Tuesday, January 20, 2009

SSA (တောင်ပိုင်း) နှင့် နအဖ တပ်များ တိုက်ပွဲများဖြစ်ပွား

သန်းထိုက်ဦး
တနင်္လာနေ့၊ ဇန်နဝါရီလ 19 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်များနှင့် စစ်အစိုးရတပ်များ ယခုလအတွင်း ရှမ်း ပြည် တောင်ပိုင်း မြို့နယ် ၃ ခုအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူတဦး အဆိုအရ သိရသည်။

ရှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်းရှိ ပင်လုံ၊ ဟိုပုန်း၊ မိုင်းကိုင်မြို့နယ်များတွင် ယခုလ ၁၂ ရက်မှ ၁၅ ရက် အထိ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) – SSA တပ်ဖွဲ့ဝင်များနှင့် ခြေလျင်တပ်ရင်း (ခလရ) ၆၄ ၊ ခြေမြန် တပ်ရင်း (ခမရ) ၅၁၃ တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ကျနော်တို့ လှည့်ကင်းနဲ့ သူတို့ (စစ်တပ်) လှည့်ကင်းနဲ့ သွားတိုးပြီးတော့ ဖြစ်ကြတယ်။ ထိပ်တိုက် သွားတိုး လို့ ဖြစ်တဲ့တိုက်ပွဲမျိုးပါ" ဟု SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်စိုင်းဆိုင်မိန်းက မဇ္ဈိမကို ပြောသည်။

ယခုလ ၁၂ ရက်နေ့က မိုင်းကိုင်မြို့နယ် အနောက်ဘက် တောတွင်းတနေရာ၌ နံနက် ၉ နာရီမှ မွန်းလွဲ တနာ ရီ အထိ ၄ နာရီအကြာ တိုက်ပွဲဖြစ်ရာ၊ အစိုးရတပ်မှ လူဦးရေ ၅၀ ခန့် ပါဝင်သည့်အနက် တဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားကြောင်း သူက ဆက်ပြောသည်။ SSA (တောင်ပိုင်း) တပ်ဖွဲ့မှ တဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆို သည်။

တိုက်ပွဲဖြစ်ရာ မိုင်းကိုင်ဒေသမှာ တောင်ကြီးမြို့နှင့် မိုင် ၁၀၀ ခန့် အကွာတွင် တည်ရှိသည်။

တိုက်ပွဲများဖြစ်ပြီးနောက် နှစ်ဖက်အခြေအနေမှာ တပ်အင်အား တိုးချဲ့ခြင်းမရှိသလို၊ ယခုအခါ အခြေအနေ များ တည်ငြိမ်နေသည်။

၁၉၉၆ ခုနှစ်တွင် အင်အားကောင်းသည့် ခွန်ဆာဦးဆောင်သည့် မုံးတိုင်း Mongtai တပ်မတော်သည် မြန်မာ စစ်အစိုးရထံ လူဦးရေ ၂ သောင်းကျော်ဖြင့် လက်နက်ချသွားခဲ့သည်။

ခွန်ဆာ လက်နက်ချခဲ့ပြီးနောက် ဗိုလ်မှူးကြီး ယွတ်စစ် ဦးဆောင်သည့်အဖွဲ့က သီးခြားခွဲထွက်၍ SSA ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။



REF: မဇ္ဈိမ

0 comments:

အပေါ်သို့