Wednesday, May 8, 2013

မိုးသက်လေပြင်းကြောင့် တရုတ်နယ်စပ် ဒုက္ခသည် စခန်းများမှ အိမ်ခြေ ၄၀၀ ခန့် ပျက်စီး

ဖနိဒါ
မေလ ၀၇ ရက် ၂၀၁၃ ခုနှစ်

မိုးနှင့် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းကြောင့် တရုတ်နယ်စပ်၊ မိုင်ဂျာယန်အတွင်းရှိ စစ်ပြေးဒုက္ခသည်စခန်း ၄ ခုမှ အိမ် အလုံး ၄၀၀ ခန့် ပျက်ဆီးခဲ့သဖြင့် ပြန်လည် ပြုပြင်ရန် အကူအညီ လိုအပ်နေသည်ဟု ဒုက္ခသည်စခန်း တာဝန်ရှိသူနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

မေလ ၃ ရက်နေ့က ညနေပိုင်းက မိုင်ဂျာယန်အနီးရှိ လနာ့ဇွပ်၊ အင်ခေါင်းပါ၊ ဘွမ်ဇစ်ပါ၊ ခခရန်းဇွပ်စခန်းများရှိ လူဦးရေ ၅,၅၀၀ ကျော်၏ နေအိမ်နှင့် အိမ်သာများ ပျက်ဆီးခဲ့၍ ပြုပြင်ရန် သစ်၊ ဝါးနှင့် သွပ်များ လိုအပ်နေ သည်ဟု လနာ့ဇွပ် ဒုက္ခသည်စခန်း တာဝန်ခံ ဦးတူးလွမ်း က ပြောသည်။

“ခုလောလောဆယ် ၉ ထပ်သားနဲ့ ၅ ထပ်သားတွေ လိုနေတယ်။ ဝါးလည်း အလုံး ၁,၅၀၀ လောက် လိုနေတယ်။ ကျနော်တို့လည်း ၅၀၀ လောက်တော့ ဝယ်တယ်။ ဒါပေမယ့် မလောက်သေးဘူး။ သွပ်က အနည်းဆုံး ၁၅၀ ချပ်လောက် လိုနေတယ်” ဟု မဇ္စျိမကို ပြောသည်။

ထိုစခန်းများ ပြန်လည် ပြုပြင်ရန်အတွက် KIO မှ တရုတ်ယွမ်ငွေ ၃၀,၀၀၀ ကူညီထောက်ပံ့သော်လည်း လုံလောက်မှု မရှိသေး၍ အကူအညီများ ထပ်မံလိုအပ်နေသည်ဟု သူက ဆက်ပြောသည်။

“ရေလောင်းအိမ်သာ ပိုက်ကလည်း ကွဲသွားပြီ။ အဲဒါလည်း လိုနေတယ်။ အိမ်သာ ၃၅ လုံး ပျက်စီးသွားတယ်။ ၂၀ လောက်တော့ ပြန်ထူနိုင်ပြီ။ ၁၅ လုံးလောက်က ပိုက်တွေ တပိုင်းတစ ဖြစ်သွားတယ်” ဟု ဆိုသည်။

စခန်း ၄ ခုမှ နေအိမ် အလုံး ၃၈၀၊ အိမ်သာ ၃၀ ကျော် အပါအဝင် အခြား မီးဖိုချောင် ၆ လုံး၊ မီးတိုင် ၂ လုံး၊
ဆေးပေးခန်း ၁ ခု၊ ဂူဒေါင် ၁ လုံး၊ ဘုရားကျောင်း ၁ ခု၊ မူကြိုကျောင်း ၂ ခု၊ စာသင်ကျောင်းဆောင် ၁ ခု ပျက်စီးသွား၍ ပြုပြင်ရန်လိုအပ်နေသည်ဟု KIO ၏ ဒုက္ခသည် ကူညီစောင့်ရှောင်ရေးအဖွဲ့မှ အတွင်ရေးမှူး ဗိုလ်မှူးကြီး ဇော်ရော် က ပြောသည်။

“တတ်နိုင်တလောက်တော့ ပြင်လို့ ရတာ ပြင်နေကြတယ်။ ပစ္စည်းတွေလည်း လိုအပ်နေတယ်၊ KIO ရဲ့ အရှေ့ပိုင်းတိုင်း ဌာနချုပ် စစ်ပြေးဒုက္ခသည် ကူညီစောင့်ရှောင်ရေးအဖွဲ့က ပြန်ပြင်ပေးဖို့ စီစဉ်နေတယ်” ဟု မဇ္စျိမကို ပြောသည်။

အခြား ဒုက္ခသည်စခန်းများတွင် ပျက်စီးမှု အနည်းငယ်သာ ရှိသည်ဟု သိရသည်။

အစိုးရတပ်နှင့် တိုက်ပွဲများကြောင့် KIO ထိန်းချုပ်နယ်မြေအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေသော ဒုက္ခသည်ပေါင်း ၇၀,၀၀၀ ခန့်ရှိနေသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့