Wednesday, May 8, 2013

မူဆလင်တွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ ရဟန်းတော်တွေကို ဒလိုင်းလားမား ရှုတ်ချ

2013-05-07

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဗုဒ္ဓဘာသာ ရဟန်းတွေက မူဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်ခဲ့တာတွေကို ရှုတ်ချကြောင်း တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားက ပြောကြားလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဒလိုင်းလားမားက ၀ါရှင်တန်ဒီစီ မေရီလဲန်းတက္ကသိုလ်မှာ မနေ့က ကျင်းပခဲ့တဲ့ အန်ဝါဆဒတ် ငြိမ်းချမ်းရေးဆု လက်ခံယူတဲ့ပွဲမှာ ပြောကြားခဲ့တာပါ။

အခုလတ်တလော မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင် ရဟန်းတွေတောင် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက် နေကြပါတယ်၊ ဒါဟာ အင်မတန် ၀မ်းနည်းဖို့ ကောင်းပါတယ်၊ မြန်မာရဟန်းတွေ ဗုဒ္ဓရှင်တော်ရဲ့ မျက်နှာတော်ကို အာရုံပြုနိုင်ကြ ပါစေ၊ နှလုံးသွင်းနိုင်ကြပါစေလို့ ဆုတောင်းပါတယ်၊ ဘာသာရေးအတွက် ပါဏာတိပါတာကံကို ကျူးလွန်တယ် ဆိုတာ ဘယ်လိုမှစဉ်းစားလို့မရတဲ့ကိစ္စပါလို့ ဒလိုင်းလားမားက ပြောကြားခဲ့တာပါ။

မေရီလဲန်းတက္ကသိုလ်မှာ တက်ရောက်လာသူ ပရိသတ်ကို သြ၀ါဒစကားမြွက်ကြားခဲ့ရာမှာ ဗုဒ္ဓအဆုံးအမနဲ့ မေတ္တာတရား အကြောင်း ဒလိုင်းလားမားက ဟောကြားခဲ့ပါတယ်။

အဲဒီနောက် အမေးအဖြေအစီအစဉ်မှာ လက်ရှိကမ္ဘာရဲ့ မငြိမ်းချမ်းမှုတွေနဲ့ ဗုဒ္ဓအဆုံးအမအကြောင်းမေးခွန်းကို ဖြေဆို ရာမှာ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေကို ဒလိုင်းလားမားက ထည့်သွင်းဟောကြားခဲ့ တာဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့