2012-07-07
မြန်မာနိုင်ငံမှာ နိုင်ငံတကာ လေကြောင်းလိုင်း ၈ လိုင်းထက်မနည်း ပြေးဆွဲဖို့ စီစဉ်နေပါပြီ။ အဲဒီ လေကြောင်းလိုင်းတွေ ကတော့ ဂျပန်က All Nippon လေကြောင်းလိုင်း၊ Qatar လေကြောင်းလိုင်း၊ သိရိလင်္ကာ လေကြောင်းလိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက Biman လေ ကြောင်း လိုင်း၊ Hong Kong Express လေကြောင်းလိုင်း၊ ပါကစ္စတန် လေကြောင်းလိုင်း၊ ကိုရီးယား လေကြောင်းလိုင်းနဲ့ တိုင်ပေ အခြေစိုက် EVA လေကြောင်းလိုင်းတို့ ဖြစ်ပါတယ်။
ဂျပန် All Nippon လေကြောင်းလိုင်းဟာ မြန်မာနဲ့ ပျံသန်းပြေးဆွဲမှု (၁၂) နှစ်ကြာ ရပ်ဆိုင်း ထားခဲ့ရာက လာမယ့် စက်တင်ဘာလက စပြီး ရန်ကုန်နဲ့ တိုကျို တိုက်ရိုက် ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဂျာမဏီနိုင်ငံက Condor လေကြောင်းလိုင်းဟာလည်း လာမယ့် နိုဝင်ဘာလက စပြီး Frankfurt မြို့နဲ့ ရန်ကုန်မြို့ကို အပတ်စဉ် ပြေးဆွဲဖို့ စီစဉ်နေပါတယ်။
Ref: အာရ်အဖ်အေ
Monday, July 9, 2012
နိုင်ငံတကာ လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲမည်
ကချင် စစ်ဘေးဒုက္ခသည်အတွက် လန်ဒန်မြို့မှာ ရန်ပုံငွေရှာပွဲ ကျင်းပ
2012-07-07
ကချင်ပြည်နယ်တွင်းက စစ်ဘေး ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီဖို့အတွက် ဗြိတိန်နိုင်ငံရောက် ကချင် တိုင်းရင်းသားတွေက ရန်ပုံငွေရှာပွဲတစ်ရပ် မနေ့ ညပိုင်းက လန်ဒန်မြို့မှာ ကျင်းပခဲ့ပါတယ်။
ရိုးရာ အစားအစာ ရောင်းချပြီး ရန်ပုံငွေ ရှာခဲ့ကြတာပါ။ ဒီပွဲ တက်ရောက်သူတွေကို လက်ရှိ ကချင်ပြည်နယ်တွင်း စစ်ဘေး ဒုက္ခ သည်တွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရသူတွေရဲ့ အခြေအနေကို ရှင်းပြသလို လက်တလော ကချင်ပြည်နယ်ရဲ့ အခြေအနေကို ထင်ဟပ်ဖော်ပြတဲ့ ဓာတ်ပုံ အထောက်အထားတွေကိုလည်း ပြသထားပါတယ်။
ရန်ပုံငွေရှာပွဲနဲ့ ပတ်သက်ပြီး KNO ကချင်အမျိုးသားအစည်းအရုံး UK ရဲ့ ဒုတိယ ဥက္ကဋ္ဌ Ring Du Lachyung (ring ဒူလ ဂျုံ) က အခုလို ပြောပြပါတယ်။
"အခု လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်လောက်မှာ ကျွန်တော်တို့ Kachin National Organization က သွားလိုက်တဲ့ ဓာတ်ပုံတွေအရ Refugee ကိစ္စတွေရော၊ လက်ရှိပေါ့၊ IPP တွေရဲ့ အခြေအနေတွေကို ကျွန်တော်တို့က ပြောပြတယ်"
လန်ဒန်ရောက် KNO ကချင်အမျိုးသား အစည်းအရုံး အဖွဲ့ဝင်တချို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ် မြန်မာ နယ်စပ်မှာရှိတဲ့ စစ်ဘေး ဒုက္ခသည် စခန်းတွေကို သွားရောက် ကူညီခဲ့ ကြပါတယ်။ အဲဒီကနေ ပြန်ရောက် လာခဲ့သူတွေ အဓိကထား ရှင်းပြတာကတော့ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ လက်ရှိ ဆေးဝါးမလုံလောက်ဘဲ အခုလို မိုးတွင်းကာလမျိုးမှာ ရေသန့်မရရှိတာကြောင့် ဝဲ၊ ယားနာ ရောဂါနဲ့ ငှက်ဖျားရောဂါတွေ အဖြစ်များနေကြောင်း ပြောဆိုကြပါတယ်။
အခု ရန်ပုံငွေပွဲကရတဲ့ ငွေကြေးတွေကို တရုတ် မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည် စခန်းတွေကို တိုက်ရိုက် ပေးပို့ လှူဒါန်းသွား မယ့်အကြောင်း KNO ကချင်အမျိုးသား အစည်းအရုံး UK ဒု ဥက္ကဋ္ဌ က ပြောပါတယ်။
Ref: အာရ်အဖ်အေ
ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြလုပ်သားများ ညှိနှိုင်းမှု ရရှိ
2012-07-07
လုပ်ခလစာ တိုးမြှင့်ရေးအတွက် အလုပ်မဆင်းဘဲ ဆန္ဒပြမှု နေတဲ့ မင်္ဂလာဒုံမြို့နယ်ရှိ ဂျပန်လူမျိုးပိုင် ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်နဲ့အလုပ်သမား ပြေလည်မှု ရရှိသွားပြီ ဖြစ်ပါတယ်။
ကျွမ်းကျင်အဆင့် အလုပ်သမား တစ်ယောက်ရဲ့ အနိမ့်ဆုံး လစာဟာ အရင်က (၈၆၀၀၀) ကျပ် ဖြစ်ပြီး၊မနေ့ညနေပိုင်းက နှစ်ဘက် ညှိနှိုင်းခဲ့ရာမှာ (၉၁၇၀၀) ကျပ်နဲ့ ပြေလည်မှု ရရှိသွားတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင် မသက်သက်အောင်က RFA ကို ပြောပါတယ်။
"အားလုံးက သဘောတူပြီးတော့ ကျမတို့ ညနေ ၅ နာ၇ီလောက်မှာ ၂ ဘက် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပါတယ်။"
ဖာမိုဆိုစက်ရုံမှာ ကျွမ်းကျင် အထည်ချုပ် အလုပ်သမား (၆၀၀) ကျော်ရှိပြီး၊ တောင်းဆိုဆန္ဒပြတဲ့ အလုပ်သမား ဦးရေကတော့ (၄၀၀) ကျော်ရှိပါတယ်။ ဒီစက်ရုံဟာ သက်တမ်း ဆယ်နှစ် (၁၀) ခန့်ရှိပြီး အနောက်တိုင်း ဝတ်စုံတွေကို အဓိကထား ချုပ်လုပ်တင်ပို့နေတာ ဖြစ်ပါတယ်။
Ref: အာရ်အဖ်အေ
ကလေးငယ်များ ဘ၀ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် ဂျက်ကီချမ်း တိုက်တွန်း
2012-07-07
မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ဘ၀အခြေအနေတွေ ဖွံ့ဖြိုးတိုးတက် လာရေး အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး လက်တွဲပြီး အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချမ်းက RFA ကို ဒီကနေ့ ပြောကြားပါတယ်။
မိမိတို့ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ရေး အတွက် မိမိနဲ့တကွ၊ ယူနီဆက် အပါအ၀င် အားလုံး ပူးပေါင်းပြီး လက်တွဲ ဆောင်ရွက်သွားရမှာပါလို့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့ နေ့လည်ပိုင်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းချက်ကို ရုပ်ရှင်မင်းသားကြီး ဂျက်ကီချမ်းက ဖြေကြားခဲ့တာပါ။
ဒါ့ပြင် မိဘတွေ အလုပ်သွားနေတဲ့အချိန်၊ ကလေးငယ်တွေအတွက် ပညာလည်းသင်၊ နေစရာလည်းရတဲ့ လုံခြုံစိတ်ချရတဲ့နေရာတွေ ပေါပေါများများ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
မိဘတွေ အလုပ်လုပ်နေချိန် ကလေးငယ်တွေ သူတို့ဘာသာ အိမ်မှာနေခဲ့ရင်၊ လမ်းပေါ်ရောက်နေရင် ဒါမှမဟုတ် လူစိမ်းနဲ့နေရရင် အန္တရာယ် တွေ့နိုင်တယ်လို့ ဂျက်ကီချမ်းက ပြောပါတယ်။
ယူနီဆက် ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ရဲ့ ချစ်ကြည်ရေး အထူး သံတမန် ကွန်ဖူးမင်းသားကြီး ဂျက်ကီချမ်းဟာ ကလေးငယ်တွေ လူကုန်ကူးခံရမယ့် အန္တရာယ်ကို အာရုံစိုက်လာစေဖို့ ရည်ရွယ်ပြီး အခုလို မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အဖြစ် ဇူလိုင်လ (၅) ရက်နေ့ ကစလို့ (၃) ရက်ကြာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
သူဟာ ယူနီဆက်ရဲ့ ချစ်ကြည်ရေး အထူးသံတမန်အဖြစ် ၂၀၀၄ ခုနှစ်က စတင် တာဝန် ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
Ref: အာရ်အဖ်အေ
နယူးဒေလီမြို့မှာ ဇူလိုင် ၇ အခမ်းအနား ကျင်းပ
2012-07-07
ဒီကနေ့ကျရောက်တဲ့ နှစ် ၅၀ ပြည့် ဇူလိုင် ၇ အခမ်းအနား ကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ ရွှေဝါရောင် ကျောင်းတိုက်မှာလည်း မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေက ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
နံနက် ၁၀ နာရီကနေ နေ့လယ် ၁၂ နာရီအထိ ကျင်းပခဲ့တဲ့ အဲဒီ အခမ်းအနားမှာ ဒေလီရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ အ ယောက် ၃၀ ခန့် တက်ရောက်ခဲ့ကြပြီး ဇူလိုင် ၇ မှာ သေဆုံးသွားကြတဲ့ ကျောင်းသားတွေ အတွက် ရေစက်ချ အမျှဝေးပေးခဲ့ကြ တယ်လို့ ရွှေဝါရောင် ကျောင်းတိုက်က ဦးနန္ဒာစရိယ က RFA ကို မိန့်ပါတယ်။
“ ၇ ဇူလိုင်နေ့မှာ ကျောင်းသားတွေ ကျဆုံးသွားကြတယ်။ အာဏာရှင်တွေကပေါ့။ တက္ကသိုလ်ကြီးကို ဗုံးနဲ့ပစ်ခွဲ တာတွေ၊ ဒီဟာတွေကို အိန္ဒိယနိုင်ငံသားတွေလည်း သိသွားအောင်လို့ပေါ့ဗျာ၊ ဒီဟာကို နလန်ထလာအောင်၊ ဒီအခမ်းအနားမျိုးကို လုပ်ပေးသင့်တယ်ဆိုပြီး ဦးဇင်းတို့လုပ်ခဲ့ကြတာ ဖြစ်တယ်၊ ကျောင်းသားတွေ အတွက် ရေစက်ချ အခမ်းအနားတွေ လုပ်ပေးတယ်၊ အလှူအတန်း အမျှဝေ ပေးကြပါတယ်’’
ဒီကနေ့ပြုလုပ်တဲ့ ဇူလိုင် ၇ အခမ်းအနားကို တက်ရောက်တဲ့ ဇိုမီးအမျိုးသား ကွန်ကရက်ပါတီ (လွတ်မြောက်နယ်မြေ) တာဝန်ခံ ကိုမင်းထန်က ကျောင်းသားတွေရဲ့ ပေးဆပ်မှုတွေကို တန်ဖိုးထားဖို့လိုတယ်လို့ ပြောပါတယ်။
“ ကျောင်းသားတွေ အသက်ကို ပေးဆပ်ရတဲ့ ဇူလိုင် ၇ ရဲ့ အောက်မေ့ဖွယ် အခမ်းအနားတွေဟာ လုပ်သင့်တာပေါ့လေ၊ နောက်ပြီး ကျောင်းသားတွေရဲ့ ပေးဆပ်မှုတွေကို ကျနော်တို့ တန်ဖိုးထားဖို့ လိုပါတယ်’’
Ref: အာရ်အဖ်အေ
မဲဆောက်မြို့ က ဇူလိုင် ၇ အခမ်းအနား ထိုင်းအာဏာပိုင်တွေ ခွင့်မပြု
2012-07-07
ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ OTOPခမ်းမမှာ ကျင်းပဖို့ ၁၉၆၂ခုနှစ်က ၂၀၀၇ ခုနှစ်ထိ ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေ စုပေါင်း စီစဉ်ခဲ့ပေမယ့် ဒီကနေ့ နေ့လည်မှာ ဒေသတွင်း ထိုင်း အာဏာပိုင်တွေရဲ့ တားမြစ်မှုကြောင့် ဖျက်သိမ်းလိုက်ရ ပါတယ်။
ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်ရာမှာ ပါဝင်တဲ့ ၁၉၇၄ ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးအောင်စောဦးက ရန်ကုန် တက္ကသိုလ် ရာပြည့်အကြိုပွဲအတွက် ပြင်ဆင်ထား စင်မြင့်ထက်ကနေ ဒီကနေ့ ကျင်းပမယ့်ပွဲ ဖျက်သိမ်းကြောင်း အခုလို ပြောကြား ခဲ့ပါတယ်။
"ရာပြည့်အကြို ရန်ကုန်တက္ကသိုလ် အထိမ်းအမှတ် အခမ်းအနား ပွဲသဘင်ဟာ အိမ်နီးချင်း နိုင်ငံမှာ ကျင်းပခွင့် မရရှိတာကို ၀မ်းနည်း ကြောင်း ကျနော် မှတ်တမ်းတင်ပါတယ်။ လာရောက်ပြီးတော့ ကျနော်တို့ကို နွေးထွေးစွာနဲ့ ရှင်းပြပေးတဲ့ ထိုင်းနိုင်ငံရဲ့ တာဝန်ရှိ အရာရှိ များကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။ ကျနော်တို့ ဒီလိုလုပ်ချင်းအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်နိုင်စရာ အကြောင်းရှိတဲ့ အတွက် အခုလို ဆိုတာကတာတွေကိုတော့ သူတို့ ခွင့်ပြုမပေးနိုင်ပါဘူးတဲ့။ ကျနော် ဒီအခမ်းအနားကို ၀မ်းနည်းစွာနဲ့ ရုတ်သိမ်းကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ။"
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ဖို့ စီစဉ်တာဟာ အကြောင်း အမျိုးမျိုးနဲ့ ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင်း ရောက်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမား မိသားစုနဲ့ ကျောင်းသား လူငယ်တွေ အားလုံး ခေတ်အဆက်ဆက်က ကျောင်းသား နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကို သိရှိဖို့ ရည်ရွယ်ကျင်းပတာလို့ ၁၉၇၄ ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးမောင်မောင်တိတ်က အခုလို ပြောပါတယ်။
"၁၉၆၂ခုနှစ် ရန်ကုန်ဝိဇ္ဖာသိပ္ပံတက္ကသိုလ် ကျနော်တို့ရဲ့သမဂ္ဂကြီး အဆောက်ဦးကြီး ဖြိုခွဲ ဖျက်ဆီးခံရတာတင မကဘူး။ အဲဒီ ကာလ အတွင်းမှာ ရက်ရက်စက်စက်နဲ့ သတ်ဖြတ်ခံရတဲ့ ကျောင်းသားထုတွေရဲ့ သတ္တိ၊ သစ္စာနဲ့အသိကို လေးစား ဂုဏ်ပြုသောအားဖြင့် သူတို့နောက်မှာ ဖြစ်တဲ့ ကျနော်တို့ ၇၄၊ ၇၅၊ ၇၆နဲ့ ၈၈ နောက် ၂၀၀၇ အထိ ဂျင်နရေးရှင်းတွေက နေပြီးတော့ ကျင်းပရခြင်း ဖြစ်ပါ တယ်။"
အခမ်းအနားကို ဒီကနေ့ နေ့လည် ၁၂နာရီကနေ ည (၉) နာရီအထိ ကျင်းပဖို့ ကြေညာထားပြီး ပရိသတ်တွေ ရောက်ရှိလာတဲ့အချိန်မှာ အခုလို ထိုင်းအာဏာပိုင်တွေဘက်က တားမြစ်ချက်ကြောင့် ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။
Ref: အာရ်အဖ်အေ
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့ ဘူးသီးတောင်၊ မောင်တောဘက် သွားရောက်
2012-07-07
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ် (၃၀) ခန့်ဟာ မကြာခင်က အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပါတယ်။
ဘူးသီးတောင်၊ မောင်တော ဒေသခံတွေကို အားပေးစကား ပြောကြားဖို့နဲ့ လှူဒါန်းဖို့ သွားရောက်တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောပါ တယ်။
"လွှတ်တော်က လူမျိုးရေးရာကော်မတီဆိုလားမသိဘူး။ အဲဒီအဖွဲ့ကလည်းပါတယ်။ ဖြစ်ခဲ့တဲ့ နေရာတွေကို သွားမယ်လို့ သိရတယ်။ သွားကြည့်မယ်။ အားပေးစကားပြောမယ်။ လှူဖို့တန်းဖို့ ရှိရင်လည်း လှူမယ်ပေါ့။ အစကတော့ ညအိပ်မယ်ပြောတယ်။ အခြေအနေကတော့ မသိသေးဘူး။"
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီး တဲ့နောက် ပထမဆုံးအကြိမ် အဖြစ် ရခိုင်ပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။
Ref: အာရ်အဖ်အေ
ဇူလိုင် ၇ ရက် အခမ်းအနား ၈၈ ရုံးချုပ်မှာကျင်းပ
2012-07-07
နှစ် (၅၀) ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာ ရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသား များ ရုံးချုပ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ကျောင်းသားကျောင်းသူ တချို့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲမှု မရှိသေးဘူးဆိုရင် စစ်အစိုးရလက်ထက်ကလို လွန်ဆွဲမှုတွေ ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်လို့ ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
"ကျနော်တို့ကို အသုံးချခြင်း မချခြင်းဆိုတာ တိုင်းပြည် ဒီမိုကရေစီ တကယ်ရမှာလား။ လူ့ဂုဏ်သိက္ခာပြည့်ဝတဲ့ နိုင်ငံတော် ဖြစ်မှာလား။ နောက်မျိုးဆက်တွေအတွက် အာမခံ လုံခြုံတဲ့ တိုင်းပြည် ဖြစ်တယ်ဆိုရင် ကျနော်တို့ ဘာမဆို ပေးဆပ်ဖို့ အသင့်ပဲ။ အဲဒါတွေနဲ့ ဆန့် ကျင်မယ်ဆိုလို့ ရှိရင်တော့ ကျနော်တို့ သူတို့နဲ့ အားပြိုင် လွန်ဆွဲရမယ်။ ကျနော်တို့ အင်အားရှိသမျှ မှန်မှန်ကန်ကန် ပြုပြင်ပြောင်း လဲ တဲ့သူတွေနဲ့ အတူ လွန်ဆွဲပွဲကြီးကို နောက်တကြိမ် ပြန်ပြီးတော့ ကျင်းပရပါလိမ့်မယ်။"
၈၈ ကျောင်းသား ခေါင်းဆောင်ကိုဌေးကြွယ် ကလည်း ဦးသိန်းစိန် အစိုးရ အနေနဲ့ ဒီမိုကရေစီကို အမှန်တကယ် တည်ဆောက်နေတယ် ဆိုရင် စစ်အစိုးရ လက်ထက်ကလို ခြိမ်းခြောက်မှု၊ မတရား ဖမ်းဆီးမှုတွေ မလုပ်ဆောင် သင့်တော့ကြောင်းနဲ့ ပြင်းပြင်းထန်ထန် ရှုတ် ချကြောင်း ပြောပါတယ်။
နှစ် ၅၀ ပြည့် ဇူလိုင် ၇ ရက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပဖို့ စီစဉ်ခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုဒီငြိမ်း လင်း၊ ကိုစည်သူမောင်၊ ကိုရဲမြတ်ဟိန်းနဲ့ မဖြိုးဖြိုးအောင်တို့ကို အာဏာပိုင်တွေက မနေ့ည ကတည်းက ဖမ်းဆီးထားဆဲ ဖြစ်ပြီး၊ ဒီကနေ့ ညပိုင်းမှာ ပြန်လွှတ်ပေးလိမ့်မယ်လို့ သတင်းတချို့ ထွက်ပေါ်နေပေမယ့် အာဏာပိုင်တွေရဲ့ တရားဝင် ပြောကြားမှုတော့ မရရှိသေးပါဖူး။
ဇူလိုင် ၇ ရက်နှစ်ပါတ်လည် အခမ်းအနား ကျင်းပဖို့ စီစဉ်မှုကြောင့် ရန်ကုန်မြို့မှာ ကျောင်းသားခေါင်းဆောင် (၄)ယောက်၊ မန္တလေး မြို့မှာ (၄)ယောက်၊ မြင်းခြံမြို့မှာ (၇) ယောက်၊ မုံရွာမြို့မှာ (၄) ယောက်၊ လားရှိုးမြို့မှာ (၃) ယောက်၊ စစ်ကိုင်းမြို့မှာ (၁) ယောက် စုစုပေါင်း ကျောင်းသားခေါင်းဆောင် (၂၃) ဦးကို မနေ့ညက အာဏာပိုင်တွေ ဖမ်းဆီးခဲ့တယ်လို့ ဗကသ ကျောင်းသားတွေက ပြောပါ တယ်။ အခမ်းအနားကို NLD ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းတင်နဲ့ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ စုစုပေါင်း လူအင်အား (၃၀၀) လောက် တက်ရောက်ခဲ့ပါတယ်။
နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အဖမ်းခံရသူတွေ ပြန်လွတ်လာပြီလို့ လည်း သိရပါတယ်။
Ref: အာရ်အဖ်အေ
မန္တလေးမြို့ ဇူလိုင် (၇) ရက် အခမ်းအနား
2012-07-07
မန္တလေးမြို့ အထက်ဗမာပြည် ဗကသက ကျောင်းသား (၈) ဦး အဖမ်းဆီးခံနေရစဉ် အတောအတွင်းမှာပဲ ကျန်ရှိနေတဲ့ ဗကသ ကျောင်းသားတွေက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၆၂) လမ်းမှာရှိတဲ့ မြဝတီမင်းကြီး ကျောင်းတိုက်မှာ ဒီကနေ့ ကျရောက်တဲ့ အနှစ် (၅၀) မြောက် ဇူလိုင် (၇) ရက် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။
မနက် (၆) နာရီမှာ သံဃာတော်တွေကို အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး မနက် ၉ နာရီခွဲမှာ အနှစ် (၅၀)မြောက် ဇူလိုင်(၇) ရက် အခမ်းအနားကို ကျင်းပခဲ့ရာမှာ မြဝတီကျောင်းတိုက် ဆရာတော်၊ ၆၂ မျိုးဆက် မန္တလေး ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးသက်တင်နဲ့ အထက်ဗမာပြည် ဗကသ ကိုရဲရင့်ကျော်တို့က အမှတ်တရ စကားများ ပြောကြားပြီး ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များကို ဆွေးနွေး တိုင်ပင် ကြတယ်လို့ အထက်ဗမာပြည် ဗကသ ဗဟိုလုပ်ငန်း ကော်မတီ တွဲဘက် အထွေထွေ အတွင်းရေးမှူး(၁) ကိုဝင်းမင်းသန်းက ပြောပါတယ်။
“အဓိက ပြောဖြစ်တာကတော့ ဆရာတော် အနေနဲ့ကတော့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းပေါ် မူတည်ပြီးတော့ နှစ်ဘက်လုံး လျှောက်သာနိုင်တဲ့ လမ်းကြောင်းတခုက နေပြီးတော့ လျှောက်ဖို့ အဓိကထား ပြောကြားသွားတာ ဖြစ်ပါတယ်၊ ကိုသက်တင် အနေနဲ့ ပြောတာကတော့ သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပြောပါတယ်၊ ကျနော်တို့ ဗကသကို ကိုယ်စားပြုပြီး ကိုရဲရင့် ကျော် ပြောတဲ့ ပုံစံကတော့ ဒီနေ့ ဖမ်းဆီးသွားတဲ့ ကိစ္စတွေ ဒီအာဏာပိုင်တွေ လုပ်သွားတဲ့ ကီစ္စတွေ အပေါ်မှာ ကျနော်တို့ ကျောင်း သားထု အနေနဲ့ မခံမရပ်နိုင် ဖြစ်မိတယ်၊ အတိအလင်း ဝေဖန်ပြီးတော့ ပြောကြားသွားတာ ဖြစ်ပါတယ်”
အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ နိုင်ငံရေးသမားများ၊ ကျောင်းသား သမဂ္ဂ အသီးသီးက အဖွဲ့ဝင်ဟောင်းများ၊ ကိုယ်စားလှယ်များ လူအင်အား (၁၀၀) ခန့် တက်ရောက်ကြတယ်လို့ သိရပါတယ်၊ ဒီအခမ်းအနားမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပေါ်ပေါက်ရေး အတွက် ဦးမောင်မောင်ဦး၊ ဒေါ်အမာနီ၊ ဒေါ်ဝေဝေလွင် စတဲ့သူတွေပါဝင်တဲ့ အဖွဲ့တခုကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ ဦးတင်သစ်က အခုလို ပြောပါတယ်
“အဓိက ကတော့ ကျနော်တို့ ရန်ကုန် တက္ကသိုလ် သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက်အအုံပေါ့ဗျာ၊ ဒါကိုပြန်လည် တည် ဆောက်ရေး အတွက် ၈၈ မျိုးဆက် ခေါင်းဆောင်တွေ ရန်ကုန်မှာ ကော်မတီလေးတခု ဖွဲ့လိုက်တယ်လို့ ကျနော်တို့ သိရပါတယ်၊ အဲဒါကို မန္တလေး အနေနဲ့ အထောက်အကူပြု ပေးဖို့ပေါ့ဗျာ၊ လိုအပ်တဲ့ ရန်ပုံငွေ ရှာဖွေနိုင်အောင် နောက်ပြီး သမဂ္ဂ အဆောက်အအုံ ပြန်လည် ဆောက်ခွင့်ရရေးမှာလည်း ကျနော်တို့ တွန်းအားတခု ဖြစ်အောင်လို့ ဆိုပြီးတော့ ဒါမန္တလေး အနေနဲ့ အထောက်အကူပြု ကော်မတီတခု ဖွဲ့လိုက်တာပါ”
မနေ့က အထက်ဗမာပြည် ဗကသအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုအောင်ကျော်မိုး ၊ ကိုမင်းခန့်၊ ရွှေဘိုခရိုင် ကျောင်းသား သမဂ္ဂက ကိုပြည့်ဖြိုးကျော်၊ ကိုခင်ဦး၊ ကိုဝက်သန်း၊ မဌေးဌေးဦးနဲ့ ကျောင်းသားဟောင်း တဦးဖြစ်တဲ့ ကိုမောင်မောင်လွင်တို့ (၉) ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
Ref: မဇ္ဈိမ
ချင်းမိုင် က ဇူလိုင် ၇ ရက် အခမ်းအနား
2012-07-07
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှာလည်း ဇူလိုင်လ (၇) ရက်နေ့ အခမ်းအနားနဲ့ စကားဝိုင်းတခုကို CDO Resource Center မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ ဇူလိုင်လ ၇ ရက်နေ့ အရေးတော်ပုံ ပေါ်ပေါက်လာပုံ အပြင် ၁၉၆၂ ခုနှစ်ကစပြီး ၂၀၀၇ ခုနှစ်အထိ ကျောင်းသား လှုပ်ရှားမှု အဆက်ဆက်မှာ ပါဝင်ခဲ့သူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ရှင်းပြခဲ့ကြပါတယ်။
အခမ်းနားအပြီးမှာ သမိုင်း သင်ခန်းစာတွေကို ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြောင်း အခမ်းနား စီစဉ်သူတဦး ဖြစ်တဲ့ ဗကသ များအဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာ ကော်မတီဝင် ကိုအောင်လတ်က ပြောပါတယ်။
"၇ ဇူလိုင်နဲ့ပတ်သက်ပြီးတော့ စာအုပ်တွေ ဖတ်ထားပြီးတော့ ဒီအပေါ်ကနေ သမိုင်းသင်ခန်းစာ ဘာတွေရသလဲ၊ ဒီအဖြစ်အပျက် တွေထဲက သမိုင်းနဲ့ပတ်သက်တဲ့ ကိုယ်မသိတဲ့ ဘယ်လို အကြောင်းအရာတွေက ကိုယ့်အတွက် စိတ်ဝင်စားစရာ ဖြစ်စေသလဲ ဆိုတဲ့အချက်ရယ်၊ နောက်ပြီးတော့ လူငယ်တွေ ဒီအကြောင်းအရာကို သိတဲ့အချိန်မှာ စိတ်ခံစားမှု ဘယ်လိုရှိသလဲ ဆိုတာ၊ အဲဒါ တွေကို စာဖတ်ဝိုင်းမှာ ခေါင်းစဉ်တည်ပြီး ဆွေးနွေးတယ်။"
အခမ်းအနားလာတဲ့ လူငယ်တွေက စိတ်ဝင်တစား ပြန်လည် ဆွေးနွေးခဲ့ကြတယ်လို့လည်း ကိုအောင်လတ်က ပြောပါတယ်။
"ကျောင်းသားတွေက ဒီနေ့ ဒီအချိန်အထိ လက်ဆင့်ကမ်းပြီးတော့ သယ်ဆောင်ကြတာ ဘာ့ကြောင့်ဆိုတာ သူတို့ သိရတယ်။ နောက်ပြီးတော့ ဇူလိုင် ၇ ရက် အခမ်းအနားတွေကို ကျင်းပခွင့် မရအောင် အစိုးရက ဘာဖြစ်လို့ ကြောက်သလဲ၊ ဘာကြောင့် ပိတ်ပင်နေရသလဲဆိုတာ သူတို့ သိရှိနားလည်ခဲ့တယ်ပေါ့၊ အဲဒါတွေ ဆွေးနွေးကြတယ်။"
ဒီပွဲကို ချင်းမိုင်အခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းတွေ အပြင် လူငယ်ရွှေ့ပြောင်း မြန်မာအလုပ်သမား အများအပြားလည်း တက် ရောက်ကြပါတယ်။
ချင်းမိုင်မြို့ က CDO Resource Center မှာ ၂ ပတ်တကြိမ် စာဖတ်ဝိုင်းတခု ပြုလုပ်နေတာ ဖြစ်ပြီး ဒီကနေ့ မှာတော့ စာဖတ်ဝိုင်း စီစဉ်သူတွေနဲ့ ဗကသ များ အဖွဲ့ချုပ် နိုင်ငံခြားရေးရာ ကော်မတီတို့ ဒီ အခမ်းအနားကို ပူးတွဲကျင်းပခဲ့ကြတာဖြစ်ပါတယ်။
Ref: မဇ္ဈိမ
U-22 တွင် သက်ကျော် ကစားသမားမရှိဟု အားကစားအဖွဲ့ချုပ်ငြင်းဆို
မျိုးသန့်
ဇူလိုင်လ ၀၆ ရက် ၂၀၁၂ ခုနှစ်
အသက် ၂၂ နှစ်အောက် အာရှ U-22 ခြေစစ်ပွဲတွင် မြန်မာအားကစားသမားများတွင် အသက်ကျော်လွန်သူများ ရှိနေသည်ဟူသည် ပြောဆိုရေးသားမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးမှ ငြင်းဆိုလိုက်ပြီး ရင်ဆိုင်ရန် အသင့်ရှိသည်ဟု မဇ္ဈိမကို ပြောသည်။
"ကျနော်တို့ အခုလို အောင်မြင်မှုရလာမှ ကျနော်တို့ကို တနည်းတဖုံနဲ့ ဒီလိုနှောက်ယှက်ဖို့ ကြိုးစားတာကတော့ ကျနော် တို့ အမှန် တရားအတိုင်း ရင်ဆိုင်ဖို့အသင့်ပဲ။ ကျနော်တို့ဘာမှ Twist (လိမ်လည်မှု) လုပ်ထားတာ မရှိဘူး။ အဲဒီအတွက် ကျနော်တို့ ဘာမှ အိပ်မပျော်စရာအကြောင်း မရှိဘူး။" ဟု ဦးစိုးမိုးက ပြောသည်။
မလေးရှားနိုင်ငံ အခြေစိုက် New Straits Times အွန်လိုင်း သတင်းစာမျက်နှာတွင် မလေးရှားဘက်သို့ နှစ်ဂိုး သွင်းယူ ပေးခဲ့သူ ကောင်း စည်သူ အပါအဝင် မြန်မာအားကစားသမား အနည်းဆုံး ရှစ်ဦးခန့်သည် အသက် ကျော်လွန်နေကြ သူများဟု ယုံကြည် ရကြောင်း ဇူလိုင်လ ၅ ရက်နေ့က ရေးသားထားသည်။
သို့သော် ဦးစိုးမိုးက မိမိတို့ အားကစားသမားများမှာ အသက်ကျော်လွန်ခြင်း မရှိဘဲ အာရှဘောလုံးအဖွဲ့ချုပ် AFC မှ ထုတ်ပေးထားသည့် ကစားသမား မှတ်ပုံတင်ကဒ်များဖြင့် အထောက်အထားပြည့်စုံစွာ ကစားခဲ့ကြသူများ ဖြစ်ခြင်း ကြောင့် ထိုစွပ်စွဲမှုများနှင့် ပတ်သက်၍ စိုးရိမ်စရာမရှိဟု မဇ္ဈိမကို ပြောသည်။
"ကျနော်တို့ မှန်ကန်တဲ့ အထောက်အထားနဲ့ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ကျနော်တို့ ဘာမှ ကြောက်စရာ အကြောင်း မရှိဘူး။ AFC က တရားဝင် မှတ်ပုံတင်ထားတဲ့ Player ID Card နဲ့ ကျနော်တို့ ကစားထားတာ။ အဲဒီအတွက် ဘာမှ စိုးရိမ်စရာမရှိဘူး။" ဟု ဦးစိုးမိုးက ပြောသည်။
ဇွန်လ ၃ ရက်နေ့မှစတင်၍ U-22 ခြေစစ်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာသည် တောင်ကိုရီးယားကို ဂိုးမရှိ သရေ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ မလေးရှား တို့ကိုအနိုင်ယူပြီး နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး အာရှ U-22 ခြေစစ်ပွဲ အောင်မြင်သွားခဲ့သည်။
ခြေစစ်ပွဲအောင်မြင်ခဲ့သည့် မြန်မာ U-22 အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်မှ ညစာစားပွဲဖြင့် ဂုဏ်ပြုခဲ့ပြီး အသင်းအား အမေရိကန်ဒေါ်လာ နှစ်သိန်း ဆုချမည်ဟု ညစာစားပွဲတွင် ထုတ်ဖေါ်ပြောဆိုခဲ့သည်ဟု သိရသည်။
အသက် ၂၂ အောက် အာရှဖလား ပြိုင်ပွဲကို လာမည့် ၂၀၁၄ ဇန်နဝါရီလတွင် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ရန် ထိုင်းနိုင်ငံနှင့် အိုမန်နိုင်ငံတို့မှ အာရှဖလား အဖွဲ့ချုပ်တို့က လျှောက်ထားပြီး၊ မြန်မာနိုင်ငံကလည်း ကျင်းပခွင့်ရနိုင်ရန် လျှောက်ထားမည် ဟုသိရသည်။
Ref: မဇ္ဈိမ
7 July အခမ်းအနားများ အကျဉ်းချုံးကျင်းပ
နေမျိုး
ဇူလိုင်လ ၀၆ ရက် ၂၀၁၂ ခုနှစ်
7 July အခမ်းအနားများ ကျင်းပခြင်း မပြုရန် အာဏာပိုင်များက တားမြစ်ထားသော်လည်း ခရိုင်အချို့တွင် ကြိုတင်ကျင်းပခဲ့ကြောင်း ဗကသ များအဖွဲ့ချုပ် အထက်ဗမာပြည် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုရဲရင့်ကျော်က ပြောသည်။
“မန္တလေးက လုပ်ဖြစ်ပါမယ်။ အခုဟာက ဖိအားတွေများလာတယ်ဆိုတော့ မြင်းခြံ၊ မအူပင်၊ ဗန်းမော်၊ ရန်ကုန် ပခုက္ကူ၊ မုံရွာမှာလည်း တား တယ်။ မုံရွာက ၃ ရက်နေ့က ဆွမ်းကပ်တယ်။ အကျဉ်းချုံး ကျင်းပလိုက်တယ်။ ဒီကနေ့မှာတော့ ကျောက်ဆည်ခရိုင် မှာလုပ် ပါတယ်။” ဟုဆိုသည်။
ဆဲဗင်းဂျုလိုင် နှစ်ငါးဆယ်ပြည့် အခမ်းအနားကို ကျောက်ဆည်မြို့ရှိ ရေဦးကျောင်းတိုက်တွင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ များအဖွဲ့ချုပ် ( အထက်ဗမာပြည် လုပ်ငန်းကော်မတီ) နှင့် နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ကျောက်ဆည်) တို့မှ ဇူလိုင် ၅ ရက်နေ့က ဦးစီးကျင်းပခဲ့သည် ဟု ကျောက်ဆည်ခရိုင် ဗကသ တာဝန်ရှိသူ တဦးက ပြောသည်။
“မနက် ၁၀ နာရီကစတယ်။ သမဂ္ဂအလံ အလေးပြုတယ်၊ ကျဆုံးတဲ့ကျောင်းသူ၊ ကျောင်းသားအပေါင်းကို အလေးပြု တယ်၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် တမိနစ်ငြိမ်သက်တယ်။ ပြီးတော့ တရားနာ၊ ရေစက်ချ အမျှဝေတယ်။ တရားနာ ပြီးတဲ့ အချိန်မှာ သံဃာတွေကို ဆွမ်းကပ်တယ်။” ဟု သူကဆိုသည်။
အခမ်းအနားသို့ သံဃာတော် အပါး ၃ဝ ကျော်၊ ကျောက်ဆည်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူ ၁၀၀ နီးပါး တက်ရောက်ခဲ့သည်။
အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ခဲ့သော်လည်း ဆရာတော်များ ဆွမ်းစားချိန်တွင် အာဏာပိုင်များ လာရောက် မေးမြန်းမှုများ ပြုလုပ်တာကြောင့် သံဃာတော်များ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရကြောင်း သူက ဆက်ပြောသည်။
“ဒီပွဲကို ဘယ်သူဦးဆောင်လုပ်တာလဲ၊ ဘယ်သူတွေလုပ်တာလဲ၊ မန္တလေးက ဘယ်သူလာလဲ၊ ဘယ်က လူတွေ လာတက်သလဲ၊ ဘယ်နှစ်ယောက်လာသလဲ ဆိုတာတွေ လာမေးတယ်။ ကျောက်ဆည်က အာဏာပိုင်တွေပါပဲ။ နာမည်စာရင်းတွေ မှတ်သွားပါတယ်။” ဟု မဇ္စျိမသို့ ပြောသည်။
ဒေသအသီးသီးမှာ တားမြစ်မှုများရှိနေပြီး ကျင်းပမည့်နေရာများအား အာဏာပိုင်များက လက်မခံရန် လိုက်လံ ဖိအားပေးနေ သော် လည်း ဗကသ များအဖွဲ့ချုပ်အနေဖြင့် 7 July နှစ် ၅၀ ပြည့် အခမ်းအနားများအား ဆက်လက် ကျင်းပမည် ဖြစ်သည်။
နယ်ချဲ့စံနစ်၊ တပါတီအာဏာရှင်စံနစ် ခေတ်အဆက်ဆက်တွင် ကျောင်းသားများ အသက်ပေးစတေးခဲ့ရပြီး ကျောင်းသားသမဂ္ဂ သည် တိုင်းပြည်အတွက် အလွန်အရေးကြီးကြောင်း ကိုရဲရင့်ကျော်က ဆက်ပြောသည်။
“အလွန်ထင်ရှားတဲ့ ကျေးဇူးက ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် သမဂ္ဂဥက္ကဋ္ဌ ဦးနုတို့၊ ကိုဗဟိန်းတို့၊ ကိုဘဆွေလေးတို့ ဒီပုဂ္ဂိုလ်တွေ ကြောင့် ကျနော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရခဲ့တာပါ။ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခဲ့ရတာပါ။ အဲလိုသာ မဟုတ်ရင် ကျနော် တို့ဟာ သူ့ကျွန်ဟာသူ့ကျွန်ပဲ။ ဒါတွေကို ပြန်ကြည့်ရင် နိုင်ငံရဲ့သမိုင်းမှာ သမဂ္ဂကို ဘယ်လိုမှ ချန်ထားလို့မရပါဘူး။ ကျောင်းသား သမဂ္ဂနဲ့ကင်းပြီးတော့ နိုင်ငံရေးပြောင်းလဲမှု လှုပ်ရှားမှု မရှိသလောက် ပါဘဲ” ဟု သူကပြောသည်။
ရန်ကုန်နှင့် မန္တလေးတိုင်း ထွေ/အုပ် ညွှန်မှူးများက ဗကသ များအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်များအား မှတ်ပုံတင်မထားသည့် အဖွဲ့မှ ဂေဇက်ဝင်နေ့ မဟုတ်သည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဖြိုခွဲခံခဲ့ရသည့် 7 July ရွှေရတုနေ့ ကျင်းပခြင်းကို ခွင့်မပြု ကြောင်း ဇွန်လ အတွင်းက သတိပေးထားသည်။
Ref: မဇ္ဈိမ
KIO နှင့် အစိုးရ စစ်ဘက်ဆိုင်ရာများ ဆွေးနွေးမည့် နေရာပင် ညှိမရသေး
ဖနိဒါ
ဇူလိုင်လ ၀၆ ရက် ၂၀၁၂ ခုနှစ်
ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့နှင့် အစိုးရ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များ စစ်တပ်ရေးကိစ္စ တွေ့ဆုံဆွေးနွေးမည့် နေရာနှင့်ရက် ယနေန့ထိ သဘောတူညီမှု မရသေးသဖြင့် ညှိနှိုင်းနေရဆဲ ဖြစ်သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန့်အောင်က ပြောသည်။
ဇူလိုင်လ ပထမအပတ်အတွင်း KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မ တီ၏ ဒုဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ နှစ်ဘက် တင်းမာနေဆဲ ဖြစ်သော စစ်ရေးကိစ္စများ တွေ့ဆုံညှိနှိုင်းရန် စီစဉ် ထားသော်လည်း သဘောတူညီမှု မရသေးဘဲ ဖြစ်နေခြင်းဖြစ်သည်။
“အစိုးရက ဒီလ ၈ ရက်နေ့ထိ မအားဘူးလို့ ပြောတယ်။ အဲဒါကြောင့် ၉ ရက်နေ့ နောက်ပိုင်း ဖြစ်မယ်။ နေရာလည်း မသတ်မှတ် ရသေးဘူး။ ကေအိုင်အိုဘက်က ဒုချုပ် ဖြစ်မယ်ဆိုတော့ မြို့ကိုမဖြစ်နိုင်ဘူးလို့ ပြောတယ်။ အစိုးရက ဗန်းမော်မှာလုပ်ချင်တယ်။ ကေအိုင်အိုဘက်က သဘောမတူသေးဘူး။ အစိုးရက ဗန်းမော်မှာဘဲ လုပ်ရအောင်လို့ ပြန်ပြောလာတာကို ကေအိုင်အိုက ပြန်ပြီး မတုံ့ပြန်သေးဘူး။”ဟု ဦးဆန့်အောင်က ပြောသည်။
အစိုးရဘက်မှ ကချင်ပြည်နယ် ဗန်မော်မြို့ သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် စစ်ရေးကိစ္စ နှစ်ဘက် တွေ့ဆုံရန် အဆိုပြုချက်ကို KIO ဘက်မှ လက်မခံဘဲ တရုတ်နယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်နှင့် မိုင်ဂျာယန် အကြားရှိ ပရန်ငွန်ကျေးရွာတွင် တွေ့ဆုံလိုကြောင်း တင်ပြထားသဖြင့် ယခုထိ တွေ့ဆုံမည့် နေရာနှင့် ရက် သတ်မှတ် နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။
KIO က စစ်ရေးတင်းမာနေချိန်အတွင်း ဗန်းမော်မြို့တွင် တွေ့ဆုံဆွေးနွေးရန် အဆင်မပြေနိုင်ကြောင်း ပြန်လည် တုံ့ပြန်ထားသော်လည်း အစိုးရဘက်မှ ဗန်းမော်မြို့တွင်သာ တွေ့ဆုံရန် ထပ်မံ အဆိုပြုနေခြင်း ဖြစ်သည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တရုတ်နယ်စပ် မိုင်ဂျာ ယန်မြို့တွင် နှစ်ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် ပထမဆုံး အကြိမ် တွေ့ဆုံရန် ဖြစ်ပေါ်လာခြင်း ဖြစ် သည်။
KIO က အစိုးရ၏ တပ်စခန်းပေါင်း ၆၁ နေရာအား ရုပ်သိမ်းပေးရန် တင်ပြခဲ့ချက်ထဲမှ အချို့ကို ကာကွယ်ရေးဦးစီးချုပ်မှ သဘောတူ သော်လည်း အချို့ကို မြေပုံနှင့်တကွ ထပ်မံ ညှိနှိုင်းရန် လိုအပ်သည်ဟု ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်နေ့က တွေ့ဆုံစဉ် လက်ရှိ စစ်ရေးကိစ္စများ ဆွေးနွေးရန် စစ်ဘက်ဆိုင်ရာများနှင့် ညှိနှိုင်းရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
KIO က ၁၉၉၄ ခုနှစ်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်၍ နောက်တကြိမ် အပစ်အခတ် ရပ်ရေး လက်မှတ်ထိုးမည် မဟုတ်ဘဲ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးရန်သာ တောင်းဆိုနေသည်။
ပြီးခဲ့သည့်နှစ် ဇွန်လမှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ထိုနှစ် နိုဝင်ဘာလမှစတင်ကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ယနေ့ထိ ပြေလည်မှု မရသေးပေ။
တဆက်တည်းတွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်သော အဖွဲ့သည် KIO အဖွဲ့၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ လေ့လာရန်နှင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်များ၏ အခြေအနေများ လေ့လာရန် ကချင်ပြည်နယ်သို့ ထွက်ခွာသွားပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
KIO က ၈၈ ကျောင်းသားများနှင့် တွေ့ဆုံရန် ရှိသော်လည်း မည်သည့်နေ့ ရောက်ရှိမည်ကို မသိရသေးကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။
Ref: မဇ္ဈိမ
ဦးလထော်ဘရန်ရှောင်ကို လွှတ်ပေးရန် ကချင်စစ်ပြေး ဒုက္ခသည် တို့ ဆန္ဒဖော်ထုတ်
ဖနိဒါ
ဇူလိုင်လ ၀၆ ရက် ၂၀၁၂ ခုနှစ်
ဖမ်းဆီးခံ ထားရသော ဦးလထော် ဘရန်ရှောင်အား လွှတ်ပေးရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်မှ စစ်ပြေး ဒုက္ခသည်များက သောကြာနေ့ နံနက် ၉ နာရီမှ ၁၂ နာရီခွဲထိ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်ဟု ဂျန်မိုင်ကောင် ရပ်ကွက် နှစ်ခြင်းခရစ်ယာန်အသင်းတော် ဓမ္မဆရာ ဦးအောင်မြတ်ကပြောသည်။
ဦးလထော်ဘရန်ရှောင်အား ခြွင်းချက်မရှိ လွှတ်ပေးရန်၊ မည်သူကိုမှ မတရားစွပ်စွဲ၍ ဖမ်းဆီးနှိပ်စက်ခြင်း မပြုလုပ်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို အမြန်ဆုံး ရပ်ဆိုင်းရေးနှင့် စစ်ပြေးဒုက္ခသည်များကို လုံခြုံမှု ရရှိအောင် ကာကွယ်ပေးရေး စသည့်အချက် ငါးချက်ပါ စာတမ်းများကို ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးအောင်မြတ်က မဇ္ဈိမကိုပြောသည်။
ဂျန်မိုင်ကောင်ရပ်ကွက် ဆွမ်ဘရာဘွမ်လမ်းမှ ဘုရင်နောင်လမ်းတလျောက် ဆန္ဒထုတ်ဖေါ်ခဲ့ပြီး၊ ထိုမှတဆင့် မြစ်ကြီးနားမြို့ ပြည်ထောင်စု လမ်းမှတဆင့် ဂျန်မိုင်ကောင်း ရပ်ကွက်သို့ ပြန်လည်ဝင်ရောက်၍ ဆန္ဒထုတ်ဖေါ်ခဲ့ကြခြင်း ဖြစ်သည်။
ဂျန်မိုင်ကောင်းရပ်ကွက်မှ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၁ဝ,ဝဝ ခန့် ပါဝင်သည့် ဆန္ဒဖော်ထုတ်ဖေါ်မှုတွင် မြစ်ကြီးနားမြို့ ကချင် ခရစ်
ယာန်အသင်းတော်မှ လူငယ်ပေါင်း ၂ဝဝ ကျော်ကလည်း လုံခြုံရေးအတွက် ပူးပေါင်းပါဝင် ကူညီခဲ့ကြသည် ဟုလည်း သိရသည်။
ဘီနှိုင်းစ အနံ ၃ ပေ၊ အလျား ၁ဝ ပေတွင် အင်္ဂလိပ်၊ ကချင်၊ မြန်မာဘာသာများဖြင့် ဂျန်မိုင်ကောင်း နှစ်ခြင်းခရစ်ယာန် အသင်းတော် KBC ငြိမ်းချမ်းစွာ ဆန္ဒပြမှတ်တမ်းဆိုသည့် စာတန်းကို ကိုင်ဆောင်၍ ဓမ္မသီးချင်းများ သီဆို၍လည်း ဆန္ဒဖော် ထုတ်ခဲ့ကြသည်။
အစောပိုင်း စီတန်းလှည့်လည်မည့် လမ်းကြောင်းမှာ ဂျန်မိုင်ကောင်း စစ်ရှောင်စခန်း- ဒူကထောင်လမ်း- ရုံးကြီးလမ်း- သခင်နက်ဖေလမ်း-ဘရင့်နောင်လမ်း-အောင်ဆန်းလမ်း - ဒူကထောင်လမ်းမှ ဂျန်မိုင်ကောင် စစ်ရှောင်စခန်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ စာတင်ခဲ့သော်လည်း အစိုးရရုံးများ စိုက်ထားသော ရုံးကြီးလမ်းကို ဖြတ်သန်းခွင့် မပြုခဲ့ကြောင်း သိရသည်။ သို့သော် ဆန္ဒဖော်ထုတ်မှု ပြီးဆုံးသည်အထိ မည်သည့် အနှောက်အယှက်မှ မရှိခဲ့ကြောင်း သိရသည်။
ဦးလထော်ဘရန်ရှောင်သည် ကချင်လွှတ်လပ်ရေး တပ်မတော် KIA အဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲကာ မတရားအသင်းနှင့် ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် စရဖနှင့် အမှတ် (၁) ရဲစခန်းမှ ရဲတပ်ဖွဲ့များက ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ ၃ ဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် တရားစွဲဆိုထားသည်။
ဇွန်လ ၂၈ ရက်နေ့တွင် ပြည်နယ်တရား လွှတ်တော်ရုံးတွင် ဖြောင့်ချက်ယူစဉ် ဦးလထော် ဘရန်ရှောင်၏ မျက်နှာတွင် ဒဏ်ရာများ ရနေခြင်းနှင့် ဗိုက်တွင် အသံဖမ်းစက် ကပ်ပေးခဲ့မှုကို တရားသူကြီးများ စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။
ဇွန်လ ၂၉ ရက်နေ့မှာ ပြည်နယ် ဝန်ကြီးချုပ် ဦးလချွန်ငံဆိုင်းထံ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင့်ပြုရန် ဂျန်မိုင် ကောင်း ရပ်ကွက်မှာ သာဘာရေးခေါင်းဆောင်များ စာတင်ခဲ့ရာ တရားဝင် ခွင့်ပြုချက်မရသော်လည်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်ခဲ့ကြသည်။
ဦးလထော်ဘရန်ရှောင်တို့ မိသားစုသည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လ အစိုးရနှင့် KIA တို့ တိုက်ပွဲ ဖြစ်ပွားနေသူ ဝိုင်းမော် မြို့နယ် အင်ပွန် ကျေးရွာမှ ထွက်ပြေးလာပြီး ဂျန်မိုင်ကောင်းရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည်စခန်းတွင် လာရောက် နေထိုင်နေသူ ဖြစ်ကြောင်းလည်း သိရသည်။
ဦးလထော်ဘရန်ရှောင်သည် ရိုးသားသူတဦးဖြစ်ကာ အမှုစစ်ဆေးရာတွင် ဖိအားပေး စစ်ဆေးမှုမရှိပါက အမှုမှ လွတ်မြောက်မည်ဟု ယုံကြည်ကြောင်းလည်း ဦးအောင်မြတ်က ပြောသည်။
“သူက ရိုးသားတဲ့ လူတယောက်ပါ။ သူက ဘယ်ဘက်နား နည်းနည်းထိုင်းတယ်။ လေးတန်းပဲ တက်ဖူးတာ။ အဲဒါကြောင့် တရား ရေးရာအရ လွတ်မယ် ဆိုတာကို ယုံကြည်ထားပါတယ်။ စစ်မှန်သောနည်းအားဖြင့် စစ်ဆေးခဲ့ရင် လွတ်မှာပါ။”ဟု မဇ္စျိမကို ပြောသည်။
သောကြာနေ့တွင် ဦးလထော်ဘရန်ရှောင်ကို ကချင်ပြည်နယ် တရားလွတ်တော်ရုံးတွင် အမှုစစ်ဆေးရန် ရုံးချိန်း ရှိသော်လည်း လာမည့် ၁၁ ရက်နေ့သို့ ပြောင်းရွှေ့လိုက်သည်ဟု သိရသည်။ သူ၏ အမှုကို အမျိုးသားဒီမိုရေစီ အင်အားစု NDF ပါတီဝင် ရှေ့နေ ဦးဂျီမာခါးက လိုက်ပါ ဆောင်ရွက်ပေးနေသည်။
Ref: မဇ္ဈိမ
ထိုင်းတောင်ပိုင်းရောက် မြန်မာလုပ်သား ၈၀ ကျော် နစ်နာမှုများတောင်းဆို
ဌေးဝင်း
ဇူလိုင်လ ၀၆ ရက် ၂၀၁၂ ခုနှစ်
မြန်မာအလုပ်သမား ၈၀ ကျော် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံတောင်ပိုင်း ကန်ချနဘူရီ ခရိုင် ဆန်ခဘူရီ မြို့ရှိ P.I.A Trading အထည်ချုပ်စက်ရုံကို ရုတ်တရက်ပိတ်ခြင်းကြောင့် မြန်မာအလုပ်သမားတို့က နစ်နာမှုများရှိသည်ဟုဆိုကာ ကူညီဖြေရှင်းပေးရန် ထိုင်းမြန်မာ မဟာမိတ် ဖောင်ဒေးရှင်းသို့ ဇူလိုင်လ ၄ ရက်နေ့တွင် တိုင်ကြားစာပေးပို့လာသည်ဟု ဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ပြောသည်။
စက်ရုံကို ယခုလ ၁၅ ရက်နေ့ နောက်ဆုံးထား ပိတ်ပစ်ရန်ရှိသော်လည်း ကြိုတင် အကြောင်းမကြားသည့်အတွက် အလုပ်သမားတို့ အခက်ကြုံနေရသည်ဟုလည်း ဦးမြင့်ဝေက ပြောသည်။
"စက်ရုံ ပိတ်ပစ်တော့မယ်ဆိုတာကို ပြီးခဲ့တဲ့ ၂၉ ရက်နေ့ကမှ စက်ရုံ မန်နေဂျာက လာပြောတယ်ဆိုတော့ အလုပ်သမား
တွေ အရမ်းဒုက္ခ ရောက်တာပေါ့။" ဟု ထိုင်းမြန်မာ မဟာမိတ် ဖောင်ဒေးရှင်း Thai Allied Committee Desegregated Burma Foundation (TACDB) ၏ ဒါရိုက်တာ ဦးမြင့်ဝေက မဇ္ဈိမကို ပြောသည်။
ထိုင်း အလုပ်သမား ကာကွယ်ရေး အက်ဥပဒေ ဘီအီး ၂၅၄၁ အရ အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ပါက လျှော်ကြေးငွေ အဖြစ် ရက် ၆၀ စာ ပေးလျှော်ရမည်ဟု ဖေါ်ပြထားသော်လည်း စက်ရုံဘက်မှ ပေးလျှော်ခြင်း မရှိသည့်အတွက် ကူညီဖြေရှင်းပေးရန် စီစဉ် နေသည်ဟုလည်း ဦးမြင့်ဝေက ပြောသည်။
"ဥပဒေအရ အလုပ်ရှင်က အလုပ်သမားတွေကို ဖြုတ်ပစ်မယ်ဆိုရင် ရက် ၆ဝ စာ ပေးရမယ့် တာဝန်လည်း ရှိတယ်။ အခုဟာက ဘာမှမပေးတဲ့အပြင် တိုင်ချင်ရာတိုင်လို့ ဆိုတဲ့အတွက် ကျနော်တို့ ဖောင်ဒေးရှင်းက အကူအညီပေးဖို့ စီစဉ်နေပါတယ်" ဟု ဦးမြင့်ဝေက ပြောသည်။
ဥပဒေအရ အလုပ်ရှင်ဘက်မှ ရက် ၆၀ စာ လျှော်ကြေးပေးရမည် ဖြစ်သော်လည်း အလုပ်သမားတို့က ၁၅ ရက်စာ သာ တောင်းဆို သည်ကိုပင် လိုက်လျောခြင်း မရှိသည့်အတွက် တိုင်ကြားရခြင်းဟုလည်း အလုပ်သမတဦးက မဇ္ဈိမကို ပြောသည်။
"ကျမတို့က အခုလို ရုတ်တရက် စက်ရုံပိတ်လိုက်တော့မယ်ဆိုတော့ နစ်နာကြေးရယ်လို့တောင် မဟုတ်ပါဘူး။ အစက ရက် ၆ဝ စာ လည်း တောင်းတာ မဟုတ်ပါဘူး။ ၁၅ ရက်စာလောက်ပေးဖို့ မန်နေဂျာက တဆင့်တောင်းတာကို မပေးနိုင် ဘူးလို့ ပြန်ပြောတယ်။ ဒါကြောင့် ကျမတို့က ဥပဒေအရ ကျမတို့ရပိုင်ခွင့်တွေကို ရအောင် အလုပ်သမား အဖွဲ့အစည်း တွေကို လက်မှတ်ထိုးပြီး တိုင်ကြတာ။" ဟု ပြောသည်။
အလုပ်သမားများ တောင်းဆိုသော ၁၅ ရက်စာမှာ စက်ရုံမပိတ်မီ ၁၅ ရက်အတွင်း အလုပ်သစ် ရှာနေစဉ် စားဝတ်နေ ရေး ဖြေရှင်း ရန်အတွက် ဖြစ်သည်ဟု သိရသည်။ ယင်းတောင်းဆိုချက်ကို လုံးဝ လိုက်လျော မပေးနိုင်ကြောင်း ပြန်ကြား ခဲ့သဖြင့် အလုပ်ရှင် အလုပ်သမားကြား တင်းမာမှုဖြစ်ပေါ်လျက်ရှိသည်။
အလုပ်သမားတို့၏ တိုင်ကြားစာတွင် နယ်စပ်ဒေသရှိ စက်ရုံအလုပ်ရုံတို့သည် ကမ္ဘာ့ကုလသမဂ္ဂနှင့် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်တို့မှ ချမှတ်ထားသော အခြေခံ အလုပ်သမားများ၏ အခွင့်အရေးများကို ချိုးဖေါက်နေကြသည်ဟုလည်း ထည့်သွင်းရေးသားထားသည်။
စက်ရုံကိုပိတ်ပစ်တော့မည် ဖြစ်ခြင်းကြောင် စက်ရုံမှ မြန်မာအလုပ်သမား ၈၀ ကျော်မှာ အလုပ်လက်မဲ့ အခြေအနေနှင့် ကြုံတွေ့ရဖွယ် ရှိသည်။ စက်ရုံသည် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခဘူရီမြို့ အမှတ် (၉) ရပ်ကွက် အမှတ် ၃၅၈ တွင် တည်ရှိပြီး စက်ရုံပိုင်ရှင်များမှာ ဟောင်ကောင်နိုင်ငံမှ တရုတ်လူမျိုး မစ္စတာလာလိ နှင့် မစ္စတာလိုင်တို့ဖြစ်သည်ဟု သိရသည်။
Ref: မဇ္ဈိမ























































BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88