မကြာသေးမီတစ်ညက ကျောင်းသား၊ ကျောင်းသူဟောင်း ဇနီးမောင်နှံ လာရောက်နှုတ်ဆက်ပါတယ်။ ဗိုလ်တ ထောင်ဘုရားကအပြန် ဝင်လာကြတာလို့ ပြောပါတယ်။ ထူးထူးဆန်းဆန်း ဘုရားတွေ၊ ဘာတွေသွားလို့ပါ လားလို့ပြောလိုက်တော့ တပည့်ကျောင်းသားဟောင်းက ဘုရားသွားပြီး သစ္စာဓိဋ္ဌာန်ပြုတာပါလို့ ဖြေပါတယ်။ ပြီးတော့ တစ်ဆက်တည်း ဘီယာမသောက်တော့ပါဘူးလို့ အဓိဋ္ဌာန်ပြုတာပါလို့ မလုံမလဲမျက်နှာလေးနဲ့ ပြော လိုက်ပါတယ်။
‘ဘုရားကိုလိမ်တာ ဒါနဲ့ပါဆို အကြိမ်၂ဝလောက်ရှိပြီဆရာ၊ အလကားပါ၊ သူ့အဓိဋ္ဌာန်က ဘယ်တော့မှ တစ်ပတ်ပြည့်အောင် မခံပါဘူး’
တပည့်မ ကျောင်းသူဟောင်းက တပည့်ရဲ့ ‘အိုးစရည်း’ လောက် ရှိနေပြီဖြစ်တဲ့ ဝမ်းဗိုက်ကြီးကို လက်ညိုးထိုး ရင်း ဝင်ပြောလိုက်ပါတယ်။
‘အမယ်၊ ဒီတစ်ခါ တကယ်ပါ၊ စောင့်ကြည့်နေ’
‘စောင့်ကြည့်ရင် မျက်စိညောင်းရုံ ရှိတော့မှာပေါ့။ မကြည့်ပါဘူး’
တပည့်နှစ်ယောက် အချီအချ ပြောနေကြတာကိုကြည့်ပြီး ပြုံးနေမိတယ်။ ဘာမှတော့ ဝင်မပြောဖြစ်ပါဘူး။ သူတို့အလုပ်အကိုင်အကြောင်းကိုသာ မေးလိုက်ဖြစ်တယ်။ နှစ်ယောက်လုံးက ဆရာဝန်တွေပါ။ အသက်တွေ လည်း ငယ်ကြတော့တာ မဟုတ်လေတော့ ဆုံးမစကားတွေ ဘာတွေပြောနေဖို့ မလိုတော့ပါဘူးလေ။ ပညာ တတ်တွေပဲ ဟော့ဟော့ရမ်းရမ်းတော့ ဖြစ်မှာမဟုတ်ပါဘူးလို့ စိတ်ချယုံကြည်ထားပါတယ်။ သူတို့မောင်နှံပြန်သွားကြတော့ စောစောကပြောခဲ့တဲ့ ‘သစ္စာအဓိဋ္ဌာန်’ ဆိုတဲ့အကြောင်းကို ဆက်ပြီးတွေးနေ မိတယ်။ လူတော်တော်များများမှာ ဒီ အလေ့အထ ရှိတတ်ကြပါတယ်။ နှစ် တစ်နှစ်ကုန်ဆုံးလို့ နှစ်သစ်တစ်ခု ရောက်တဲ့အခါမျိုးဖြစ်စေ၊ ကိုယ့်မွေးနေ့အချိန်အခါ ရောက်တဲ့အခါမျိုးမှာဖြစ်စေ သစ္စာဓိဋ္ဌာန်တစ်မျိုးမျိုးလုပ် လေ့ရှိကြတယ်။ အထူးသဖြင့် မြို့သား ပညာတတ်အလွှာတွေမှာ ခေတ်စားတယ်။ နှစ်သစ်ကူးပွဲတို့၊ မွေးနေ့ပွဲ တို့ ဆိုတာမျိုးကို အစဉ်အလာအားဖြင့် မြန်မာလူမျိုးများက လုပ်လေ့လုပ်ထ မရှိကြပါဘူး။ အဲဒီလိုမြို့သားတွေ လုပ်တတ်ကြတဲ့ သစ္စာအဓိဋ္ဌာန်ဆိုတာမျိုးဟာ ဘယ်လောက်ကြာကြာခံတတ်ကြသလဲ။ တစ်ပတ်လား၊ ဆယ်ရက်လား၊ တစ်လလား။ သေချာတာကတော့ အဓိဋ္ဌာန်ပြုခဲ့တဲ့အတိုင်း တစ်နှစ်ပတ်လုံး မပျက်မကွက် လိုက်နာလုပ်ဆောင်နိုင်သူ တစ်ယောက်တလေရှိဖို့တောင် မလွယ်ဘူးဆိုတာဖြစ်တယ်။ ဘာ့ ကြောင့် တစ်ယောက်တလေတောင်ရှိဖို့ ခက်တာလဲ။ ရှည်ရှည်ဝေးဝေးစဉ်း စားနေဖို့မလိုပါဘူး။ ကိုယ့်ဘာသာ ကိုယ် ပြန်ဆန်းစစ်ကြည့်ရုံနဲ့သိနိုင်ပါတယ်။ လူတိုင်းဟာ ဘယ်အခါမဆို အကောင်းဆုံးကိုသာ စဉ်းစားလေ့ရှိ တယ်။ ဖြစ်နိုင်တာနဲ့ လုပ်နိုင်တာကို စဉ်းစားလေ့မရှိပါဘူး။ ကျောင်းသားက တစ်နေ့ကို ၅ နာရီ မပျက်မကွက် နေ့တိုင်းစာကျက်မယ်လို့ အဓိဋ္ဌာန်ပြုတယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ကျောင်းချိန်၊ ကျူရှင်ချိန်နဲ့ အချိန် အများကြီး ကုန်နေရတာကြောင့် ၂ နာရီ၊ ၃ နာရီတောင် အနိုင်နိုင် ကျက်ရပါတယ်။ လခစားဝန်ထမ်းကလည်း ရရ စားစား မဖြစ်ရလေအောင် တစ်လကို ဘယ်လောက်သုံးပြီး ဘယ်လောက် စု မယ်လို့ အဓိဋ္ဌာန်ပြုခဲ့တယ်။ လက်တွေ့ကျတော့ မစုနိုင်ခဲ့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ စကတည်းက လုပ်နိုင် တာ၊ ဖြစ်နိုင်တာကို မစဉ်းစားဘဲ ကိုယ့်စိတ်ထဲ လုပ်ချင်တာ၊ ဖြစ်ချင်တာကိုသာ စဉ်းစားခဲ့တာကိုး။ ဘယ် အရာမဆို ကာလ၊ ဒေသ၊ ပယောဂအပေါ်မှီပြီး ဖြစ်ကြ၊ ပျက်ကြရပါတယ်။ ဘာလုပ်လုပ် ဒီအချက်သုံးချက်ကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။ အဓိဋ္ဌာန် ခဏခဏ ကျိုးပေါက်တာဟာ ပတ်ဝန်းကျင်ရဲ့ အထင်သေး ပြက်ရယ်ပြုမှုကို ခံရစေရုံမက ကိုယ့် ကိုယ်ကိုယ်လည်း ယုံကြည်မှုလျော့ရဲစေပါတယ်။ နောက်ပြီးတော့ ဘာမဆို ပြီးပြီးရော ပြောတတ်၊ လုပ်တတ် တဲ့ အကျင့်ဆိုးကို ရစေတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်စိတ်ချမှု မခိုင်မာတဲ့လူမျိုးကို တခြားဘယ်သူ က လာပြီး ယုံကြည်စိတ်ချတော့မှာလဲ။ ယုံကြည်စိတ်ချမှုဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုးဖြစ်တယ်။ အောင် မြင်မှုရဲ့ သော့ချက်လည်ြး ဖစ်တယ်။ တစ်ခုခုလုပ်တော့မယ်ကြံရင်၊ တစ်ခုခုဆုံးဖြတ်တော့မယ်စိတ်ကူးရင် ကိုယ့်လုပ်နိုင်စွမ်းရှိတာရဲ့အနိမ့်ဆုံးက စတင်ပါ။ ဒါမှ မပျက်မကွက် သေချာ ပေါက်လုပ်နိုင်မှာဖြစ်တယ်။ ဥပမာ- ည ၁၂ နာရီထက်ကျော်ပြီး နေနိုင် စွမ်း မရှိသူဟာ ညစဉ် ၁၂ နာရီထိ စာကျက်မယ်လို့ အဓိဋ္ဌာန်ပြုမယ့်အစား ည ၁၁ နာရီထိ စာကျက်မယ်လို့ပဲ အဓိဋ္ဌာန်ပြုသင့်တယ်။ ဒါဆိုရင် အဓိဋ္ဌာန်ပြုတဲ့အတိုင်း လုပ်ဖြစ်မှာ သေချာတယ်။ ဒီနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှု အားကောင်းစေလိမ့်မယ်။ ဘေးပတ်ဝန်းကျင်ရှိ လူများကလည်း ကိုယ့်ကို စိတ်ချယုံကြည်မှု တိုးလာစေနိုင်ပါတယ်။ မလုပ်နိုင်တဲ့အဓိဋ္ဌာန်မျိုး ဘယ်တော့မှ မချပါနဲ့။ လုပ်ရဲတဲ့သတ္တိမရှိဘဲ ဘယ်တော့မှ မခြိမ်းခြောက်ပါနဲ့။ အပြော သာရှိပြီး အလုပ်မဖြစ်တဲ့လူမျိုးကို ဘယ်သူကမှ အလေးမထားပါဘူး၊ အထင်မကြီးပါဘူး။ ‘ဆိုခဲစေ မြဲစေ’ ဆိုတဲ့စကားကို သတိချပ်သင့်တယ်။ ပြောရင် ပြောတဲ့အတိုင်းလုပ်တဲ့လူမျိုးကိုမှ လူလေးစားပါတယ်။ မလုပ် နိုင်ဘူးထင်ရင် အစကတည်းက ဘာအဓိဋ္ဌာန်မှမချပါနဲ့။ နှစ်သစ်တစ်ခါ ကူးတိုင်း၊ မွေးနေ့တစ်ကြိမ်ရောက် တိုင်း အဓိဋ္ဌာန်တွေချရမယ်လို့ ဥပဒေသတ်မှတ်ထားတာ မရှိပါဘူး။ အဓိဋ္ဌာန်ပြုတဲ့အတိုင်း မလုပ်နိုင်လို့ လူ အထင်သေး ခံ၊ ပြက်ရယ်ပြုခံရတာထက်တော့ စကတည်းကိုက ဘာအဓိဋ္ဌာန်မှမချဘဲ ပေါ့ပေါ့ပါးပါး နေလိုက် တာက ပိုကောင်းပါတယ်။ လူတိုင်းလုပ်လို့၊ ထုံးစံရှိလို့ဆိုတိုင်း လိုက်လုပ်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ၊ ကိုယ်တိုင်ဆန္ဒရှိမှ၊ အမှန်တကယ်လည်း စွမ်းဆောင်နိုင်မှလုပ်တာ အကောင်းဆုံးပါပဲ။ ခက်တာ က လူတွေဟာ သူများလုပ်သလို လိုက်လုပ်မှ ခေတ်မီတယ်လို့ ထင်နေကြတာဖြစ်တယ်။
အမှတ်စဉ် ၁၄၅ (ဇူ လိုင် လ ၂၂ ၇က်၊ ၂၀၀၈)
REF: အခွင့်အလမ်းဂျာနယ်
0 comments:
Post a Comment