Wednesday, January 21, 2009

ဝါဒမှိုင်းတိုက် မြှောက်ပင့်နေတာ ဘယ်သူတွေလဲ - မောင်သြ

၂၁ ဇန်န၀ါရီ ၂၀၀၉
မြန်မာနိုင်ငံရဲ့ ၂၀၀၉ ခုနှစ် ဇန်န၀ါရီလဆန်း နှစ်ဦးပိုင်းတွင် ထုတ်ဝေခဲ့ကြတဲ့ ဂျာနယ်အချို့မှာ ဖခင်အမည် မပေါ်ဘဲ မွေးထုတ်လိုက်တဲ့ သားသမီးများလို၊ စာရေးသူအမည်မပါဘဲ သတင်းလိုလို၊ အတင်းလိုလို၊ အဖျင်း လိုလို လျောမွေးစာတပုဒ်ကို တွေ့မြင်ဖတ်ရှုခဲ့ရပါတယ်။

ရုတ်တမ်း ရမ်းတုတ်၍လည်းကောင်း၊ အကွပ်မပါသောကြမ်း ပရမ်းပတာ နေသကဲ့သို့လည်းကောင်း၊ အိုးနင်း ခွက်နင်း မဆင်မခြင် ရေးထားတာတွေကို တွေ့ရပါတယ်။ အဲဒီတပုဒ်တည်းကိုပဲ ဂျာနယ်အတော်များများမှာ အလားတူ ထည့်သွင်းဖော်ပြထားတာကို တွေ့ရတယ်။

အဲဒီစာရဲ့ ခေါင်းစဉ်က…
အန်အယ်လ်ဒီလူငယ်ပါတီဝင် (၉) ဦးတို့ မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ကာ လမ်းလျှောက်အော်ဟစ် ဆန္ဒပြ စဉ် သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းခဲ့ရ၊ ထိုသူများမှာ အန်အယ်လ်ဒီမှ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့ ၏ ၀ါဒမှိုင်းတိုက် မြှောက်ပင့်မှုကြောင့် ဆန္ဒပြခြင်းဟုသိရ…ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ စာတပုဒ်ရဲ့ အကြောင်းအရာပါ။ အချက်အလက်တွေဟာ တကယ့်ဖြစ်စဉ်နှင့် ကွဲလွဲဆန့်ကျင်ပြီး တဖက် အန်အယ်လ်ဒီ အဖွဲ့ချုပ်ကို ဂုဏ်သိက္ခာထိခိုက်အောင်နှင့် အန်အယ်လ်ဒီမှ စီအီးစီနှစ်ဦးဖြစ်တဲ့ ဦးဝင်းတင်နှင့် ဦးခင်မောင် ဆွေတို့ကို ယခင် စီအီးစီများနှင့် စိတ်ဝမ်းကွဲပြားအောင် ပုဏ္ဏားယုတ်တို့က ခြေထိုးကုန်းတိုက်စာဖြစ်တယ်။ တနည်းအားဖြင့် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်းထဲကို ဖောက်ခွဲရေး ဗုံးတလုံး ပစ်ထည့်လိုက်တာပါပဲ။ အဲဒါ ကို အန်အယ်လ်ဒီမှ လူကြီးတွေက သတိထားနားလည်တတ်ဖို့ပဲ လိုပါတယ်။ အန်အယ်လ်ဒီ လူကြီးတွေ ကလည်း နိုင်ငံရေးအတွေ့အကြုံ ရှိပြီးသားပါ၊ မညံ့ပါဘူး။ ကြားစကား၊ ကြားသတင်းတွေနဲ့ မဟုတ်မမှန်ပြော၊ မဟုတ်တမ်းတရမ်းတွေ ရေးနေကြတာကို အနှစ် (၂၀) တိုင်တိုင် ဖန်တရာတေ နောကျေပြီးသားပါ။ လူယုတ် မာ တွေရဲ့ စကားတွေ၊ စာသတင်းတွေဟာ လူလိမ္မာတွေရဲ့ နားထဲကို မထိုးဖောက်စွမ်းနိုင်ပါဘူး။

သတင်းပဲရေး၊ ဆောင်းပါးပဲရေးရေး ရေးတဲ့အကြောင်းအရာ အချက်အလက်တွေဟာ တိကျမှန်ကန်ဖို့ လိုပါ တယ်။ စေတနာဖြူစင်ဖို့နဲ့ အာဃာတ ကင်းစင်ဖို့လည်း လိုအပ်ပါတယ်။ မိမိရေးလိုက်တဲ့ စာဟာ တဖက်သား ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသလား၊ အကျိုးစီးပွား ပျက်စီးစေနိုင်သလား ရေးသူ၊ ဖော်ပြသူ၊ ခွင့်ပြုသူတို့က အပြန်ပြန်အလှန်လှန် စိစစ်သုံးသပ်ဖို့ လိုပါတယ်။ စာရေးသူ ကလောင်အမည် မပါတဲ့ စာမူကို ဖော်ပြခြင်းဟာ
စာရေးသူ၊ ဖော်ပြသူ၊ ခွင့်ပြုသူ (စာပေစိစစ်ရေး) ဤသုံးဦးမှာ အစွယ်လိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်း ဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်၊ ကြံဖော်ကြံဖက် သုံးယောက်သားအနက်မှ… ဆိုတဲ့ ဦးပုညရဲ့ ဆဒ္နဆင်မင်း ၀တ္ထုထဲကလို အဓိကတရားခံတွေကတော့ စာဖတ်သူများကသာ ဆုံးဖြတ်ပါလိမ့်မယ်။

ရှေးဦးစွာ ဆောင်းပါးရှင်ပဲဆိုဆို၊ အတင်းအဖျင်းရေးသူပဲပြောပြော၊ စာရေးသူရဲ့စာထဲက အန်အယ်လ်ဒီမှ ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက် မြှောက်ပေးမှုကြောင့် ဆန္ဒပြခြင်းသိရ…ဆိုတဲ့အပေါ်မှာ သုံးသပ်ကြည့်ရအောင်။

ယခုဆန္ဒပြသူများမှာ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ (၂၃-၉-၀၈) မလွတ်မီကတည်းက စဉ်ဆက်မပြတ် ဆန္ဒပြလှုပ်ရှားနေကြသူများဖြစ်ကြောင်း စာထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

ဥပမာ… ထွန်းထွန်းဝင်း (စမ်းချောင်းလူငယ်) မှာ (၂၀-၈-၀၇) နေ့က မဟာဗန္ဓုလပန်းခြံအနီးတွင် ဆန္ဒပြမှု ကြောင့်လည်းကောင်း၊ (၂၇-၅-၀၈) နေ့ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ ဆန္ဒပြရာတွင်လည်းကောင်း ဖမ်းဆီး ခံရပြီး ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ထက်ထက်ဦးဝေသည် (၂၂-၈-၀၇) နေ့တွင် လောင်စာဆီဈေးနှုန်းမြင့်တက်မှုကို အကြောင်းပြု၍ ချီတက်ဆန္ဒ ပြရာတွင်လည်းကောင်း၊ (၁၈-၉-၀၇) နေ့တွင် ရွှေတိဂုံဘုရားပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် ရေး ဆုတောင်းပွဲပြုလုပ်ခဲ့ရာတွင်လည်းကောင်း၊ (၂၂-၅-၀၈) နေ့တွင် သင်္ကန်းကျွန်းမြို့နယ်တွင်း ဖောက်ခွဲ ရေးပစ္စည်းများနှင့် ပတ်သက်၍လည်းကောင်း၊ (၂၇-၅-၀၈) နေ့ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြချီတက်ရာတွင်လည်းကောင်း၊ (၂၇-၉-၀၈) နေ့ အန်အယ်လ် ဒီ အဖွဲ့ချုပ် နှစ် (၂၀) ပြည့်တွင်လည်းကောင်း အကြိမ်ကြိမ်ဖမ်းဆီးခဲ့ပြီး ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

မိုးပြည့်ပြည့်ဇင်အောင် (ခ) ပြည့်ပြည့်သည် (၂၇-၅-၀၈) နေ့တွင် ထက်ထက်ဦးဝေတို့နှင့်အတူ ပါဝင်လှုပ်ရှားခဲ့ သူဖြစ်ပြီး ခံဝန်ဖြင့် ပြန်လွှတ်ပေးထားသူဖြစ်သည်။ ၎င်းလူငယ်များ၏ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှု နေ့ရက် များကို ကြည့်လျှင် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့ (၂၃-၉-၀၈) မလွတ်မီ အကျဉ်းထောင်ထဲတွင် ရှိနေစဉ်က တည်းက စဉ်ဆက်မပြတ် လှုပ်ရှားနေကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။ စာရေးသူမှာ တဖက်သားကို အပြစ်တင်လိုစိတ်၊ အာဃတစိတ် ကြီးမားမှုကြောင့် အတွေးချော်ခဲ့ရတာ ရှက်စရာကောင်းလှပါတယ်။ စေတနာမမှန်တဲ့ စာတပုဒ်ကြောင့် မိမိရဲ့ ဂုဏ်ပုဒ်၊ မိမိရဲ့ လူကြီးလူကောင်း မဆန်မှု ပျက်ပြားဆုံးရှုံးရတာကို နောင်တယူဖို့ သင့်ပါတယ်။ အထက်ပါ လူငယ်များရဲ့ အကြိမ်ကြိမ် လှုပ်ရှားမှု ရက်စွဲများကိုကြည့်ရင် ထောင်ထဲမှာ ရှိနေသော ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့၏ ၀ါဒမှိုင်းတိုက် မြှောက်ပင့်ပေးမှုကြောင့် ဆိုတာ ဟာ ဖြစ်နိုင်ပါမလား။ ဆောင်းပါးရေးသူခမြာ ပညာရှိသတိဖြစ်ခဲ သွားတယ်ထင်တယ်။ နောက်တချက်က အန်အယ်လ်ဒီအဖွဲ့ချုပ်အတွင်း ပုဏ္ဏားယုတ်ခြေထိုးတာလေးတွေ ကြည့်ကြရအောင်။

“ဦးအောင်ရွှေက စည်းရုံးရေးလုပ်ငန်းတွေကို ညွှန်ကြားချက်တွေနဲ့သာ ဆောင်ရွက်ဖို့နဲ့ ညွှန်ကြားချက် မရှိတာတွေ မလုပ်ဖို့ တားမြစ်ထားပြီးသားပါ။ အဲဒီကြားက အခုလို ဥပဒေမဲ့ လုပ်တယ်ဆိုတော့ ဘယ်သူတွေ မြှောက်ပေးနေတယ်ဆိုတာ သိသာပါတယ်” ဆိုတဲ့ လူငယ်ပါတီဝင်ဟောင်းတဦးက ပြောသလိုလိုနဲ့ လန်ကြုတ်လုပ်ကြံ ဇာတ်ခင်းရေးထားတာကိုက စီအီးစီအဟောင်းနဲ့ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေတို့အကြား စိတ်ဝမ်းကွဲအောင် ပုဏ္ဏားခြေထိုးလိုက်တာပါ။
နောက်တခုက “အန်အယ်လ်ဒီပါတီခေါင်းဆောင်ပိုင်းမှာ စည်းစနစ်နဲ့ သွားချင်တဲ့သူတွေက ၀ရုန်းသုန်းကား ပရမ်းပတာလုပ်ချင်နေတဲ့ ခေါင်းဆောင်ပိုင်းကို ထိန်းကျောင်းသင့်ပါပြီ” ဆိုတဲ့ စာကကော။ ဒါလည်း အန်အယ်လ်ဒီအဖွဲ့ချုပ်အတွင်းကို စည်းလုံးညီညွတ်မှု ပြိုကွဲအောင် သပ်လျှိုလိုက်တာပဲ။ အန်အယ်လ်ဒီကို ပြိုကွဲအောင် နအဖလက်ကိုင်တုတ် စာရေးဆရာတွေက မှိုင်းတိုက်မီးရှို့နေတာလား အဖြေက ရှင်းပါတယ်။ နောက်တချက်က သစ္စာသတင်းဂျာနယ်မျက်နှာဖုံးမှာ ထက်ထက်ဦးဝေက ငွေပေးမည်ဟု စည်းရုံးထားသော လူငယ်များမှ စတန့်ထွင်လမ်းလျှောက်မှုတခုဟုဆိုထားရာ အန်အယ်လ်ဒီလူငယ်များကို ဖွံ့/ကြံ့၊ စွမ်းအားရှင် အဖွဲ့များလို ငွေပေးခိုင်း လုပ်တတ်တဲ့ ကြေးတန်းစားများနှင့် တန်းညှိရေးထားခြင်းကိုက အောက်တန်းကျနေ ပါတယ်။

သတင်းရေးသူ၊ အတင်းအဖျင်းရေးသူဟာ မိမိကလောင်နာမည်ကိုတောင် မဖော်ပြ၀ံ့ဘဲ စာပေစိစစ်ရေးက ခွင့်ပြုချက်နဲ့ ဖော်ပြခဲ့တာဟာ စာပေ စာနယ်ဇင်းကျင့်ဝတ်ကို ခေါင်ကအစ အရှက်မရှိ ချိုးဖောက်လိုက်တာပါ ပဲ။

လူငယ်ပါတီဝင်ဟောင်းတဦးကလိုလို၊ အငြိမ်းစားကျောင်းအုပ်ဆရာကြီးကလိုလို၊ ဘတ်စ်ကားစီး ပြည်သူ အချို့ကလိုလို၊ တက္ကစီဒရိုင်ဘာတဦးက လိုလိုနဲ့ လုပ်ကြံဖန်တီးထားတဲ့ အငှားလူတွေရဲ့ စကားလုံးတွေနဲ့ ကုလားဖန်ထိုးပြီး နအဖအစိုးရအကြိုက် စစ်အာဏာရှင် ၀ါဒမှိုင်းတိုက် မြှောက်ပင့်ဖော်လံဖား လိမ်ညာရေးနေ တာတွေ အနှစ် (၂၀) ကျော်ပါပြီ။ မိမိရဲ့ အကျိုးအမြတ်အခွင့်အရေးကို မျှော်ကိုးပြီး စာကလိန် စာကကျစ် တွေ၊ စာဗရုတ်တွေ ဆက်ရေးနေကြမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ ဖြစ်လာပါလိမ့် မယ်ခင်ဗျား။



မောင်သြ
REF: ခေတ်ပြိုင်

0 comments:

အပေါ်သို့