Wednesday, May 8, 2013

KIO နှင့် အစိုးရ ပြန်တွေ့နိုင်ရန် ညှိနေကြဆဲ

ဖနိဒါ
မေလ ၀၇ ရက် ၂၀၁၃ ခုနှစ်

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO တို့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံရန် နှစ်ဖက် ညှိနှိုင်းနေသဖြင့် ယခုရက်ပိုင်းအတွင်း တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။

ဧပြီလကုန်ပိုင်းတွင် ဝန်ကြီး ဦးအောင်မင်း က မေလ ပထမပတ်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့ပြီးနောက် အပြန်အလှန် စာများ ပေးပို့ခဲ့၍ ညှိနှိုင်းနေသည်ဟု ဆိုသည်။

“စာနဲ့တော့ ညှိနှိုင်းနေကြတုန်းပါပဲ။ ကျနော်တို့ဘက်က ဒီဆွေးနွေးပွဲကို မြစ်ကြီးနားမှာ လုပ်ချင်တယ်။ KIO ဘက်က သူတို့ရဲ့ အဖွဲ့အစည်းနဲ့ လုပ်ရတာ ဖြစ်တော့ ဆွေးနွေးပွဲကို လာဖို့အတွက် လိုအပ်ချက်တွေ ဝန်ကြီးဘက်ကို သဘောထား တောင်းတာတို့ ရှိပါတယ်။ လိုအပ်ချက်တွေကို ဟိုဘက် ဒီဘက် ညှိနှိုင်းနေ တယ်” ဟု ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

မည်သည့် အချက်များ ညှိနှိုင်းနေမှု အသေးစိတ်အား ပြောဆိုရန် သူက ငြင်းဆိုသည်။ သို့သော် KIO ဘက်မှ တင်ပြသော နိုင်ငံတကာ လေ့လာသူများကို အစိုးရဘက်မှ မူအားဖြင့် လက်ခံထားကြောင်း ဦးလှမောင်ရွှေ က ပြောသည်။

တွေ့ဆုံ ဆွေးနွေးပွဲတွင် နိုင်ငံတကာ လေ့လာသူများအဖြစ် ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်နိုင်ငံများနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ UNFC ကိုယ်စားလှယ်များ တက်ရောက် ပါဝင်ရန် KIO က တင်ပြထားသည်ဟု ကချင်ငြိမ်းချမ်ရေး အကျိုးဆောင် ဦးဆန့်အောင် က ပြောသည်။

“ညှိနေတုန်း။ KIO ဘက်က ဒီရက်ပိုင်းမှာပဲ လေ့လာသူတွေကို အစိုးရဘက်ကလည်း ဖိတ်ထားမှု ရှိမရှိ၊ တရုတ်နိုင်ငံက လေ့လာသူကို အစိုးရဘက်ကလည်း ဖိတ်မဖိတ် မေးထားတယ်။ အမြန်ဆုံး တွေ့ဆုံ
ဆွေးနွေးကြရအောင် ဆိုတဲ့စာ ပို့ထားတယ်” ဟု မဇ္စျိမကို ပြောသည်။

နိုင်ငံတကာ လေ့လာသူများ ပါဝင်ရေးနှင့် ပတ်သက်၍ တရုတ်အစိုးရက ကန့်ကွက်ခဲ့သည့်အပေါ် KIO က ဝန်ကြီး ဦးအောင်မင်းထံ မေးမြန်းထားသည်ဟု သူက ပြောသည်။

ကချင်ပြည်နယ်အတွင်းရှိ အစိုးရစစ်တပ်အင်အား လျော့နည်းသွားခြင်း မရှိသလို၊ ရှမ်းပြည်နယ် မြောက်ပိုင်း လည်း လှုပ်ရှားမှုများ ရှိနေသည်ဟု သိရသဖြင့် အစိုးရအနေဖြင့် ယုံကြည်မှု တည်ဆောက်ရန်အတွက် အပြုသဘောဆောင်ရန် လိုအပ်နေသည်ဟု ဦးဆန့်အောင်က ပြောသည်။

“တဖက်က အပြုသဘောဆောင်နေရင် တဖက်ကလည်း အပြုသဘောဆောင်တာတွေ ပြသင့်တယ်။ ဒီလို ထိုးစစ်ဆင်တာတွေ ရပ်တာ မကလို့ နောက်ဆုတ်ထားသင့်တယ်။ KIO က နောက်ဆုတ်၊ အစိုးရက ထပ်တိုးလာ တဖက်သတ်ဖြစ်ရင် တရက်တော့ ပေါက်ကွဲလာရင် အရမ်းခက်မယ်။ ဒါကြောင့် နှစ်ဖက်လုံး အပြုသဘောဆောင်တာ အကောင်းဆုံးပဲ” ဟု သူက ပြောသည်။

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် နှစ်ဖက် နောက်ဆုံးတွေ့ဆုံဖြစ်ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့