Thursday, May 9, 2013

ငြိမ်းချမ်းရေး ကဗျာဆရာကြီး ဒဂုန်တာရာ၏ ၉၄ နှစ်မြောက် မွေးနေ့ ကျင်းပ

ငြိမ်းဝေ (ကဗျာ့အိုးဝေ)
မေလ ၀၈ ရက် ၂၀၁၃ ခုနှစ်

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းအတွက် တစိုက်မတ်မတ် ဦးဆောင်လှုပ်ရှားခဲ့ သည့် ကဗျာဆရာကြီး ဒဂုန်တာရာ၏ ၉၄ နှစ်မြောက် မွေးနေ့ ဂုဏ်ပြု အခမ်းအနားကို ရှမ်းပြည်တောင်ပိုင်းရှိ
အောင်ပန်း မြို့၊ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် မေလ ၅ ရက်နေ့က ကြိုတင်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတနံတလျားမှ ကဗျာဆရာ စာရေးဆရာများ၊ ဆရာကြီးအားကြည်ညိုလေးစားသူများ ၃၀၀ ခန့် တက်ရောက်သည့် ယင်းအခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ကဗျာဆရာကြီး အံ့မောင် က
ဆောင်ရွက်ပေးခဲ့သည်။

အဖွဲ့အစည်းအသီးသီးမှ ပေးပို့သော သဝဏ်လွှာများ ဖတ်ကြားပြီး တက်ရောက်လာသူများက ဆရာကြီး ဒဂုန်တာရာနှင့် ပတ်သက်သည့် ဂုဏ်ပြုစကားများ ပြောကြားကာ ကဗျာရွတ်ဆို ဂုဏ်ပြုခြင်းများ
ပြုလုပ်ခဲ့ကြသည်။

ကဗျာဆရာ မြင့်ဦးဦးမြင့် က 'ဆရာကြီးဒဂုန်တာရာဟာ မြင်ဆရာတစ်ဦးဖြစ်ပြီး ကဗျာအဖွဲ့အနွဲ့နှင့် အယူအဆတွေကိုလည်း လူငယ် ကဗျာဆရာတယောက်အနေနှင့် အများကြီး လေးစားခဲ့ကြောင်း' ပြောသည်။

ငြိမ်းချမ်းရေးကို အဓိက အကြောင်းအရာအဖြစ် ဖွဲ့သီမည့် သုံးကြောင်း ကဗျာစာအုပ်တအုပ် ထုတ်ဝေရန်လည်း ဆရာ မြင့်ဦးဦးမြင့် က ပြောသည်။

'ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးဒဂုန်တာရာတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ငြိမ်းချမ်းရေးအယူအဆကို လေးစားတဲ့အနေနဲ့ ဆရာကြီးရဲ့ မွေးနေ့ကို လာတက်ခြင်းဖြစ်ပြီး ၎င်းတို့ ခင်းပေးလိုက်တဲ့ လမ်းကြောင်း အတိုင်း ဆက်လက်လျှောက်လှမ်းမယ်' ဟု မဇ္ဈိမကို ပြောသည်။

ဆရာဒဂုန်တာရာကို ကျိုက်လတ်မြို့နယ်၊ ထိုင်ကူမြစ်တန်းရွာတွင် အဘ ဦးဘအုန်း၊ အမိ ဒေါ်ဖွားရှင်တို့မှ ၁၉၁၉ ခု မေလ ၁၀ ရက် စနေနေ့တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးဌေးမြိုင် ဖြစ်သည်။

အိုးဝေမဂ္ဂဇင်း အယ်ဒီတာချုပ်(၁၉၄၀)၊ တာရာမဂ္ဂဇင်း ထုတ်ဝေသူနှင့် အယ်ဒီတာ( ၁၉၄၆)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ (၁၉၅၀)၊ စာပေသစ် မဂ္ဂဇင်း စတင်ထုတ်ဝေသူနှင့် အယ်ဒီတာ အဖြစ်
ဆောင်ရွက်ခဲ့သည်။

၁၉၃၄ ခု၊ ဖေဖော်ဝါရီလ တက္ကသိုလ်ရိပ်သာ မဂ္ဂဇင်းတွင် မှုန်ပြာရီ ဝတ္ထုကို မြိုင်သဇင် ကလောင်အမည်ဖြင့် ဖေါ်ပြခံရခြင်းဖြင့် စာပေနယ်သို့ စတင်ခြေချခဲ့ပြီး စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်ဆုနှင့် အမျိုးသား စာပေဆု (စာပေပဒေသာဆု)ရရှိခဲ့သူ ဖြစ်သည်။

ဒဂုန်တာရာ၏ ကလောင်အမည်ခွဲများမှာ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ စောတင်မူ၊ ဌေးမြိုင်၊ မောင်သစ္စာ၊ မောင်ဘတင့်၊ မောင်စ၊ ဗညားသီဟ၊ မောင်စိမ်းမြ၊ ဦးဒဂုန်၊ မောင်လင်းထက်၊ မောင်ကြာညွန့် စသည်တို့ ဖြစ်သည်။

ဆရာကြီးသည် လွန်ခဲ့သည့်လအတွင်းက ကျန်းမာရေး ဆိုးဝါးခဲ့သော်လည်း ယခုအခါ အသက်အရွယ်အရ အင်အားနည်းပါးနေသည်မှအပ အစားအသောက်များ ပုံမှန် ပြန်လည် စားသောက်လာနိုင်ပြီး ကျန်းမာရေး ကောင်းမွန်လျက် ရှိနေသည်။

ယခုအခါ ကဗျာဆရာကြီး ဒဂုန်တာရာသည် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် တူမဖြစ်သူ စာရေး ဆရာမ သင်းမြစန္ဒီ ၏ မိသားစုနှင့်အတူ နေထိုင်လျက် ရှိသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့