Wednesday, May 8, 2013

သဘာဝ ဆိုးဆေး လက်ရက်ထည်များ ပြည်တွင်းထက် ပြည်ပမှ ဝယ်ယူမှုများ

စန္ဒီဝိုင်း
မေလ ၀၇ ရက် ၂၀၁၃ ခုနှစ်

သဘာဝ ဆိုးဆေးများကိုသာ အသုံးပြုသည့်လက်ရက်အဝတ်အထည်များ မှာ ပြည်တွင်းဈေးကွက်ထက် ပြည် ပဈေးကွက်က ပိုပြီးခိုင် မာနေကြောင်း ဈေးကွက် အတွင်းမှ သိရှိရသည်။

ချည်သားဖြင့် ရက်လုပ်ထားသည့်အပြင် ဆိုးဆေးကိုလည်း ဓာတုဗေဒများ အသုံးမပြုဘဲ သဘာဝမှ ရရှိသည့် အရောင်များ ကိုသာ အသုံးပြုထား၍ ဈေးနှုန်းမြင့်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း ဝယ်ယူသူ အများစုမှာ ပြည်ပသို့လက်ဆောင်ပေးသည့်အချိန်များတွင်သာ ဝယ်ယူကြသည်။

“ပြည်ပက ဧည့်သည်တွေက မြန်မာနိုင်ငံကို လာလည်ရင် ချည်သားတွေ ဝယ်ကြတာ များတယ်။ အထည်က ချည်စစ်တဲ့ အပြင် ဆိုးဆေးက အစ သဘာဝဖြစ်လို့ တကြိမ်ဝယ်ပြီးရင် ဖောက်သည် ဖြစ်သွားတယ်။ ဒီကနေ လက်ဆောင်ပေးတော့ လည်း ချည်သားကို ပေးကြတယ်လေ။ ဒါကြောင့် ပြည်တွင်းထက် ပြည်ပက မှာယူတာ ဝယ်တာ များတယ်” ဟု ဗိုလ်ချုပ်ဈေး ရှိ မြန်မာ့ရနံ့ အထည်ဆိုင်မှ ပြောသည်။

သဘာဝ ဆိုးဆေး အများစုမှာ သစ်ခေါက်၊ ကြက်သွန်နီအခွံတို့ ဖြစ်ပြီး ထိုအထည်များ၏ ဈေးနှုန်းများမှာ အနိမ့်ဆုံး သောင်းဂဏန်းဝန်းကျင်မှ စပြီး ရောင်းချသည်။ ထို့ကြောင့် ပြည်တွင်း ဝတ်ဆင်သူများ အနေဖြင့် ဈေးနှုန်းမြင့်မားနေကြောင်းကို “ချည်သားစစ်စစ်နဲ့ သဘာဝ ဆိုးဆေးကြောင့် ဝယ်ဖြစ်ပေမယ့်ဈေးနှုန်းက ပွဲတက်ဝတ်စုံ တန်ဖိုးနီးပါး ရှိနေတော့ တထည်၊ နှစ်ထည်လောက်ပဲ ဝယ်ဖြစ်တယ်။ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အဝတ်ဆိုပေမယ့် ဈေးနှုန်းကြောင့် အများကြီးဝယ်ပြီး အမြဲဝယ်ဖို့ မဇြစ်နိုင်ပါဘူး” ဟု ဝယ်သူတဦးက ဆိုသည်။

နိုင်ငံခြား ဈေးကွက်အဖြစ် ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့ရကြောင်း “ဂျပန်က မှာတာ အများဆုံးပဲ။ တခြားနိုင်ငံတွေ အနေနဲ့ ဩစတြေးလျ၊ ဆွစ်ဇလန်တို့က မှာကြပါတယ်။ အများစုက ပိတ်ထည်အနေနဲ့ မှာကြတယ်။ ချုပ်ပြီးသားဆိုရင် ဂျာစီဒီဇိုင်းကို ပိုမှာကြတယ်။ နောက်ပြီး အိတ်တွေလည်း ရောင်းရပါတယ်” ဟု မြန်မာ့ရနံ့ အထည်ဆိုင်က ပြောပြ သည်။

သို့သော် ယင်းကဲ့သို့ သဘာဝဆိုးဆေးကို အသုံးပြုသည့် ချည်ထည်များကို ရက်လုပ်သည့် ရက်ကန်းရုံများ နည်းပါးခြင်းနေ၍ ပြည်ပမှ မှာယူသည့်ပမာဏကို တင်ပို့နိုင်ခြင်း မရှိသေးပေ။

“ကျမတို့ဆီမှာ ဒီလို သဘာဝ ဆိုးဆေး သုံးပြီး ရက်ကန်းလုပ်ငန်းရှင် သုံးဦးလောက်ပဲ ရှိတာ။ ထုတ်လုပ်နိုင်မှု အား နည်းပါတယ်။ နည်းပညာကို မသိကြတော့ လုပ်တဲ့သူ နည်းတဲ့အပြင် သစ်ဥ၊ သစ်ဖုတွေကနေ ဆိုးဆေး ထုတ်ရတာ ဆိုတော့ အခက်အခဲနဲ့ ပင်ပန်းမှုလည်း ရှိပါတယ်။ မိုးတွင်းရောက်ရင်လည်း အရောင် မထွက်တာတွေ ဖြစ်နိုင်ပါ တယ်။ ဓာတုဆိုးဆေးလိုမျိုး တထုပ် ၄၀ဝ၊ ၅၀ဝ နဲ့ဝယ်ပြီး ဆိုးလိုက်ရင် အချိန်နဲ့လူကို သက်သာစေတယ်။ ဈေးနှုန်း သက်သာပါတယ်။ ဒါပေမယ့် ကျန်းမာရေးအနေနဲ့က ဓာတ်မတည့်တာတွေ၊ ဆေးအရောင် ကျွတ်တာတွေလည်း ဖြစ်နိုင် ပါတယ်” ဟု အမရပူရမြို့နယ်မှ လုပ်ငန်းရှင် တဦးက ရှင်းလင်းပြောပြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့