Wednesday, May 8, 2013

DKBA နှင့် နယ်ခြားစောင့်တပ် ပဋိပက္ခ တပါတ်အတွင်း ပြေလည်မည်မှန်း

ဟင်္သာနီ (မွန်မြေ)
မေလ ၀၇ ရက် ၂၀၁၃ ခုနှစ်

ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်နှင့် အစိုးရ၏ နယ်ခြားစောင့်တပ် တို့အကြား ပစ်ခတ်မှု ပဋိပက္ခများသည် ကရင်အမျိုးသားများ၏ သွေးစည်း ညီညွတ်ရေးကို ထိခိုက်စေမည် မဟုတ်ဘဲ လာမည့် သီတင်းပတ်အတွင်း ပြေလည်မှု ရနိုင်မည်ဟု မျှော်လင့်ရကြောင်း DKBA က ဆိုသည်။

ဧပြီလ ၆ ရက်နေ့တွင် နေပြည်တော်၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် သွားရောက် ညှိနှိုင်းခဲ့သည့် DKBA တပ်မှ ဗိုလ်မှူး မောင်လေး က ပြောဆိုခြင်း ဖြစ်သည်။

“မြိုင်ကြီးငူမှာ ဖြစ်တဲ့ ပဋိပက္ခအရ လတ်တလော မြေပြင်မှာ ဖြစ်နေတဲ့ ပဋိပက္ခ အနေအထား တွေကို သွားရောက် တင်ပြတာပဲ ရှိပါတယ်။ နောက်နောင် ဒီလိုမျိုး အဖြစ်တွေ ဘယ်လို မဖြစ်အောင် ထိန်းသိမ်း ရမယ် ဆိုတဲ့ အနေအထားကို ဆွေးနွေးတယ်။ အဲဒီ ဆွေးနွေးချက်တွေကို ဝန်ကြီးတွေဘက်က အထက်ကို တင်ပြပြီး အမြန်ဆုံး ကရင်ပြည်နယ်ကို ဆင်းလာပြီး ပြည်နယ် အစိုးရနဲ့ရော ကျနော်တို့ ဘက်နဲ့ရော BGF ဘက်နဲ့ရော တွေ့ပြီး ဖြေရှင်းကြမယ်လို့ စီစဉ်ထားတယ်။ အလွန်ဆုံး တပတ်လောက်ပဲ ကြာမယ်လို့ ခန့်မှန်းတယ်” ဟု ဗိုလ်မှူး မောင်လေးမှ ပြောသည်။

ဝန်ကြီး ဦးအောင်မင်း တို့နှင့် သွားရောက် တွေ့ဆုံခဲ့စဉ် DKBA ဘက်မှ ရရှိထားသော အပစ်အခတ် ရပ်စဲရေးသဘော တူညီချက်ကို မပျက်ပြားစေလို၍ လာရောက်တင်ပြ ဆွေးနွေးခြင်း ဖြစ်ကြောင်း ဦးအောင်မင်း တို့အား တင်ပြခဲ့ပြီး DKBA နှင့် ငြိမ်းချမ်းရေး အဖွဲ့များအကြား ဆက်ဆံနိုင်မည့် ကြားခံအဖွဲ့ ထားရှိရန် အဓိက လိုအပ်သည်ဟု ဆိုသည်။

ကရင်ပြည်နယ်ရှိ ငြိမ်းချမ်းရေး အဖွဲ့အချင်းချင်း အားလုံး ပါဝင်သည့် ဆွေးနွေးပွဲတရပ် ထပ်မံ ဆွေးနွေးရန် လိုအပ်ပြီး နယ်မြေ သတ်သတ်မှတ်မှတ် ကန့်သတ်ရန် လိုနေကြောင်း တို့ကို တင်ပြ ခဲ့သည်ဟု ဗိုလ်မှူး
မောင်လေး က ပြောသည်။

DKBA နှင့် BGF တို့အကြား ပစ်ခတ်မှု စတင် ဖြစ်ပွား လာခဲ့ရခြင်းမှာလည်း BGF တပ်ရင်း (၆၄) တပ်ရင်းမှူး ထံတွင် သစ်လုပ်ငန်း စီးပွားရေး ပူးပေါင်းလုပ်ခဲ့သည့် အရပ်သား တဦးက လုပ်ငန်း အရှုံးပေါ်ကာ BGF ကို မကျေနပ်ချက် ရှိခဲ့ရာမှ မြိုင်ကြီးငူ ဒေသရှိ DKBA ဆက်ဆံရေး ရုံး၌ အဖွဲ့ဝင် ပုံသဏ္ဍာန် နေထိုင်နေစဉ်လှေဖြင့် ခွင့်ပြန်လာသည့် BGF ၏ ၁၀၁၂ တပ်ရင်း မှ ရဲဘော်အား လှေရပ်တန့်ရန် တားမြစ်ခဲ့ရာမှ ပစ်ခတ်ခဲ့၍ အဆိုပါ ရဲဘော် သေဆုံး သွားခဲ့သည်။

ထို့နောက် တင်းမာမှု ဖြစ်ပွားခဲ့ကာ ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ၎င်းအရပ်သားနှင့် ပစ်ခတ်ခဲ့သည့် လက်နက်ကို အပ်နှံရန် BGF တပ်ဖွဲ့မှ တောင်းဆိုခဲ့သည့်အလျောက် အပ်နှံပေးခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်မှူး
မောင်လေး က ပြောသည်။

ထို့ကြောင့် မြိုင်ကြီးငူ ဒေသ၌ လက်နက်ကိုင်ဆောင်ကာ နေထိုင်နေကြခြင်းသည် မလိုလားအပ်သည့် ပဋိပက္ခ ဖြစ်ပွားရ၍ ထိုဒေသမှ တပ်များ ခွာရန် အမိန့်ပေးခဲသည်။ အချို့ တပ်များ ခွာပေးခဲ့သော်လည်း အင်အား ၃၀ ဝန်းကျင်ခန့် ရှိသည့် တပ်က ထွက်ခွာရန် ငြင်းဆိုနေခဲ့၍ စစ်ဦးချုပ် ဗိုလ်ချုပ် စောလားဘွယ်ထံ အမိန့် တောင်းခံခဲ့ပြီး ၎င်း အင်အား ၃၀ ခန့်ပါ အစုကို အဖွဲ့ဝင် မဟုတ်တော့သည့် အကြောင်းလည်း တရားဝင် ကြေညာခဲ့ပြီး ဖြစ်သည်ဟု ဗိုလ်မှူး မောင်လေး က ဆိုသည်။

ထို ဧပြီလ ၂၇ ရက်နေ့မှ စတင်၍ သုံးရက်ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ နှစ်ဖက်တပ် တာဝန်ရှိသူများ နားလည်မှု ရယူ၍ အပစ်အခတ် ရပ်စဲခဲ့သည်။ ပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက် ကျဆုံးမှု ရှိကြသော်လည်း
နှစ်ဖက် စလုံးကပင် ထုတ်ဖော် ပြောဆိုခြင်း မရှိကြောင်း DKBA အရာရှိ တဦးဖြစ်သူ ဦးထွန်း က ဆိုသည်။

ထိုပစ်ခတ် မှုကြောင့် ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် မြိုင်ကြီးငူ ဒေသ များမှ လောပူ၊ မဲဆိပ်၊ မီးဆိုင်း၊ ထီးကနဲ ကျေးရွာများမှ ဒေသခံ ၁,၀၀၀ ကျော် ပစ်ခတ်မှု လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်လျက် ရှိခဲ့သည်။

မေလ ၄ ရက်နေ့က ဗိုလ်မှူး မောင်လေး ဦးဆောင်၍ ဘားအံမြို့ရှိ ပြည်နယ် အစိုးရရုံးတွင် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဦးအောင်လွင် အား သွားရောက် ဆွေးနွေး၍ ဖြေရှင်းခဲ့ကြသော်လည်း
ပြေလည်မှု မရရှိခဲ့ဘဲ နေပြည်တော်သို့ သွားရောက်ရခြင်း ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့