Thursday, August 23, 2012

လူသားချင်း စာနာမှုတွေနဲ့ ဂီတသံ

ပန်းမြတ်ဇော်
သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

မိုးက အခုပဲ ရွာတော့မလိုနဲ့ အုံ့ မှိုင်းစပြုနေပြီး အေးစက်စက်နဲ့ ငြီးငွေ့စရာကောင်းတဲ့ ညနေခင်းပေမယ့် ရန်ကုန်မြို့ရဲ့ အမျိုးသား ကဇာတ်ရုံနဲ့ ပတ်ဝန်းကျင်မှာတော့ လူအများက ကဇာတ်ရုံဆီကို ဦးတည်သွားလာနေကြပါတယ်။

သူတို့နား ရောက်သွားတော့ စကားသံကြောင့် သတိထားမိလိုက်တာက ရခိုင်လူမျိုးများ ဖြစ်ပြီး လက်မှတ်ကိုယ်စီကိုင်လို့ အမျိုးသား ကဇာတ်ရုံထဲ ဝင်သွားတာကို တွေ့လိုက်ရပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ လုပ်တဲ့ ရခိုင်ပြည်နယ် တိုင်းရင်းသား မိသားစုများ၏ ကလေးငယ်တွေ အတွက် ပညာရေး ထောက်ပံ့ဖို့ စီစဉ်ထားတဲ့ တေးဂီတ ဖျော်ဖြေပွဲပဲ ဖြစ်ပါတယ်။ ဒီပွဲကို လာသူတွေက အရွယ်စုံ ပါဝင်နေပြန်တော့ တခြား ဂီတပွဲတွေထက် ထူးခြားနေပြန်ရော။

ညနေ စောင်းလာတာနဲ့အမျှ မြို့မကျောင်းလမ်းမှာရှိတဲ့ အမျိုးသားကဇာတ်ရုံ ဝင်ပေါက်မှာ တိုးဝင်သူ ပိုများလာပါတော့ တယ်။ ဖျော်ဖြေရေးပွဲတွေနဲ့ ဒွန့်တွဲရှိနေခဲ့တဲ့ လက်မှတ် မှောင်ခိုရောင်းသူတွေလည်း တွေ့လာရပြန်ပေါ့။

ရုံထဲ ရောက်တာနဲ့ ပထမဆုံး မြင်လိုက်ရတာက ‘အလှူခံဌာန’ဆိုတဲ့ စာတန်းလေးပါ။ အဲဒီဘေးမှာတော့ ရခိုင်ရိုးရာ သီချင်း ခွေတွေ ရောင်းလို့။ ရခိုင်သီချင်းသံတွေကလည်း ပျံ့လွင့်နေတော့ ရခိုင်ပြည် ရောက်သွားသလားလို့တောင် ထင်မိတယ်။

ညနေ ၆ နာရီမှာ ပွဲစတင်မယ်လို့ ကြေညာထားပေမယ့် တခြားဂီတပွဲတွေလိုပဲ မစနိုင်သေးပါဘူး။ ပိတ်ကားထက် မှာတော့ ‘ရခိုင်ပြည်နယ် တိုင်းရင်းသား မိသားစုများ၏ ကလေးငယ်များအတွက် ပညာရေး ထောက်ပံ့မှု တေးဂီတ ဖျော်ဖြေပွဲ’ ဆိုတဲ့ စာတန်း ကပ်ထားပြီး အောက်ဘက်မှာတော့ ငွေကြေးအထောက်အပံ့ပေးထားတဲ့ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ရဲ့ တံဆိပ်နဲ့ ပွဲဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ရခိုင် အမျိုးသားကွန်ယက်၊ ဖွံဖြိုးရေးမဏ္ဍိုင်၊ Wave Myanmar တို့ကို ကိုယ်စား ပြုတဲ့ တံဆိပ်တွေ ကပ်ထားတာ မြင်ရပါတယ်။

“ရခိုင်ပြည်နယ်အတွက် ဆိုတာ ဖြစ်နေလို့လည်း ရာသီဥတု အေးတာတောင် လာအားပေးတယ်။ အခုပွဲရဲ့ တီးလုံးသံတွေ အမျိုး သားသီချင်းသံတွေ ကြားရတော့ ဝမ်းနည်းမိတယ်။ ဖြစ်နိုင်ရင် ဒီလိုပွဲမျိုး မလုပ်စေချင်ဘူး၊ ဝမ်းနည်းမိတယ်” အသက် ၂၅ နှစ် အရွယ် မိန်းကလေးတဦးက ပြောရင်း ပြောရင်း မျက်ရည်ဝဲလာပါတယ်။

သူက ရခိုင်ပြည်နယ်က ရမ်းဗြဲမြို့နယ် ဇာတိဖွားဖြစ်ပြီး ရန်ကုန်ရောက်တာတော့ ၁၅ နှစ် ရှိပြီလို့ ဆိုပါတယ်။ ဒီအချိန် မှာပဲ ဂီတပွဲ စတင်တော့မှာ ဖြစ်ကြောင်း ကြေညာသံကို ကြားလိုက်ရပါတယ်။ နာရီကြည့်တော ည ၇ နာရီ ထိုးခါနီး နေပါပြီ။ ရခိုင် မင်္ဂလာစည်တော်ကြီးရဲ့ အဖွင့်သံအောက်က ပရိတ်သတ် ၁,၅ဝဝ လောက် ဆံ့တဲ့ ပွဲကြည့်စင်နှစ်ထပ် ရှိတဲ့ ရုံထဲမှာ ပရိတ်သတ် က ပြည့်ကြပ်နီးပါး ဖြစ်နေပါပြီ။ အောက်ထပ် ရှေ့ဆုံးတန်း ကျပ် ၁၅,ဝဝဝ နဲ့ နောက်ဘက်ပိုင်း ကျပ် ၁၂,ဝဝဝ၊ အပေါ်ထပ်ကို ကျပ် ၁ဝ,ဝဝဝ ရယ်လို့ သတ်မှတ်ရောင်းတာမှာ စောင်ရေ ၁,၃ဝဝ ကုန်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဗြုံန်းဆို လက်ခုပ်တီးသံတွေ ဆူညံသွားလို့ စင်ပေါ်ပြန်လှည့်ကြည့်တော့ တိုက်ပုံ အနက်ရောင် ဝတ်ထားတဲ့ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် စင်နောက်ဘက်ကနေ ထွက်လာပြီး “ပြည်ထောင်စုက ဘယ်နေရာ ဖြစ်ဖြစ် ကျနော်တို့နဲ့ ဆိုင် တယ်။ အထူးသဖြင့် ဒုက္ခရောက်နေသူတွေဘက်က ရပ်ပေးရပါလိမ့်မယ်။ နိုင်သမျှ လုပ်ပေး ရမှာပါ။ ကျနော်တို့ ပြည်ထောင်စု သားတွေ ဒုက္ခရောက်နေတာ ကျနော်တို့ မကြည့်နိုင်ဘူး။ ကျနော်တို့ တတ်နိုင်သမျှ လုပ်ပေးတာပါ” လို့ ပြောသံနဲ့အတူ လက် ခုပ်သံတွေ ထပ်မံပေါ်ထွက်လာပါတော့တယ်။

ကိုမင်းကိုနိုင် က ပရိတ်သတ်နဲ့ နှုတ်ဆက်ပြီးတဲ့အခါမှာ ရခိုင်အမျိုးသား ကွန်ယက် ဥက္ကဋ္ဌ ကိုတင်ထူးအောင် ကလည်း အဖွင့်မှာစကားပြောတယ်။

ပြီးတဲ့အချိန်မှာတော့ Lazy Club band ရဲ့ လက်စွမ်းပြ တီးခတ်သံ စတင်ကြားလိုက်ရပြီး အဆိုတော် ဟဲလေး နဲ့ ဝေလျှံ က ပွဲဦးထွက် စတင်သီဆိုဖျော်ဖြေပါတယ်။ ဂီတ ဖျော်ဖြေပွဲက အသက်စဝင်လာပြီး ဟဲလေးက သီချင်း သုံးပုဒ် ဖျော်ဖြေ သွားခဲ့ပါ တယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီိနေ့က ကမ္ဘာ့ လူသားချင်း စာနာထောက်ထား ကူညီမှုနေ့လည်း ဖြစ်တာက ဒီပွဲကို ပိုပြီး သက်ဝင်သွား စေသလိုပါပဲ။

စင်မြင့်ကန့်လန့်ကာ နောက်ကွယ်မှာတော့ ရခိုင်လူမျိုးများအတွက် အနုပညာကြေး မယူဘဲ အခမဲ့ ဖျော်ဖြေပေးဖို့ အဆိုတော်တွေ ကလည်း အလှည့်ကျ စောင့်နေကြတာကို တွေ့နိုင်ပါတယ်။

အဆိုတော် ဉာဏ်လင်းအောင်နဲ့ Lလွန်းဝါတို့ သီဆိုအပြီးနောက် ပန်းရောင်ဖျော့ဖျော့ ဂါဝန်ရှည်နဲ့ ချမ်းချမ်းက “တကယ် ဆိုရင် အချစ်ပဲ လိုတယ်” သီဆိုချိန်မှာတော့ ပရိတ်သတ်က လိုက်ဆိုနေကြပြန်ရော။

ခေတ္တအစီအစဉ် တင်ဆက်ပေးတဲ့ ကိုမင်းကိုနိုင်ရဲ့ ရခိုင်လိုပြောသံက လက်ခုပ်သံ ညံသွားပြန်စေပါတယ်။

ရုပ်ရှင်အစည်းအရုံးရဲ့ အလှူငွေ ၁၀ သိန်းကို ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ (ဦး)ဇင်ဝိုင်းနဲ့ သရုပ်ဆောင် (ကို)နေတိုး တို့က ပေးပြီး ကိုမင်းကိုနိုင်က ကိုယ်စား လက်ခံရယူပေးခဲ့ပါတယ်။

အဲဒီနောက် ရခိုင်အဆိုတော်မလေး ရတနာမိုင်က ရခိုင်လို နှုတ်ဆက်ပြီး စတင်သီဆိုတဲ့အခါမှာတော့ “မိုင်လေး”၊” မိုင်လေး” လို့ ပရိတ်သတ်အားပေးသံတွေ ညံလို့ နေပြန်တယ်။ ပန်းစည်းတွေ တက်ပေး၊ ပန်းကုံးတွေ စွတ်ကြနဲ့ပေါ့။

ဒီပွဲမှာပဲ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်နဲ့ဇနီးက ကျပ်တသိန်း လှူသွားပါတယ်။

Rock အဆိုတော်တဦး ဖြစ်တဲ့ ထူးအယ်လင်းက Rock သီချင်း ကြမ်းကြမ်းတွေ သီဆိုပြီး စင်ပေါ်က ဆင်းခါနီးမှာ “ဘင်္ဂါလီတွေ ထွက်သွားဖို့ အတွက် အပြည့်အဝ ရပ်တည်ပေးမှာပါ” လို့ ပြောလိုက်တဲ့ အချိန်မှာတော့ ပရိတ်သတ်ရဲ့ လက်ခုပ်သံတွေက ဆူညံ သွားခဲ့ပါတယ်။

ရခိုင် အဆိုတော် ဝင်းကိုခိုင်ရဲ့ ရခိုင်ပြည်နယ်ကို လာရောက်ဖို့ ဖိတ်ခေါ်တဲ့ သီချင်း သီဆိုချိန်မှာ ပရိတ်သတ်တွေက စင်အောက် ကနေ ကခုန်ကြကုန်ပါလေရော။

ကိုမင်းကိုနိုင်က ပရိတ်သတ်ကြားထဲ အလှူငွေ လိုက်လံကောက်တော့ ပန်းစည်းတွေ ပေးသူပေး၊ ပွေ့ဖက်နှုတ်ဆက်သူ နှုတ်ဆက် ပေါ့။

ဒီလိုနဲ့ ည ၁ဝ နာရီ ခွဲနေတာတောင် ပရိသတ်တွေကလည်း ဇွဲကောင်းကောင်းနဲ့ အားပေးနေဆဲပါပဲ။

ကျမ ကတော့ မနက် ရုံးစောစော သွားရမှာဖြစ်လို့ ဇာတ်ရုံထဲက ထွက်လာ လိုက်ပါတယ်။ အပြင်ရောက်တဲ့အခါမှာတော့ ည ၁၁ နာရီရဲ့ လေအေးအေး တိုက်ခတ်မှုကို ခံစားလိုက်ရပေမယ့် ဒီပွဲက လှူတန်းငွေဟာ ပဋိပက္ခကြောင့် ဒုက္ခရောက်ရ တဲ့ ကလေးများ ရဲ့ ပညာရေး အထောက်အပံ့ရကြမှာကို တွေးမိရင်း ပီတိ ကူးစက်လာ ပါတော့တယ်။ ။

Ref: မဇ္ဈိမ

Read More...

အင်ဒို ဒု-သမ္မတဟောင်း ရခိုင်ပြည်နယ်အရေး လာရောက်လေ့လာမည်

သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

အင်ဒိုနီးရှားနိုင်ငံ ဒုတိယ သမ္မတဟောင်း ဂျူဆုဖ် ကာလာ Jusuf Kalla သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် လူထု အဖွဲ့ပဋိပက္ခများနှင့်ပတ်သက်၍ အကူအညီပေးရန် အထူးကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံသို့ စက်တင်္ဘာလအတွင်း ထပ်မံလာ ရောက်မည် ဖြစ်သည်။

သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို Susilo Bambang Yudhoyono ၏ တာဝန်ပေးမှုအရ ဂျူဆုဖ် ကာလာ အနေနှင့် ရခိုင်ပြည်နယ်အရေး အင်ဒိုနီးရှား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ စက်တင်္ဘာလ ၈ ရက်နေ့တွင် လာရောက်မည် ဖြစ်သည်။

ဂျူဆုဖ် ကာလာ သည် သြဂုတ်လ ၁ဝ ရက်နေ့ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ရခိုင်ပြည်နယ်အရေး တွေ့ဆုံ ဆွေးနွေးခဲ့ ဖူးပြီး ထိုစဉ်က OIC ၏ ကိုယ်စားလှယ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းများသို့ OIC ၏ ‘အရေးပေါ် အကူအညီ’များ ပေးအပ်နိုင်ရန် ဆောင်ရွက်ခဲ့ဖူးသည်။

“ပုဂ္ဂိုလ်ရေး ပဋိပက္ခ အသွင်ဖြင့် စတင်ခဲ့ပြီးနောက် နိုင်ငံရေး ပဋိပက အသွင် ဆောင်လာကာ နောက်ပိုင်းတွင် လူမျိုးရေး ပဋိပက္ခအသွင် ပြောင်းသွားခဲ့ပြီး (နောက်ဆုံးတွင်) ဘာသာရေး ပဋိပက္ခတခု ဖြစ်လာ လိမ့်မည်” ဟု ဂျူဆုဖ် ကာလာ က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ၎င်း၏ ထင်မြင်ချက်ကို ရေဒီယို သြစတြေးလျသို့ပြောဆို ခဲ့သည်။

မြန်မာ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်္ဂါနေ့ ထုတ်ပြန်ချက်တွင် “ အဆိုပါ အကြမ်းဖက်မှုများမှာ မတူကွဲပြားကြ သည့် ဘာသာ(၂)ခု အကြား ဖြစ်ပွားသော ပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ပြဿနာ လည်း မဟုတ်ကြောင်း” ဖော်ပြပါရှိပြီး “ပြည်နယ်တစ်ခုအတွင်း လူ့အဖွဲ့အစည်း အစိတ်အပိုင်းနှစ်ရပ်အကြား ရာဇဝတ်မှု တခုကို အ ကြောင်း ပြု၍ နောက်ဆက်တွဲ ဖြစ်ပွားသော အကြမ်းဖက်မှုများသာ ဖြစ်သည်” ဟု သုံးသပ်ထားသည်ကို ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံ ပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။။

အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ အပါအဝင် နိုင်ငံတကာ များနှင့် ကုလသမဂ္ဂ လူသားချင်း စာနာ အကူအညီပေးရေး အဖွဲ့များကို ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် ၇ဝ,ဝဝဝ ခန့်အတွက် အကူအညီများ ပေးခွင့် ပြုထားသည်။

သို့သော် ထိုသို့ နိုင်ငံတကာ INGO များနှင့် ကုလအဖွဲ့များ၏ ရခိုင်တိုင်းရင်းသားများအပေါ် ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ရခိုင်တိုင်းရင်းသားများက ကန့်ကွက် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား၊ လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသ မစ္စတာ ကွင်တားနား၊ တူရကီ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အာမတ်ဒါဂူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ OIC ကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌ ဂျူဆုဖ် ကာလာ တို့အား အစိုးရက တရားဝင် သွားရောက်လေ့လာခွင့် ပြုခဲ့ပြီး လာရောက်ရန် အဆိုပြုထားသည့် OIC အတွင်းရေးမှူးချုပ် အားလည်း ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Ref: မဇ္ဈိမ

Read More...

ဖားကန့် ရွှေမှော်တွင် မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများပြားလာ

ဖနိဒါ
သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ယုဇန ကုမ္ပဏီမှ သိမ်းယူထားသော မြေနေရာပေါ်ရှိ ကိုင်းတောမှော် ၂ မှ ရွှေတူးဖော် ရေးလုပ်ငန်းခွင်နှင့် အနီးတဝိုက်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အလွန်များပြားလျက် ရှိလာသည်ဟု ဒေသခံများနှင့် ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG မှ ပြောသည်။

“ရွှေတူးနေလို့ လယ်မြေတွေ ပျက်စီးသွားပြီ။ အဲဒီရွှေမှော်မှာ မူးယစ်ဆေးဝါး ပြန့်လာတယ်။ ၈ဝ ရာခိုင်နှုန်းလောက်၊ ကလေး၊ လူကြီး ဘိန်းမဲ(ခတ်ပုံ)၊ ဘိန်းဖြူနဲ့ ယာဘ ဆေးတွေ သုံးစွဲနေကြတယ်။ နောက် လိင်ပိုင်းဆိုင်ရာ (ပြည့် တန်ဆာ) လုပ်ငန်း တွေလည်း ရှိလာတယ်။ ဒေသခံ ရဲတွေလည်း မသိချင်ယောင် ဆောင်နေတယ်။ ငွေပဲ ကောက်စား နေတယ်။ တကယ့် မင်းမဲ့ စရိုက် အုပ်ချုပ်ရေးမဲ့ ဖြစ်နေတယ်” ဟု KDNG ၏ ဒု-တာဝန်ခံ ဦးဆာဂျီးက ပြောသည်။

ရွှေမှော်အနီးရှိ ရှရုဇွပ် ကျေးရွာမှ ရွှေလုပ်ငန်းလုပ်ကိုင်နေသူ အိမ်ထောင်စု ၅ဝဝ ခန့်၏ လူဦးရေ ၂,၅ဝဝ တွင်လည်း မူးယစ် ဆေးဝါး သုံးစွဲသူ များပြားလာသည်ဟု ဆိုသည်။

ထိုရွှေမှော်ကို ယုဇနကုမ္ပဏီနှင့် ရှရုဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ရွှေတူးဖော်ခွင့် ပြုထားခြင်း ဖြစ်သည်ဟု သိရသည်။

ကိုင်းတော်မှော် ၂ အပြင် အောင်လန်၊ ချောင်းဆုံ၊ လောဒ်ဂျာ၊ ဘွမ်ကျန် စသည့် ရွှေမှော်များတွင် ယခင်က ဘိန်းမဲ သုံးစွဲမှုသာ ရှိခဲ့သော်လည်း ယခုမူ ဘိန်းဖြူနှင့် ယာဘ ဆေးပြားများ ပိုမိုသုံးစွဲလာသည်ဟု ရှရုဇွပ်ရွာခံ တဦးက
ပြောသည်။

“အရင်က ဘိန်းမဲပဲ ရှိတယ်။ အခုက ဘိန်းခန်း၊ ဖိုးခန်း၊ ရာမ ဆေးပြားတွေ ပိုများလာတယ်။ ကျနော်တို့ အရမ်း စိတ်ပူပန်
နေရတယ်။ စိတ်လည်း မကောင်းဘူး။ ဘယ်သူမှ အုပ်ချုပ်တဲ့ လူမရှိသလို ခံစားနေရတယ်။ ဒု-စရိုက်နေရာ၊ လုယက်မှု
နေရာ၊ မဒိန်းမှုထိ ဖြစ်တယ်။ ဘယ်သူမှ မပြောရဲကြဘူး။ ယုဇန ကုမ္ပဏီက မြေသိမ်းလို့ လုပ်စားမယ့် နေရာမရှိ သလို၊
ရွှေတူးလို့ လမ်းပန်းဆက်သွယ်ရေးက ပိုခက်လာတယ်” ဟု မဇ္စျိမကို ပြောသည်။

ရှရုဇွပ်ကျေးရွာမှ နှစ်မိုင်အကွာ ကိုင်းတောမှော် ၂ တွင် ယုဇန ကုမ္ပဏီနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဒီးတို့က ရွှေကျင်း တကျင်းလျှင် ကျပ် ငါးသိန်း၊ ရွှေစက်ဖောင် တဖောင်အတွက် တလလျှင် ကျပ်သုံးသိန်း တောင်းခံ၍ ရွှေတူးခွင့် ပြုထားသည်ဟု သူက ပြောသည်။

ကျေးရွာဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် အလယ်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး ရန်ပုံငွေ အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးက ရွှေတူးဖော်ခွင့် ပြုထားသည်ဟုဆိုသော်လည်း လက်တွေ့တွင် ထိုလုပ်ငန်းများ အကောင်အထည် မဖော်သေး ကြောင်း ရှရုဇွပ်ရွာသားတဦးက ပြောသည်။

၂ဝဝ၇ ခုနှစ်က ဟူးကောင်းချိုင့်ဝှမ်းအတွင်းမှ ဒေသခံ တောင်သူများပိုင် မြေဧ နှစ်သိန်းကျော်ကို ပီလောပီနံနှင့် ကြံ စိုက်ပျိုးရန် တွက်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးဌေးမြင့် ပိုင်သည့် ယုဇန ကုမ္ပဏီက သိမ်းယူခဲ့သည့်အထဲတွင် ဖားကန့်မြို့နယ်မှ အောင်ရာ၊ ရှရုဇွပ်၊ ဘန်ကောက်၊ နမ်ဆန်၊ ဝါရာဇွပ် စသည့် ကျေးရွာများမှ ဧက တထောင်ကျော် လည်း အပါအဝင် ဖြစ်သည်။

Ref: မဇ္ဈိမ

Read More...

မိုဘိုင်းဖုန်းက ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာလား

အောင်ဝင်း
သြဂုတ်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

“ဆင်းရဲသားများကို မိုဘိုင်းဖုန်းများ အခမဲ့ပေးမည်” ဆိုတဲ့ သတင်းခေါင်းစဉ် တခုကို ဂျာနယ် တစောင်မှာ ခုတလော ဖတ်လိုက်ရပါတယ်။ ပေးမယ့် နေရာကတော့ “အိန္ဒိယ… အိန္ဒိယနိုင်ငံမှာပါ”

အိန္ဒိယ အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ ဆင်းရဲမှု လျှော့ချဖို့အတွက် အရေးပါတဲ့ ဆက်သွယ်ရေး ကိရိယာဖြစ်တဲ့ မိုဘိုင်းဖုန်း တွေကို ဝင်ငွေနည်း မိသားစုတွေကို ပေးခြင်းအားဖြင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်ပြီးတော့ ဆင်းရဲမှုကနေ လွတ်မြောက်နိုင်စေဖို့ပါ။

မိုဘိုင်းဖုန်း ဆင်းမ်ကတ်၊ ဟန်းဆက်နဲ့ အတူ မိနစ် ၂ဝဝ ကြာ အခမဲ့ ဖုန်းပြောခွင့်ပါ ရရှိစေဖို့ လုပ်ဆောင် ပေးမယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ အခုလို အစီအစဉ်ကို အတိုက်အခံပြော ဝေဖန်တဲ့ သူတွေလည်း ရှိပါတယ်။ ဆင်းရဲသားတွေကို မိုဘိုင်းဖုန်း
ပေးမယ့်အစား ကျန်းမာရေးနဲ့ အာဟာရဖွံ့ဖြိုးမှု အစီအစဉ်တွေမှာ သုံးစွဲဖို့ ဝေဖန်အကြံပြုတာတွေလည်း ဖတ်လိုက်ရပါ တယ်။

ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံဆိုတော့ အကောင်အထည် ဖော်မယ့် အစီအစဉ်တခုကို အဆိုးအကောင်း ဝိုင်းဝန်း ဝေဖန် တာတွေတော့ ရှိစမြဲပါ။

ကျနော်တို့နိုင်ငံမှာလည်း မိုဘိုင်းဖုန်း ဆင်းမ်ကတ် တွေကို တခု ငါးသိန်းနဲ့ အစိုးရ ဆက်သွယ်ရေး ဌာနကနေ ရောင်းနေ တဲ့ အချိန်မှာ ဆင်းမ်ကတ် တခုကို ကျပ် ငါးထောင်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုက ရောင်းချပေးဖို့ အစီအစဉ်ကိုတောင်မှ ဆက်သွယ် ရေးဌာနက ခွင့်ပြုဖို့ မဖြစ်နိုင်သေးပါဘူး၊ ကျနော်တို့လည်း ဆင်းမ်ကတ် ဈေးတွေကို တဖြည်းဖြည်းနဲ့ လျှော့ချ ပေးဖို့ အစီ အစဉ် ရှိပါတယ်လို့ ဆိုခဲ့သေးပါတယ်။

အခုအချိန်အထိမှာတော့ GSM ဆင်းမ်ကတ်တခုကို ကျပ် နှစ်သိန်းနဲ့ ရောင်းနေချိန်မှာ ကျပ် တသိန်း ဒါမှမဟုတ် CDMA မိုဘိုင်းတွေ ကို ကျပ် ရှစ်သောင်းနဲ့ မကြာမီ ရောင်းချပေးတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်အထိ မြန်မာ့ ဆက်သွယ်ရေးက တာဝန်ရှိသူတွေက မဖြစ်နိုင်သေးပါဘူးလို့ ငြင်းနေတုန်းပါ။

ဒါနဲ့ ခုန အိန္ဒိယ အစိုးရရဲ့ ရည်ရွယ်ချက်နဲ့ သဘောထားကို ပြန်ပြီး ကောက်ချက် ချကြည့်ရအောင်ပါ။

အိန္ဒိယ ဝန်ကြီးချုပ်ရုံးရဲ့ သဘောထားကတော့ “မိုဘိုင်းဖုန်း ဆိုတဲ့ အီလက်ထနောနစ် ဆက်သွယ်ရေး ကိရိယာဟာ အလုပ် လက်မဲ့တွေကို အလုပ်ရှာဖွေရာမှာ အထောက်အကူ ပြုစေဖို့ပါ” လို့ ဆိုပါတယ်။

အဓိပ္ပါယ်ကတော့ အလုပ်လက်မဲ့ တဦးဟာ ဆက်သွယ်ရေး ကိရိယာ ဖြစ်တဲ့ မိုဘိုင်းဖုန်း မရှိတဲ့အတွက် အလုပ်ရှာဖို့ အခက်အခဲ တွေ့နေကြတာကို ဖြေရှင်းဖို့ မိုဘိုင်းဖုန်းကို အခမဲ့ပေးဖို့ စဉ်းစားရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖုန်းမရှိတဲ့အခါ အလုပ်ရှာဖို့ ခက်ခဲ သလို၊ အလုပ်မရှိတဲ့အတွက် ဖုန်းမဝယ်နိုင်တဲ့ ဝိုင်းကြီးပတ်ပတ် အခက်အခဲကို ဖြေရှင်းဖို့ မိုဘိုင်းဖုန်း ရှိဖို့ အရင်းဦးဆုံး လိုအပ် တယ် လို့ ဆိုပါတယ်။

ဒီအယူအဆကို ကျနော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ နှိုင်းယှဉ် စဉ်းစားမယ်ဆိုရင် အတော်လေးပဲ နီးစပ်ပါတယ်။ အလုပ်ကြမ်း ဝင်ငွေနည်း အလုပ်တွေနဲ့ နီးစပ်ရာ အလုပ်အကိုင် ရှာကြတဲ့ အခြေအနေတွေက လွဲရင်ပေါ့လေ။

ကျနော်တို့ နိုင်ငံမှာလည်း အထူးသဖြင့် ဘွဲ့ရ အလုပ်လက်မဲ့တွေအတွက် အလုပ်ရှာတဲ့ အခါ ကိုယ်ရေးရာဇဝင်နဲ့ အလုပ်လျှောက် လွှာကို တင်ထားရတဲ့အခါ အလုပ်ရှင်က ပြန်ပြီးဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် တခုခုကို ပေးထားရ ပါတယ်။ ကိုယ်ပိုင်ဖုန်း မရှိ ရင်တောင်မှ အိမ်နီးနားချင်း တယောက်ယောက်ရဲ့ ဖုန်းနံပတ်တော့ အနည်းဆုံး ပေးထားရ ပါတယ်။

ကျနော်နေတဲ့ ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တခုမှာ ဖုန်းမရှိရင် အစားထိုးပေးဖို့ အိမ်နီးချင်း ဖုန်းနံပါတ် ပေးဖို့လည်း မလွယ် လှပါဘူး။ တချို့ရပ်ကွက်တွေမှာတော့ မုန့်ပဲ သွားရေစာ ရောင်းတဲ့ ဈေးဆိုင်ရှင် အိမ်တွေမှာ ဖုန်းတွေ ရှိတတ် ပါတယ်။ တချို့ လည်း ဆိုင်ရှင်တွေကို တောင်းတောင်းပန်ပန်နဲ့ အလုပ်ကိစ္စ ဖုန်းလာရင် ခေါ်ပေးဖို့ မှာထားရတာတွေ လည်း ရှိပါတယ်။

သဘောကောင်းတဲ့ ဖုန်းပိုင်ရှင် ဈေးရောင်းသူတွေကလည်း အလုပ်များနေတဲ့ကြားထဲ ခပ်လှမ်းလှမ်းအိမ်က လူတယောက်ကို ခေါ်ပေးတာတွေလည်း ရှိပါတယ်။ ဒါတောင်မှ ဖုန်းလာတဲ့အချိန်မှာ ကိုယ်က ရှိမနေရင် အခက် တွေ့တတ်ပါတယ်။

ကျနော်တို့ ရန်ကုန်လို မြို့ကြီးပြကြီးမှာတောင် အခုလို အခြေအနေတွေ ရှိနေတာဆိုတော့ တခြား နယ်မြို့တွေက အခြေအနေကို ပိုပြီးတော့တောင် ကိုယ်ချင်းစာမိပါတယ်ဗျာ။

အလုပ်ရှင်တွေကလည်း အလုပ်တနေရာစာအတွက် အလုပ်လျှောက်သူတွေ များပြားနေတဲ့အထဲမှာ ဆက်သွယ်ရ ခက်တဲ့၊ ပေးစရာ ဖုန်းနံပါတ် တခုတောင် မရှိတဲ့ အလုပ်လျှောက်သူတွေကို ခက်ခက်ခဲခဲ ဆက်သွယ်ဖို့ စိတ်ဝင်စားကြတဲ့ ပုံ မပေါ်ကြပါဘူး။

အကြမ်းဖျင်း ပြောရရင်တော့ အလုပ်ရှင်တွေအနေနဲ့လည်း ဖုန်းမရှိတဲ့ အလုပ် လျှောက်ထားသူတွေကို ထည့်မစဉ်းစား ဘူးဆိုတဲ့ ပေါ်လစီ အယူအဆ တရားဝင် ချမှတ်ထားတာ မဟုတ်ရင်တောင်မှ လက်တွေ့မှာ တကယ် ကျင့်သုံးနေသလို ဖြစ်နေပါတယ်။ ဖုန်းတလုံးမှ မရှိရင် အလုပ်အကိုင် ကောင်းတခု ရဖို့ ဆိုတာ အိမ်မက် ဆန်တယ်လို့ပဲ ပြောရမလို ဖြစ်နေတာပါ။

အခု ကျနော်တို့ နိုင်ငံမှာ အိန္ဒိယနိုင်ငံ အစိုးရဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေလို ဝင်ငွေနည်း မိသားစုတွေ အတွက် မိုဘိုင်းဖုန်း တလုံးစီ အခမဲ့ ပေးဖို့ အစီအစဉ် မရှိရင်တောင်မှ မိုဘိုင်း ဆင်းမ်ကတ်တွေကို အိမ်နီးချင်းနိုင်ငံတွေမှာလိုပဲ သင့်တင့်မျှတ တဲ့ ဈေးနဲ့ ရောင်းပေးမယ် ဆိုရင်တောင် အများကြီး ကျေးဇူးတင်ရမှာပါ။

“အခုလောလောဆယ် မဖြစ်နိုင်သေးပါဘူး” ဆိုတဲ့ စကားနဲ့ ကျနော်တို့ ဘယ်အချိန်ထိ စောင့်နေရဦးမှာလဲ။ အဲဒီအချိန် အထိ ပုံမှန်အလုပ်အကိုင်မရှိတဲ့ ဝင်ငွေနည်း မိသားစုတွေ အတွက်ရော ကျနော်တို့ အစိုးရ ဝန်ကြီးဌာနက ပညာရှင်ကြီးတွေ စဉ်းစား နေကြပြီလား။ ကျနော်တို့လည်း ဘယ်အချိန်ထိ အားတင်းပြီး စောင့်နေနိုင်ဦးမှာလဲ။ တခုခုတော့ လွဲနေတုန်းပဲလား လို့ပါ။

အခုအချိန်ထိ “မိုဘိုင်းဖုန်းက ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မှာလား” ဆိုတဲ့ မေးခွန်းအပေါ်မှာ အဖြေထုတ်ဖို့ ငြင်းခုံ ဆွေးနွေး နေသေးသလားဆိုတာ သိခွင့်လေးတော့ ရချင်တယ်ဗျာ။ ဆွေးနွေး စဉ်းစားနေတယ် ဆိုရင်တောင်မှ ဝမ်းသာရမှာပါ။ ။

Ref: မဇ္ဈိမ

Read More...

ဒေါ်စုနဲ့ သမ္မတဦးသိန်းစိန်တွေ့ဆုံ

ဦးကျော်ကျော်သိန်း
22.08.2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ သြဂုတ်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ဦး အဲဒီလို တွေ့ဆုံခဲ့တဲ့အကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဌေးဇော်က အတည်ပြုပြောဆိုပေမဲ့ ဘာတွေဆွေးနွေးကြတယ် ဆို တဲ့ အသေးစိတ်တွေကိုတော့ မပြောပါဘူး။

ဒါဟာဖြင့် သီတင်းနှစ်ပတ်တောင် မရှိတဲ့အချိန်အတွင်း ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒုတိယအကြိမ် တွေ့ဆုံ ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာချိန်ကတည်းကဆိုရင် သမ္မတနဲ့ တွေ့ဆုံတာဟာ စုစု ပေါင်း သုံးကြိမ်ရှိသွားပြီဖြစ်ပြီး ဒီ့မတိုင်ခင် နောက်ဆုံးတွေ့ဆုံခဲ့တာက သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ်နဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေကို တက်ရောက်နေပြီး သြဂုတ်လ ၇ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်း ရေးကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်နေပါတယ်။


Ref: ဗွီအိုအေ

Read More...

သမ္မတ ဦးသိန်းစိန်ကို RNDP ကန့်ကွက်

22.08.2012
ရခိုင်ပြည်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးက သ၀ဏ်လွှာနဲ့ ပူးတွဲသတင်း သုံးသပ်ချက် လွှတ်တော်ကို ပေးပို့ခဲ့တဲ့အပေါ် RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်ထောင်စုလွှတ်တော်ထဲမှာ ကန့်ကွက် လွှာ တင်သွင်းသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ ရခိုင်ပါတီနဲ့ မျိုးချစ်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ပါတယ်ဆိုတဲ့ သတင်းသုံးသပ်ချက်ကို သ၀ဏ်လွှာနဲ့အတူ ပူးတွဲတင်ပြခဲ့တာမှာ ပူးတွဲ သတင်းသုံးသပ်ချက် ကို ကန့်ကွက်မှာ ဖြစ်တယ်လို့ RNDP ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သြဂုတ်လ ၁၇ ရက်နေ့ ရက်စွဲပါ အဲဒီ သ၀ဏ်လွှာနဲ့ ပူးတွဲ သတင်းသုံးသပ်ချက်ဆိုတဲ့ စာကိုတော့ သြဂုတ်လ ၂၁ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးက လွှတ်တော် ကို ပေးပို့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဌက လွှတ်တော်အမတ်တွေကို ဖြန့်ဝေပေးခဲ့တာပါ။

အဲဒီသတင်းသုံးသပ်ချက်မှာ ဖော်ပြထားတဲ့ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေဆိုတဲ့ က ကနေ ဈ အထိပါတဲ့အချက်တွေကို သူတို့အနေနဲ့ တချက်ခြင်းစီ ကန့်ကွက်သွားဖို့ ပါတီခေါင်းဆောင်တွေအနေနဲ့ ဆွေးနွေး ဆုံးဖြတ်ထားတယ်လို့ RNDP ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီဥက္ကဌလည်းဖြစ်၊ စစ်တွေမြို့ နယ် ကိုယ်စားပြု ပြည်ထောင်စုလွှတ်တော်အမတ်တဦးလည်းဖြစ်တဲ့ ဒေါက် တာ အေးမောင်က ပြောပါတယ်။

“ကျနော်တို့က အစည်းအဝေးလုပ်ပြီး တစ်ချက်ခြင်း သဘောတူ ညှိနိုင်းထားတာတွေရှိပါတယ်။ ဒါနဲ့ပတ်သတ်လို့လည်း ကျနော်တို့ ဘက်က လိုအပ်သလို ကန့်ကွက်သွားဖို့ရှိပါတယ်။နောက် မနက်ဖြန် ပြည်ထောင်စု လွှတ်တော်မှာ အဲ့ဒီ့အကြောင်းအရာ သဝဏ် လွှာ ကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ဖို့ဆိုတဲ့ အချက်လေးတစ်ခုပါပါတယ်။

အဲ့ဒီ့အပေါ်မှာ သုံးသပ်ဆွေးနွေးသွားမှာပါ။ သဝဏ်လွှာကို မှတ်တမ်းတင်တယ်ဆိုတာကတော့ လွှတ်တော် ပြည်ထောင်စုလွှတ်တော် ရဲ့ နိုင်ငံတော်သမ္မတက ပါးတဲ့ အတိုင်းကို မှတ်တမ်းတင်ကြရပါမယ်။ ဆိုတော့ ကျနော်တို့ဆွေးနွေးမယ့်အပိုင်းလည်း ရှိလာနိုင်ပါ တယ်။ ဘာလို့လည်းဆိုရင် သဝဏ်လွှာခြောက်ချက်ကတော့ ကျနော်တို့ မပြောတော့ပါဘူး။ ပူးတွဲဆိုတဲ့ ပါရှိတဲ့ ရခိုင်ပြည်နယ် ပဋိ ပက္ခဖြစ်စဉ် သတင်းသုံးသပ်ချက် မှတ်တမ်းဆိုတာလည်း အင်မတန် ကျယ်ပြန့်စွာ သုံးသပ်ထားပါတယ်။

ဒါနဲ့ပတ်သတ်လို့ အချက်ဆယ်ချက်ပေါ့ ရခိုင်တိုင်းရင်းသားများရဲ့ အခြေအနေဆိုတာကို သုံးသပ်တာ ဆယ်ချက်ရှိပါတယ်။ အဲ့ဒီ့ တချက်ခြင်းအပေါ်မှာ ပြန်လည်သုံးသပ်မှာပါ။ ဒီလိုကိစ္စမျိုးက ဆွေးနွေးခွင့်ရကောင်းပါတယ်လို့ပဲ သုံးသပ်မျော်လင့်ပါတယ်။”

အရာရာကို သိမ်မွေ့ နူးညံ့စွာ ကိုင်တွယ်ရမယ့်အချိန်မှာ တိုင်းပြည်မှာ အမြင့်ဆုံးအာဏာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတော်သမ္မတရုံး အနေနဲ့ သတိထား ကိုင်တွယ်သင့်တယ် လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခ တွေနဲ့ပါတ်သက်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပြီးမှ သမ္မတရုံး ရဲ့ သုံးသပ်ချက် ထွက်လာတာကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းတွေကို သမ္မတရုံးက လွှမ်းမိုးလိုစိတ်ရှိ စိတ်ရှိသလား ဆိုတဲ့အချက်ကို သူ့အနေနနဲ့ သုံးသပ်တင်ပြမယ် လို့ သူက ပြောပါတယ်။

“အဲ့လိုကာလမျိုးမှာ ဒီလိုဆယ်ချက်ကြီးများတောင်မှ တော်တော်လေး စိုးရိမ်ဖွယ်ရာ ကောင်းပါတယ်။ပါတီတွေကို ယိုးမယ်ဖွဲ့တာ ပါသလို သင်္ဃာထုကိုလည်း စွဲဆိုတာတွေရှိပါတယ်။ အဲ့သလိုပဲ ကုန်သည်လောက စီးပွားရေးသမားတွေအပေါ်မှာ ဘင်္ဂလီတွေရဲ့ စီးပွားရေးလုပ်ငန်းတွေပေါ်မှာ အချောင်ရယူလိုတဲ့အသုံးအနူန်းမျိုး စွတ်စွဲတယ် ပြစ်တင်တယ်ဆိုတာ အထောက်အထားရှိမှပဲ ဒီကာလမျိုးမှာ အင်မတန် သတိထားရတဲ့ကာလပါ။ အဲ့လို အထောက်အထား မရှိပဲနဲ့ သို့မဟုတ် အထောက်အထားရှိလို့ စွတ်စွဲ တယ် ပြစ်တင်တယ်ဆိုရင်တော့ဖြင့် အထောက်အထားဆိုတာ ဘာလဲဆိုတာ ပွင့်လင်းမြင်သာတဲ့ အစိုးရလက်ထက်မှာ ချပြဖို့ လိုပါလိမ့်မယ်။

အဲ့တာမျိုးမဟုတ်ဘဲ ၀ါးလုံးရှည်နဲ့ ရမ်းတာမျိုး ဆိုရင် သမ္မတကြီးကို ၀န်းရံနေတဲ့ အကြံပေးတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာလည်းပဲ ဒီဥစ္စာရဲ့ ရောင်ပြန်ဟာ သက်ရောက်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုရင် ခုနက ကျနော်တင်ပြခဲ့သလိုပါပဲ။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆိုတာကို တရားဝင်ပြည်တွင်းပြည်ပကို ကြေငြာပြီး ဖွဲ့စည်းထားပြီးပြီ။

အဲ့နေ့တစ်ရက်တည်းမှာ ဒီလိုသုံးသပ်ချက်တွေ ထွက်တယ်ဆိုတာမျိုးကတော့ ချိန်ဆတက်တဲ့သူ သမိုင်းရဲ့အမြင် သုံးသပ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ အနာဂတ်မှာ ဖြစ်လာနိုင်ခြေ ပြီးခဲ့တဲ့ကိစ္စအပေါ်မှာ လက်ရှိ ဘယ်လိုဖြစ်နေတယ် ဘယ်လိုဖြစ်ဦးမယ် ဘယ်လိုတည် ဆောက်ရင် ကောင်းမယ်ဆိုတဲ့ ကျနော်တို့ သုံးသပ်နေတဲ့ ကဏ္ဍအပေါ်မှာ တစုံတခုလွှမ်းမိုးခြင်း သို့မဟုတ် လွှမ်းမိုးစေလိုခြင်း ရှိခဲ့မယ်ဆိုရင် သို့မဟုတ် ရှိနေတယ်ဆိုရင် တည်ဆောက်ထားတဲ့ ကဏ္ဍတစ်ခုလုံးဟာပြိုကျသွားမှာပေါ့ဗျာ။”

လွှတ်တော်တွင်း ပေးပို့တဲ့ သဝဏ်လွှာထဲမှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီးမှ သမ္မတရုံးရဲ့ သုံးသပ်ချက် ထွက်လာတာကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းတွေကို သမ္မတရုံးက လွှမ်းမိုးလို စိတ်ရှိသလားဆိုတဲ့အချက်ကိုပါ သူတို့အနေနဲ့ သုံးသပ် တင်ပြမယ်လို့ ဆိုပါတယ်။

လွှတ်တော်ကို ပေးပို့တဲ့ သမ္မတရဲ့ သ၀ဏ်လွှာထဲမှာတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ အရေ အတွက်ကို အရင်က ၇၇ ဦးလို့ ကြေငြာထားရာကနေ ၈၇ ဦးလို့ ပြင်ဆင် ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စသာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပြဿနာတရပ်အဖြစ် ပုံဖော်ရန် ကြိုးပမ်းလုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေနှင့် လက်ခံ မည်မဟုတ်ပဲ အဲဒီလို လုပ်ရပ်တွေဟာ ပြဿနာအတွက် အဖြေရှာရေးကို အထောက်အကူမပြုပဲ ပိုမို ရှုပ်ထွေး ခက်ခဲစေသည်လို့ သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေငြာချက်ကို သြဂုတ်လ ၂၂ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာထဲမှာ ဖော်ပြထားပါတယ်။


Ref: ဗွီအိုအေ

Read More...

ရုရှကို WTO က ၁၅၆ ဦးမြောက် အဖွဲ့ဝင်အဖြစ် လက်ခံ

22.08.2012

ရုရှားနိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် WTO ရဲ့ ၁၅၆ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်သွားပါပြီ။ နှစ်၂၀ နီးပါး စေ့စပ် ဆွေးနွေး ညှိနှိုင်းခဲ့ပြီးတဲ့နောက်မှာမှ အဖွဲ့ဝင်နိုင်ငံဖြစ်သွားတာပါ။ ရုရှားနိုင်ငံဟာ ဂျီနီဗာမြို့အခြေစိုက် WTO အဖွဲ့မှာ နောက်ဆုံးအဖွဲ့ဝင်ဖြစ် လာ တဲ့ အဓိက စီးပွားရေး အင်အားကြီးနိုင်ငံတခုပါ။ အရင်တုန်းကတော့ အနောက်နိုင်ငံတွေက ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေ ရုရှားနိုင်ငံထဲ အလုံးအရင်းနဲ့ ၀င်လာမှာ ကို စိုးရိမ်တယ်ဆိုတာ ပြောခဲ့ဖူးပါတယ်။

WTO အဖွဲ့ဝင်ဖြစ်သွားတဲ့အတွက် တင်သွင်းကုန်တွေအပေါ် အခွန်စည်းကျပ်တာကို အခုလက်ရှိ ပျှမ်းမျှခြင်း ၁၀% ကနေ ၈% အောက် အထိ လျှော့ချဖို့ သဘောတူထားပါတယ်။ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် ဘဏ်လုပ်ငန်းကဏ္ဍ၊ မော်တော်ယာဉ် လုပ်ငန်း ကဏ္ဍနဲ့ အာမခံလုပ်ငန်းကဏ္ဍတွေ အပါအ၀င် လုပ်ငန်းကဏ္ဍအများအပြားအတွက် ကုန်သွယ်ရေးတွေကို ဖွင့်ပေးဖို့ ကတိပေး ထားရ ပါတယ်။ ဒါဟာ ရုရှားစားသုံးသူတွေအနေနဲ့ ပိုဈေးသက်သာတဲ့ တင်သွင်းကုန်တွေကို ၀ယ်ယူပြီး ငွေပိုစုနိုင်ပြီးတော့ နိုင်ငံတွင်း စီးပွား ရေးတွေမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံနိုင်မှာကြောင့် အကျိုးဖြစ်စေလိမ့်မယ်လို့ သုံးသပ်သူတချို့က ခန့်မှန်းပါတယ်။

Ref: ဗွီအိုအေ

Read More...

ဆီးရီးယား တိုက်ခိုက်မူ ကြောင့် Damascus မှာ လူ၃၅ဦးသေဆုံး

22.08.2012

ဆီးရီယားနိုင်ငံမြို့တော် ဒမတ်စကဒ်မှာ ဆီးရီယားအစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုတွေ ထပ်လုပ်ဆောင်နေပြီးတော့ လက်နက်ကြီး တွေနဲ့ ပစ်ခတ်မှုတွေကြောင့် လူအနည်းဆုံး ၃၅ ဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။

အစိုးရဆန့်ကျင်ရေး သူပုန်တပ်တွေ လှုပ်ရှားနေကြတဲ့ Kfar Souseh Daraya နဲ့ အခြားတောင်ပိုင်းခရိုင်တွေမှာ မနေ့က ထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့တာလို့ ဗြိတိန်အခြေစိုက် ဆီးရီယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အတိုက်အခံ သူပုန်တွေရှိရာ ပတ်ဝန်းကျင်အရပ်တွေကို အစိုးရတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဆိုကတည်းက၊ လက်နက်ကြီး နဲ့ပစ်ခတ်တာတွေ လေယာဉ်ပေါ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ကြောက်မက်ဖွယ်ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လ စစ်ဆင်ရေးအတွင်း မြို့ကို စွန့်ခွာသွားတဲ့ သူပုန်တွေ မြို့ထဲ ပြန်ဝင်လာကြတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ပြင်သစ်အနေနဲ့ ဆီးရီယားသူပုန်တွေကို တိုက်ခိုက်ရေးလက်နက်ပစ္စည်းမဟုတ်တဲ့ - ဆိုလိုတာကတော့ ဆက်သွယ်ရေးနဲ့ ကိုယ့် ကိုကိုယ့်အကာအကွယ်အတွက် စစ်ရေးအထောက်အပံ့တွေကို ပေးနေတယ်လို့ ပြင်သစ်ဝန်ကြီးချုပ် Jean March Ayrault က BFM-RMC ရေဒီယိုဌာနကို ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆီးရီယားအပေါ် ကုလသမဂ္ဂသဘောတူညီချက်မရတဲ့ တဖက်သက် စစ်ရေးအရ ၀င်ရောက် စွက်ဖက်တာမျိုး ကို တော့ ပြင်သစ်က ဆန့်ကျင်တယ်လို့ ဆိုပါတယ်။ အခုလို အကူအညီတွေဟာလည်း သူပုန်တွေဘက်က တောင်းခံလာလို့ တုန့်ပြန် ကူညီတာမျိုးဖြစ်တယ်လို့ Mr.Ayrault က ပြောပါတယ်။


Ref: ဗွီအိုအေ

Read More...

က၀ ရေဘေးဒုက္ခသည်တွေ အကူအညီလိုအပ်

နိုင်ကွန်းအိန်
22.08.2012

ပဲခူး စစ်တောင်းတူးမြောင်းက ရေဖေါက်ချမှုကြောင့် ပဲခူးတိုင်းဒေသကြီးက က၀မြို့နယ်အတွင်းမှာ ရေလွှမ်းမိုး သွားခဲ့ပြီး အိမ်ခြေ တော်တော်များများ ရေမြုတ်သွားခဲ့ပြီးတော့ ရေဘေး ဒုက္ခသည် (၁၅၀၀၀) လောက်ဟာလဲ အကူအညီ လိုအပ်နေတယ်လို့ အ ကူ အညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ဒီဒုက္ခသည်တွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကွန်ယက်အဖွဲ့နဲ့ ဒေသခံတွေ ကသာ တတ်နိုင်သလောက် အကူညီ ပေးနေရသလို အခုလိုရေကြီးနေတာကြောင့် စာသင်ကျောင်း တော်တော် များများ ပိတ် ထား ရတယ်လို့ လဲ ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်း အိန်က နေ ဆက်သွယ် မေးမြန်းပြီး သတင်းပေးပို့ ထားပါတယ်။

ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်ထဲက ကျေးရွာပေါင်း(၄၀)ကျော်ဟာရေဘေးသင့်နေပြီး အိမ်ခြေပေါင်း (၂၅၀၀) ကျော် ရေနစ် မြုတ် သွားပြီးတော့ လူဦးရေ(၁၅၀၀၀)ကျော် ရေဘေးဒုက္ခခံနေရပါတယ်။

ဒီရေဘေးဒုက္ခသည်တွေကို အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ကနေ စားဝတ်နေရေးအတွက် အကူအညီပေးနေရသလို အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးတာမျိုးမရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အကူအညီပေးရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ပဲခူးခရိုင် ညီလာခံကျင်းပရေး ကော်မရှင်အတွင်းရေးမှူး ဦးတင့်လွင်ကပြောပါတယ်။

“အစိုးရအနေနဲ့အလှူကဘာမှမရှိဘူးဗျ။ ဖြစ်လောက်စရာမရှိဘူး။ ရွာထဲကဘဲ တတ်နိုင်တဲ့မိသားစုက မတတ်နိုင်တဲ့ မိသားစုတွေကို ကူညီတဲ့ထောက်ပံ့တဲ့သဘော အဲဒီလိုပေးတယ်။ ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ယက်ရှိတယ်။ ကျောင်း သားတွေကလဲ စုပေါင်းပြီးလှူဒါန်းတယ်။ နောက် ကျွန်တော်တို့ပဲခူးခရိုင်က ဒီသဘာဝ ဘေးအန္တရာယ် အကူညီပေးရေး ကွန်ယက်ကဆိုရင် ဒီနေ့ဆို ဆန်အိတ်(၅၀)ပေါ့။”

က၀မြို့နယ် ဒုက္ခသည်စခန်းက ဒုက္ခသည်တွေအတွက် အကူအညီတွေ လိုအပ်နေဆဲလို့လဲ ဦးတင့်လွင်ကပြောပါတယ်။ က၀မြို့နယ် ထဲက သက္ကလကျေးရွာအုပ်စုမှာ ရေကြီးနေတဲ့အခြေအနေကို သက္ကလရွာသူတဦးကအခုလိုပြောပါတယ်။

“ဒီသက္ကလမှာရေကြီးလာတာအရက်(၂၀)လောက်ရှိသွားပြီး။ ဒုက္ခသည်တွေက ဒီဘုန်းကြီးကျောင်း ထဲမှာ တည်းခိုနေရပါတယ်။ ကျားမ စုစုပေါင်း(၆၀၀) အခုဘုန်းကြီးကျောင်းမှာနေနေရပါတယ်။ လယ်ယာတွေလဲ ပျက်စီးတယ်။ အခုစိုက်ပြီးသားတွေ ပျက်စီး တာ။ ဒီသက္ကလရယ် သဲတန် သာယာကုန်း အဲဒီရွာတလျောက်က အကုန်လုံးပျက်စီးပါတယ်။”

က၀မြို့နယ်အုန်းနှဲကျေးရွာအုပ်စု(၅)ရွာမှာဘဲရေဘေးသင့်သူ(၂၂၀၀)ကျော်ရှိနေပြီး ရေဘေးဒုက္ခသည်တွေ ကို တော့ အုန်းနှဲ ဘုရားကြီး ကုဿိဏရုံ ဘုရားနဲ့ခမဲပြင်ဘုရားတို့မှာ ကယ်ဆယ်ရေးခန်းဖွင့်ထားရပါတယ်။

ရေဘေးဒုက္ခသည်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကို က၀မြို့နယ်ဆရာဝန်တွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့တွေကနေ ဆေးဝါးကုသပေးခဲ့သလို ကျန်းမာရေးပညာပေးရေး အပိုင်းတွေ လုပ်ဆောင် ပေးတာရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

အခုလိုရေကြီးတဲ့အတွက် စာသင်ကျောင်းတွေအတော်များများပိတ်ထားရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကော်မရှင်အတွင်း ရေးမှူး ဦးတင့်လွင်က အခုလိုပြောပါ တယ်။

“အဲတာတော့တော်တော်ဆိုးဝါးတယ်ခင်ဗျာ။ ကျောင်းတွေကပိတ်ထားရတယ်။ ကျွန်တော်တို့ဆီက အထက တကျောင်းရယ်။ အလက တကျောင်းရယ်။ အမက သုံးကျောင်းရယ်အားလုံးပိတ်တယ်။ ဒီသက္ကလဆိုရင်။ ကျန်တဲ့ရွာတွေမှာလဲ အမကတွေ အလကတွေ အားလုံးလောက်ပါဘဲ။ ဒီဘက်ရေမြုတ်ရွာတော်တော်များများ ရွာ(၄၀)ကျော်ကျောင်းတွေပိတ်ထားရတယ်။”

အခုလို ပဲခူးတိုင်း ဒေသကြီး က၀မြို့နယ်အတွင်းရေကြီးရတဲ့အကြောင်းအရင်းကိုတော့ ဦးတင့်လွင်ကပဲ ဆက်ပြောပါတယ်။

“ဒီစစ်တောင်းမြစ်ဘက်ကိုတိုက်ရိုက်ပေါက်တဲ့တူးမြောင်းတွေရှိတယ်။ နောက်ပဲခူးစစ်တောင်း တူးမြောင်း ကနေ ဖေါက်ထားတဲ့ တူးမြောင်းတွေရှိတယ်။ ပုံမှန်ဆို ပဲခူးစစ်တောင်းတူးမြောင်းဟာ ပဲခူးမြစ်ကနေ ရန်ကုန်လှိုင်မြစ်ဝပေါ့။ အဲဒီလိုစီးသွားမဲ့ အနေအ ထားကို ပဲခူးမြစ်ရေ မတက်အောင် ဆိုပြီးတော့ အဲဒီရေ ကိုပါ ကျွန်တော်တို့ဆီ ဖေါက်ချလိုက်တယ်။ ဆိုတော့ စစ်တောင်းမြစ်ရေ ကလဲ ကျွန်တော်တို့ဆီဝင်လာခံရတယ်။ ပဲခူးစစ်တောင်း တူးမြောင်း ကလဲ ကျွန်တော်တို့ဆီဖြတ်ဝင်တယ်။ ပဲခူးစစ်တောင်း တူး မြောင်း ကရေ ဖြတ်ဝင်တဲ့အခါကျတော့ ဟိုဘက်က တောင်ပေါ်ရေ တွေ ပါလာတယ်ဗျ။ အဲတာကြောင့်မို့က၀မြို့နယ် တ၀က်ကျော် ကျော် ရေကြီးတယ်ဗျ။”

အခုလို ရေကြီးမှုကြောင့် က၀မြို့နယ်ထဲက လယ်ယာစိုက်ခင်း ဧကသုံးသောင်းကျော် ပျက်စီးခဲ့တယ်လို့လဲ ဦးတင့်လွင်က ပြောပါ တယ်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးမှာလဲ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် မြို့နယ်(၂၁)မြို့နယ်က ကျေးရွာ (၈၀၀) နီးပါးနဲ့ မိုးစပါးဧက(၂)သိန်းနီးပါး ရေမြုပ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသိန်းအောင် က တရားဝင် ထုတ်ပြန်ပြောဆိုခဲ့ ပါတယ်။

ဒီကနေ့မိုးလေ၀သနဲ့ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာစိုးရိမ်ရေ အမှတ်ထက်(၃.၇)ပေကျော်လွန်နေပြီး နောက်(၃)ရက်အထိ ဆက်လက်တည်ရှိနေမယ် လို့ ထုတ်ပြန်ထားသလို ရွှေကျင်မြစ်ရေ ဟာလဲ ရွှေကျင်မြို့မှာ(၇)လက်မအထိကျော်လွန်နေတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။


Ref: ဗွီအိုအေ

Read More...

မြန်မာစာပေစိစစ်ရေး ပြောင်းလဲမူ တရုတ်စောင့်ကြည့်

ဦးသားညွ့န့်ဦး
22.08.2012

မြန်မာနိုင်ငံတွင်း သတင်းမီဒီယာတွေကို စာပေစီစစ်ရေး ခွင့်ပြုချက်မလိုပဲ ထုတ်ဝေခွင့်ပြုလိုက်တဲ့ ကိစ္စဟာ အိမ်နီးချင်း တရုတ် နိုင်ငံကိုပါ ဂယက်ရိုက်နေတယ်လို့ ပြောရမှာပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အာဘော်ကို ထင်ဟပ်လေ့ရှိတဲ့ တရုတ်နိုင်ငံထုတ် ဂလိုဘယ်တိုင်းစ် သတင်းစာကြီးကတော့ မြန်မာနိုင်ငံက စာပေလွတ်လပ်ခွင့်ကို ချီးကျူးပေမယ့်၊ တရုတ်နိုင်ငံအနေနဲ့တော့ ကိုယ့် နိုင်ငံ လက်တွေ့ အခြေအနေအတိုင်း ဆက်သွားရမှာဖြစ်တယ်လို့ ခပ်ပြတ်ပြတ်ပဲ ရေးသားခဲ့ပါတယ်။ မြန်မာသတင်း လွတ်လပ် ခွင့်အပေါ် အခုလို တရုတ်ဘက်က တုန့်ပြန်ချက်တွေကိုတော့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း သတင်းမီဒီယာတွေ ဆင်ဆာဖြစ်စရာ မလိုတော့ဘူးဆိုတဲ့ သတင်းဟာ တရုတ်နိုင်ငံတွင်းက အွန်လိုင်း သတင်း မီဒီယာတွေ၊ ဘလောက်ဂါတွေကြားမှာ ဆွေးနွေးစရာ အကြောင်းတခုဖြစ်လာတာပါ။ တရုတ်အနေနဲ့ မြန်မာနိုင်ငံက အခုလို သတင်းမီဒီယာ ပြုပြင်ပြောင်းလဲမှုကို စံနမူနာ မယူသင့်ဘူးလားဆိုပြီး မေးခွန်းထုတ်ကြပါတယ်။ မြန်မာနိုင်ငံထဲမှာ စာပေ သတင်း ဂျာနယ်တွေအနေနဲ့ အရင်ကလို စာပေစီစစ်ရေးကို ကြိုတင်ခွင့်ပြုချက် တောင်းစရာမလိုတော့ဘဲ လွတ်လွတ်လပ်လပ် ထုတ်ဝေနိုင် တယ်ဆိုပြီး မြန်မာအာဏာပိုင်တွေက အခု တနင်းလာနေ့မှာ ကြေညာခဲ့တာပါ။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီရဲ့ အာဘော်ကို ထင်ဟပ်လေ့ရှိတဲ့ တရုတ်နိုင်ငံထုတ် Global Times သတင်းစာကြီးမှာတော့ မြန်မာနိုင်ငံက အခုလို ပြုပြင်ပြောင်းလဲမှုတွေကို ချီးကျူးထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံလို မတိုးတက်ပဲ နောက်ကျန်နေတဲ့ နိုင်ငံမျိုးတွေကို စံနမူနာယူရမယ်၊ ဒါတွေဟာ အံအားသင့်စရာဖြစ်တယ်လို့ ပြောနေတာထက်၊ တရုတ်အနေနဲ့ မိမိ အခြေအနေနဲ့ ကိုက်ညီမယ့် လက်ရှိသွားနေတဲ့ လမ်းကြောင်းအတိုင်း ဆက်သွားရမှာဖြစ်တယ်လို့ ဂလိုဘယ်တိုင်း သတင်းစာက ခပ်ပြတ်ပြတ် တုန့်ပြန့်ထားပါတယ်။

တရုတ်အခြေစိုက် တသီးပုဂ္ဂလ သုံးသပ်ဝေဖန်သူ Bill Bishop ကလည်း အခုလို အွန်လိုင်းအင်တာနက်အပေါ်မှာ နှိုင်းယဉ် ဝေဖန်ပြောဆိုနေကြတာတွေဟာ တရုတ်နိုင်ငံရဲ့ ပကတိအခြေအနေကို နားမလည်လို့ဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“တရုတ်နိုင်ငံတွင်း လူမှုကွန်ယက်မီဒီယာတွေမှာ ဆင်ဆာဖြတ်တောက်မှုတွေ ရှိနေတုန်းပါ။ ဒီအတွက်လည်း လှောင်ပြောတာတွေ ပြင်းပြင်းထန်ထန် ဝေဖန်တာတွေခံရပါတယ်။ လူတွေက တရုတ် မြန်မာ မြောက်ကိုရီယားကိစ္စတွေမှာ နှိုင်းယှဉ်ပြီး ပြောကြပါတယ်။ မြောက်ကိုရီယားကတောင် တရုတ်ထက်စာရင် သတင်းလွတ်လပ်ခွင့် အရင်ရှိလာမယ့်ပုံ ပြောကြပါတယ်။ ဒါကတော့ အတော်လေး လွန်တယ်ထင်တယ်၊ ဒီလူတွေက တကယ်ဖြစ်နေတာကို မသိကြဘူးဆိုတာ ပြနေတာပဲ။”

မြန်မာအပါအ၀င် တရုတ်အိမ်နီးချင်းနိုင်ငံတွေက ပြုပြင်ပြောင်းလဲမှုတွေဟာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားကျအတု ယူပြီး ဖြစ်လာတာလို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ Global Times သတင်းစာကြီးက ဆိုပါတယ်။ အိမ်နီးချင်းတွေတင်မကပါဘူး၊ အခြား အာဖရိကနဲ့ လက်တင်အမေရိကန် နိုင်ငံတွေက နောက်ပိုင်းဖြစ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ တရုတ်နိုင်ငံ အတွေ့အကြုံ အဖြစ်အပျက်တွေအရ ဖြစ်လာတာလို့လည်း Global Times သတင်းစာကြီးက ဆိုပါတယ်။

တရုတ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ ကြမ်းကြမ်းတမ်းတမ်းနဲ့ စမ်းသပ်မှုတွေရဲ့ အောင်ပွဲခံနေရပြီး၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲ မှုဟာ အဖူးအငုံဖြစ်ခါစ မိုးဒဏ်လေဒဏ်မခံနိုင်သေးဘူးလို့လည်း ရေးသားပါတယ်။ Bill Bishop ကလည်း မြန်မာအခြေအ နေနဲ့ တရုတ်အခြေအနေဟာ နှိုင်းယဉ်လို့ မရနိုင်ဘူးလို့ ပြောပါတယ်။

“မြန်မာနိုင်ငံဟာ တရုတ်ထက်စာရင် ပိုသေးငယ်ပြီး အခြေအနေအတော်များများမှာလည်း ပိုပြီး ရှင်းလင်း လွယ်ကူပါတယ်။ မြန်မာနိုင်ငံမှာက အင်တာနက်သုံးစွဲမှုက သိပ်တွင်ကျယ် လှတာ မဟုတ်သေးပါဘူး။ ဒါကြောင့် သတင်းမီဒီယာအ၀န်းအ၀ိုင်းက အတော်လေးကွာပါတယ်။ တရုတ်မှာက ပိုပြီးတော့ အတော်လေး ရှုပ်ထွေးပါတယ်။”

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ အောင်မြင်မှုရမယ်လို့ မျှော်လင့်ပေမယ့်၊ မိမိတို့ ရွေးခြယ်လျှောက်လှမ်းနေတဲ့ လမ်းအပေါ် သံသယဖြစ်တာကတော့ မဖြစ်သင့်ဘူးလို့ တရုတ် Global Times သတင်းစာအာဘော်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အထီးကျန်နေစဉ်ကာလက တရုတ်နိုင်ငံဟာ အရင်မြန်မာစစ်အစိုးရရဲ့ အနီးကပ် မဟာမိတ်နိုင်ငံ တနိုင် ငံဖြစ်ခဲ့တာပါ။ မြန်မာရဲ့ အခုနောက်ပိုင်း ပြုပြင်ပြောင်းလဲရေး ကာလမှာတော့ မြန်မာအစိုးရဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အရင်ကထက်ပိုပြီး ပြေပြစ်လာခဲ့ပါတယ်။

အခုလို မြန်မာသတင်းမီဒီယာတွေ စာပေစီစစ်ရေး ကြိုတင်ခွင့်ပြုချက်မလိုပဲ ထုတ်ဝေခွင့်ရတဲ့အပေါ် RSF နယ်စည်းမခြား သတင်း ထောက်များအဖွဲ့လို နိုင်ငံတကာ သတင်းမီဒီယာစောင့်ကြည့်ရေး အဖွဲ့တွေနဲ့၊ ပြည်တွင်းမီဒီယာအဖွဲ့အစည်းတွေကပါ ဆင်ဆာမဖြတ် ရတော့ဘူးဆိုတဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်ကို သူတို့က ကြိုဆိုပါတယ်။ ဒါပေမယ့် ပိုပြီး ပြုပြင်ပြောင်းလဲစရာတွေတော့ ကျန်သေး တယ် လို့ ပြောပါတယ်။

အထူးသဖြင့်တော့ ၁၉၆၂ခုနှစ် သတင်းမီဒီယာဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်ဖို့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာနကလို အခုလို သတင်းလွတ်လပ်ခွင့်ရှိလာတဲ့အပေါ် ကြိုဆိုပါတယ်။ ဒါပေမယ့်လည်းသတင်းသမားတွေ အလိုမရှိဖြစ်နေတဲ့ စာပေစီစစ်ရေးကိုဖျက်ပေးဖို့လိုတယ်ဆိုတာကို ထောက်ပြထားပါတယ်။


Ref: ဗွီအိုအေ

Read More...

Wednesday, August 22, 2012

ဘေးထွက်ဆိုးကျိုးရှိနိုင်သည့်အတွက် မျက်စိနာတိုင်း မျက်စဉ်းမသုံးသင့်

ယမင်း(မြစ်မခ)
22 Aug, 2012

ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပေါ်သော မျက်စိနာရောဂါသည် မျက်စဉ်းဆေးခပ်ရန် မလိုပဲပျောက်ကင်းနိုင်ပြီး မျက်စဉ်းဆေးသုံး ဆွဲခြင်းဖြင့် မျက်လုံးအိမ် ပြည်တည်နာပေါက်ကာ မျက်စိကွယ်သည်အထိ ဆိုးကျိုး များ ဖြစ်ပေါ်နိုင်ကြောင်း ဆရာဝန်များထံက သိရသည်။

မျက်စိနာရောဂါသည် မျက်လုံးအပေါ်၌ ဖုံးအုပ်ထားသော အကြည်ရောင်အလွှာပါးများ ရောင်းရမ်း ခြင်းကြောင့်ဖြစ်ပေါ်ရပြီး မျက်မြှေး ရောင်ခြင်း(conjunctivitis )ဟုလည်း ခေါ်ဆိုကြသည်။

“သာမန်မျက်စိနာဆိုရင် မျက်စဉ်းခပ်စရာမလိုပဲ တစ်ပတ်အတွင်းမှာ သူ့အလိုလိုပျောက် ကင်းနိုင် ပါတယ်။ မျက်လုံးထဲကို ဘက် တီးရီးယား ပိုးတွေ ဝင်နေတဲ့အချိန်မှာတော့ ဘက်တီးရီးယား ပိုးသတ်ဆေးတွေပါတဲ့ မျက်စဉ်းဆေးတွေကို ရွေးချယ်ခပ်ပေးဖို့ လိုပါတယ်။ ဒီလိုမဟုတ်ပဲ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးခပ်မိတယ်ဆိုရင် မျက်စိပြည် တည်နာကို ပိုးဆိုးဝါးနိုင်ပြီး မျက်စိတောင် ကွယ်သွားနိုင်ပါတယ် ”ဟု အလုံမြို့နယ် ဝင်းဆေးခန်းမှ ဒေါက်တာမြင့်ဦး(ဂျီပီ)က ပြောသည်။

မျက်စိနာရောဂါဖြစ်ပွားပါက စတီရွိုက်ပါဝင်သော ငှက်နူတ်သီး မျက်စဉ်းဆေးများ မသုံးစွဲမိရန် သတိပြုသင့်ကြောင်း၊ နို့ရည်ကြည်၊ မိုးရေ၊ ဆားရည်ကြည်၊ မန်းကျဉ်းခေါက်များ လိမ်းခြင်း၊ ခပ်ခြင်းများ မပြုလုပ်သင့်ကြောင်း ၄င်းကအကြုံပြောဆိုသည်။

မျက်စိနာရောဂါဖြစ်ပေါ်နေချိန်တွင် မိတ်ကပ်လိမ်းချယ်ခြင်း၊ မျက်ကွင်းအား မန်ကျည်းခေါက်၊သစ်ခေါက်များ သွေးလိမ်းခြင်းမျိုး သည် မျက်လုံးထဲသို့ ဘက်တီး ရီးယားပိုးများ ထပ်မံဝင်ရောက်စေ နိုင်သောကြောင့် မပြုလုပ်သင့်ကြောင်း၊ မျက်ကပ်မှန်တပ်ဆင်ထားသူ များသည် မျက်စိနာချိန်တွင် ခေတ္တဖြုတ်သိမ်းထားသင့်ကြောင်း၊ မျက်မှန်အမည်း တပ်ဆင်ခြင်းအားရှောင်ကြဉ်သင့်ကြောင်း ဆရာဝန် များ မှ အကြုံပြုပြောကြားသည်။

အဆိုပါ ရောဂါသက်သာစေရန် ကွမ်းရွက်များအုပ်ခြင်း၊ ဒူးခေါင်းအောက်ပိုင်းများ ဆန်ဆေးရည် လောင်းချခြင်း၊ အမည်မသိ မျက် စဉ်းဆေးခပ်ခြင်းများ မပြုလုပ်သင့်ကြောင်းကိုလည်း သိရသည်။

''မျက်စိနာတယ်ဆိုတာ အများစုက သူ့အလိုလိုပျောက်ပါတယ်။ ၃-၄ရက်လောက်မှ မပျောက်ဘူး မသက်သာဘူး ဆိုရင် ဆရာ ဝန်တွေ တပ်ကျွမ်းတဲ့သူတွေနဲ့ ပြပြီးကုသသင့်တယ်။ မျက်စိနာတာက တစ်အိမ်လုံးကိုကူးစက်နိုင်တော့ သတိထားဖို့လည်း လိုတယ် '' ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အထွေ ထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောသည်။

မျက်စိနာခြင်းသည် ၃၇က်မှ ၅ရက်တွင်း ပျောက်ကင်းမှုမရှိပါက နီးစပ်ရာ ကျွမ်းကျင်ဆရာဝန်များထံ ကုသရန်ပြသသင့်သလို မျက်စိနာရောဂါဝေဒနာရှင်သုံးစွဲထားသော အဝတ်အစား၊အိပ်ယာ၊ခေါင်းအုံး၊ မျက်နှာ သုတ်ပုဝါများအား ကိုင်ဆောင်သုံးစွဲမိပါက ကူးစက်နိုင်ခြင်းကြောင့် သတိပြုနေထိုင်သင့် ကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

Read More...

စင်္ကာပူကြက်ခြေနီက ကချင် IDPကလေးများကို ကျောင်းသုံးပစ္စည်းထောက်ပံ့မည်

ဂျာတော့(ပ်) ကချင်ပြည်နယ်-(မြစ်မခ)
22 Aug, 2012

စင်ကာပူကြက်ခြေနီအသင်းအနေဖြင့် သဘောတူထားသည့် လုပ်ငန်းစဉ် (၆)ရပ်အား အကောင် အထည်ဖော်ဆောင်ရွက်ရန် ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ပထမဦးဆုံးအကြိမ်အဖြစ် သြဂုတ်လ(၁၆)ရက်နေ့တွင် လာရောက်ခဲ့သည်။

မြစ်ကြီးနားမြို့ ဝန်ကြီးများရုံး၌ Health International Service Singapore Red Cross Society မှ မစ္စတာဝမ်းချုံးယူနှင့် အဖွဲ့သည် ကချင်ပြည်နယ် ဝန်ကြီးချုပ်လဂျွန်ငန်ဆိုင်း၊ကျန်းမာရေး၊ပညာရေး၊ ဘဏ္ဍာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဒေါ်ဘောက်ဂျာတို့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

''သူတို့က IDP(ဒုက္ခသည်) က ကလေးတွေကို လာကြည့်တယ်။ အဓိက ကျောင်းသူ၊ ကျောင်းသားတွေကို ToolKit အဲ့လိုမျိုးပေးဖို့ လာကြည့်ကြတာ။ ကျောင်းသားစာရင်း လာယူသွားတယ်။''ဟု ဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။

ကချင်ပြည်နယ် အစိုးရလက်အောက်ခံ ဒုက္ခသည်စခန်းများတွင် လက်ရှိနေထိုင်နေကြသော ကျောင်းသူ၊ ကျောင်းသားများအား ကျောင်းသုံးပစ္စည်းများ ပေးအပ်နိုင်ရန်အတွက် လာရောက် ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

အစိုးရလက်အောက်ရှိ ဒုက္ခသည်စခန်းပေါင်းမူ (၆၇) ခုရှိပြီး၊ ကျောင်းသား စုစုပေါင်း (၆၁၅၇) ဦးရေ၊ အိမ်ထောင်စု စာရင်း ပေါင်း (၆၉ဝ၈)နှင့် လူဦးရေ စုစုပေါင်း (၂၆၄၂ဝ) ရှိကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ပြုစုထားသည့် စာရင်းများအရ သိရသည်။

'သူတို့ခု ဘာတွေ ကူညီဖို့လိုလဲကို အရင်လာကြည့်တာ၊ ပြီးရင် သူတို့ စင်ကာပူပြန်သွားတဲ့အချိန် စင်ကာပူ ကြည်ခြေနီနဲ့ တွေ့ပြီး လို့ရှိရင် Camp မှာ ဘာလိုမလဲပေါ့။ သူတို့ဆီက ဆရာဝန်တွေ လွတ်ပေးပြီး ကျန်းမာရေးအတွက်လည်း ကူညီသွားမယ်လို့ ပြော တယ်။' ဟု ဝန်ကြီးက ဆက် ပြောသည်။

ဒုက္ခသည်အများဆုံးရှိသည့် မြစ်ကြီးနား ဂျန်မိုင်ကောင့်ဒုက္ခသည်စခန်းတွင် ကျောင်းသား စုစုပေါင်း (၃၁၃) ဦးရှိပြီး တစ်ပတ်လျှင် ဗလာစာအုပ် (၁ဝ ဒါဇင်မှ ၂ဝ ဒါဇင်) အထိ အသုံးပြု နေကြောင်းကို လည်း သိရှိရသည်။

'သူတို့က စေတနာနဲ့ လာလှူမယ်ဆိုတော့ ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်။ စာရေး ကိရိယာ တွေက နေ့တိုင်းလိုနေတာ။ အဓိကတော့ စာအုပ်၊ ခဲတံ အစပေါ့ တကယ် လိုအပ်နေတယ်။ ဒီက ကလေးတွေက စာလည်း လိုက်မမီတော့ ခုဆို ညဂိုက် ပေးနေရတယ်။ ပညာရေးက တကယ် အရမ်းလိုအပ်နေတာပါ။' ဟု ဂျန်မိုင်ကောင့်ဒုက္ခသည်စခန်းတာဝန်ခံ ဆရာအောင်မြတ်က ဆိုသည်။

မြန်မာ၊ စင်ကာပူ ကြက်ခြေအနီအသင်းတို့မှ တိုက်ရိုက်အကျိုးပြုလုပ်ငန်းစဉ် (၆) ရပ်အား ပူးပေါင်း ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သာလှရွှေနှင့် စင်ကာပူကြက်ခြေနီအသင်း ဥက္ကဋ္ဌ Tee Tua Ba တို့က ဇူလိုင် (၁၁) ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့်အာဆီယံ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ နှစ်ပတ်လည် အစည်းအဝေးတွင် စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုပ်ငန်းစဉ် (၆)ရပ်အတွက် စင်ကာပူ ဒေါ်လာ ၂.၅သန်းတန် (အမေရိကန်ဒေါ်လာ ၂ သန်းခန့်) ကို အရေးပေါ် ထောက်ပံ့ ရေး ရန်ပုံငွေထားရှိကြောင်းကိုလည်း သိရှိရသည်။

ထို့အတူ မုန်တိုင်းဒဏ် ခံဆောက်အအုံများ ပြည်နယ်အချို့တွင် ဆောက်လုပ်ခြင်း၊ ကြက်ခြေနီနှင့် ပတ်သက်သည့်လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဆက်သွယ်ရေး ပိုမိုအဆင်ပြေစေရန် တိုင်းဒေသကြီး နှင့် ပြည်နယ် (၅) ခုတွင် ဆောင်ရွက်ခြင်း၊ စစ်မက် ဖြစ်ပွားခဲ့သည့် ပြည်နယ်မှ ကျောင်းသား (၅ဝဝဝ) ခန့် အတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ လှူဒါန်းခြင်းစသည် တို့ကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

Ref: မြစ်မခ

Read More...

အသေးစားစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းဝင်ကြေးအခက်အခဲရှိ

ရှုမဝအောင်(မြစ်မခ)
22 Aug, 2012

မြန်မာ့အစားအသောက်အရည်အသွေးနှင့်ဝန်ဆောင်မှုအဆင့်အတန်းများအား ကမ္ဘာ့အဆင့်မီ မြင့်မားတိုးတက်စေရေး အတွက် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်း ဆောင်ရွက်လျှက်ရှိရာ အသင်းဝင်ရန် ငွေကြေးအခက်အခဲရှိကြောင်း လမ်းဘေးဈေးသည်များထံက သိရှိရသည်။

"တစ်နေ့ကို (၁ဝဝဝ) (၁၅ဝဝ)မြတ်ဖို့တောင် မနည်းရောင်းနေရတာ၊ အသင်းကို သုံးသောင်းပေးပြီး ဘယ်လိုဝင်နိုင်မှာလဲ '"ဟု မြောက်ဒဂုံမြို့နယ်တွင် မုန့်ဟင်းခါးနှင့် အသုပ်စုံရောင်းချနေသူ မရင်သန်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းဝင်အသင်းသားဦးရေ နည်းပါးလျှက် ရှိကြောင်း သိရှိရပြီး အသင်း ဝင်လိုသူများအနေဖြင့် စားသောက်ဆိုင်အဆင့်အလိုက် အသင်းဝင်ကြေး Aအဆင့်လျှင် ကျပ် တစ်သိန်း၊ Bအဆင့်လျှင် ငါးသောင်း နှုန်းနှင့် လမ်းဘေးဆိုင် Cအဆင့် စား သောက်ဆိုင်များအတွက် ကျပ်-သုံးသောင်း အသင်းဝင်ကြေး သတ်မှတ်ထားကြောင်း သိရှိ ရသည်။

လမ်းဘေးမုန့်ဟင်းခါးဆိုင်အစရှိသည့် စားသောက်ဆိုင်အသေးများမှ အစစားသောက်ဆိုင်ကြီးများ အထိ အဆင့်အတန်းမီ စား သောက် ကုန်များထုတ်လုပ်နိုင်ရန် အသင်းအနေဖြင့် ပညာပေးလက်တွဲ ခေါ်ဆောင်လိုကြောင်းကိုလည်း သိရှိရသည်။

'သန့်ရှင်းတာက အတိုင်းတာတစ်ခုအရ ခက်ခဲပါတယ်၊ ကျွန်တော်တို့ အစားအစာတွေ စားလိုက်လို့ ပြည်သူတွေ တစ်ခုခုဖြစ် တယ်ဆိုရင် ကျွန်တော်တို့ အဲဒါကိုလည်း သတိထားရပါတယ်၊အဲဒါကြောင့် သူတို့လက်ခံတဲ့ အစားစာတွေဖြစ်အောင် ချက်ပြုတ် ကျွေးမွေးဖို့ လိုပါတယ်'ဟု မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌ YKKO စားသောက်ဆိုင်လုပ်ငန်းရှင် ဦးဥာဏ်လင်း က ပြောသည်။

စားသောက်ဆိုင်ကြီးများတွင် အလုပ်လုပ်ကိုင်နေသောဝန်ထမ်းများအနေဖြင့် ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ သင် တန်း ပို့ချထားခြင်းကြောင့် အထူးပြောစရာမလိုကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း ပုဂံဥက္ကဌ ဦးတင့် ဆွေကပြောသည်။

'ကျွန်တော်တို့ အဓိကစစ်ဆေးရမှာက တစ်ကိုယ်ရေသန့်ရှင်းမှု ဆိုင်ပတ်ဝန်းကျင်သန့်ရှင်းမှု ဆိုင် အတွင်းပြင်သန့်ရှင်းမှု သုံးတဲ့ အသုံးဆောင်ပစ္စည်းတွေ ကျန်းမာရေနှင့် ညီညွတ်ပြီးသန့်ရှင်းမှုရှိမရှိ ကျွန်တော်တို့ စစ်ဆေးပါတယ်'ဟု မြန်မာနိုင်ငံစား သောက် ဆိုင် လုပ်ငန်းရှင်များအသင်း ပုဂံ ဥက္ကဌ မြနန္ဒာစားသောက်ဆိုင်ပိုင်ရှင် ဦးတင့်ဆွေက ပြောသည်။

အစားအသောက်ချက်ပြုတ်ရာတွင်လည်း ဟင်းချိုမှုန့်မသုံးရန် ပဲဆီစစ်စစ်သာသုံးဆောင်ရန် ဘေးဥပါဒ်အန္တရာယ်မဖြစ်အောင် အထူး ဂရုစိုက်ရမည်ဖြစ်ပြီး မိမိတို့ ပုဂံဒေသည် နိုင်ငံခြားသား ခရီးသွားဧည့်သည်များလာရောက်သည့်အတွက် အမြဲကြိုးစားနေကြောင်း ကိုလည်း ပုဂံအသင်းဥက္ကဌ က ရှင်းပြသည်။

အသင်းမှကြီးမှူးကျင်းပသည့် စားသောက်ဆိုင်မွမ်းမံနည်းသင်တန်းနှင့်ဝန်ထမ်းအရည်သွေးမြှင့်တင်ရေး သင်တန်းများအား အသင်းဝင် များအနေဖြင့် အခမဲ့တက်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်းက သိရှိရသည်။

Ref: မြစ်မခ

Read More...

မီဒီယာ ကွာဟချက် မရှိစေရန် လွှတ်တော်ဂျာနယ် ထုတ်ဝေမည်

ဝင့်သင်ဇာကျော် (မြစ်မခ)
22 Aug, 2012

သတင်းမီဒီယာအချို့တွင် လွှတ်တော်အတွင်းဆွေးနွေးချက်များ ဖော်ပြရာ၌လက်တွေ့နှင့် ကွာဟချက်များရှိနေခြင်းကြောင့် လွှတ်တော် ဂျာနယ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံက သိရှိရသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေလည်း သူတို့ခံစားချက် ၊ သူတို့ပြောချင်တာ တွေရှိမယ်ဆိုပြီး ဒီဂျာနယ်ထုတ်ဖို့ စီစဉ်ဖြစ်တာပါ ” ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးဌာနမှ ဗိုလ်မှူးကြီး ဦးခင်မောင်ဦးက ပြောသည်။

အဆိုပါဂျာနယ်တွင် လွှတ်တော်အတွင်းဆွေးနွေးချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များမှ ရေးသားသော ဆောင်းပါးများ၊ ကာ တွန်း များ ၊ ကျန်းမာရေး ကဏ္ဍများအစရှိသော ဗဟုသုတရရှိစေနိုင်သည့် သတင်းအချက်အလက်များ ထည့်သွင်း သွားမည် ဖြစ်သည်။

လွတ်တော်ဂျာနယ်ထုတ်ဝေရေးအဖွဲအား အဖွဲ့ဝင်(၁ဝ)ဦးများဖြင့် စီစစ်သွားမည်ဖြစ်ပြီး ဂျာနယ်ထုတ်ဝေရခြင်းမှာ ပြည်တွင်းသတင်း မီဒီယာများမှ ရေးသားသောလွှတ်တော်သတင်းနှင့် လွှတ်တော်အတွင်း ဆွေးနွေးသည့် ကိစ္စရပ်များမှာလွဲမှားမှုများ မရှိစေရန် ရည် ရွယ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

“ကောင်းတာပေါ့ လွှတ်တော်ကနေ အတိအကျသတင်းတွေထုတ်ပြန်ရင် အပြင်ကသတင်းမီဒီယာအချို့ရေးနေတဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ကိစ္စနဲ့ တလွဲမဖြစ်တော့ဘူးပေါ့ ” ဟုတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်က ပြောသည်။

လွှတ်တော်ဂျာနယ်တွင် ထည့်သွင်းဖော်ပြနိုင်ရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တစ်ဦးကလည်းသတင်းဆောင်းပါးရေးသား၍ ဒု-ညွှန်ကြားရေးမှူးချုပ်ထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရှိရသည်။

“၁၉၅၈/၁၉၅၉ တုန်းက မြန်မာနိုင်ငံပါလီမန်အဖွဲ့စာစောင်ကို မိတ်ဆက်တဲ့သဘောနဲ့ရယ် အခုခေတ် နိုင်ငံရေးအခြေအနေ ဘယ် လိုရှိနေတယ်ဆိုတာကို မိတ်ဆက်တဲ့သဘောအနေနဲ့ ဆောင်းပါးရေးပြီး ‘ဒုတိယညွှန်ကြားရေးမှူးချုပ်ကိုပေးပို့ပြီးပြီ ” ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီသစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန်က ပြောသည်။

အဆိုပါ ဂျာနယ်အား တစ်လလျှင် (၂)ကြိမ် ထုတ်ဝေရန်စီစဉ်ထားပြီး လက်တလောတွင် လွှတ်တော်ကိုယ်စားလှယ်များ ရေး သားသော သတင်း ဆောင်းပါး ၊လွှတ်တော်အတွင်းဆွေးနွေးသည့် ကဏ္ဍများ၊ ကာတွန်းနှင့် ကျန်းမာရေး သတင်းများကိုသာ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: မြစ်မခ

Read More...

ရေဘေးကြောင့် ပုသိမ်ခရိုင်တွင် အခြေခံပညာကျောင်း(၄)ထောင်ကျော် ပိတ်ထားရ

မျိုးမင်းထွန်း-ဧရာဝတီတိုင်း(မြစ်မခ)
22 Aug, 2012


ယခုလဆန်းပိုင်းမှ စတင်ခဲ့သောင၀န်မြစ်ရေကြီးမှုကြာင့်ပုသိမ်ခရိုင် အတွင်းရှိမြို့နယ်(၆)ခုတွင်ကျောင်းပေါင်း(၄)ထောင်ကျော် ယာယီပိတ်ထားရကြောင်း တိုင်းအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

''တချို့ကျောင်းတွေ ကတော့ရေမမြုပ်ပေမဲ့ ကျောင်းသားတွေသွားရေးလာရေးခက်ခဲမှာ စိုးလို့ပိတ်ထားရတာပါ''ဟု ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်က ပြောသည်။

ပုသိမ်ခရိုင်အတွင်းရှိမြို့နယ်(၇)နှစ်ခုတွင် မြို့နယ်(၆)ခုမှာ မြို့ထက်ဝက်ခန့်နှင့် ကျေးရွာအများစု ရေမြုပ်နေ ခဲ့ပြီး ကျောင်းသား အများစု ၏ကျောင်းသွားကျောင်းပြန် ခရီးအားရေလမ်းခရီးကိုသာ အားကိုးနေရသည့်အတွက်မိဘ အများစုကစိုးရိမ်နေကြောင်း ကို လည်း သိရသည်။

‘ကျွန်မကလေးတွေကိုကျောင်းပေး မသွားတော့ဘူးကလေးတွေကို ကုန်းတတန်ရေတတန်နဲ့စိတ်မချလို့ရယ် အသွားအပြန်လှေခ တွေကြောင့် စရိတ်ပိုကြီးလို့ပေးမသွားတာ’ ဟု ကျောင်းသား(၄)ဦး၏ မိခင် ဒေါ်သန္တာ ကပြောသည်။

ကျောင်းပိတ်ထားသော ကျောင်းသား/ကျောင်းသူများ၌ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသော ကလေးများရှိ သကဲ့သို့ ရေဖုံးလွှမ်းမှုဒဏ် မခံရပဲ ကျောင်းမတက်ရသည့်ကလေးများလည်း ရှိနေသည်ဟု ပုသိမ် ခရိုင်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောပြ သည်။

''ပိတ်ထားရတဲ့ကျောင်းအများဆုံးကတော့ သာပေါင်းမြို့နယ်ထဲမှာပါ၊ အချို့မြို့ကကျောင်းတွေကတော့ကယ် ဆယ်ရေးစခန်းတွေ ဖွင့်တားလို့ ပိတ်ရတာ''ဟု တိုင်းဒေသကြီး ဒုတိယလွှတ်တော်ဥက္ကဌက ဆိုသည်။

ပုသိမ်ခရိုင်အတွင်းရေဘေးကြောင့် ဒုက္ခသည်၂သိန်းခန့်နှင့် လယ်မြေဧကပေါင်း၂သိန်း၂သောင်းကျော်လည်း ရေမြုပ်လျက် ရှိပြီး ကန်ကြီးဒေါင့်ရွေးရေတံခါး၊ငါးသိုင်းချောင်း တာတို့ထပ်မံကျိုးကျပါကစာရင်းများထပ်မံတိုးလာဖွယ်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ထံမှသိရသည်။

‘ဒီရက်အတွင်းလွတ်သွားတဲ့စာတွေကိုတော့ကျောင်းဖွင့်ရက်မှာစနေ၊တနင်္ဂနွေအချိန်ပိုတွေ ခေါ်ပြီးသင်သွားရမှာပေါ့’ဟု ပုသိမ်မြို့မှ ဆရာမတစ်ဦးကတော့ ပြောသည်။


Ref: မြစ်မခ

Read More...

အပေါ်သို့