Thursday, May 9, 2013

သြစတြေးလျဝါရင့် သတင်းထောက်တဦးက သတင်းစာပညာ သင်တန်း ပို့ချ

နေမျိုး
မေလ ၀၈ ရက် ၂၀၁၃ ခုနှစ်

ရန်ကုန်မြို့ရှိ သြစတြေးလျသံရုံး အစီအစဉ်ဖြင့် သြစကြေးလျ ကလပ်တွင် သတင်းစာ ပညာရပ်နှင့် ပါတ်သက်၍ သုံးရက်ကြာ ရက်တိုသင်တန်းတခုကို ကျင်းပနေသည်။

“သတင်းရေးသားရာမှာ အခြေခံ လိုအပ်တဲ့ အချက်အလက်တွေကို ဆန်းစစ်ခြင်းနဲ့ အကျိုးရှိရှိ အသုံးပြုနိုင်ရေး၊ ရေးသားထုတ်ဝေခြင်းနဲ့ ရေဒီယို ထုတ်လွှင့်ခြင်း ဆိုင်ရာသင်ခန်းစာများနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်များကို ထုတ်နုတ်ဆွေးနွေးခြင်းဆိုတဲ့ သင်ခန်းစားတွေပါဝင်တယ်” ဟု သင်တန်းပို့ချပေးသူ ဝါရင့် သတင်းစာဆရာ Mr. Peter Rodgers က ရှင်းပြသည်။

Mr. Peter Rodgers သည် ကာရေဘီယံနှင့် အစ္စရေး နိုင်ငံတို့တွင် သြစတြေးလျ သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး သတင်းစာပညာနှင့် ပါတ်သက်၍ စာပေရေးသားခြင်း၊ သင်ကြားပို့ချခြင်း တို့တွင် ၂၄ နှစ်တာ အတွေ့အကြုံရှိခဲ့သူလည်း ဖြစ်သည်။

အရှေ့တီမော အရေးနှင့် ပါတ်သက်ပြီး ၎င်း ရေးသားပေးပို့သည့် သတင်းများအတွက် သြစတြေးလျနိုင်ငံ ဂျာနယ်လစ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး The Sydney Morning Herald နှင့် Age Newspaper တို့တွင် သတင်းထောက်တဦးအဖြစ် ဆောင်ရွက်ခဲ့သည်။

“သတင်းစာ၊ တီဗွီ၊ ရေဒီယို တွေမှာ အလုပ်လုပ်တဲ့ ဘယ်သူမဆို ပထမဆုံး ကျင့်ဝတ်တွေကို လိုက်နာရပါမယ်။ အချက်အလက်တွေကို ရိုးရိုးရှင်းရှင်း မှန်မှန်ကန်ကန် တင်ပြနိုင်ရပါမယ်။ မတူညီတဲ့ သူတွေကြား မှာ မတူညီတဲ့ အမြင်တွေ၊ ဘာတွေ ဖြစ်ပျက်နေတယ်၊ ဒါဟာ ဘယ်လိုအဓိပ္ပါယ် ထွက်တယ်ဆိုတာ။ အဲဒီလို တမျိုးစီဖြင့်နေတဲ့ အမြင်တွေကို ဂျာနယ်လစ် တဦးအနေနဲ့ တတ်နိုင်သမျှ မှန်ကန်စွာ ကောက်ချက် ချနိုင်ရပါမယ်” ဟု Mr. Peter Rodgers က မဇ္ဈိမ ကို ပြောသည်။

အခွင့်သင့်ပါက မြန်မာနိုင်ငံတွင် ထိုကဲ့သို့ မီဒီယာ နှင့် ပါတ်သက်သည့် ပညာရပ်များ ပို့ချသွားရန် အစီအစဉ် ရှိကြောင်း Mr. Peter Rodgers က ဖြည့်စွက်ပြောကြားသွားသည်။

“Journalism (သတင်းစာပညာ)နဲ့ ပါတ်သက်တဲ့ knowledge (အသိပညာ)ကို ရချင်လို့ပါ။ ကျမက Skynet က မြန်မာနယ်ရှင်နယ် တီဗွီမှာ Reporting (သတင်းရေးသားပေးပို့ခြင်း)နဲ့ Translating (ဘာ သာပြန်)မှာ လုပ်ပါတယ်။ တော်တော်များများ အသုံးဝင်ပါတယ်။ သင်တန်းတက်တော့ ကိုယ့်ရဲ့ skill (အရည်အသွေး) တက်လာတယ်” ဟု သတင်တန်းသူ မဇင်နိုနိုဇော် က ပြောသည်။

မေလ ၆ ရက်နေ့မှ စတင်ကာ မေလ ၈ နေ့အထိ ကျင်းပနေသည့် ထိုသင်တန်းသို့ နိုင်ငံပိုင် မီဒီယာများ နှင့်အတူ ပြည်တွင်းမီဒီယာ စုစုပေါင်း ၅ ခု တို့မှ တက်ရောက် လေ့လာနေကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့