Thursday, May 9, 2013

ပလက်ဝမြို့ ဆိပ်ခံတံတား ဆောက်လုပ်ရေးတွင် ဒေသခံများ အလုပ်လုပ်ကိုင်ခွင့် နည်းပါး

နန်းလွင်နှင်းပွင့်
မေလ ၀၈ ရက် ၂၀၁၃ ခုနှစ်

ချင်းပြည်နယ်၊ ပလက်ဝမြို့ အရှေ့ဘက်ကမ်းတွင် တည်ရှိသော ဆိပ်ခံတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင် တွင် ဒေသခံများအား အလုပ်အကိုင်ခေါ်ယူမှု နည်းပါးသောကြောင့် ပလက်ဝဒေသခံ ချင်းလူမျိုးများ ဝင်ရောက် အလုပ်လုပ်ကိုင် နိုင်ခြင်းမရှိဟု ပလက်ဝမြို့နယ် လူမှုရေးအသင်းမှ အထွေထွေ အတွင်းရေးမှူး ကိုပီတာလွယ်လူးထံမှ သိရသည်။

ဒေသခံ ကိုဆလိုင်းထွန်းက “ ဒေသခံတွေ မှာ အလုပ်အကိုင်အတွက်ကျတော့ အလုပ်ခေါ်တာတွေ၊ အလုပ်အတွက် အသိပေးတာတွေ လုံးဝ မရှိခဲ့ဘူး၊ ကျွန်တော်တို့ ဒေသမှာ အလုပ်အကိုင်မရှိတဲ့သူတွေ က အလုပ်လုပ်ချင်ပေမယ့် သူတို့ဘက်က မခေါ်တော့ အခွင့်အရေးမရဘူး၊ ” ဟု ပြောသည်။

ပလက်ဝမြို့ခံအများစုတို့က ၎င်းတို့ဒေသတွင် ဖွံ့ဖြိုးရေးနှင့်ပတ်သတ်သော လုပ်ငန်းများ စီမံကိန်းများ လာရောက် လုပ်ကိုင်ကြရာတွင် မိမိတို့အား အလုပ်များ ခန့်ထားစေလိုသည်ဟု ချင်းလူ့အခွင့်အရေး အဖွဲ့မှ ကိုဘွေပီးကဆိုသည်။

၎င်းက " ကျွန်တော်တို့ တိုင်းရင်းသားတွေကို ပါဝင်ခွင့်ပေးစေချင်တယ်၊ ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်းနဲ့ ရှိစေချင်တယ်၊ အခုက ဘာဖြစ်ဖြစ် ကျွန်တော်တို့ မသိရဘူး၊ ကြည့်နေရုံကလွဲပြီး ဘာမှ သိခွင့်မရဘူး၊ " ဟု ဆိုသည်။

ပလက်ဝမြို့နယ် လူမှုရေးအသင်း၏ ပြောကြားချက်အရ ပလက်ဝဆိပ်ခံတံတား ဆောက်လုပ်ရေးတွင် အခြေခံအလုပ်သမားများအဖြစ် အလုပ်လုပ်ကိုင်နေကြသော အိန္ဒိယနိုင်ငံသား အလုပ်သမားများမှာ
မြန်မာအလုပ်သမားများထက် နှစ်ဆရှိနေပြီး မြန်မာလုပ်သားများမှာ နေ့စဉ် ကျပ် ၄၀၀၀ ခန့်ရရှိသည်ဟု သိရသည်။

ဒေသခံ ကိုဆလိုင်းထွန်းက “ ဥပဒေပြုထားတဲ့ အထဲမှာ ကျွန်တော်တို့ သိသလောက် ကတော့ မြန်မာ အလုပ်သမား ၇၅ ရာခိုင်နှုန်းပါရမယ်လို့ သိထားတယ်၊ အခုက ကျွန်တော်တို့ ဒေသခံတွေကိုလည်း တစ်ယောက်မှ မခေါ်ဘူး၊ ကျွန်တော်တို့မှာ အလုပ်လက်မဲ့တွေက အလုပ်လိုချင်တယ်။ ပြီးခဲ့တဲ့လ ကဆိုရင် အစိုးရဌာနအတွက် ၀န်ထမ်းတစ်နေရာစာခေါ်တာတောင် လျှောက်တဲ့သူ ထောင်ကျော်တယ်၊ ”ဟု ဆိုသည်။

ပလက်ဝဆိပ်ခံတံတားဆောက်လုပ်ရေးမှာ ၂၀၀၈ခုနှစ်တွင် မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံ အစိုးရတို့မှ စီးပွားရေးလမ်းပွင့်စေရန် ကုလားတန်ဘက်စုံစီမံကိန်းလုပ်ဆောင်ခြင်း၏ အစိတ်အပိုင်းတစ်နေရာ ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့