နေသန်မောင်
အင်္ဂါနေ့၊ ဇန်နဝါရီလ 20 2009
ယူဂျီလို့ အတိုကောက်ခေါ်လို့ရတဲ့ (Underground) Rap သီချင်းတွေ မြန်မာပြည်က လူငယ်ထုတွေကြားမှာ ပျံ့နှံ့နေတာ သိပ်မကြာသေးပါဘူး။ ခန့်မှန်းခြေအရ ဆိုရင်တော့ (Third Generation) လို့ သူတို့ကိုယ်သူတို့ ဟစ်ပ်ဟော့ပ် (Hip hop) ဂီတရဲ့ တတိယမျိုးဆက်ဆိုသူ ဆယ်ကျော်သက်လူငယ်တွေ ပြီးခဲ့တဲ့ ၂ နှစ် အတွင်းလောက်မှာ စတင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ Hip hop ဂီတယဉ်ကျေးမှုရဲ့ ခရီးအစဟာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ လူ့အသိုင်းအဝိုင်းရဲ့ စိတ်အချဉ်ပေါက် မှု၊ တံခါးပိတ်ဝါဒကြောင့် အမြင်ကျဉ်းမြောင်းမှု၊ ခေတ်မမီတော့တဲ့ လူ့အသိုင်းအဝိုင်းအတွင်းက စံနှုန်းနဲ့ တရား မျှတမှု မရှိတဲ့ နိုင်ငံရေးနဲ့ လူနေမှုစနစ်ကြားမှာ အတော်ကလေး တိုက်ခိုက်ချေမှုန်းခံခဲ့ရပါတယ်။
ရော့ခ်သီချင်းတွေ အပြိုင်းအရိုင်း ဆူလောင်ပွက်ခဲ့တဲ့ ၁၉၉ဝ ပြည့်လွန်နှစ်တွေ အပြီးမှာ အက်ဆစ်အဖွဲ့ရဲ့ Rap သီချင်းခွေနဲ့အတူ မြန်မာပြည်က ၂၁ ရာစု ဂီတလူငယ် မျိုးဆက်တွေဟာ ဒီဂျေစက်တွေ၊ မိုက်ခရိုဖုန်းတွေ၊ ဘရိတ်ဒန့်တွေနဲ့အတူ ပေါ့ပ် Pop သီချင်းအများစု ခေတ်စားတဲ့ မြန်မာပြည်မှာ ဘွားခနဲ ပေါ်လာတာပါ၊
Hip hop မျိုးဆက်ရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ အက်ဆစ်အဖွဲ့၊ သီအိုရီအဖွဲ့တို့ဟာ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခံပြီးမှ သူတို့ရဲ့ အမာခံပရိသတ် လူငယ်အများစုရဲ့ လက်ခံမှုကြောင့် မြန်မာပြည်ရဲ့ Rap လမ်းကြောင်းက မထင် မှတ်ဘဲ တံခါးပွင့်ခဲ့ပါတယ်။ အသစ် အသစ်ထွက်လာတဲ့ သီချင်းစီးကြောင်းထဲမှာ ဆယ်ကျော်သက် မြီးကောင် ပေါက် မိန်းကလေးတွေရဲ့ အသည်းစွဲက ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဂျေမီတို့ဟာ ၂ဝဝ၃ ခုနှစ်က နေ ဒီနေ့အထိ စင်ပေါ်မှာ နေရာယူထားဆဲ၊ ပရိသတ်ကို ဖမ်းစားထားဆဲ။
ရဲလေး၊ ဂျေမီမျိုးဆက်ကို Hip hop ရဲ့ ဒုတိယမျိုးဆက်လို့ ခေါ်မယ်ဆိုရင်တော့ ဒီကနေ့ မြန်မာပြည်ရဲ့ Rapper ပေါက်စတွေဖြစ်တဲ့ ကျော်ထွဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ VIP ဟာ တတိယမျိုးဆက် ဖြစ်လာပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က Rap / Hip hop ယဉ်ကျေးမှုဟာ Revolution တခုအနေနဲ့ တွန်းကန် ရုန်းထွက်နေရလို့ပါပဲ။
ရှင်းရှင်းပြောရရင် ၁၉၈၈ ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်းမှ မွေးဖွားလာတဲ့ မြန်မာပြည်က ဒီ မျိုးဆက် သစ်ဟာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ စိတ်အချဉ်ပေါက်နေတဲ့ လူတန်းစားကြားထဲမှာ လူးလွန့်ကြီးပြင်းခဲ့ရ သူတွေပါ။ သူတို့ရဲ့အဖော်ဟာ ဂီတဖြစ်လာတယ်။ ဒီဂီတကနေတဆင့် သူတို့ရဲ့အသံတွေ ခံစားချက်တွေက တစတစ ဖော်ထုတ်ဖို့ ကြိုးစားလာကြတယ်။
လူ ၅ ယောက်ထက်ပိုပြီး (အထူးသဖြင့် လူငယ်ကျောင်းသားတွေ) စုဝေးလို့မရတဲ့ စစ်ဖိနပ်အောက်က တိုင်းပြည်မှာ ဒီလူငယ်တွေဟာ Hip hop ဂီတနဲ့ လူငယ်ထုတွေကို သောင်းနဲ့ချီပြီး စုစည်းခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ခံစားချက်တွေကို ဖလှယ်ကြတယ်။ ပိတ်လှောင်မွန်းကျပ်နေတဲ့ ခေတ်ဆိုးကြီးထဲမှာ သူတို့အတွက် အချစ်အကြောင်း၊ အသည်းကွဲတဲ့အကြောင်းတွေ၊ သူငယ်ချင်းတွေ ညီညွတ်ကြပါလို့သာ ဒီအကြောင်းတွေကို သီချင်းစပ်ဆိုခဲ့ကြတယ်။
ကိုယ်ပိုင်သံစဉ် မဖန်တီးနိုင်ဘဲ ကော်ပီသီချင်းတွေနဲ့ လူတလုံးသူတလုံးဖြစ်နေတဲ့ ရော့ခ်၊ ပေါ့ပ် သီချင်းတွေ ထက်စာရင် မြန်မာလူငယ်စစ်စစ်တွေက ကိုယ်ပိုင်ဖန်တီးတဲ့ မြန်မာဟန် Rap သီချင်းတွေက ဘယ်လိုပဲ အတားအဆီးတွေရှိရှိ စင်ပေါ်ရောက်လာခဲ့တာပါပဲ။
၎-၅ နှစ် ကလေးတွေကအစ စိုင်းစိုင်းခမ်းလှိုင်သီချင်း မဖွင့်ပြရင် ထမင်းမစားကြတဲ့အထိ Hip hop လှိုင်းလုံး က အတော်ကို ကြီးခဲ့ပါတယ်။ ပြည်ပက မြန်မာနိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ Hip hop ကို ထင်ထင် ပေါ်ပေါ်ပဲဖြစ်ဖြစ်၊ လျှို့ဝှက်ပြီးတော့ပဲဖြစ်ဖြစ် အားမပေးပါဘူး။ ဒါပေမယ့် ပြည်ပမှာရှိတဲ့ မြန်မာလူငယ်တစုက နေပြီး (Myanmar Future Generation – MFG) အဖွဲ့အဖြစ် နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ သီချင်းတွေ အယ်လ်ဘမ်တချပ်စာမက အင်တာနက်ပေါ်ကနေ လွှင့်တင်လိုက်တဲ့ ၂ဝဝ၃ ခုနှစ်ကစပြီး ဟုတ်ပြီကွဆိုကာ အားပေးခဲ့တာပါ။
MFG ရဲ့သီချင်းတွေဟာ မြန်မာပြည်မှာ Underground သီချင်းတွေအဖြစ်နဲ့ အရှိန်ပြင်းပြင်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်အစိုးရဆန့်ကျင်ရေး သီချင်းတိုင်းမှာ Hip hop ဂီတက တစတစ နေရာယူခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးထဲမှာ ရဟန်းသံဃာတော်တွေနောက်က တက်တက်ကြွကြွ အားပေးခဲ့ပြီး အပြောင်းအလဲကို တောင်းဆိုခဲ့တဲ့ လူငယ်ကျောင်းသားတွေဟာ ဒီ Hip hop မျိုးဆက်ပါပဲ။
ဆံပင်ကို အရောင်ဆိုးပြီး နားနှစ်ဖက်စလုံးမှာ နားကပ်ပန်ထားတဲ့ ဆယ်ကျော်သက် ဒီလူငယ်တွေဟာ သူတို့ ဘဝမှာ အင်မတန် စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ နိုင်ငံတော် ယုတ်မာမှုကြီးကို သူတို့မျက်လုံးတွေနဲ့ တပ်အပ် မြင်ခဲ့ကြသူတွေပါ။ သူတို့ဟာ အင်တာနက်ခေတ်က မြန်မာ့အနာဂတ် သူရဲကောင်းတွေပါ။
Generation Wave ဆိုပြီး Hip hop မျိုးဆက်က ဇေယျာသော်၊ ရန်ရန်ချန်းတို့ဟာ စစ်အစိုးရဆန့်ကျင်ရေး ဂီတလှုပ်ရှားမှုထဲမှာပါခဲ့လို့ ထောင်ချ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလူငယ်တွေရဲ့ ဂီတပုံစံကို မကြိုက်တာ နဲ့ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေ၊ ရပ်တည်ရုန်းကန်ရတဲ့ ပတ်ဝန်းကျင်ကို ဂရုမထားဘဲ သူတို့ကို လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေက မကြိုက်ကြပါဘူး။
တက်ကနိုတီးလုံးတွေနဲ့ မြန်မာသံတွေကို ရောစပ်ထားတဲ့ သားစိုးရဲ့ Rap ပုံစံကတော့ မြန်မာဟန်တွေ အတော်ကို လွှမ်းနေတာမို့ တနိုင်ငံလုံးက ကြိုက်ကြပါတယ်။ ဒါပေမယ့် Hip hop ရဲ့ အရသာစစ်စစ်ကို ခြေလှမ်းစိတ်စိတ် ရှာလာတဲ့ မျိုးဆက်သစ်တွေအတွက်ကတော့ မြန်မာပြည်ရဲ့ ဆင်ဆာယဉ်ကျေးမှုအောက် မှာ အသက်ရှူကျပ်လာတာကတော့ အမှန်ပါပဲ။
ဒီတော့ Underground သီချင်းတွေဆိုရင်း သူတို့ရဲ့ ဂီတမှတ်တိုင်တွေကို စပြီး မှတ်ကျောက်တင်ဖို့ လုံးပမ်း တာပါပဲ။ အဲဒီသီချင်းအများစုဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ စစ်အစိုးရကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့မြင်နေရတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အတွေးအခေါ်တွေ၊ ငွေရှိမှသာ အဆင်ပြေမယ်၊ ဘယ်သူသေသေ ငတေမာရမယ်ဆိုတဲ့ လှိုင်းလုံးတွေကို ဟားတိုက်ဖို့ ကြိုးပမ်းတာပါပဲ။
ဒီသီချင်းတွေရဲ့ စာသားတွေက ပြည်တွင်းက သိက္ခာတော်အင်မတန်ကြီးတဲ့ လူတန်းစားတွေအတွက်က တော့ ညစ်ညမ်းသီချင်းတွေပါပဲ။ လိင်ဆိုင်ရာသီချင်းတွေ၊ နေ့စဉ်မြင်တွေ့နေရတဲ့ လူငယ်တွေကြားက စကား လုံးတွေဟာ သီချင်းထဲရောက်တော့ အောက်တန်းစားတွေအဖြစ် သမုတ်ခံရပါတယ်။ ဒါ့ကြောင့်လည်း ဒီ သီချင်းတွေကို Underground အဖြစ် ထုတ်တာပါ။ ဒီလောက် ညစ်ပတ်တယ် ရုန့်ရင်းကြမ်းတမ်းတယ်ဆိုတဲ့ သီချင်းတွေဟာ ဘာ့ကြောင့် လူငယ်တွေကြားထဲ အင်မတန်ပျံ့နှံ့ပြီး လူကြိုက်များနေတာလဲ။
အဖြေကတော့ သူတို့ရင်ကို ထိလို့ပါပဲ၊ သူတို့ခံစားချက်ကို ရောင်ပြန်ဟပ်လို့ပါပဲ၊ VIP အဖွဲ့က ကျော်ထွဋ္ဋ်ဆွေ၊ ဂျောက်ဂျက်တို့ရဲ့ Rap သီချင်းတွေဟာ ပြည်တွင်းရော ပြည်ပမှာပါ အခုထိ ပျံ့နှံ့အောင်မြင်နေတုန်းပါပဲ။ မိုက်ရိုင်းတယ်ထင်ရင်၊ မကြိုက်ရင် နားမထောင်ရုံပါပဲ။ ဒီလို အယုတ္တအနတ္တ သီချင်းတွေ ရှိနေသင့်ရဲ့လား ဆိုပြီး ဂျာနယ် စာမျက်နှာထက်ကနေ ဆင်ဆာအဖွဲ့ လူကြီးမင်းများထံ တခုခုလုပ်ကြပါဆိုပြီး ဆော်သြပေးပါ တယ်။ ရွာဆော်လုပ်ပါတယ်။
ပြည်ပက တချို့သတင်းဌာနတွေကလည်း ဒီလေသံနောက်ကိုလိုက်ပြီး ဟုတ်တာပေါ့၊ မိုက်ရိုင်းတဲ့သီချင်းတွေ မရှိသင့်ဘူး၊ ဒီကလေးတွေ မဆိုစေနဲ့ဆိုပြီး တတ်ရောင်ကား အဆိုတော်ဆိုသူတွေကို ဗျူးကြပါတယ်။ သူ့ အရပ်နဲ့ သူ့ဇာတ်ကတော့ အံကိုကိုက်လို့။
နိုင်ငံတော်ရဲ့ တာဝန်ရှိသူများက ထုံးစံအတိုင်း ဂျောက်ဂျက်ကို ခေါ်ယူသတိပေးပြီး နောက်မလုပ်ဖို့ ဆုံးမပါ တယ်။ လွတ်လပ်မှုဆိုတာ မီးရထားသံလမ်းပေါ်မှာ အဝတ်ထွက်လှန်းတာ မဟုတ်ပေမယ့် ဒီကနေ့ မြန်မာ ပြည်က လူငယ်တွေ ရင်ဆိုင်နေရတဲ့ပုံစံနဲ့ သူတို့ရဲ့ ခံစားချက်တွေတော့ နည်းနည်းလေးဖြစ်ဖြစ် နားလည်ပေး သင့်ပါတယ်။
သူတို့ဟာ တချိန်လုံးကြီးတော့ သတင်းဂျာနယ်တွေက ပြောသလို ညစ်ညမ်းသီချင်းတွေချည်းပဲ ဆိုနေကြမှာ မဟုတ်ပါဘူး။ ကိုယ်မကြိုက်တာနဲ့ လူငယ်တွေရဲ့ ခပ်ကျဉ်းကျဉ်းလေးပဲရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ခြိမ်းခြောက်မှု တွေ၊ အကြောက်တရားတွေနဲ့ လိုက်ဖုံးအုပ်ဖို့ ကြိုးစားနေတာက အင်မတန် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါပဲ။
စစ်ဖိနပ်အောက်မှာ အားလုံးကို ပြားပြားဝပ်နေအောင် ထောင့်စေ့နေအောင် ဖိနှိပ်နေတဲ့ကြားက အဖိနှိပ်ခံရသူ အချင်းချင်းကိုတောင် အတို့အထောင်လုပ်ပြီး တမူး၊ တပဲသာရှိတဲ့ လွတ်လပ်ခွင့်တွေ လိုက်ပြီး ပိတ်ဆို့ဖို့ စဉ်းစားနေတဲ့ အတွေးအခေါ်ဟာ နေပြည်တော်ကပြောတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့တော့ ထိုက်တန်ပါလိမ့်မယ်။
Revolution တခုဟာ ဘယ်နေရာမှာမဆို ပေါ်လာတတ်ပါတယ်။ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဂီတ၊ အနု ပညာ စတဲ့ အလွှာအသီးသီးမှာ တချိန်မဟုတ် တချိန်တော့ ပေါ်တတ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာ နဲ့အမျှ Evolution ဖြစ်ပေါ်လာပြီး သမိုင်းရဲ့တိုးတက်မှုကို သရုပ်ခွဲရတာပါ။ ကိုယ်မကြိုက်တာနဲ့ ပိတ်လိုက်ဟ၊ တားလိုက်ဟ၊ ဒါမျိုးတော့ လက်ခံလို့မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ရှိတဲ့ လူတွေဟာ ဒီမိုကရေစီရဲ့ တန်ဖိုးတွေ နဲ့ ဖြောင့်ဖြောင့်ကြီး သွားနေတာဆိုတာ သတိချပ်သင့်ပါတယ်။
Underground သီချင်းတွေ ထွက်လာတာကို မကြိုက်လို့ အတို့အထောင်လုပ် သတင်းရေးလိုက်ပေမယ့် ဒီလို သီချင်းမျိုးကို ဖန်တီးသူ၊ ကြိုက်သူ လူငယ်တွေရဲ့ ခြေလှမ်းတွေကို သင်းသပ်သလို မလုပ်သင့်ပါဘူး။ ဒီ လောက်ကလေးတောင် ခေတ်အတွေးအခေါ်နဲ့ အမြင်ကျယ်မှုမရှိဘဲ သတင်းတွေနဲ့ လူသတ်နေကြပါတယ်။ အနာဂတ်မြန်မာပြည်မှာ နောင် အနှစ် ၂ဝ ကျရင် ပေါ်ထွက်လာမယ့် မျိုးဆက်ဟာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ကလို ပဲ ခိုင်းတာလုပ်၊ ခေါ်ရင်လာ၊ ခံမပြောတဲ့ ခပ်နုံနုံ ခပ်အအ မျိုးဆက်တွေကို ဒီနေ့ဖန်တီးနေကြတယ်။
ပကတိအမှန်တရားရဲ့ ရက်စက်မှုကို မသတီဘူးဆိုရင် မြန်မာပြည်က လူငယ်တွေဟာ အကြောက်တရားရဲ့ ထောင်ထဲမှာ သူတို့ထက် အဆတရာမက အကြောက်ကြီးတဲ့ လူကြီးတွေနဲ့ ဝမ်းနည်းစရာ နေထိုင်ကြရဦးမှာ ပါ။ ညစ်ညမ်းသီချင်းတွေပါကွာ၊ အဆင့်မရှိဘူးဆိုရင်လည်း ''ရွှေမှုန်ကြဲတဲ့ ဖဲမွေ့ရာပေါ်ဝယ် ချစ်တလင်းဖော် မယ်'' ဆိုတဲ့ စည်းကမ်းပြည့်ဝပြီး နားခံသာတဲ့ သီချင်းများသာဆိုပြီး တိုင်းပြည်ကို ခင်ဗျားတို့ပဲ ချစ်ကြပါတော့။ ။
နေသန်မောင်
(နေသန်မောင်သည် ယခင်က သတင်းအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး၊ ယခုအခါ အမေရိကန် ပြည်ထောင်စု မြောက်ကာရိုလိုင်းနား တက္ကသိုလ်တွင် ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်ရေးနှင့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်များ သင်ယူနေသူ နောက်ဆုံးနှစ် ကျောင်းသားတဦးဖြစ်သည်။)
REF: မဇ္ဈိမ
0 comments:
Post a Comment