Monday, 19 January 2009
ကျနော် မနေ့က ပြန်ရောက်ပါတယ်။ ရောက်ရောက်ချင်း အီးမေးလ် ပို့မလို့ပါဘဲ။ ကိုယ်တွေ လက်တွေ နာနေ တာနဲ့ ဆေးသောက်ပြီး နားနေရတယ်။ လမ်းက တော်တော် ဆိုးသေးတာကိုး။ အိုင်အန်ဂျီအို အဖွဲ့တွေနဲ့လိုက်ရင်တော့ရတယ်။ ဒါပေမယ့် သိတဲ့အတိုင်းပဲ သတင်းသမားဆိုတာက တွေ့တဲ့ မြင်တဲ့အတိုင်းရေးတော့ သူတို့လိမ်နေတာတွေ ၊ ဖိမ့်ထားတာတွေ ပေါ်သွားမှာစိုးလို့ထင်ပါရဲ့ ဘယ် အိုင်အန် ဂျီအိုအဖွဲ့ကမှ မခေါ်ချင်ကြဘူး။ သူတို့ကတော့ လပွတ္တာမြို့ပေါ်မှာ အစစ်အဆေးမရှိ သွားလာလို့ရတယ်။ အက်စ်ဘီ (ရဲ အထူးသတင်းတပ်ဖွဲ့) က အစ သူတို့ကိုအရေးပေးတယ်လေ။ သူတို့နဲ့ညနေတိုင်း အရက် သောက်ပြီး ကာရာအိုကေ ဆိုလို့ရတာကိုး။
တွေ့တာ မြင်တာတွေကတော့ အများကြီးပဲ။ အတွေ့အကြုံသစ်တွေလည်း ရတယ်။ တခါသွား တမျိုး မရိုး။ ကျနော်က မြောင်းမြထိကို ရန်ကုန်ကနေ အဝေးပြေးကားစီးသွားတယ်၊ မြောင်းမြကနေ လပွတ္တာထိကို ဆိုင်ကယ်တက္ကစီ စီးသွားတယ်။ လပွတ္တာကနေ ရွာတွေကို စက်လှေထပ်စီးသွားရတယ်။
အဲဒီမှာ ရန်ကုန်ကနေ မြောင်းမြအထိ လမ်းတလျှောက်လုံး ပြဿနာမရှိပေမယ့် မြောင်းမြအ၀င်မှာ လမ်းခွဲ ဂိတ် ရှိတယ်။ အဲဒီဂိတ်က ပုသိမ်ကနေ ငွေဆောင် ချောင်းသာသွားရင် တဘက်လမ်းကနေ သွားရသလို၊ မြောင်းမြ လပွတ္တာသွားမယ်ဆိုရင် ဒီဘက်လမ်းကနေသွားရမယ်ဆိုတဲ့ လမ်းခွဲပဲ။ ချောင်းသာ၊ငွေဆောင်ဘက် သွားမယ့် လမ်းပေါ်မှာရှိတဲ့ကားတွေကို မစစ်ဘူး။ ဒီဘက်က မြောင်းမြသွားမယ့်ကားတိုင်းကို စစ်တယ်။
ကားပေါ်မှာ နိုင်ငံခြားသား ပါလာသလားဆိုတာကို အရင်စစ်တယ်။ ပါလာတယ်ဆိုရင် အဲဒီနေရာကနေ လှည့်ပြန်ခိုင်းတယ်။ တချို့ နိုင်ငံခြားသားတွေက ပုဆိုးဝတ်ပြီး လာတယ်။ ဒါပေမယ့် သူတို့က ဗမာစကား လေးငါးခွန်း မေးတယ်။ အဲဒီမှာ နိုင်ငံခြားသားမှန်းပေါ်တာပဲ။ ဒါဆို အဲဒီကနေ ချက်ခြင်းလှည့်ပြန်ရတာ ပဲ။ပြီးတော့ အဲဒီ နိုင်ငံခြားသားကို ခေါ်လာတဲ့သူကို ပြဿနာရှာတော့တာပဲတဲ့။
အဲဒီဂိတ်က လပွတ္တာထဲကို လွယ်လွယ်ကူကူ ၀င်လို့မရအောင် ချထားတဲ့ဂိတ်ပဲ။ အဲဒီဂိတ်မှာ မှတ်ပုံတင်ပြရ တယ်။ လူနဲ့ မှတ်ပုံတင်နဲ့ တိုက်စစ်တယ်။ နယ်ခံရုပ်မပေါက်တဲ့သူကို ဘာအလုပ်လုပ်လဲ မေးတယ်။ ဘာဖြစ် လို့ လပွတ္တာကို သွားမလဲမေးတယ်။ သတင်းထောက်ဆိုရင် အဲဒီဂိတ်ကနေ နောက်ကြောင်း လှည့်ပြန်ရတယ် တဲ့။
လွန်ခဲ့တဲ့ ခြောက်လပြည့်တုန်းက ဖလားဝါးနယူးစ်ဂျာနယ်က သတင်းထောက် တယောက်သွားတာ အဲဒီဂိတ် ကနေ နောက်ကြောင်းပြန်လှည့်ရတယ်လို့ သူတို့ အယ်ဒီတာကပြောတယ်။ လပွတ္တာကိုသွားချင်တဲ့ သတင်း သမားတွေအဖို့ အဲဒီဂိတ်ကို ဘယ်လိုနည်းနဲ့ ဖြတ်မလဲဆိုတာ ထည့်စဉ်းစားဖို့လိုတယ်။
အဲဒီဂိတ်ကို ဖြတ်ရင်တော့ အိုင်အန်ဂျီအိုက ကားတွေနဲ့ ဖြတ်ရင် အစစ်ဆေးမရှိဘူး။ ဒီအတိုင်း လိုင်းကားနဲ့ သွားတယ်ဆိုရင်တော့ ထောက်ခံစာပြရတယ်။ ထောက်ခံစာပါမလာရင် အဲဒီဂိတ်ကနေ ပြန်ရတယ်။ အဲဒီဂိတ် မှာ စစ်ဆေးတာ တခါတရံမှာ ၄၅ မိနစ်လောက် ကြာတတ်တယ်တဲ့။
အဲဒီဂိတ်လွန်လို့ မြောင်းမြရောက်သွားပြီဆိုရင် လပွတ္တာကိုသွားဖို့ ပထမအဆင့်အောင်မြင်သွားပြီလို့ ပြောလို့ ရတယ်။ ဒါပေမယ့် လပွတ္တာမြို့ထဲမှာ ရဲတွေ၊ ထောက်လှမ်းရေးတွေနဲ့ အင်ဖော်မာတွေကလည်း ခြေချင်းလိမ် နေကြတော့ လပွတ္တာကနေ မုန်တိုင်း ထိထားတဲ့ရွာတွေဆီကို ဘယ်လိုနည်းနဲ့ဝင်မလဲဆိုတာလည်း ထပ် စဉ်းစားရတယ်။
မြောင်းမြကနေ လပွတ္တာကို ကားစီးသွားရင် ၄ နာရီခွဲလောက် စီးရတယ်။ ဆိုင်ကယ်နဲ့ဆိုရင်၂ နာရီခွဲလောက် စီးရတယ်။ ကားစီးသွားရင် လမ်းမှာဂိတ်တွေကို မှတ်ပုံတင်ထပ်ပြနေရတော့ ကျနော်က ဆိုင်ကယ်တက္ကစီ စီးဖို့ စဉ်းစားတယ်။ စရိတ်ကတော့ ပိုကြီးတယ်။ ဆိုင်ကယ်တက္ကစ်ီက တယောက်ကို ကျပ် ၁ သောင်း ၂ ထောင် ပေးရတယ်။ ကားခကတော့ ခေါင်းခန်းကစီးရင် ၄ ထောင်၊ နောက်ခန်းကစီးရင် ၂ ထောင်ပဲ ဈေး သက်သာသလို လမ်းကြမ်းပြီး ဖုန်ထူတော့ နောက်ခန်းခ စီးတဲ့သူတွေက ဖုန်တွေလူးပြီး မျောက်ရုပ်ပေါက်ကြ တာပဲ။
ဆိုင်ကယ်လည်း အဲဒီလိုပါပဲ။လမ်းတွေက ချိုင့်တွေနဲ့ ပြည့်နေတော့ ဖင်နဲ့ ခုံနဲ့ ထိတယ်ကို မရှိတော့ဘူး။ တလမ်းလုံး မြောက်တက်နေတာပဲ တော်တော်အီတယ်။ ဒါပေမယ့် လပွတ္တာကိုဝင်တဲ့ ရန်ကုန်က လူ တော် တော်များများက ဆိုင်ကယ်ပဲစီးကြတာလို့ သိရတယ်။ ဆိုင်ကယ်က ပိုပင်ပန်းပေမယ့် အစစ်အဆေးမရှိဘူး။ အချိန်တိုတယ်လေ။
ဒါပေမယ့် တခု သံသယရှိစရာရှိတယ်။ လမ်းတလျှောက်လုံး တက္ကစီသမားက ကျနော့်ကိုမေးတယ်။ ဘာ အလုပ်လုပ်လဲ၊ လပွတ္တာ ဘယ်နေရာကိုသွားမှာလဲ၊ ဘာလုပ်ဖို့လဲ အဲဒီလိုပဲ အစ်နေတာ အဲဒီလောက် မေးနေ တော့ သူ့အပေါ်မှာ သံသယရှိလာတယ်။ သူ့အကြောင်းကိုပြန်မေးကြည့်တော့ ငတိက လည်တယ်။ အပေါ်ယံ လောက်ပဲပြောတယ်။ သူ့ဆီကပဲ မေးခွန်းတွေ ဆက်တိုက်လာတယ်။ လပွတ္တာရောက်မှ မြို့ခံတချို့ကို မေးကြည့်တော့ ကျနော်စီးလာတဲ့ဆိုင်ကယ်က ကြံ့ဖွံ့ဆိုင်ကယ်မှန်းသိရတယ်။
အစိုးရက ဆိုင်ကယ်တက္ကစီ အဖွဲ့ထဲမှာ ကြံ့ဖွံ့တွေကို ဆိုင်ကယ်တက္ကစီ ဆွဲခိုင်းထားတယ်။ ပြောရရင်တော့ အင်ဖော်မာပေါ့။ သူတို့ကို ဆိုင်ကယ်တွေကို အကြွေးနဲ့ရောင်းပေးထားတယ်။ တနေ့ဘယ်လောက်သွင်းရ မယ်၊ လပွတ္တာနယ်ထဲကို ဘယ်သူတွေဝင်တယ်ဆိုတာ သိအောင်လုပ်ပေးထားတာလို့ နယ်ခံတွေက ပြောပြ ကြတယ်။ ဖြစ်ချင်တော့ ကျနော်ကလည်း အဲဒီဆိုင်ကယ်ကို သွားငှားမိလျက်သား ဖြစ်နေတယ်လေ။
လမ်းမှာ စိတ်ဝင်စားစရာကောင်းတာက လေဘေးဒုက္ခသည် စခန်း၂ ခု အခုချိန်ထိရှိနေသေးတယ်ဆိုတာကို တွေ့ရတာပဲ။ အဲဒီမှာ လပွတ္တာမရောက်ခင် ၁၀ မိုင်အလိုမှာ ကြာကန်ဆိုတဲ့ စခန်းရှိတယ်၊ အဲဒီရွာမှာ ဒုက္ခ သည် ၂၅၀ လောက်ရှိသေးတယ်။ နောက် ၇ မိုင်အလိုမှာလည်း ပိန္နဲတောဆိုတဲ့စခန်းရှိတယ်။ အဲဒီမှာလည်း လူ ၃၀၀ လောက် ရှိသေးတယ်။ လမ်းမပေါ်ကနေ လှမ်းကြည့်ရင် တာပေါ်လင်အမိုးပြာတွေနဲ့ မိုးထားတဲ့ တဲအိမ်လေးတွေကို မြင်နေရတယ်။ မြို့နဲ့လှမ်းပြီး လမ်းမပေါ်ကနေ တော်တော်လေးဝင်ရမယ်။ အဲဒီစခန်းတွေ ကို အစိုးရကဘယ်သူမှ ပေးမ၀င်ဘူး။ အိုင်အန်ဂျီအိုတွေက လှူချင်ရင် မြို့ပေါ်မှာဖွင့်ထားတဲ့ အလှူလက်ခံတဲ့ နေရာမှာပဲ လှူရတယ်။
ကျနော် စုံစမ်းလို့ရသလောက်သိရတာကတော့ အဲဒီထဲက ဒုက္ခသည်တွေက ဗမာတွေများတယ်။ စစ်တပ်က ကျွေးထားပြီး ခိုင်းနေတယ်။ ပစ္စည်းသယ်ခိုင်းတယ်။ လမ်းဖောက်တဲ့အခါမှာ ခိုင်းနေတယ်။ ဒါပေမယ့် အလုပ် မရှိတဲ့အခါ မကျွေးလို့ စခန်းကလူတချို့ ဘေးနားကရွာတွေမှာ သွားတောင်းစားရတယ်လို့လည်းကြားရတယ်။
အရင်က ရွာသားတွေကို လမ်းဖောက်တဲ့နေရာမှာ၊ ပစ္စည်းသယ်တဲ့နေရာတွေမှာခိုင်းပေမယ့် ကျနော်တို့ သတင်းတက်သွားပြီးတဲ့နောက်မှာ ရွာသားတွေကိုမခိုင်းတော့ဘူးတဲ့။ ပြီးတော့ မီဒီယာတွေကိုပြောတဲ့ကောင် တွေ သတ်ပစ်မယ်လို့လည်း ကြိမ်းထားတယ်။ အခုရွာသားတွေက ဘယ်သူမေးမေး လုပ်အားပေးနဲ့ပတ်သက် ပြီး ဘာမှမပြောရဲဘူးလို့ပဲ ဖြေကြတယ်။ နောက် လပွတ္တာမြို့ထဲအ၀င်မှာ အက်စ်ဘီက စစ်တယ်။ အဲဒီမှာ လပွတ္တာကို ညရောက်တော့ ထမင်းစားပြီး ပင်လယ်ထဲကို ညတွင်းချင်းထွက်ခဲ့ကြတယ်။ မုန်တိုင်းထိထားတဲ့ ရွာတွေကိုရောက်ဖို့အတွက် လပွတ္တာဆိပ်ကမ်းကနေ ၄ နာရီကြာအောင် မောင်းရတယ်။ အရင်ဆုံး ရွေးမြစ်ကို ဖြတ်ရတယ်၊ ပြီးတော့ပင်လယ်၊ ပြီးတော့ ပြန်မလော့မြစ်ပေါ့။ အဲဒီမှာ တော်တော်အေးတယ်။ ကျနော်လည်း အေးလွန်းတော့ ၀တ်ထားတဲ့ အနွေးထည်အပြင် ကျောပိုးအိတ်ထဲမှာထည့်လာတဲ့ အနွေးထည်တွေရော၊ ဦးထုပ်တွေရော မာဖလာတွေရော အကုန်လုံးထုတ်ဝတ်ရတော့တယ်။ ဂျင်းဘောင်းဘီဆိုရင်လည်း ၂ ထပ် ထပ်ဝတ်ရတယ်။ အမှန်တော့ ပင်လယ်ဆိုတာ နွေးရမှာ။ ဒါပေမယ့် အခု အတော့်ကို အေးတာ။ အေးလွန်း တော့ အရိုးအဆစ်တွေထုံပြီး ကိုက်လာတယ်။ အဲဒီမှာ ရွာသားတွေရဲ့ ပြောပြချက်အရဆိုရင် နာဂစ်မတိုင်ခင် တုန်းက ဒီလောက်မအေးဘူး။ ပင်လယ်ကလည်း နွေးတယ်တဲ့။ ခုလို နာဂစ်ဖြစ်ပြီးမှ အရမ်းအေးလာတာ။ သစ်ပင်တွေလည်းမရှိတော့ လေကလည်းတိုက်၊ အေးကလည်းအေးနဲ့ပဲ။
အဲဒီလို အေးပုံအေးနည်းမျိုး နားလည်အောင် ဘယ်လိုပြောရမလဲ မသိဘူး။ အေးလွန်းတော့ ရွာမြန်မြန် ရောက်ပါစေလို့ ဆုတောင်းရတယ်။ ဒါပေမယ့် ကံမကောင်းဘူး။ ရွာကို မနက် ၅ နာရီမှပဲ ရောက်တယ်။
ကျနော်တို့အဖွဲ့ စက်လှေနဲ့ ည ၁၀ နာရီမှာ ထွက်လာပေမယ့် လမ်းမှာ ပန်ကာကျိုးသွားတဲ့ စက်လှေတစင်း ကို တွေ့လို့ ကူပြီးခေါ်လာပေးရတော့ မနက် ၅ နာရီမှ ကရင်ရွာတရွာကို ရောက်တယ်။ အဲဒီရွာမှာ တပ်မ ၆၆ ရှိတယ်။
အဲဒီရွာမှာ အန်ဂျီအို အဖွဲ့တွေကတူးပေးနေတဲ့ ရေတွင်း သုံးတွင်းရှိတယ်။ ဒါပေမယ့် အဲဒီက ထွက်တဲ့ရေက သောက်ဖို့ လုံးဝမသင့်လျော်ဘူး။ ရေကနောက်နေတဲ့အပြင် ရေထဲကို လက်ဖက်ခြောက် ခတ်လိုက်တဲ့အခါ ရေကမည်းပြီးတက်လာတယ်။ ဘာဖြစ်လို့ မည်းပြီးတက်လာတာလဲဆိုတာကို ပညာရှင်တွေရဲ့အကူအညီနဲ့ အဖြေထုတ်ဖို့ လိုတယ်။ ရွာသားတွေကပြောတော့ နာဂစ်ကြောင့် ရေတွေခုလို ဖြစ်ကုန်တာတဲ့၊ အရင်က ရေက ဒီလောက်မဆိုးဘူးတဲ့။ အခုလောလောဆယ်မှာတော့သူတို့ ခံထားတဲ့ မိုးရေတွေကို သောက်ကြတယ်။ သူတို့မှာ လက်ကျန်မိုးရေတွေရှိပေမယ့် ဒီလကုန်ရင် မိုးရေကုန်ပြီ။ သောက်ရေကိစ္စ ပြဿနာဖြစ်နေပြီ။
အဲဒီသောက ရေပြဿနာက ရွာတိုင်းကြုံနေရတာပဲ။ ကျနော် သိပံ္ပကုန်းကြီးကနေ ဆားချက်၊ ပိတောက်ကုန်း၊ သပြေချိုင်၊ ရေတွင်းကုန်း၊ အမတ်ကလေး၊ ၀ဲဒေါက် အဲဒီရွာကြီးတွေကို ရောက်ခဲ့တယ်။ ရေပြဿနာရှိတယ်။ နာဂစ်မတိုင်ခင်တုန်းက ရေကန်တွေက နာဂစ်ကြောင့် ပျက်စီးသွားတယ်။ တချို့ကန်တွေက ရေငန်တွေကို စုပ်ထုတ်ပြီးဖြစ်ပေမယ့် ခုချိန်ထိ ပြန်သုံးလို့မရသေးတဲ့ အခြေအနေဖြစ်နေသေးတယ်။
တချို့တော့ အဲဒီ မကောင်းတဲ့ရေကိုပဲ သုံးရေအဖြစ် သုံးနေကြရပြီ။ သူတို့မှာရွေးချယ်စရာမှ မရှိတာလေ။
သူတို့ ကြုံနေရတဲ့ အခက်အခဲတွေကို အကူအညီပေးမယ့်လူတွေ သိဖို့လိုတယ်။ ရေကိစ္စက မြန်မြန်ဖြေရှင်း ပေးဖို့ အရေးကြီးနေပြီ။ ပြည်တွင်းက အဖွဲ့အစည်းတချို့က ရေတွင်းတွေ လိုက်တူးပေးနေပေမယ့် လိုအပ်နေ တဲ့ပမာဏက သိပ်ကြီးနေတော့ အားလုံးက၀ိုင်းကူမှဖြစ်မယ့် အနေအထားတွေဖြစ်နေတယ်။
နောက် ကျနော် ရောက်ခဲ့တဲ့ ပိတောက်ကုန်းနဲ့ ၀ဲဒေါက်ကတော့ သရဲခြောက်တဲ့ရွာလို့ နာမည်ကြီးတယ်။ အဲဒီ ရွာမှာ အရင်က လူ ၅၀၀ ကျော်လောက်ရှိတာ။ အခု လူ ၁၀၀ ၀န်းကျင်လောက်ပဲ ကျန်တော့တယ်။ ၇၅ ရာနှုန်းလောက် သေကုန်ကျတယ်လို့ ပြောကြတယ်။
ပိတောက်ကုန်းကိုဆိုရင် တခြားအနီးအနားက ရွာတွေက ဘယ်သူမှ အဲဒီရွာကို မသွားရဲကြဘူး။ သရဲခြောက် လွန်းလို့တဲ့၊ ခရစ္စမတ်နေ့တုန်းက ဆိုရင် အဲဒီရွာက ဘုရားကျောင်းအပျက်မှာ ခေါင်းလောင်းထိုးသံတွေ ညံနေ တာ တညလုံးပဲတဲ့။ အနားက ရွာတွေကတောင် ကြားရတယ်။ နောက်ပြီး အဲဒီနားမှာ လူသံတွေ လျှောက်သွားနေတဲ့အသံတွေ စကားသံတွေကြားရတာကတော့ ညတိုင်းပဲလို့ပြောကြတယ်။ အဲဒီ ရွာမှာ နေတဲ့ သူတွေကတော့ သူတို့အမျိုးတွေ သူတို့ကိုလာလာနှုတ်ဆက်တာပဲ၊ သူတို့ကတော့ မကြောက်ဘူးလို့ ပြောကြတယ်။
ကျနော် ရောက်ခဲ့တဲ့ရွာတွေမှာ အိုင်အန်ဂျီအိုအဖွဲ့တွေက အလုပ်လုပ်ဖို့ ပိုက်ဆံချေးပေးကြလို့ အိမ်ဆိုင်တွေ ဘာတွေဖွင့်ပြီး အရောင်းအ၀ယ်တော့ စနေတာ တွေ့ရတယ်။
နောက်တခုကတော့ ရွာတိုင်းလိုလိုမှာ အရက်ဆိုင်တွေရှိနေပြီး ညနေဆိုရင်ယောက်ျားတွေက အရက် သောက်ပြီး ငိုငိုနေတဲ့ ကိစ္စပဲ။ အရက်သောက်ပြီး နာဂစ်တုန်းက အကြောင်းတွေပြောပြီး ငိုကြ ရယ်ကြနဲ့၊ ရွာမှာ ရှိတဲ့လူတွေရဲ့ ၈၀ ရာခိုင်နှုန်းက အရက်သမားတွေ ဖြစ်ကုန်တာတွေ့ရတယ်။ သူတို့ အပြောကတော့ သူတို့ ဆုံးရှုံးသွားတဲ့ မိသားစုတွေကို ဘယ်လိုမှ မေ့မရဘူး၊ အရက်မသောက်ဘဲနဲ့ မအိပ်နိုင်ဘူးတဲ့။ အရက်ကို တမူးသောက်ကြတာပဲ။ နေ့ခင်းမှာတော့ အလုပ်တွေသိမ်းကြုံးလုပ်ပြီး နေတယ်တဲ့။
ညနေစောင်းလို့ အလုပ်သိမ်းပြီဆိုတာနဲ့ အရက်ဆိုင်ဝင် အရက်ဝယ်ပြီး ပြန်ကြတယ်လေ။ သူတို့ အရက်ဖိုး ပေးတာကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ သူတို့ရလာတဲ့ ငါးတွေ၊ ပုစွန်တွေကို အရက်ဖိုးအနေနဲ့ ပေး တယ်။ တချို့ကလည်း ခွဲတမ်းရတဲ့ဆန်ကို ပေးတယ်လေ။ အရက်ဆိုင်တွေကတော့ အလုပ်အဖြစ်ဆုံးပဲ၊ တချို့မိန်းမတွေကလည်း အရက်ဝင်သောက်ကြတာ တွေ့ရတယ်။ အခုချိန်ထိ အဲဒီနာဂစ်ဖြစ်တဲ့ ညက အကြောင်းတွေကိုပြောရင်ချုံးပွဲချငိုတဲ့သူတွေ ရှိနေသေးတယ်။
ပြီးတော့ အစားအသောက်ကလည်း တိရိစ္ဆာန်သာသာလောက်ပဲ စားရသောက်ရတာပဲ။ ယူအန်အဖွဲ့တွေက ၁ ယောက်ကို တလကို ဆန် ၅ ပြည် ပေးတယ်။ အဲဒီ ၅ ပြည်နဲ့ လောက်အောင် စားကြတယ်။ ဟင်းကတော့ သိတဲ့အတိုင်းပဲ ငါး၊ ပုစွန်၊ ကဏန်းပဲပေါ့။ ကြက်သားဆိုတာ မစားရတာ ၈ လရှိပြီတဲ့ ။ ၀က်သားကတော့ ရွာထဲမှာပေါ်ရင် တရွာလုံး မျှစားကြတယ်။ အခု သူတို့ရွာတွေမှာ ဘုံစနစ်ကိုပဲ သုံးနေကြတယ်။ အခုလို ချမ်း တဲ့ကာလမှာ စောင်မရှိတဲ့သူက ရှိတဲ့သူနဲ့ မျှခြုံရတယ်။ အနွေးထည်ကိုလည်း မျှဝတ်ကြတယ်။ အဲဒီလိုပဲ အစ စ အရာရာမှာ ဘုံစနစ်ပေါ့။ လူစင်စစ်ကနေ တိရိစ္ဆာန်စနစ်ကို ရောက်သွားရတဲ့သဘောလို့ပဲ ကျနော် ခံစား လာရတယ်။
အထူးသဖြင့် ကလေးတွေရဲ့ အခြေအနေနဲ့ အနာဂတ်ကို တွေးမကြည့်ရဲဘူး။ ကျောင်းရှိပေမယ့် ကျောင်းပြန် တက်တဲ့ကလေးက သုံးပုံ ၁ ပုံပဲရှိတယ်။ ကျန်တဲ့ကလေးတွေက ငါးရှာ၊ ဖားရှာတယ်။ ပြီးရင် အရက်သောက် လာတယ်။ သူတို့ရှေ့က လူကြီးတွေလုပ်တဲ့အတိုင်း လိုက်လုပ်ကြတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး ကလေးတွေကို ပင်လယ်ထွက်ပြီး ငါးဖမ်းတဲ့အခါ ခေါ်သွားတဲ့ အလုပ်ရှင်တွေ ရှိလာတာတွေ့ရတယ်။ ကလေးဆိုတော့ လုပ်အားခက တရက် ကို ကျပ် ၃၀၀ နဲ့ စားဖို့ ငါးအနည်းအပါးပေးရတယ်။ လူကြီး တယောက်ကို ပင်လယ်ခေါ်ရင် တရက်ကို ၃၀၀၀ ပေးရတယ်။ ငါးမျှပေးရတယ်။ အရက်တိုက်ရတယ်လေ။
နောက်ပြီး ကလေးက ခိုင်းသမျှ အကုန်လုပ်ပေးတယ်။ အန္တရာယ်များတယ် မများတယ် မသိဘူး။ အလုပ်ရှင် ခိုင်းတာ မှန်သမျှ လုပ်ပေးကြတယ်ဆိုတော့ အလုပ်ရှင်တွေက လူကြီးတွေကို မခေါ်တော့ဘူး။ ရှစ်နှစ်အရွယ် လောက်ဆိုရင်ပဲ သူတို့ခိုင်းလို့ရနေပြီဆိုပြီး ကလေးတွေကို အလုပ်သမားတွေအဖြစ် ခေါ်သုံးနေကြတယ်။
နောက်တခုကတော့ တပ်တွေက ရွာထဲက မိဘမဲ့ကလေးတွေကို စစ်သားအနေနဲ့ စုဆောင်းနေတဲ့ ကိစ္စပဲ။ ကရင်အဖွဲ့က ကလေး ၂ ယောက်ပါသွားလို့ လပွတ္တာက အက်စီဘီကို ပြောပြီး ပြန်တောင်းတာ ကရင်လေး ၂ ယောက်တော့ ပြန်ရလာတယ်။ သူတို့နဲ့ အတူပါသွားတဲ့ ဗမာ ၃ ယောက်ကတော့ ပြန်မရဘူးလို့ သိရတယ်။
နောက် တောင်သူတွေ၊ ရေလုပ်သားတွေ အဆင်မပြေသေးတဲ့ အခြေအနေ။ စပါးစိုက်ထားတာက လေးပုံ ၁ ပုံ လောက်ပဲ အောင်ကြတယ်။ အဲဒါကလည်း အကြွေးပြန်ဆပ်ရမှာနဲ့ နောက်လာမယ့် ရာသီအတွက် မျိုးစပါး အတွက်တောင် အဆင်မပြေကြဘူး။ သူတို့က လယ်တွေအတွက် ကျွဲတွေ၊ နွားတွေ လိုတယ်လို့ပြောတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ကျွဲတွေ၊ နွားတွေလှူကြတယ်လို့ ပြောပေမယ့် သူတို့ တကောင်မှ မရကြဘူးတဲ့။
လယ်ထွန်စက်ချပေးတာလည်း တရွာကို ၁ စက်၊ ၂ စက်လောက်ချပေးတာဆိုတော့ လယ်သမားတွေက လယ်ထွန်ဖို့အတွက် အလှည့်ရောက်အောင်စောင့်ရတာနဲ့ စက်ချပေးတဲ့အချိန် နောက်ကျတာနဲ့ အဆင်မပြေ ကြဘူး။ အခုတော့ အဲဒီစက်တွေကိုလည်း သက်ဆိုင်ရာက ပြန်သိမ်းသွားတယ်လို့ ပြောတယ်။ သူတို့ကို ခဏ လာပြတဲ့သဘောပဲ ရှိတယ်တဲ့လေ။ ရွာသားတိုင်းမှာ အကြွေးရှိကြတယ်။ ဘယ်သူမှလည်း ပြန်ဆပ်နိုင်မယ့် အခြေအနေမရှိကြဘူး။
သူတို့တွေကတော့ ဘာကိုမှ သိပ်ကြောက်ပုံလည်း မရတော့ဘူး၊ ပြီးတော့ နောက်နှစ်အတွက်ဆိုတာလည်း သိပ်မစဉ်းစားကြတော့ဘူး။ ရှိတာလေးစား၊ ဖြစ်သလိုလေး နေနေကြတာပဲ။ ပြီးတော့ သူတို့တွေရဲ့ မျက်လုံး တွေမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ နေမထူးသေမထူးဘ၀မျိုးနဲ့ သူတို့ ဘာကိုမှ ကြောက်ပုံမရတော့ ဘူးလေ။ သူတို့မှာ ဘ၀ဆိုတာလည်း ပျောက်နေပြီကိုး။
ကြည်ဝေ
REF: ဧရာဝတီ
0 comments:
Post a Comment