘဲ ဝါးလေခီးစခန်းမှာ သေချာပေါက် ဖျက်ဆီးခံရတော့မည့်ပုံရှိနေသည်။

တနင်္လာနေ့ကလည်း ဗြိတိသျှလူမျိုး ဓါတ်ပုံဆရာတဦးကို စောင်ဖြင့်အုပ်၍ ထိုင်းနိုင်ငံ ဘေးလွတ်ရာသို့ တောတွင်းမှ ခေါ်ထုတ်လာခဲ့ရသည်။

ဗုဒ္ဓဟူးနေ့ကလည်း အလားတူ နိုင်ငံခြားသား စေတနာ့ ဝန်ထမ်းတဦးကို သင်တန်းအစီအစဉ် တခုကို ရပ်တန့် ၍ တိုက်ပွဲများ မဖြစ်ပွါးမီ ထွက်ခွါခိုင်းခဲ့ရသည်။

ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင်လည်း မဲဆောက် အထွေထွေဆေးရုံကြီး၏ စင်္ကြံများပေါ်တွင် လူနာတင် လက်တွန်းလှည်းများ သွားလာနေသည်ကို တွေ့မြင်ကြရဦးမည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့