Tuesday, May 7, 2013

အာလူးဈေးကျနေချိန် ကြက်သွန်နှင့်ဆန်တန်ဖိုးမြင့်နေ

မိုးမြင့်ကျော်(မြစ်မခ)
6 May, 2013

ရန်ကုန်မြို့ရှိ ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်း၌ အိမ်သုံးစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီနှင့် ဆန်များကို ပြည်ပသို့တင်ပို့မှု များပြားလာခြင်းကြောင့် ဈေးနှုန်းအနည်းငယ်မြင့် တက်နေ ကြောင်း သိရ သည်။

ကြက်သွန်နီအသေးများကို ပြည်ပသို့တင်ပို့လျက်ရှိပြီးဈေးကွက်တွင်း နယ်ကုန်သည်များမှ သိုလှောင်ရန် အတွက် ၀ယ်ယူမှုများရှိနေခြင်းကြောင့် တန်ဖိုးမြင့်တက်လာခြင်းဖြစ်သည်ဟု ပွဲရုံပိုင်ရှင်အချို့က ဆိုသည်။

“ကြက်သွန်နီဈေးက နယ်ကလှောင်သမားတွေ အ၀ယ်လိုက်တာရယ်၊ ဒီက ပြည်ပတင်ပို့ သမားတွေရယ်ကြောင့် တက်လာတာပါ။ ကြက်သွန်အလုံးအသေးက ပြည်ပကို တင်ပို့တာများပြီး တစ်ပိဿာ ၁၀၀ လောက် ဈေးတက် သွားတယ်။ အရွယ်အလတ်တွေကတော့ ပိုရောင်းရတယ်” ဟု ဘုရင်နောင်ကုန်စည်ဈေးကွက်ရှိ ရွှေဆင်မင်းပွဲရုံ ပိုင်ရှင်ကပြောသည်။

သင်္ကြန်မတိုင်မီ ကြက်သွန်နီဈေးနှုန်းမှာ အရွယ်အစားကိုလိုက်၍ တစ်ပိဿာလျှင် ငွေကျပ် ၂၆၀ မှ ၃၄၅ ၀န်းကျင်ရှိခဲ့ပြီး ယခုအခါ တစ်ပိဿာလျင် ကျပ် ၄၂၅ မှ ၄၃၅ ၀န်းကျင်အထိ ဈေးတက်လာခြင်းဖြစ်သည်။

ဘုရင့်နောင်ကုန်စည်ဈေးကွက်အတွင်း၌ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် တဆင့်ပြန်လည်ရောင်းချနေသည့် ဈေးနှုန်းများအနေဖြင့်လည်း ဈေးတင်ရခြင်းဖြစ်သည်ဟု သံဈေးတွင် လက်လီရောင်းချသူတစ်ဦးက ဆိုသည်။

“ကြက်သွန်ဈေးဆိုရင် အရင်လထက်ဈေးနည်းနည်းတက်တယ် ကျွန်မတို့ဆီကနေ ပြန်ရောင်းရတော့ ဈေးကတော့ နည်းနည်းတင် ရောင်းရတာပေါ့ ၊” ဟု သံဈေးတွင် လက်လီရောင်းချနေသည့် ဆိုင်ပိုင်ရှင် က ပြောသည်။

ဘုရင့်နောင်ဈေးကွက်အတွင်း ကြက်သွန်နီဈေးမြင့်တက်လျက်ရှိသော်လည်း ဈေးကွက်အတွင်းသို့ အာလူး အနာများ ၀င်ရောက်နေပြီး ရာသီပေါ်ချိန်ဖြစ်ခြင်းကြောင့် အာလူးဈေးကျဆင်းလျက်ရှိသည်ဟု သိရ သည်။

သင်္ကြန်မတိုင်မီ အာလူးဈေးနှုန်းမှာ အရွယ်အစားကိုလိုက်၍ တစ်ပိဿာလျှင်ကျပ် ၈၆၀ ၀န်းကျင် ခန့်ရှိခဲ့ပြီး ယခုအခါ တစ်ပိဿာလျှင် ကျပ် ၃၀၀ မှ ၄၅၀ ၀န်းကျင်ထိ ဈေးကျလာခြင်း ဖြစ်သည်။

သင်္ကြန်မတိုင်မီက ဆန်တစ်အိတ်လျှင် ငွေကျပ်၁၈၀၀၀ ခန့် ရှိခဲ့ရာ ပြည်ပမှဝယ်ယူမှု များပြားလာခြင်းကြောင့် ဘုရင့်နောင်ဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများမှာလည်း မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု ဆန်ပွဲရုံပိုင်ရှင်တို့က ဆိုသည်။

“သင်္ကြန်မတိုင်မီထက်စာရင် ဆန်ဈေးကတစ်အိတ် ၁၀၀၀ လောက်တက်လာတယ်။ export တင်ပို့တာတွေရှိလို့ နည်းနည်း ဈေးတက်တယ်လို့တော့ပြောလို့ရတယ်။ ဒါပေမယ့် ဒီအချိန်ကတော့ ဒီလိုပဲ ဈေးတက် တတ်ပါတယ်။” ဟု ဘုရင့်နောင်ပွဲရုံရှိ စိန်ရွှေဝင်း ဆန်နှင့် ဆန်ထွက်ပစ္စည်း ရောင်းဝယ်ရေး ပိုင်ရှင်က ပြောသည်။

ဧပြီလ ဒုတိယအပတ်တွင် ဆန်အချော(ပေါ်ဆန်း)တစ်အိတ်လျှင် ငွေကျပ် ၁၈၀၀၀ ရှိခဲ့ပြီး ယခုအချိန်တွင် ဆန်အချော (ပေါ်ဆန်း) တစ်အိတ်လျှင် ကျပ် ၁၉၅၀၀ အထိ မြင့်တက်ခဲ့ကာ နွေဆန်ကြမ်း ၂၅မတ်ဆန် တစ်အိတ်လျှင် ယခင် ၁၃၅၀၀ ကျပ်ရှိခဲ့ရာမှ ယခု ၁၆၅၀၀ ကျပ် ရှိကြောင်း သိရှိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့