Saturday, May 28, 2011

နေတိုးတပ် လစ်ဗျားမြို့တော်ကို နေ့ညမပြတ် ဗုံးကြဲ

28 မေ 2011


နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ (Tripoli) မှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတွေ ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ နေတိုး တပ်ဖွဲ့က နေ့ဘက်မှာ ရှားရှားပါးပါး တိုက်ခိုက်ခဲ့တာပါ။

လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) တခါတလေ နေတတ်တဲ့ မော်တော်ယာဉ် သိုလှောင်ရေး အဆောက်အဦးကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။ အဲဒီနေရာမှာ မီးခိုးဖြူတွေ ထွက်နေတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ သန်းခေါင်ကျော် အချိန်တွေမှာလည်း နေတိုးတပ်ဖွဲ့ရဲ့လေကြောင်း တိုက်ခိုက်မှုတွေ ထရီပိုလီမြို့မှာ ရှိခဲ့လို့ ညဘက် ကောင်းကင်မှာ ပေါက်ကွဲမှုတွေကို မြင်ခဲ့ရတယ်လို့ ဆိုပါ တယ်။

လစ်ဗျားရဲ့ ရေရှည် မဟာမိတ်ဖြစ်တဲ့ ရုရှားကတော့ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ အာဏာကို စွန့်ခွာဖို့အရေး ကြားဝင် ညှိနှိုင်းပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

မစ္စတာ ဂဒါဖီ ထွက်ပေးသင့်တယ်လို့ ရုရှားသမ္မတ ဒီမီထရီ မက်ဗီယဲဒဲ့ဖ် (Dmitry Medvedev) က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ စက်မှုအင်အားကြီး ၈ နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲအတွင်း မနေ့က ပြောခဲ့ပါတယ်။ ရုရှားဘက်က ကိုယ်စားလှယ် တဦးကို လစ်ဗျားအစိုးရ ဆန့်ကျင်ရေး သူပုန်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ဘန်ဂါဇီ (Benghazi) မြို့ကို လွှတ်ထားတယ်လို့လည်း ရုရှားသမ္မတက ပြောပါတယ်။

အနောက်အင်အားကြီးနိုင်ငံ တော်တော်များများက လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီကို အာဏာစွန့်ဖို့ ပြောနေကြတာပါ။

သူပုန်တွေ ထိန်းချုပ်ထားတဲ့ လစ်ဗျားနိုင်ငံက တတိယ အကြီးဆုံး မီစ်ရာတာ (Misrata) မြို့ကို မစ္စတာ ဂဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ဖို့ မနေ့ကတခါ ကြိုးပမ်း ခဲ့လို့ အပြန်အလှန် တိုက်ခိုက်မှုတွေ မြို့ရဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။

Ref;VOA

Read More...

နယ်ခြားစောင့် DKBA တပ်တွင်း ပစ်ခတ် ဖမ်းဆီးမှုများ ဖြစ်ပွား

မအေးအေးမာ
28 မေ 2011

မြန်မာအစိုးရရဲ့နယ်ခြားစောင့်တပ် ၁၀၁၂ တပ်ရင်းမှူး ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ အရင် သူတို့ရဲ့ခေါင်းဆောင်ပိုင်းတွေကို မြိုင်ကြီးငူ ဌာနချုပ်မှာပဲ အခုရက်ပိုင်းတွေအတွင်း ပစ်ခတ် ဖမ်းဆီးမှုတွေ လုပ်ခဲ့ရာမှာ DKBA ရဲ့စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်ပါတယ်။ နယ်ခြားစောင့်တပ် ၁၀၁၂ ဟာ အရင် DKBA တပ်ဖွဲ့ဖြစ်ပြီးတော့ နောက်ပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါ တယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင် ပြပေးထားပါတယ်။

မြန်မာအစိုးရက DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ကို နယ်ခြားစောင့်တပ် လုပ်ခိုင်းရာကစလို့ DKBA တပ်ဖွဲ့ဝင်တွေ၊ ခေါင်းဆောင်ပိုင်းတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာခဲ့ရတာပါ။ နယ်ခြားစောင့်တပ် အဖြစ် လက်ခံခဲ့တဲ့ DKBA တပ်မှူး တွေဟာ ပြီးခဲ့တဲ့ ၂ ရက်ကစပြီး သူတို့ရဲ့ခေါင်းဆောင်တွေကို ပစ်ခတ် ဖမ်းဆီးမှု တွေ လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဘောဗျူဟာ ဌာနချုပ်က ဗိုလ်မှူး ရွှေဝ ကတော့ နယ်ခြား စောင့်တပ်က တပ်ရင်းမှူး ဗိုလ်ဘိ ဦးဆောင်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ အခုလို ပြောပြပါတယ်။

“ကလိုထူးဘော တပ်ရင်းက တပ်ရင်းမှူး ဗိုလ်ဘိက ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းလိုက်ပြီ။”

ဗိုလ်ဘိဟာ အရင်က DKBA ၃၃၃ တပ်က တပ်ရင်းမှူးဖြစ်ပြီး အခုအခါမှာလည်း နယ်ခြားစောင့်တပ် ၁၀၁၂ တပ်ရင်းမှူးအဖြစ် တာဝန်ယူနေတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဖောဒိုကတော့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီး ထား လိုက်ပြီဆိုတဲ့ သတင်းကို DKBA ဘက်ကနေ ရရှိကြောင်း အတည်ပြု ပြောကြားပါတယ်။

“ဗိုလ်ချုပ် ကျော်သန်းတို့ပေါ့၊ ဘယ်သူဖမ်းလဲဆိုတော့ DKBA တပ်ရင်း ၁၀၁၂ တပ်ရင်းမှူး ဗိုလ်ဘိက ဖမ်းထားတာ။ အာဏာသိမ်းတဲ့ သဘောမျိုးပေါ့နော်။ မြိုင်ကြီးငူ ဌာနချုပ်မှာ သူတို့က စုနေကြတာပေါ့၊ ခေါင်းဆောင်ကြီးတွေက။”

ဗိုလ်ချုပ် ကျော်သန်းဟာ နယ်ခြားစောင့်တပ်ကို လုပ်ဖို့အတွက် ဗိုလ်ချုပ် နှုတ်ခမ်းမွေးနဲ့ ဗိုလ်မှူး ရွှေဝ တို့ကိုလည်း အတင်းအကျပ် လက်မှတ်ထိုးခိုင်းဖို့အတွက် လုပ်ဆောင်ခဲ့သူလို့ ဆိုပါတယ်။

ဒီလို အောက်ခြေထု သဘောထား မပါဘဲ ဆောင်ရွက်နေခဲ့မှုတွေကြောင့် DKBA အောက်ခြေတပ်မှူးတွေနဲ့ အဆင်မပြေ တင်းမာမှုတွေ ဖြစ်ခဲ့ရတာလို့ ပြောသွားပါတယ်။ ဒါပေမဲ့လည်း နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကို လက်မခံတဲ့ ကရင်လက်နက်ကိုင် အချင်းချင်းကတော့ အရင်တုန်းက သဘောထား ကွဲလွဲခဲ့မှုတွေ ရှိခဲ့ပေမဲ့ နယ်ခြား စောင့်တပ်ကို အစိုးရက အတင်းအကျပ် လုပ်ခိုင်းရာကစလို့ DKBA နဲ့ KNU ကြားမှာ တော့ အချင်းချင်း နားလည်မှု ပိုမိုရရှိလာခဲ့တယ်လို့ ဆိုရမှာပါ။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ DKBA တွေဟာ စစ်ရေးအရ ပူပေါင်း ဆောင်ရွက်မှုတွေ နောက်ပိုင်းမှာ လုပ်လာသလို သူတို့ရဲ့ နယ်မြေတွေမှာလည်း တဘက်နဲ့တဘက် နားလည်မှုတွေနဲ့ ၀င်ထွက်သွားလာခွင့် တွေ ခွင့်ပြုပေးခဲ့ကြတာလည်း ရှိလာခဲ့ကြပါတယ်။

အခုအခါမှာတော့ နယ်ခြားစောင့်တပ်လုပ်ဖို့ ကျန်ခဲ့ကြတဲ့ DKBA တပ်ဖွဲ့တချို့ကလည်း ဗိုလ်ချုပ် နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်တွေဆီကို ကူးပြောင်းလာခဲ့သလို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဆီကိုလည်း တဖြည်းဖြည်း ကူးပြောင်းလာမှုတွေ လုပ်လာခဲ့ တာကြောင့် နယ်ခြားစောင့်တပ်ဟာ အင်အားနည်းလာခဲ့ပြီး အတင်းအကျပ် လူသစ် စုဆောင်းမှုတွေ လုပ်လာခဲ့တာတွေလည်း ရှိပါတယ်။

၂၀၁၀ နှစ်ကုန်ပိုင်းကစပြီး ကရင်အမျိုးသား အချင်းချင်း တိုက်တဲ့ တိုက်ပွဲတွေ နည်းပါးလာခဲ့တာပါ။ အခုအခါမှာတော့ နယ်ခြားစောင့် တပ်တွင်းပြဿနာတွေ ဖြစ်နေပြီး မြန်မာစစ်တပ်ဘက်က ၀င်ရောက် စွက်လာတာမျိုးတွေတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ ၀င်ရောက်စွက်ဖက်မှုတွေ လုပ်လာမယ်ဆိုရင် ကရင်ဒေသတွင်း ပစ်ခတ်မှုတွေ ထပ်ဖြစ်လာဦးမှာ ဖြစ်တယ်လို့ DKBA တွေကတော့ ပြောဆိုနေပါတယ်။

Ref;VOA

Read More...

အစိုးရ ကျောင်းတချို့လာဘ်ယူနေဆဲ

ယုယမိုး
28 May 2011

ကျောင်းအပ်ရာသီကာလ အစိုးရကျောင်းများတွင် သတ်မှတ်နှုန်းထားထက်ပို၍ အလှူငွေ ကောက်ခံခြင်းများ မပြုလုပ်ရန် ညွှန်ကြားထားသော်လည်း အခြေခံပညာကျောင်းအချို့တွင် လာဘ်ယူမှုများ ရှိနေဆဲဖြစ်သည် ဟုသိရသည်။

မကြာသေးမီက ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိအထင်ကရ ကျောင်းများဖြစ်သော အထက(၂)မင်္ဂလာဒုံ၊ အထက(၁)ဒဂုံ၊ အထက(၂)ကမာရွတ်၊ အထက (၂)လသာ၊ အထက (၂)ဗဟန်း၊ ပညာရေး တက္ကသိုလ် လေ့ကျင့် ရေးကျောင်း (TTC) အစရှိသည့် ကျောင်း ၁၉ ကျောင်းအား ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီး ဦးဥာဏ်ထွန်းဦးက ခေါ်ယူ သတိပေးမှုများ ပြုလုပ်ခဲ့သည်။

ခေါ်ယူသတိပေးခြင်း ခံခဲ့ရသည့် ကျောင်းများက ရန်ပုံငွေ၊ အလှူငွေကြေးများ ကောက် ခံခြင်း မရှိသော်လည်း အဆိုပါ နာမည်ရ ကျောင်းများသို့ဝင်ခွင့်ရရှိစေရန် လာဘ်ပေး နေရမှုများ ရှိနေသည် ဟု ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC)မှ ကျေင်းသား မိဘ တစ်ဦးဖြစ်သူ မမျိုးမျိုးက ဧရာဝတီကိုပြောသည်။

“ကျောင်းဝင်ခွင့်ရဖို့က သက်ဆိုင်ရာ ပညာရေးဌာနက ပါမောက္ခတွေ၊ စစ်တပ်က ရာထူးကြီး အရာရှိတွေရဲ့လက်မှတ်တွေ ပါမှဖြစ်တာပါ၊ သူတို့လက်မှတ်တွေ ရဖို့အတွက် ကြားထဲက ပွဲစားတွေကို လိုင်းကြေးသဘောမျိုးပေးရပါတယ် ဒီနှစ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း( TTC) ကျောင်းဝင်ခွင့် ရဖို့ကျောင်းသားသစ် ၀င်ကြေးက ကျပ် ၁၀သိန်းကနေ ၁၅ သိန်းကြားရှိပါတယ်”ဟု သူကဆိုသည်။

ရန်ကုန်မြို့၏ နာမည်ရ ကျောင်းများ ဖြစ်သည့် ဒဂုံ(၁)နှင့် အထက(၂) ကမာရွတ် (စိန်အော်ဂတ်စတင်း) ကျောင်းများ၏ ကျောင်းသားသစ် ၀င်ကြေးမှာလည်း ကျပ် နှစ်သိန်း မှ သုံးသိန်းကြား ရှိသည် ဟု ကမာရွတ်မြို့နယ်မှ အဋ္ဌမတန်း တတ်ရောက်မည့် ကျောင်း သားမိခင် တစ်ဦး ကပြောပြခဲ့သည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ် ကျောင်းအပ်နှံရေး နေ့များကို မေလ၂၅ရက်မှ ၃၁ရက်အတွင်း တစ်နိုင်လုံးရှိ အခြေခံပညာကျောင်း တွင်ပြုလုပ်ရမည်ဟု ပညာရေး ၀န်ကြီးဌာနက ညွှန် ကြားထားသည်။

ရန်ကုန်မြို့၏ အထင်ကရ ကျောင်းများတွင် သာမက အခြားမြို့နယ်ရှိ ကျောင်းများတွင်လည်း ၀င်ခွင့်ရရှိ စေရန် ကျောင်းအုပ်ကြီးများအား လာဘ်ပေးရမှုများ ရှိနေပြီး ကျောင်းအပ်ရာသီ မရောက်ခင်ကပင် ကျောင်းအပ်လက်ခံကာ အမြတ်ထုတ်လျက် ရှိသည်ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမှ ကျောင်းသား မိဘတစ်ဦး ကဆိုသည်။

“အထက ၃ ဒဂုံမြို့သစ် မြောက်ပိုင်းက ကျောင်းအုပ်ကြီး တစ်ဦးဆိုရင် ကျောင်းအပ်ရာသီ ဖြစ်တဲ့ မေလ ၂၅ ရက်နေ့ မတိုင်ခင် ကတည်းက ကျောင်းအပ်လက်ခံတာတွေ လုပ်နေပါတယ် သူနဲ့ခင်မင်ရင်းနှီးတဲ့သူတွေ အဆက်အသွယ်နဲ့လာတဲ့သူတွေဆိုရင် အလှူ ငွေအဖြစ် သုံးသောင်းကျပ် ကောက်ခံပြီး အဆက်အသွယ်ကောင်းမရှိတဲ့ ကျောင်းသား ကျောင်းသူတွေဆို ငါးသောင်း ပေးရပါတယ် အချို့ပိုက်ဆံတတ်နိုင် သူတွေကိုဆို တစ်သိန်း နဲ့အထက် ကောက်ခံ ပြီး အကျိုးအမြတ်ထုတ်နေပါတယ်” ဟုပြောပြသည်။

အဆိုပါ ကျောင်းအုပ်ကြီးသည် မိဘများကိုသာမက ကျောင်းရှိ ဆရာ၊ ဆရာမများ အပေါ်တွင်လည်း လာဘ်စားမှုများရှိနေသည် ဟု သူကဆိုသည်။

“အတန်းကောင်းကောင်း လိုချင်ရင် ဆရာမတွေဆီကနေ ကျပ်တစ်သိန်းကနေ တစ်သိန်း ခွဲအထိ တောင်းပါတယ်၊ မပေးနိုင်တဲ့ ဆရာ၊ ဆရာမတွေကို အတန်းပိုင်ရာထူး မပေးပါ ဘူး၊ သူ့ကို လာဘ်ပေးပြီးတော့ မျက်နှာရအောင် လုပ်တဲ့သူတွေကိုပဲ အတန်းပိုင်တို့၊ အတန်း မှူးရာထူးတို့ပေးပါတယ်” ဟု၎င်းက ပြောသည်။

အဆိုပါကျောင်းသည် ဒဂုံမြို့သစ် မြောက်ပိုင်း ဘုရင့်နောင်လမ်းမကြီး (ကျောင်းလမ်း)တွင်တည်ရှိပြီး ၃၅ရပ်ကွက်နှင့် ၃၆ရပ်ကွက် အကြားတည်ရှိသည်။

မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာဇံမြို့နယ်ရှိ မြို့နယ်ပညာရေးမှူး တစ်ဦးသည် ယခုလ ၂၄ရျက်နေ့က ကျောင်းအပ်နှံရေးနေ့ရန်ပုံငွေ အဖြစ် ငွေကျပ် တစ်သောင်း၊နှစ်သောင်း စသည်ဖြင့် မိဘများထံမှ ခွဲတမ်းဖြင့် ကောက်ခံရန် ချမ်းအေးသာဇံ မြို့နယ်ရှိ ကျောင်းအုပ်ကြီးများအား ညွှန်ကြားထားသောကြောင့် ကျောင်းအပ်နှံရန်ပင် အဆင် မပြေသည့် မိဘများမှာ အခက်အခဲတွေ့နေရသည် ဟု မန္တလေးမြို့အထက(၁၄)မှ ကျောင်း သားမိဘတစ်ဦးက ဧရာဝတီကိုပြောသည်။

အခြေခံပညာကျောင်းများတွင် ကျောင်းသားမိဘများနှင့် ဆရာ၊ဆရာမများ အကြား ယင်းကဲ့သို့လာဘ်ပေး လာဘ်ယူမှုများ ဖြစ်ပေါ်နေခြင်းသည် အစိုးရ၏ ပညာရေးဌာန အတွက် ဘတ်ဂျက် ချထားပေးမှု နည်းပါးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရန်ကုန်မှ ကျောင်း အုပ်ဆရာကြီးတစ်ဦးက သုံးသပ်ပြသည်။

အစိုးရသစ်လက်ထက်တွင် ၀န်ကြီးဌာနပေါင်း ၃၁ခု ရှိပြီး အခြား ၀န်ကြီးဌာနများနှင့်စာလျှင် ပညာရေးဝန်ကြီးဌာနသည် လာဘ်စားမှုအနည်းဆုံး ဌာန တစ်ခုဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

အစိုးရ၏ ၀န်ကြီးဌာနများသို့ ချထားပေးသော ဘတ်ဂျတ် တန်ဖိုးများအရ ကာကွယ် ရေးဝန်ကြီးဌာနသည် ၂၁.၁၃ ရာခိုင်နှုန်း ဖြင့်အများဆုံး ရရှိကာ ပညာရေးဝန်ကြီး ဌာနသည် ၄.၉၇ ရာခိုင်နှုန်းခန့်သာ ရရှိသည်ကို ဧရာဝတီက ရရှိထားသော ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့က ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော် ပြန်တမ်းအရ သိရသည်။

ယခု ပညာသင်နှစ် မှစတင်၍ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာ သင်ယူနိုင်စေရန် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ငါးသန်းကျော်အတွက် ငွေကျပ်သန်း ၂၄၀၀ တန်ဖိုးရှိ ကျောင်းသုံး စာအုပ်များ အခမဲ့ ထောက်ပံ့ ပေးသွား မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမြအေး ပြောကြားချက်ကို မေလ ၂၆ရက် နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းပေါင်းလေးသောင်းရှစ်ရာ ကျော်ရှိပြီး အဆိုပါ ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ကျောင်းသူဦးရေ ရှစ်သန်း ကျော် ရှိကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနက ထုတ်ပြန်ထား သည်။

Ref;Irrawaddy

Read More...

ကရင်နယ်ခြားစောင့်တပ်အတွင်း ပုန်ကန်မှုဖြစ်

စောရန်နိုင်
28 May 2011

ဒု ဗိုလ်မှူးကြီး ပိုဘီ ဦးဆောင်သည့် ကရင်ပြည်နယ် မြိုင်ကြီးငူအခြေစိုက် ကရင် နယ်ခြားစောင့် တပ်ရင်း ၁၀၁၂ သည် မြိုင်ကြီးငူဒေသ ကို ထိန်းချုပ်၍ ပုန်ကန်မှု ပြုလုပ်နေကြောင်း သိရသည်။

ပိုဘီ ၏ တပ်သည် ဗိုလ်ချုပ် ကျော်သန်း အပါအ၀င် နယ်ခြားစောင့် အရာရှိ ၇ ဦးကို ပြန်လည် ပုန်ကန်ခြင်းဖြစ်သည်ဟု ဆိုသည်။

လတ်တလောတွင် မြိုင်ကြီးငူမှ မယ်သဝေါ အထိ ဒု ဗိုလ်မှူးကြီးပိုဘီ ၏ တပ်များ ချထား ကြောင်း၊ ယင်း ပိုဘီ ၏ တပ်အင်အား မှာ ၅၀၀ ခန့်ရှိကြောင်း တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြော သည်။

မြိုင်ကြီးငူတွင်ရှိသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁ ကလည်း ပိုဘီ အဖွဲ့နှင့် ပူး ပေါင်းလိုက်ပြီး တခြားသော ကရင်နယ်ခြားစောင့် တပ်များကမူ ပူးပေါင်းခြင်း မရှိ သေးကြောင်း၊ ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သည့် DKBA တပ် မဟာ ၅ မှ အင်အား ၁၀၀ ခန့် သွားရောက် ပူးပေါင်းကြောင်း သိရသည်။

“ပိုဘီအဖွဲ့က အစိုးရဖွဲ့ပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် အကြံပေးအရာရှိ ၇ ဦးကို မကြိုက်လို့တဲ့၊ အဲဒီ ၇ ယောက်ကို ဖမ်းမယ် တဲ့”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ မှ ဗိုလ်မှူးချူပ် ဂျော်နီက ပြောသည်။

၎င်း အကြံပေးအရာရှိ ၇ ဦးတွင် ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်ချစ်သူ၊ ဗိုလ်ဖားနွီး တို့ ပါဝင် ကြောင်း သိရသည်။

ပိုဘီ တပ်ဖွဲ့ သည် ပြီးခဲ့သည့်မေလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကျော်သန်းကို ဖမ်းရန် ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြောင်း၊ ၎င်းတို့ အဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် ဆက် လက်မလုပ်လိုကြောင်း နီးစပ်သူများက ဆိုသည်။

DKBA နှင့် နီးစပ်သူ တဦးဖြစ်သည့် စောထီးမူးကလည်း“သူတို့ လူကြီးကိုမကျေနပ်လို့တဲ့၊ သူတို့ကို ခိုင်းစားတယ်လို့ ခံစားရတာကြောင့် တဲ့၊ အခုကြားတာက နယ်ခြား စောင့်ဖြစ်လာတဲ့ DKBA ကို အစိုးရက သိပ်မယုံတော့ဘူး၊ သူတို့လက်နက်ကို သိမ်းမယ် လို့ ကြားတယ်၊ သူတို့ကလည်း အဲဒါကို အဖြစ်မခံနိုင်ဘူး၊ စစ်ဖြစ်လာရင် KNU ကို အကူ အညီ တောင်းထားတယ်လို့ သိရတယ်”ဟု ပြော သည်။

“နယ်ခြားစောင့်တပ်ကို ဆက်မလုပ်နိုင်တော့လို့ သူတို့ခေါင်းဆောင်ကို ပြန်ပြီး ပုန်ကန် တဲ့သဘောပေါ့”ဟု KNU မှ ဒု ဗိုလ်မှူးကြီးစောဖောဒို ကလည်း ပြောဆိုသည်။

မြိုင်ကြီးငူတွင် ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း သဘောထားမတူညီသည့် ကရင်နယ်ခြား စောင့်တပ်အချင်းချင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အစိုးရဘက် အရာရှိတချို့ကရင်နယ်ခြားစောင့်တပ် အရာရှိများနှင့် လာရောက်တွေ့ဆုံနေပြီး အစိုးရက အနုနည်းနှင့် မဖြေရှင်း နိုင် ပါက ကြီးမားသည့် တိုက်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ယင်း နယ်ခြားစောင့်တပ်မှ လစဉ်နီးပါး ထွက်ပြေးသည့် တပ်ပြေးများလည်း များပြား လာကြောင်း သိရသည်။

DKBA သည် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ယမန်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင် ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား ၂၀၀၀ ၀န်းကျင်ရှိကြောင်း၊ ထွက်ပြေးသွားသည့် အင်အားမှာ ၂၀၀ ကျော် ရှိ ကြောင်း DKBA နှင့် KNU တာဝန်ရှိသူများက ပြောဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် နယ်ခြားစောင့် တပ်ဖွဲ့ စည်းရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်း ပနေသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်း ရှိ နအဖ တပ်များကို တိုက်ပွဲများ ဆင်နွှဲနေ ခဲ့ သည်။

၁၉၉၄ ခုနှစ်တွင် DKBA သည် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ် သည်။

Ref;Irrawaddy

Read More...

၉၀ ရလဒ် သဘောထား ဒေါ်အောင်ဆန်းစုကြည် အခိုင်အမာပြော

လင်းသန့်
27 May 2011

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုခြင်းသည် ပြည်သူ့ဆန္ဒကိုချေဖျက်ခြင်းဖြစ်ပြီး ဒီမိုကရေစီမဆန်ဘဲ တိုင်းပြည် ၏ သမိုင်းအတွက် သိက္ခာကျစေသောလုပ်ရပ်ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်သည်။

ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ရုံးချုပ်တွင် ယနေ့ကျင်းပသော ၂၁ နှစ်မြောက် ၁၉၉၀ ရွေးကောက်ပွဲအောင်ပွဲ နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒေါ်အောင် ဆန်းစုကြည် က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“နိုင်ငံတနိုင်ငံ ဂုဏ်သိက္ခာရှိဖို့ဆိုတာက ပြည်သူ့ဆန္ဒကိုလေးစားရမယ်။ ပြည်သူကို မလှည့်ဖျားရဘူး၊ အခုစကား တမျိုး ပြော၊ နောက် စကားတမျိုးပြော လုပ်လို့မရဘူး၊ ၉၀ ရလဒ် အသိအမှတ်မပြုတာကို ကျမတို့က အမြဲကန့်ကွက်တယ်။ NLD ကို အာဏာမပေးလို့ မဟုတ်ဘူး။ ပြည်သူလူထုကို မျှော်လင့်ချက်တွေပေးပြီး ချေဖျက်လို့ မလုပ်ကောင်းတဲ့ကိစ္စ”ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ရွေးကောက်ပွဲ ရှိတိုင်း ဒီမိုကရေစီ ရှိမည်မဟုတ်ကြောင်း၊ ဒီမိုကရေစီ မရှိသော နိုင်ငံ များတွင်လည်း ရွေးကောက်ပွဲ ရှိနေ ကြောင်း၊ ဒီမိုကရေစီ ရှိမရှိ တိုင်းတာနိုင်သည့် အချက်တခုမှာ တရားဥပဒေ စိုးမိုးရေးဖြစ်ကြောင်း၊ ယုံကြည်ချက်ကြောင့် နိုင်ငံ ရေး လုပ်သူများကို တရားဥပဒေနဲ့အညီ ဖမ်းဆီးအကျဉ်းချခဲ့ခြင်း မဟုတ်ဘဲ ဥပဒေမဲ့ လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။

မကြာသေးခင်က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာ ကြသော နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်အား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကိုလည်း NLD ဌာနချုပ်တွင် ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

NLD ဌာနချုပ်၌ ယနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ စုစုပေါင်း တက်ရောက်သူ ၁၀၀၀ ကျော်တက်ရောက်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် NLD ခေါင်းဆောင်များက လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ ကို ဂုဏ်ပြုစကားများ၊ အားပေးစကားများ ပြောကြားပြီး တက် ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ ဟစ်ပ်ဟော့ပ် အဆို တော် ဇေယျာသော် အပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်းများကလည်း ကျေးဇူး တင်ကြောင်း၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် ဆက်လက်ကြိုးစားသွား ကြမည်ဖြစ်ကြောင်းများကို ပြန်လည် ပြောကြားခဲ့ သည် ဟု သိရသည်။

“လုပ်ရဲတာ သတ္တိ မဟုတ်ဘူး၊ ခံရဲတာ သတ္တိလို့ ဖေဖေ(ဗိုလ်ချုပ်အောင်ဆန်း) ပြောခဲ့တယ်။ ကြောက်လို့ မလုပ်တော့ဘူး ဆိုရင် အထဲမှာ ခံခဲ့ရတဲ့နှစ်တွေက အလကားဖြစ်သွားမှာပေါ့။ ဘာပဲပြောပြော ကိုယ်ခံခဲ့ရတာတွေက ကိုယ့်တိုင်း ပြည်အတွက် ခံရကျိုးနပ်အောင်လုပ်ပါ။ ကိုယ်တယောက်ချင်း အတွက်မဟုတ်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်လာ သောနိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲတွင် ပြောသည်။

NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်ကလည်း“ဦးတင်ဦးက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကြိုဆိုဂုဏ်ပြုစကားပြောတယ်၊ ပြီးတော့ လွတ်ငြိမ်းချမ်းသာ က အစစ် မဟုတ်လို့ ဒီထက်ပိုပြီး တကယ့် နိုင်ငံရေးအကျဉ်းသားတွေ ထပ် လွတ်စေဖို့ လုပ်ဆောင် သွားမယ်လည်း ပြောတယ်”ဟု ဧရာဝတီကို ပြောသည်။

နေ့လယ်ပိုင်းတွင် စာတမ်းဖတ်ပွဲအနေဖြင့် စာတမ်းသုံးဆောင်ကို ဖတ်ကြားကြောင်း သိရသည်။ ပထမဦးစွာ ၁၉၉၀ ရွေးကောက်ပွဲအား တိုင်းရင်းသားပါတီများ အဘယ်ကြောင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်ဆိုသည့် တိုင်းရင်းသားများ၏ အမြင် ဆိုင်ရာ စာတမ်းကို ရှမ်း တိုင်ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) မှ ဦးစိုင်းစောအောင်က လည်းကောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အကြောင်းအရင်းများကို NLD မှ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းမြင့်က လည်းကောင်း ၊ ၂၀၁၀ ရွေးကောက်ပွဲကို အဘယ်ကြောင့် ၀င်ရောက်မယှဉ်ပြိုင်ကြောင်း စာတမ်းကို ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) ဥက္ကဌ ဟောင်း ဦးဖြိုးမင်းသိန်းက လည်းကောင်း ဆွေးနွေးသွားကြသည်။

“ကိုဖြိုးမင်းသိန်း စာတမ်းကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၁၉၉၀ ရွေးကောက်ပွဲကို နိုင်းယှဉ်ပြီး ကြံ့ခိုင်ရေးပါတီဟာ လူမှုရေး အသင်းကနေ ရွေးကောက်ပွဲနီးမှ ပါတီ ပြောင်းလိုက်တာ၊ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီမရှိဘူး ဆိုတာတွေကို ဆွေးနွေး သွားတယ်”ဟု ဦးဝင်းထိန် က ရှင်းပြသည်။

အဆိုပါအခမ်းအနားသို့ NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်တင်မှာ မိန့်ခွန်းပြောရန် စီစဉ် ထားခဲ့သော် လည်း ကျန်းမာရေးချို့ယွင်းနေသည့်အတွက် တက်ရောက် လာနိုင်ခြင်းမရှိကြောင်း စာတမ်းဖတ်ကြားခဲ့သူ ကိုဖြိုးမင်းသိန်း က ပြောသည်။

“ဒီနေ့ အခမ်းအနားက တော်တော်စည်တယ်။ တက်လာတဲ့သူတွေက ခန်းမအပြင် မှာတွေရော ရုံးချုပ်အပြင်ဘက်ထိပါ ပြည့် လျှံနေတာ”ဟု ၄င်းက ဆက်လက်ပြော ကြားသည်။

ယခုနှစ်ကျင်းပခဲ့သော ရွေးကောက်ပွဲအောင်ပွဲ နှစ်ပတ်လည်အခမ်းအနားသည် ဒေါ်အောင် ဆန်းစုကြည်၏ နောက်ဆုံး နေအိမ် အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ပြီး ပထမဆုံး ကျင်းပခြင်းဖြစ်သည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတ၀န်း ဆန္ဒမဲ ၈၀ ရာခိုင်နှုန်း ကျော်ဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည့် ပါတီ ဖြစ်သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေး ရန်တာဝန် ပျက်ကွက်ခဲ့ သည်။

Ref;Irrawaddy

Read More...

မြောက်ကိုရီးယား - မြန်မာဆက်ဆံရေး တရုတ် ဘယ်အခန်းကဏ္ဍက ပါသလဲ

ခင်ဦးသာ
27 May 2011

တရုတ်သမ္မတ ဟူကျင်းတောင်သည် မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်နှင့် တရုတ်နိုင်ငံ ဘေကျင်းမြို့၌ မနေ့က တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် ယနေ့ တွေ့ဆုံသည်။

မြောက်ကိုးရီးယား ခေါင်ဆောင်နှင့် ဦးသိန်း စိန်တို့ ဘေကျင်းမြို့၌ တွေ့ဆုံခြင်း ရှိ၊ မရှိ ကို တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိ သော်လည်း မြန်မာနိုင်ငံဆိုင်ရာ မြောက် ကိုးရီးယား သံအမတ်ကြီးက ဦးသိန်းစိန် ၏ ခရီးစဉ်မစတင်မီ ရက်ပိုင်း၌ မြန်မာ နယ်စပ် ရေးရာ ၀န်ကြီး ဗိုလ်ချုပ်သိန်းဌေးနှင့် တွေ့ဆုံခဲ့ကြောင်းကို နိုင်ငံပိုင်မီဒီယာ များက ဖော်ပြခဲ့သည်။ ဆွေးနွေးသည့် အကြောင်းအရာ များကိုမူ ဖော်ပြခြင်း မရှိပေ။

မြောက်ကိုးရီးယား သံအမတ်ကြီး H.E.Mr Kim Sok Cholသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီနှင့် လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း မေလ ၂၆ နေ့ထုတ် ကြေးမုံသတင်းစာ၌ ရေးထား သည်။

ဗိုလ်ချုပ်သိန်းဌေးသည် ၂၀၀၈ ခုနှစ်က မြောက်ကိုးရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ၏ ခရီးစဉ်တွင်လည်း အဖွဲ့ဝင်တဦး အနေဖြင့် လိုက် ပါခဲ့ဖူးသူဖြစ်သည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယား နိုင်ငံတို့၏ ဆက်ဆံရေး ပိုမိုကောင်းမွန်လာရေးအတွက် တရုတ်နိုင်ငံသည် ကြားခံ ဆောင်ရွက်ပေးနိုင်ခြေ ရှိကြောင်း ၀ါရင့်သံတမန်ဟောင်း တဦး ဖြစ်သူ သခင်ချန်ထွန်းက ပြောသည်။

“မြန်မာရော မြောက်ကိုးရီးယားပါ အမေရိကန်တို့၊ ဥရောပတို့နဲ့ မတည့်ဘူးလေ။ ဒီတော့ နှစ်နိုင်ငံစလုံးကို စည်းလုံးစေချင်တဲ့ ဆန္ဒနဲ့ တရုတ်က လုပ်ပေးတယ်လို့ ပြောရမှာပါ” ဟု တရုတ်နှင့် မြောက်ကိုးရီးယားနိုင်ငံတို့တွင် သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးချန်ထွန်းက ဆိုသည်။

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်သည် တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် ရက်ပိုင်းက ရောက်ရှိနေခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်သည် မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်သို့ ရောက်ရှိနေသည်။

“ဒီနှစ်နိုင်ငံ စလုံးကို အနောက်အုပ်စုတွေက စီးပွားရေး ပိတ်ဆို့ထားတော့ တရုတ်ကိုပဲ မီခိုနေကြရတယ်။ ဒီတော့ တရုတ်ရဲ့သြဇာက နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေ ပေါ်မှာရှိတယ်” ဟု ဦးချန်ထွန်းက ပြောသည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယားတို့သည် ဦးနေ၀င်း အစိုးရလက်ထက်တွင် ဆက်ဆံ ရေးကောင်းမွန်ခဲ့ကြပြီး နှစ်နိုင်ငံ သမ္မတများ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ သွားရောက်ခဲ့သော်လည်း ၁၉၈၃ ခုနှစ် အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု ဖြစ်ပွား ပြီး နောက်ပိုင်း သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုးရီးယားနိုင်ငံတို့သည် ၂၀၀၇ ခုနှစ်မှ စတင်ကာ နှစ်နိုင်ငံ သံအမတ်ကြီးများ ခန့်အပ်၍ သံတမန်ဆက် သွယ်မှုများ လုပ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ အနုမြူစွမ်းအင် စီမံကိန်းအတွက် မြောက်ကိုးရီးယားနိုင်ငံက ကူညီပေးလျက်ရှိကာ မြောက် ကိုးရီးယား၏ စားနပ်ရိက္ခာအတွက် မြန်မာနိုင်ငံမှ ဆန်စပါးများ ကူညီပေးထား ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာ၊ မြောက်ကိုးရီးယား အပြင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စသည့် နိုင်ငံများနှင့်လည်းဆက်ဆံရေး ကောင်းမွန်လျက်ရှိပြီး အင်အားကြီး အိန္ဒိယ နိုင်ငံနှင့်မူ ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိပေ။

“တရုတ် အနေနဲ့မြောက်ကိုးရီးယားထက် မြန်မာကို ပိုပြီးအရေးပေးတာတွေ့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနဲ့ ထိစပ်နေတဲ့ အိန္ဒိယနဲ့ တရုတ်က အဆင်မပြေလို့ပါ”ဟု ဦးချန်ထွန်းက သုံးသပ်ပြောဆိုသည်။

တရုတ်နိုင်ငံ၌ ရောက်ရှိနေသော သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်သမ္မတ ဟူကျင်တောင်း၊ ၀န်ကြီးချုပ် ၀မ်ကျားပေါင်၊ တရုတ်ထိပ်တန်း ခေါင်းဆောင်များနှင့်ယနေ့ တွေဆုံ၍ စီးပွားရေးဆိုင်ရာ ကိစ္စများ နှင့်နည်းပညာဆိုင်ရာ ကိစ္စတို့ကိုဆွေးနွေး၍ သဘောတူစာချုပ်များ ချုပ်ဆို မည်ဟု ဆင်ဟွာ သတင်းတွင် ရေးသားထားသည်။

တရုတ်အစိုးရသည် မြန်မာ၊ မြောက်ကိုးရီးယား အပါအ၀င်အာရှဒေသတွင်း နိုင်ငံများအပေါ် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး သြဇာများလွမ်းမိုးမှုရှိနေပြီး မြန်မာနိုင်ငံ၏ အရေးကိစ္စများကို နိုင်ငံတကာမျက်နှာစာ၌ ကာကွယ်ပေးလျက်ရှိသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ စီးပွားရေး၊ စွမ်းအင်၊ သဘာဝဓာတ်ငွေ့စသည့် စီမံ ကိန်းများ၌ ရင်းနှီးမြှုပ်နှံမှု အများအပြား လုပ်ဆောင်ထားသည်။

Ref;Irrawaddy

Read More...

Thursday, May 26, 2011

ဘုရားသုံးဆူတွင် ပညာရေး ထောက်ပံ့ကြေး တောင်းခံ

May 26th, 2011

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် စီးပွားရေး လုပ်ငန်းရှင်များထံ ပညာရေး ထောက်ပံ့ကြေး တောင်းခံနေကြောင်း လုပ်ငန်းရှင် များထံမှ သိရသည်။

မေလ ၂၃ ရက်နေ့တွင် မြို့နယ်ခွဲ အုပ်ချုပ် ရေးမှူး ဦးမျိုးကြည်က မြို့ပေါ်ရှိ ရွှေဆိုင် ပိုင်ရှင်၊ လက်ဖက်ရည်ဆိုင်ရှင်၊ ကုမ္ပဏီ ပိုင်ရှင်နှင့် အခြားစီးပွားရေး လုပ်ငန်းရှင် စုစု ပေါင်း ၂၀၀ ကျော်ကို အစည်းအဝေး ခေါ်ယူ ပြီး ၂၀၁၁-၁၂ ပညာသင်နှစ်အတွက် ပညာရေး ထောက်ပံ့ကြေး တောင်း ခံခြင်း ဖြစ်သည်။

“ရွှေဆိုင်၊ လက်ဖက်ရည်ဆိုင်လို ဝင်ငွေနည်းတဲ့ လုပ်ငန်းဆို ထိုင်းဘတ် ၅၀၀၀ ပေးရမယ်လို့ ပြောတယ်၊ ကုမ္ပဏီတွေလို တခြား လုပ်ငန်းကြီးတွေကို ဘတ် ၆၀၀၀၊ ၇၀၀၀ ကနေ တသောင်းကျော်ထိ တောင်းတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်နှင့် နီးစပ်သည့် မြို့ခံတဦးက ပြောသည်။

ယခုကဲ့သို့ သုံးဆူမြို့တွင် ပညာရေး ထောက်ပံ့ကြေး တောင်းခံခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များက တောင်းသည့် ပမာဏအတိုင်း ပေးကြလိမ့် မဟုတ် ကြောင်း ပြောသည်။

“စေတနာဆိုရင်တော့ ထည့်ဖို့ ကျနော်တို့ ဆန္ဒ ရှိပြီးသားပဲ၊ ခုဟာက အကန့်အသတ်နဲ့ ဆိုတော့ ဘယ်သူက စေတနာ မရှိဘူး” ဟု လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးက ပြောသည်။

“အားလုံး မပေးကြဘူးလို့ ငြင်းကြတယ်၊ ဦးမျိုးကြည်က မပေးရင် အရေးယူမယ်လို့ ခြိမ်းခြောက်ထားတယ်၊ ဘယ်လိုအရေးယူမလဲတော့ မသိဘူး” ဟု သူက ဆက်ပြောသည်။

မေလ ၁၉ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများကို တွေ့ဆုံရာတွင်၂၀၁၁ ခုနှစ် ကျောင်းဖွင့် ချိန်၌ အခြေခံပညာမူလတန်း အဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံး စာအုပ်များ အခမဲ့ဖြန့်ဝေရန် ပြောကြားခဲ့သည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြခဲ့ သည်။

“မူလတန်း အခမဲ့ ပညာသင်ကြားရေးလို့သာ ပြောတယ်၊ ဒီနှစ် ကျောင်းအပ်ခကတော့ မနှစ်ကထက်တောင် ပိုကုန်ကျတယ်” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

မူလတန်းအဆင့်၌ သူငယ်တန်း ကျောင်းသားတဦးလျှင် ကျောင်းအပ်ခ၊ စာအုပ်ခ ထိုင်းငွေ ၂၇၅ ဘတ်နှင့် စာရေးခ ဘတ် ၂၀ ပေးရပြီး စတုတ္ထတန်း ကျောင်းသားတဦးလျှင် ကျောင်းအပ်ခ၊ စာအုပ်ခ ၆၇၀ ဘတ်နှင့် စာရေးခ ဘတ် ၂၀ ထိ ပေးဆောင်ရကြောင်း ကျောင်းသားမိဘတဦးက ပြောသည်။

Ref;Monnews

Read More...

ကချင် သွားသည့် ဂီရိဒေသမှ ရခိုင် အလုပ်သမားများ ခေါင်းပုံ ဖြတ်ခံနေရ



5/26/2011
မောင်အေး

မိမိဒေသတွင် စီးပွားရေး ကျပ်တည်းမူနှင့် အလုပ်အကိုင် ရှားပါးမှုကြောင့် နေရပ်ရင်းကို စွန့်ခွာပြီး ကချင်ပြည်နယ်ရှိ ယုဇနကုမ္ပဏီတွင် သွားရောက် အလုပ် လုပ်ကိုင်ရန် ထွက်ခွာသွားသည့် ဂီရိ မုန်တိုင်းသင့် ဒေသမှ ရခိုင် အလုပ်သမားများမှာ ခေါင်းပုံဖြတ် ခံနေရသည့် အတွက် အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။

ရခိုင်ဘက်မှ ရောက်ရှိလာသည့် ဂီရိသင့်ဒေသမှ ရခိုင် အလုပ်သမားများကို ယုဇနကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်အားခ ကို လစဉ် ထုတ်မပေးဘဲ ၆ လ တကြိမ်သာ ထုတ်ပေးမည် ဆိုသည့် အတွက် ယခုကဲ့သို့အခက်အခဲနှင့် ကြုံနေကြရခြင်း ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သိုYအခက်ခဲကြောင့် ယုဇနကုမ္ပဏီပိုင် စားအုန်းဆီခြံတွင် လုပ်ကိုင်ရန် ထွက်ခွာ သွားသူ တစ်ချို့မှာ မိမိဒေသကို ပြန်လာနေကြကြောင်း သိရသည်။

"မင်းပြားမြို့နယ် ဥတ္တရရွာက လူတွေဖြစ်တယ်။ တချို့ဆိုလမ်းမှာ ထမင်းတောင် ငတ်လာ တယ်လို့ပြောတယ်။ သူတို့မှာ ဒီက အိမ်ကို ရောင်းပြီး မိသားစုလိုက်ကြသွားတာတဲ့။ ဟိုကို ရောက်တော့ လုပ်အား ခလည်း ၆ လပြည့်မှ ရှင်းမယ်လို့ပြောတော့ ပိုပြီး ဒုက္ခ ရောက်တယ်။ ဒါနဲ့ ပြန်လာကြတယ်လို့ကြားရတယ်" ဟု ရန်ကုန် တွင်နေထိုင်သည့် ရခိုင် ဦးဇင်းတပါးက ပြောသည်။

မြေပုံနှင့် မင်းပြားမြို့နယ်များတွင် ဒေသအတွင်း စီးပွားရေး အဆင်မပြေမူနှင့် အလုပ်အကိုင် ရှားပါးမှုကို အခွင့်ကောင်းယူပြီး မက်လုံး အမျိုးမျိုး ပေးကာ ရွာတိုင်လှည့်ပြီး ကားကြီး များနှင့် အလုပ်သမား ရှာဖွေရေး အေဂျင့်များက ရခိုင် ကျေးရွာသားများကို စုဆောင်း နေကြောင်းသိရသည်။

"တချို့ပြန်လာတယ်လို့လည်းကြားတယ်။ ဘာကြောင်းပြန်လာတယ်ဆိုတာတော့ အတိကျ မသိဘူး။ သွားတဲ့ လူတွေလည်း ဆက်သွားနေတုန်းဘဲ။ တချို့ဆိုရင် ယောင်္ကျား ထွက်သွားတာကို အိမ်က မယားတောင် မသိလိုက်ဘူး။ ရခိုင်ပြည်က အခု ငရဲပြည်လို ဖြစ်နေပြီ " ဟု မင်းပြားမြို့နယ် သက်ပုန် ကျေးရွာသား တဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်စားသောက်လာသော မြစ်ချောင်းများကို အစိုးရက လေလံပစ်ပြီး တစ်ဦးတည်း လုပ်ကိုင် စားသောက်ခွင့်ပြုပြီး တောင်များကိုလည်း ကုမ္ပဏီများအား ဌားရမ်းထားသဖြင့် ရခိုင်ပြည်သူ လူထုမှာ တောင်သွား၍ မရ မြစ်ကို ဆင်း၍မရ ဖြစ်နေသဖြင့် ရပ်တည်ရေး အတွက် အခက် အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။

ထိုကဲ့သို့အချိန်တွင် ယမန်နှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် လယ်ယာမြေများ ပျက်စီးကာ ကျွဲနွားများလည်း သေဆုံးသွားသဖြင့် ဂီရိသင့် ဒေသမှ ပြည်သူများမှာ ယခုအခါ ဖြစ်ချင်သလို ဖြစ်ဟု ဆိုကာ နေရပ်ရင်းကို မိသားစု လိုက် စွန့်ခွာပြီး တနင်္သာရီတိုင်၊ ကချင် တနိုင်းဒေသနှင့် တာချီလိတ်ဘက်သို့ ထွက်ခွာနေကြသည်ဟု သိရ သည်။

ယခုကဲ့သို့ အလုပ်သမားများ စုဆောင်း ပေးနေသူများမှာ ရွှေပြည်ရခိုင် အဝေးပြေး ကားလှိုင်းမှ မင်းပြား ဂိတ်မှုးနှင့် စစ်တွေခရိုင်မှုးတို့ပူးပေါင်းကာ လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း မင်းပြား မြို့ခံများက ပြောသည်။

Ref;Narinjara

Read More...

သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံသို့ ရောက်ရှိ

ရန်ပိုင်
26 May 2011

သမ္မတ ဦးသိန်းစိန်သည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ တရုတ်နိုင်ငံသို့ ယနေ့ ရောက်ရှိသွားသည်။ သမ္မတအဖြစ် တာဝန်ယူပြီး ပထမဆုံး သွားရောက်ခဲ့သည့် ပြည်ပခရီး ဖြစ်သည်။

ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမို တိုးမြှင့်ရန် ရည်ရွယ်သည်ဟု တရုတ်အစိုးရ၏ ဆင်ဟွာသတင်းတွင် ယနေ့ ဖော်ပြထား သည်။

နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းနှင့် နီးစပ်သူများ၏ အဆိုအရ နိုင်ငံရေး၊ စီးပွား ရေး ကိစ္စရပ်များ အပြင် အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ တရုတ်စစ်သင်္ဘောများ မြန်မာ ဆိပ်ကမ်းတွင် ဆိုက်ကပ်နိုင်ရေးကိုလည်း သမ္မတဦးသိန်းစိန်၏ ယခုခရီးစဉ်အတွင်း ထည့် သွင်း ဆွေးနွေးလိမ့်မည်ဟု သိရသည်။

ထိုသင်္ဘောများသည် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကတိုက်တို့မှ ထွက်ရှိသည့် ရေနံများ သယ်ယူနေသည့် တရုတ် သင်္ဘောများကို ပင်လယ်ဓားပြများ ရန်မှ ကာကွယ် စောင့် ရှောက်လျက်ရှိသည်။

စစ်သင်္ဘောများ ဆိုက်ကပ်ခွင့် ပြုရေးကို ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံ၏ ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရှီချိုင်ဟုန်က မြန်မာအစိုးရသစ်ကို အဆိုပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ၎င်းတို့ ရင်းနှီးမြှုပ်နှံထားသည့် ရခိုင်ကမ်းလွန်ရှိ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း၊ ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ဖောက်လုပ်နေသည့် ရေနံ နှင့် ဓာတ်ငွေ့ ပိုက်လိုင်းတို့ လုံခြုံမှု ရှိရေးကိုလည်း လိုလားနေသည်ဟု စစ်ရေးလေ့လာ သူများက ဆိုသည်။

ပိုက်လိုင်းတည်ဆောက်ရေးကို ၂၀၁၃ ခုနှစ်တွင် အဆုံးသတ်မည်ဖြစ်ပြီး အရှေ့အ လယ်ပိုင်းနှင့် အာဖရိကတိုက်မှ သယ်ယူ လာသည့် ရေနံများကို ထိုပိုက်လိုင်းမှ တဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်မည် ဖြစ်သည်။

ထို့ပြင် တရုတ်အစိုးရက ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းပေါ်ရှိ လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်းတခုတွင် ပါဝင် ပတ်သက်နေသည်ဟု ရမ်းဗြဲကျွန်း ဒေသခံတဦးထံမှ သိရသည်။

“လေယာဉ်ကွင်း ဆောက်တဲ့ နေရာမှာ တရုတ်အလုပ်သမားတွေပဲ အလုပ် လုပ်ရတယ်၊ ပြီးခဲ့တဲ့နှစ်တုန်းကလည်း တရုတ် စစ်ဘက် အမှုထမ်းတွေကို တွေ့နေရတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်ရေတပ်သည် ယခင်က ပစိဖိတ်သမုဒ္ဒရာတွင်သာ လှည့်လည် သွားလာနေ သော်လည်း အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ပါကစ္စ တန်၊ အီရန်၊ သီရိလင်္ကာ၊ မြန်မာ စသည့် နိုင်ငံ များတွင် ရေတပ် အခြေစိုက်စခန်းများ တည်ဆောက်နိုင်ရန် ကြိုးစားနေသည်ဟု စစ်ရေး လေ့လာသူတချို့က သုံးသပ်သည်။

ယမန်နေ့က ထုတ်ပြန်သည့် ဆင်ဟွာသတင်းတပုဒ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ၀မ်ကျုံးရင်က သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် နှစ်နိုင်ငံ အကြား ဆက်ဆံရေး ထပ်မံ တိုးမြှင့်ရန် မဟာဗျူဟာကျကျ ဆောင်ရွက်မည်ဟု ပြောဆိုကြောင်း ဖော်ပြထား သည်။

နှစ်နိုင်ငံအကြား ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စသည့် ကဏ္ဍများတွင် စာချုပ် ၁၅ ခုခန့် ချုပ်ဆိုထားပြီး တရုတ်သည် မြန်မာနိုင်ငံအတွက် အကြီးဆုံး ကုန်သွယ်ဖက်နှင့် ရင်းနှီးမြုပ်နှံမှု အများဆုံး နိုင်ငံဖြစ်သည်။

တရုတ် ကွန်မြူနစ်ပါတီ၏ ပေါလစ်ဗျူရို အဖွဲ့ဝင် ကျာချင့်လင်က ဦးသိန်းစိန်အစိုးရအဖွဲ့ကို ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းတွင် သွားရောက် တွေ့ဆုံခဲ့သည်။ အစိုးရသစ်ကို ပထမဆုံး သွားရောက်တွေ့ဆုံခဲ့သည့် နိုင်ငံတကာမှ ခေါင်းဆောင်ဖြစ်သည်။

Ref;Irrawaddy

Read More...

ရန်ကုန်မှ ထိုင်း နယ်စပ်အရောက် ပို့ပေးသည့် လူပွဲစားအလုပ် တွင်ကျယ်

ခင်ဦးသာ
26 May 2011

ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တရားမ၀င် သွားရောက်လိုသူများအား ရန်ကုန်မြို့မှ ကော့သောင်း နယ်စပ်အထိ လူတဦးလျှင် ကျပ် ၃ သိန်းခွဲအထိ ယူဆောင်၍ လူပွဲစားများက ပို့ဆောင်ပေးနေကြောင်း ခရီးသည်များက ပြောသည်။

ရန်ကုန်မှတဆင့် မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းနယ်စပ်သို့ သွားသူများသည် မန္တလေး၊ မကွေး၊ ရန်ကုန်၊ အညာ ဒေသများနှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံး ဖြစ်ကြောင်း သိရသည်။

နယ်စပ်မှ တဘက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်မည့် သူများသည် ဒေသရင်း၌ အလုပ်အကိုင် ရှားပါးနေခြင်းကြောင့် ပိုင်ဆိုင်သော ပစ္စည်းများကို ထုခွဲရောင်းချ၍ သွား နေကြခြင်းဖြစ်သည်။

လူကုန်ကူးသည့် ကိစ္စများ တွင်ကျယ်လာခြင်းကြောင့် အစိုးရ တာဝန်ရှိသူများက နယ်စပ် ဒေသ သွားရောက်မည့် သူများအား စစ်ဆေးရေးဂိတ် အများအပြားတွင် စစ်ဆေးမေးမြန်း ခြင်း၊ သွားမည့်အကြောင်းအရာ မခိုင်လုံသူများအား သက်ဆိုင်ရာ ဒေသသို့ ပြန်လည်ပို့ ဆောင်ခြင်းတို့ကြောင့် ပွဲစားများဖြင့် သွားလာ နေကြရခြင်းဖြစ်ကြောင်း သိရသည်။

“အဖမ်းအဆီးမရှိဘဲ ကော့သောင်းရောက်ချင်ရင် ပွဲစားခ ကျပ် ၃ သိန်းခွဲပေးရတယ်။ မှတ်ပုံတင်ကတ် နည်းနည်းလေး ဟောင်းနေရင် ၄ သိန်း တောင်းတယ်။ သွားမယ့်လူက အနည်းဆုံး ၃ ယောက် ရှိရမယ်လို့ ပွဲစားတွေက ပြောတယ်” ဟု ကော့သောင်း ဒေသသို့ သွားရောက်ရန် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိနေသူ ကိုသန်းရွှေက ဧရာဝတီကို ပြောသည်။

ရန်ကုန်မှ ကော့သောင်းအရောက် ပွဲစားခ ပေးဆောင်ရသော ငွေသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ကျပ် ၁ သိန်းခွဲနှင့် ၂ သိန်း ခန့်သာ ဈေးပေါက်ခဲ့ပြီး ယခုနှစ်တွင် ကော့သောင်းဒေသသို့ သွားရောက်သူ များပြားလာ၍ လူပွဲစားဈေးကွက် တွင်ကျယ်လာရာ ယခုကဲ့သို့ ဈေးနှုန်းမြင့်တက် သွားခြင်း ဖြစ်သည်ဟု ရန်ကုန်ဒေသခံများက ဆိုသည်။

“အောင်မင်္ဂလာ ကားဝန်းထဲက ကော့သောင်းသွားမယ့် ကားဂိတ်ရောက်တာနဲ့ ပွဲစားတွေက စုပြုံရောက်လာပြီး သူလုပ် ပေးမယ်၊ ငါလုပ်ပေးမယ်၊ ဈေးမများစေရဘူး ဆိုပြီး အတင်း စည်းရုံးတယ်” ဟု ကော့သောင်းသို့ သွားမည့် ကိုသန်းရွှေက ဆိုသည်။

လူပွဲစားများသည် ရန်ကုန်မြို့ပါရမီ အဝေးပြေး ကားဂိတ်နှင့် အောင်မင်္ဂလာ အဝေးပြေးကားဂိတ်တို့မှ တနင်္သာရီတိုင်းသို့ ပြေးဆွဲ နေကြသော ယာဉ်မောင်းများ၊ တနင်္သာရီ တိုင်း အတွင်းရှိ စစ်ဆေးရေး ဂိတ်များမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ညှိနှိုင်းကာ ပို့ဆောင်ပေး နေကြောင်း သိရသည်။

ရန်ကုန် ဆူးလေ၊ ပန်းဆိုးတန်းတို့ရှိ ကုမ္ပဏီ တချို့သည် ကော့သောင်းမြို့၌ အခြေစိုက်ကာ လူတဦးလျှင် ထိုင်းဘတ်ငွေ ၁၆၀၀၀ (ကျပ် ၄၆၀၀၀၀ ခန့်) ယူဆောင်ကာ ကော့သောင်း အရောက် ပို့ဆောင်ပေး၍ နယ်စပ်နှင့် ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် ရရှိရေးကိုပါ ဆောင်ရွက်ပေးနေကြောင်း ကော့သောင်းမြို့ခံတဦးဖြစ်သူ ကိုကျော်ဝင်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ဘတ် ၁၆၀၀၀ ပေးရင် ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်လက်မှတ် လုပ်ပေးတယ်၊ အလုပ်ပါရှာပေးတယ်။ ပိုက်ဆံအကြေ မပေးနိုင်တဲ့ လူဆိုရင် လခထဲက ဖြတ်ယူတယ်။ ရန်ကုန်က အေးဂျင့်တချို့ ဒီမှာရုံးခန်းဖွင့်ပြီး လုပ်ပေး နေတယ်” ဟုဆိုသည်။

ရန်ကုန်မှ ကော့သောင်းသို့သွားရာ လမ်းကြောင်းတလျှောက်၌ စစ်ဆေးရေး ဂိတ်အများ အပြား ရှိသော်လည်း ရေးမြို့နယ်နှင့် ထားဝယ်ကြားရှိ မလွဲတောင် စစ်ဆေးရေး ဂိတ်သည် အဓိက ကျသော ဂိတ်တခု ဖြစ်ကြောင်း၊ ခရီးသည် အနေဖြင့် မိမိသွားမည့် နေရာအား သေချာ စွာ မပြောပြနိုင်ပါက ထိုဂိတ်မှတဆင့် မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ကြောင်း ကော့သောင်း ဒေသခံ တချို့ကဆိုသည်။

ရခိုင်၊ မွန်ပြည်နယ်နှင့် အညာဘက်မှ လာသူများ၏ မှတ်ပုံတင်များကို အဓိက စစ်ဆေးကြောင်း၊ ငွေ မပေးနိုင်သူများကို ဂိတ်မှ ဖြတ်သွားခွင့် မပေးကြောင်း၊ တခါတရံ ထားဝယ်မှ ကော့သောင်း သွားသည်ကိုပင် စစ်ဆေးပြီး ငွေတောင်းခံခြင်းများ ရှိကြောင်း ကိုကျော်ဝင်းက ရှင်းပြသည်။

“ပွဲစားတွေက ကားမောင်းသူတွေနဲ့ ညှိပြီး တင်တယ်။ ကားမောင်းသူတွေက သက်ဆိုင်ရာ ဂိတ်တွေရဲ့ တာဝန်ရှိသူတွေနဲ့ နားလည်မှုယူပြီး စစ်ဆေးမခံရ အောင်လုပ်ပေး ထားတယ်။ ဆရာရေ ကျနော့်ကားပေါ်မှာတော့ လူဘယ်နှဦး ပါတယ်လို့ အသိပေးလိုက်တာနဲ့ အဲဒီကားပေါ်ပါတဲ့ လူတွေကို ဘာမှတ်ပုံတင်မှ မစစ်ဆေးတော့ဘူး” ဟု ထားဝယ်-ကော့သောင်း ပြေးဆွဲနေသော အမြန်ယာဉ်လိုင်း ပိုင်ရှင်တဦးက ပြောသည်။

မြန်မာနိုင်ငံမှ လာရောက်သူ အများစုသည် အအေးခန်း၊ ငါးဖမ်းလှေ စသည့် ရေလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံနှင့် စားသောက်ဆိုင် များတို့၌ လုပ်ကိုင်ကြပြီး ၎င်းတို့၏ အနိမ့်ဆုံးလစာမှာ ထိုင်းဘတ် ၆၅၀၀ (ကျပ် ၂ သိန်းဝန်းကျင်) မှ ဘတ်ငွေ ၁၀၀၀၀ (ကျပ် ၃ သိန်းဝန်းကျင်) ရရှိကြကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ သာမန်လူတဦး၏ ဝင်ငွေ လစာမှာ ကျပ် ၇ သောင်း ၀န်းကျင်ရှိသည်။

ကော့သောင်း နယ်စပ်မှ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် သွားသော လူဦးရေသည် လစဉ်ထောင်ချီ၍ ရှိပြီး အများစုမှာ မိန်းကလေးများ ဖြစ်သည်ဟု ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းဘက်သို့ ခရီးသည်များ ပို့ဆောင် ပေးနေသည့် လှေမောင်းသူ ကိုသန့်ဇင်က ဧရာဝတီကို ပြောသည်။

“လူ ၁၀၀ မှာ မိန်းကလေးက ၇၀ လောက်ရှိတယ်။ အများစုက ရန်ကုန်၊ မော်လမြိုင်နဲ့ အညာဘက်ကပါ။ မိန်းကလေးတွေ အများစုက ပြည့်တန်ဆာလုပ်ငန်းတွေ အတွက် ရောင်းစား ခံကြရတယ်၊ တချို့က စက်ရုံတွေမှာလုပ်ကြတယ်” ဟု ၎င်းက ဆိုသည်။

မိန်ကလေး အများစုသည် ထိုင်းနိုင်ငံအတွင်းရှိ ပြည့်တန်ဆာ လုပ်ငန်းများအတွက် လူပွဲစားများ၏ ရောင်းစားခြင်းကို ခံနေကြရပြီး ယခုနှစ်ပိုင်းအတွင်း အမျိုးသားများသည်ပင် ထိုင်း ရေလုပ်ငန်းများအတွက် ရောင်းစားခြင်းကို ခံနေကြရကြောင်း ကြားသိရသည်။

ထိုင်းနိုင်ငံ၊ ရနောင်းဒေသ၌ လိင်ဖျော်ဖြေရေးအလုပ် လုပ်ကိုင်နေသော မသီတာသည် လွန်ခဲ့သော ၁၀ နှစ်ခန့် ၎င်း၏ အသက် ၁၅ က ရန်ကုန် အင်းစိန်မြို့နယ်မှနေ၍ ကော့သောင်းဘက်သို့ ရောင်းစားခြင်း ခံခဲ့ရကြောင်း ပြောပြသည်။

“ကျမကို ပွဲစားက ကော့သောင်းက စားသောက်ဆိုင်မှာ အလုပ်သွင်းပေးမယ်ဆိုပြီး ခေါ်လာတယ်။ ကော့သောင်း ရောက်တော့ ရနောင်းဘက်ကို ခေါ်သွားပြီး အခန်းတခုထဲမှာ ၂ ရက် ပိတ်လှောင်ထားတယ်။ နောက်တနေ့မှာ အခန်းထဲကို အမျိုးသား တယောက် သွင်းပေးလိုက်ပြီး ပြည့်တန်ဆာ လုပ်ခိုင်းတော့တာပဲ” ဟု မသီတာက ရှင်းပြသည်။

Ref;Irrawaddy

Read More...

လာရာ လားရာ အလားအလာ

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

Monday, 23 May 2011 ။ ။


ကိစ္စတစ်စုံတရာ သို့မဟုတ် တစ်စုံတစ်ဦးနှင့် ဆက်စပ်သောအခါ လာရာကိုလည်း ကြည့်ကြသည်။ အလားအလာ ကိုလည်း မှန်းဆကြသည်။ အလား အလာကို မှန်းဆခြင်းသည် လားရာကို သိလိုမှုကြောင့် ဖြစ်သည်။ ပီဘိ မည်သည့် အရာမဆို လာရာကလည်း အရေးကြီးသည်။ လားရာကလည်း အရေးကြီးသည်။ အလားအလာ ကလည်း အရေးကြီးသည်။ အကျိုးလို၍ ညောင်ရေလောင်း ဟူသည်မှာလည်း အလားအလာကို အလေးဂရု ပြုသောကြောင့် ဖြစ်သည်။ အဆိပ်ပင်ကို ရေမလောင်း ဟူသည်မှာလည်း အလား အလာကို အဓိက ထားသောကြောင့် ဖြစ်သည်။ အများစုသည် အလားအလာကို ပဓာန ထားသောကြောင့် မြေစမ်း ခရမ်းပျိုးရသည်မျိုးကို ဖြစ်နိုင်လျှင် ရှောင်ရှား လိုကြသည်။

ရုပ်နာမ်နှစ်ပါး တစ်ဆက်တည်း ဆက်ကာဆက်ကာ ဆက်၍ စပ်၍ ဖြစ်နေခြင်းကို ''သံသရာ''ဟု ခေါ်ရသည်။ ထိုသံသရာသည် အနမတဂ္ဂ သံသရာ ဖြစ်၏။ အဓိပ္ပာယ်က မသိအပ်သော အစ ရှိသော သံသရာ၊ အစကို မသိနိုင်သော သံသရာ၊ ဘုရားရှင်သည် သံသရာ၏ အစကို ကြည့်သောအခါ အစကို မတွေ့ရ၊ ထို့ကြောင့် ''အနမတဂ္ဂသံသရာ''ဟုသာ မိန့်ခဲ့သည်။ သံသရာ၏ အစသည် အ၀ိဇ္ဇာနှင့် တဏှာဟုသာ ဆိုနိုင်သည်။ ထို့ထက်ပို၍ ရှာလို့မတွေ့။

လူနတ်ဗြဟ္မာ သတ္တ၀ါ တို့သည် သံသရာ ရေအလျဉ်ကြော၌ မျောပါနေကြသော ဒုက္ခသည်များ ဖြစ်ကြ၏။ သက်ညှာစွာ ပြောတော့ သံသရာ ခရီးသည်။ သံသရာခရီးသွားများ ဖြစ်ကြ၏။ မိမိတို့သည် ကံကောင်း ထောက်မစွာ လူရယ်လို့ ဖြစ်ကာ လူ့လောကထဲသို့ ရောက်လာခဲ့ကြ၏။ မိဘ၊ အစ်ကို၊ အစ်မ စသူတို့၏ ပြုစု စောင့်ရှောက်မှုဖြင့် လူလား မြောက်ခဲ့သည်။ လူ့သဘာဝ ပတ်ဝန်းကျင်၏ တောင်းဆိုမှုကြောင့် ပညာတွေ သင်ကြရသည်။ ဥစ္စာတွေ ရှာကြရသည်။

ဂုဏ်တွေ၊ လာဘ်တွေ၊ ပကာသနတွေ၊ အောင်မြင်ကျော်ကြားမှုတွေ ပိုင်ဆိုင်နိုင်အောင် လုပ်ကြရသည်။ အများနည်းတူ ရုန်းကန် ကြိုးစား၊ ဘ၀တစ်ခု ထူထောင်။

အချိန်တန်လျင်တော့ အိမ်ပြန်ကြရဦးမည်။ သို့သော် ကိုယ့်အိမ်က ဘယ်ဝယ်ဘယ်ဆီ ဘယ်ရပ်ဘယ်ဌာနီ ဟူ၍ ဘယ်သူမှ ရေရေရာရာ မသိ။ ရက်ကန်းသည်မလေးကို ဘုရားရှင်က ''သမီး...ဘယ်ကလာခဲ့တာလဲ'' ဟု မေးတော့ ''မသိပါဘုရား...''ဟု ဖြေခဲ့သည်။ သူမခမြာ လာရာကို မသိရှာ၊ ဘုရားက ဆက်ပြီးတော့ ''ဘယ်ကို သွားမှာလဲ''ဟု မေးတော့ ''မသိပါဘုရား''ဟုပဲ ဖြေနိုင်သည်။ သူမခမြာ လားရာကိုလည်း မသိရှာ၊ လားရာကို မသိတော့ အလားအလာ ကိုလည်း မမြင်နိုင်ဘဲ ရှိတော့သည်။ အများစုလည်း မေးလာခဲ့လျှင် ရက်ကန်းသည် မလေးလိုသာ ဖြေကြရလိမ့်မည်။ အဋ္ဌကထာ ဆရာကတော့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေသူတို့၏ ကိုယ်ပိုင် အိမ်ကား အပါယ်လေးပါးသာ ဖြစ်သည်ဟု မိန့်ခဲ့၏။ အသိဉာဏ်ဦးမစီး၊ မောဟအားကြီး၊ မေ့မေ့လျော့လျော့နေ၊ ပေါ့ပေါ့ဆဆ လုပ်သူတို့၏ လားရာကား အပါယ်လေးပါးမှ တပါး အခြား မရှိချေ။

ဘာတစ်ခုမျှ မသေချာ မရေရာ လှသည့် ဘ၀မျိုးမှာ မရေရာ မသေချာသော အလုပ်တွေကို လုပ်နေပြီး ရှေ့ဆက် လျှောက်ရမည့် ဘ၀သံသရာ ခရီးကလည်း ဘာမျှ ရေရေရာရာ သေသေချာချာ မရှိတော့ ထို့ထက် မျှော်လင့်ချက် ကင်းမဲ့သည့် ဘ၀ကား မရှိတော့ချေ။ အမှန်ကို မမြင်နိုင်တာ၊ မမြင်ရတာ တော်တော် ခက်လှသည်၊ မြင်ပါသော်လည်း မမြင်ချင်ဟန် ဆောင်၍ နေရထိုင်ရတာ မအီမသာ ရှိလှသည်။ မချစ်သော်လည်း အောင့်ကာ နမ်းရသည့် ဘ၀ တော်တော်ဆိုးသည့် ဒုက္ခ။(အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော)

လူ့ဘ၀လေး ရောက်တုန်းရောက်ခိုက် လာလမ်းကို မပြန်ရသေးမီ အချိန်ပိုင်းအတွင်း အများစု ဆိုသည့် အများစုကြီး မှာဖြင့် အေးအေးလေး နေရလား၊ မနေရ၊ သက်သက် သာသာလေး နေရလား၊ မနေရ၊ ချမ်းချမ်း သာသာလေး နေရလား၊ မနေရ၊ ပျော်ပျော် ရွှင်ရွှင်နှင့် နေရလား၊ မနေရ၊ ဘယ်မှာလဲ လူ့စည်းစိမ်၊ ဘယ်မှာလဲ လူ့ချမ်းသာ၊ စေ့စေ့တွေးက ရေးရေး ပေါ်ပါလိမ့်မည်။

တဖြည်းဖြည်းနှင့် ပတ်သက်မှုတွေ စပ်ယှက်မှုတွေက တိုးလာ၊ သိမ်းပိုက်မှု၊ ပိုင်ဆိုင်မှုတွေက များလာ၊ ချစ်စရာတွေက တိုးလာ၊ အချစ်တွေက ပွားလာ၊ ခေါင်းထဲ ထည့်ရတာတွေက မနိုင်မနင်း ဖြစ်လာ၊ နှောင်ကြိုး အထပ်ထပ် ချည်မိ၊ တုပ်မိလျက် ဖြစ်သွား၊ အမယ်ဘုတ် ဇာတ်ထုပ်ကို သူခင်း၊ မိုးလင်းအောင်သူက၊ မရှိခင်ကတောင့်တ၊ ရှိပြန်တော့ ကြောင့်ကြ၊ လောဘဒေါသ တွေကကြီး၊ သောက မောဟတွေက ဖိစီး၊ ဣဿာ မစ္ဆရိယတွေက အားကြီး၊ ဒေါမနဿ မီးတွေက တငြီးငြီး၊ ပူလိုက်သည့် ဖြစ်ခြင်း၊ လောင်လိုက်သည့် ဖြစ်ခြင်း၊ တကယ်တော့ ဘ၀ဆိုသည်မှာ ကိလေသာ မီးလျှံများ တဟုန်းဟုန်း စွဲလောင် နေသည့် မီးလောင်ကွင်း မျှသာ။(သဗ္ဗံ ဘိက္ခဝေ အာဒိတ္တံ)

ပြုံးစရာတွေ့က ပြုံးလိုက်ကြ၊ ရယ်စရာတွေ့က ရယ်လိုက်ကြ၊ မဲ့စရာတွေ့က မဲ့လိုက်ကြ၊ မုန်းစရာတွေ့က မုန်းလိုက်ကြ၊ မလိုတစ်မျိုး၊ လိုတစ်မျိုး၊ မလိုတော့ ဒေါသ၊ လိုတော့ လောဘ၊ ပုထုဇဉ် အရူးဘ၀၊ ပုံစံ အမျိုးမျိုးနှင့် သူက၊ တစ်ခါတလေတော့ ဇာတ်လိုက် (မင်းသား၊ မင်းသမီး)၊ တစ်ခါတလေတော့ ဗီလိန်၊ တစ်ခါတလေတော့ လူကြမ်း၊ တစ်ခါတလေတော့ လူရွှင်တော်၊ လူပြက်၊ (အများစုကတော့ လူပျက်) ဘ၀ ဇာတ်ခုံပေါ်မှာ အခန်းကဏ္ဍ မျိုးစုံအောင် သရုပ်ဆောင် ပြခဲ့ရသည်။ ကံကုန်လို့ မိုးချုပ်၊ တွဲရွှေလက်ကို ဖြုတ်လိုက်ရတော့ အဖော်မပါ တစ်ကိုယ်တည်း ကိုယ့်ခရီး ကိုယ်ဆက်ရလေသည်။

ဘုရားရှင်၏ တမောတမသုတ္တန် ဒေသနာ အသွားနှင့် ကြည့်လိုက်တော့ လူသားအားလုံး လာရာ နှစ်ခုကနေ လားရာ နှစ်ခု ဆီသို့ သွားနေကြ၏။ ခွဲလိုက်လျှင်တော့ တစ်အုပ်စုက အမှောင်မှ အမှောင်သို့ သွားနေကြလေ၏။ တစ်အုပ်စုက အမှောင်မှ အလင်းသို့ သွားနေကြလေ၏။ တစ်အုပ်စုက အလင်းမှ အမှောင်သို့ သွားနေကြလေ၏။ တစ်အုပ်စုက အလင်းမှ အလင်းသို့ သွားနေကြလေ၏။

ကံဆိုးမိုးမှောင်ကျသည်ဟု ဆိုသည့်အတိုင်း အမှောင်ဟူသည် ကံဆိုးလို့ မှောင်ရ၏။ လူဖြစ်သော်လည်း ကံက ဆိုးတော့ အမျိုးက ညံ့ဖျင်းသည်၊ ယာစကာမျိုး၊ မုဆိုးတံငါမျိုး၊ ဆင်းရဲသားမျိုး၌ လူဖြစ်ရ၏။ အမျိုးက ယုတ်ညံ့ရသည့် အထဲ ရုပ်ကလည်း ဆိုး၊ ကျန်းမာရေး ကလည်း ညံ့၊ ခြေလက်အင်္ဂါက မသန်စွမ်း၊ လူချင်းမတူ၊ သူချင်း မမျှသည့် ဘ၀၊ ဥစ္စာမရှိ၊ ပညာမတတ်၊ လူရာမ၀င်၊ ဘ၀အမှောင်ထုက မိုက်လွန်းလှသည်။ ထို့အပြင် လူရယ်လို့ ဖြစ်လာ လူမည်ကာမတ္တ၊ လူကိုလူဟု အသိအမှတ်ပြု မခံရ၊ လူ ကို လူလို မဆက်ဆံကြ၊ လူကို လူနေရာမှာ မပေးကြ၊ လူတစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံး၊ သေတော့သာ သေသွားရ၊ လူ့ဘ၀အရသာ ဘာမှန်း မသိလိုက်ရ၊ သနားစရာ သူတို့ဘ၀။

သမ္ပတ္တိနှင့် ၀ိပတ္တိ နှစ်မျိုးတွင် သမ္ပတ္တိ-ပြည့်စုံမှုက အလင်းဖြစ်သည်။ ၀ိပတ္တိ - ချို့တဲ့မှုက အမှောင် ဖြစ်သည်၊ ဒုဂ္ဂတိနှင့် သုဂတိ နှစ်မျိုးတွင် သုဂတိ - လူနတ်စသည် ကောင်းရာသုဂတိက အလင်း ဖြစ်သည်။ ဒုဂ္ဂတိ-ငရဲ တိရစ္ဆာန် စသည် ဒုဂ္ဂတိက အမှောင် ဖြစ်သည်။ ဒုက္ခနှင့်သုခ နှစ်မျိုးတွင် သုခက အလင်း ဖြစ်သည်။ ဒုက္ခက အမှောင် ဖြစ်သည်။

လူဖြစ်သော်လည်း ကံဆိုးတော့ အစစအရာရာ ၀ိပတ္တိနှင့် တိုးရသည်။ အနိမ့်ဆုံးအဆင့်၊ အခြေခံလူတန်းစား၊ နင်းပြား ဘ၀မျိုး၌ လူဖြစ်ရသည်။ ဥပဓိကလည်း ၀ိပတ္တိ၊ ဒေသကလည်း ၀ိပတ္တိ၊ ကာလကလည်း ၀ိပတ္တိ၊ ဥစ္စာကလည်း ၀ိပတ္တိ၊ ပညာကလည်း ၀ိပတ္တိ၊ အရာရာမှာ ၀ိပတ္တိနှင့်သာ ကြုံရသည်။ ဤကား ဘ၀၏ ကံဆိုး မိုးမှောင် ကျမှုပင် ဖြစ်သည်။

ထိုသို့ ဘ၀က အမှောင်ကျနေသဖြင့် မောဟကကြီးစိုး၊ မောဟ အမှောင်တိုက်ထဲမှာ အသိ အလိမ္မာ မရှိ၊ မိုက်လုံးကြီး မိုက်တွင်းနက်သည်။ ညှဉ်းပန်း နှိပ်စက်ဖို့၊ သတ်ဖို့၊ ဖြတ်ဖို့ လက်မနှေး၊ ခိုးဖို့၊ ၀ှက်ဖို့ လက်မတွန့်၊ မဟုတ်တာမှန်သမျှ အကုန်လုပ်သည်။ သူသည် လက်ရှိဘ၀ အမှောင်ကျနေပြီး တမလွန်မှာလည်း အပါယ်လေးပါး အမှောင်သို့ ပြန်သွားနေသူ ဖြစ်သည်။ (အမှောင်မှ အမှောင်သို့)

တစ်ယောက်ကတော့ လက်ရှိဘ၀ အမှောင်ကျနေသော်လည်း ဆင်းရဲလေလေ သံဝေဂရ ဆိုသည့်အတိုင်း မိမိဘ၀၏ လက်ရှိချို့တဲ့မှု၊ ဆင်းရဲ နုံခြာမှုကို သင်ခန်းစာ ယူသည်။ သံဝေဂယူသည်။ ရိုးသားကြိုးစား စွာဖြင့် အတတ်ပညာ၊ အသိပညာ တို့ကို ဆည်းပူး လေ့လာသည်၊ ဘာသာတရား ကိုင်းရှိုင်းသည်၊ မဟုတ်၊ မမှန်၊ မသင့်ဟု သိရတာ မှန်သမျှ မပြု၊ မပြောဘဲ ရှောင်ကြဉ်သည်၊ ဟုတ်၊ မှန်၊ သင့်လျော်ရာကို ပြုလုပ် ပြောဆိုသည်။ လူက ချုံကြားမှာ ဖြစ်လင့်ကစား စိတ်ကိုတော့ ၀တိံသာ၌ ထားသည်။ ရိုးရိုးကျင့် သဖြင့် မြင့်မြင့် ကြံနိုင်သည်။ သူသည် လက်ရှိဘ၀မှာ အမှောင် ကျနေသော်လည်း တမလွန် နောက်ဘ၀ ကောင်းရာသုဂတိ အလင်းဆီသို့ သွားနေသူ ဖြစ်သည်။ (အမှောင်မှ အလင်းသို့)

တချို့က ရှေးကံကောင်းခဲ့လို့ ဘ၀က အစစအရာရာ ပြည့်စုံသည်။ ပညာတတ် အမျိုး၊ ဥစ္စာဓန ပြည့်စုံသော အမျိုး၌ လူလာဖြစ်ရ၏။ အမျိုးကကောင်း၊ အသိုင်းအ၀ိုင်းကကောင်း၊ ပညာတတ်၊ ဥစ္စာပေါ၊ ရုပ်ချော၊ ဘ၀မှာ ဘာမျှ လိုလေသေးမရှိ၊ သို့သော် ဆင်သေ စီးလိုက်သည့် ကျီးမိုက်ပမာ ဘ၀ရေစုန်ကို မျှောလိုက်နေသည်။ အဟောင်းစား သက်သက်နှင့် မျိုးစေ့ကို ပြုတ်စား နေသည်။

ဗဟုသုတ မလိုက်စား၊ ဘုရားတရား နတ္ထိ၊ အပျော်အပါးနှင့်သာ အချိန်ဖြုန်း၊ အသိ အလိမ္မာ မရှိ၊ ရာထူးဂုဏ်၊ ဓနဂုဏ် စသည် တို့ကြောင့် မာန် တက်ချင်တိုင်းတက်၊ မိုက်တွင်းက နက်၊ လက်ရှိ ဘ၀က ပြည့်စုံနေတော့ တမလွန်ကို ဘေးချိတ်၊ ကံနှင့်ကံ အကျိုး ဘေးဖယ်ထား၊ ဒုစရိုက်၊ သုစရိုက် ထည့်မတွက်။ သူသည် ကံကောင်း ထောက်မ လက်ရှိဘ၀ အလင်းထဲ ရောက်နေ သော်လည်း တစ်ဘ၀ ဇာတ်သိမ်း စာရင်းရှင်းကြသည့် အခါ အပါယ်လေးပါး အမှောင်သို့ သွားရောက်ရမည့်သူ ဖြစ်သည်။ (အလင်းမှ အမှောင်သို့)

တချို့က ရှေးကုသိုလ်ကံလည်းကောင်း၊ လက်ရှိ ပစ္စုပ္ပန်ကံလည်းကောင်း၊ ဘုရားတရား အလေးထားသည့် အသိုင်း အ၀န်း၌ လူဖြစ်လာရ၏၊ ပညာတတ်၊ ရုပ်ချော၊ ကျန်းမာရေးကောင်း၊ အသိုင်းအ၀ိုင်းကတောင့်၊ မျိုးရိုးက ဘာသာတရား လေးစားတော့ ဘာသာတရား ကိုင်းရှိုင်းသည်။ ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်း သိသည်။ ကံနှင့်ကံ အကျိုးကို အလေးအနက် ထားသည်။

ဒါနသီလက ပြည့်စုံသည်၊ ဘာဝနာကို ထိုက်သည့်အားလျော်စွာ ကျင့်ကြံသည်။ စိတ်ကောင်း နှလုံးကောင်း ရှိသည်။ ရပ်ရေး ရွာရေး၊ ဆွေရေးမျိုးရေး ဘယ်တော့မှ လက်မနှေး၊ ကိုယ်ချင်းစာတရား လက်ကိုင် ထားသည်။ သနား ကြင်နာတတ်၊ ကူညီ ရိုင်းပင်းတတ်သည်၊ သဘောထားပြည့်၍ အကောင်း မြင်တတ်သည်။ သူ၏ လက်ရှိ ဘ၀ကလည်း လင်းလက်နေသည်။ တမလွန် ဘ၀ကလည်း လင်းလက်နေသည်၊ အလင်းမှသည် အလင်းဆီသို့ သွားနေသူ ဖြစ်သည်။ (အလင်းမှ အလင်းသို့)

အမှောင်သည် အကြောက်တရားကို ဖြစ်ပေါ်စေသည်။ ဘာမှမမြင်ရ မကြားရသည့် အမှောင်ထဲ၌ နေရလျှင် စိတ်ချောက်ချား၍ အကြောက်တရား ပေါ်လာတတ်သည်။ အမှောင်သည် သံသယကို ပေါက်ဖွား ပေးသည့် အပြင် ထိုသံသယကို ကြီးထွား စေတတ်သည်။ ညအခါ ကျက်စားသော ဒုစရိုက် သမားတို့သည် အမှောင်ကို ဖက်တွယ် အားကိုးကြသည်။ အမှောင်ထဲ၌ ဆူးမမြင်၊ ငြောင့်မမြင်၊ ခလုတ်မမြင်၊ ကျင်းမမြင်၊ ချိုင့်မမြင်၊ ချောက်ကမ်းပါး မမြင်နှင့် အန္တရာယ် များလှသည်၊ လော ကီကိစ္စ ဟူသမျှ အမှောင်က ကောင်းကျိုး မပြုနိုင်တာက များသည်။

အလင်းသည် အမှောင်ထဲ၌ ကြုံတွေ့ရသော အကြောက်တရား၊ သံသယ၊ မကောင်းမှု ဒုစရိုက်နှင့် အန္တရာယ် တို့ကို ကာကွယ် ပေးသည်၊ အမှောင်ထဲ၌ စိတ်လုံခြုံမှု မရှိ၊ အလင်းထဲ၌ စိတ်လုံခြုံမှု အပြည့်အ၀ ရသည်။ အမှောင်သည် မောဟကို ကိုယ်စားပြုသည်။ အလင်းသည် အမောဟ ပညာကို ကိုယ်စားပြုသည်။ မျက်စိ နှစ်ကွင်းသည် အလင်းရောင် ထဲမှာမှ အရှိ မှန်ကို မြင်ရ သကဲ့သို့ နားနှစ်ဖက် သည်လည်း အလင်းရောင် ထဲမှာမှ အသံမှန်ကို ကြားရသည်။ ထို့ကြောင့် မျက်စိနှင့်နား အတွက် အလင်းရောင်က မရှိမဖြစ် လိုအပ်သည်။

လူတို့သည် မျက်စိနှင့်နားကို အဓိကထား၍ အလုပ်လုပ်နေကြရသည်။ ဖွံ့ဖြိုး တိုးတက်မှုကို မျက်စိနှင့် နားက အဓိက အထောက်အကူ ပြုသဖြင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် မျက်စိနှင့် နားကို အထူး အလေးထား ဖွံ့ဖြိုး စေရမည်။ မြင်သင့်တာ မြင်စေရမည်။ ကြားသင့်တာ ကြားစေရမည်။ လူသားကို ဖွံ့ဖြိုး တိုးတက်စေလိုလျှင် မျက်စိကြီး နားကြီး ဘ၀မျိုး ဖန်တီးပေးရမည်။ ဘုရားရှင်ကလည်း အကြားအမြင် များခြင်းသည် မင်္ဂလာ တစ်ပါးဟု ဗဟုသုတ ပြည့်စုံ ကြွယ်ဝမှုကို မင်္ဂလာတစ်ပါး အဖြစ် သတ်မှတ် မိန့်ကြားခဲ့သည်။ အလင်းနှင့် အမှောင်သည် သာမန်အားဖြင့် မျက်စိနှင့်သာ သက်ဆိုင်သလို ရှိသော်လည်း သိပ္ပံခေတ်၊ မီဒီယာခေတ်၊ သတင်း ခေတ်ကြီးမှာ နားနှင့်လည်း သက်ဆိုင် လာတော့သည်။ ဖွံ့ဖြိုး တိုးတက်သော ဘ၀တစ်ခု၊ ပတ်ဝန်းကျင် တစ်ခုကို တည်ဆောက်မည် ဆိုလျှင် မျက်စိနှင့်နားကို အဖြစ်နိုင်ဆုံး အလင်းထဲမှာ ထားရှိပေးရမည်၊ မျက်စိလည်းလင်း၊ နားလည်းလင်း၍ အားလုံး မြင်သာထင်သာ ပွင့်လင်းစွာဆိုလျှင် လားရာကား အတော်အသင့် မှန်းဆ၍ ရနိုင်ပေမည်။

Ref: EMG News

Read More...

သမ္မတ ဦးသိန်းစိန် တရုတ်ခရီးစဉ် စတင်မည်

ဦးသားညွန့်ဦး ။
ဗုဒ္ဓဟူး, 25 မေ 2011 ။


မနက်ဖြန် သွားရောက်မယ့် မြန်မာ အစိုးရသစ် သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ဟာ တရုတ်နဲ့ မြန်မာအကြား နီးနီးကပ်ကပ် ရှိနေတယ် ဆိုတာကို ပြည်တွင်းရော နိုင်ငံတကာ ကိုပါ ပြသလိုတဲ့ ရည်ရွယ်ချက် ရှိပုံရတယ်လို့ လေ့လာသူတွေက ခန့်မှန်းပါတယ်။ ခရီးစဉ် အတွင်းမှာတော့ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေး ကိစ္စတွေနဲ့ နယ်စပ် တည်ငြိမ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးဖွယ် ရှိနေပါတယ်။ အပြည့်အစုံကို စုံစမ်း မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြ ပေးထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ အခုခရီးစဉ်ဟာ သမ္မတအဖြစ် ဒုတိယမြောက် ပြည်ပ ခရီးစဉ် ဖြစ်သလို တရုတ်နိုင်ငံ ကိုတော့ သမ္မတသစ် အနေနဲ့ ပထမဆုံး သွားရောက်တဲ့ ချစ်ကြည်ရေး ခရီးစဉ် ဖြစ်ပါတယ်။ ပထမဆုံး ပြည်ပ ခရီးစဉ်ကတော့ အင်ဒိုနီးရှား နိုင်ငံ ဖြစ်ပြီး အာဆီယံ ထိပ်သီး အစည်းအဝေးကို အဲဒီမှာ တက်ရောက်တာလည်း ဖြစ်ပါတယ်။ သမ္မတသစ်ရဲ့ တရုတ်ခရီးစဉ် မတိုင်ခင်မှာဆိုလည်း အစိုးရသစ် ဖွဲ့ပြီးပြီးချင်း မြန်မာပြည် လာရောက်တဲ့ နိုင်ငံခြား အဆင့်မြင့် ခေါင်းဆောင်ဟာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရသစ် လက်ထက်မှာလည်း တရုတ်၊ မြန်မာ ဆက်ဆံရေး နီးနီးစပ်စပ် ရှိနေတယ်ဆိုတာ ပြသလိုပုံ ရတယ်လို့ တရုတ် အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။

“အစိုးရသစ် တက်ရင်တော့ သူက အင်အားကြီးနိုင်ငံ၊ မိတ်ဆွေရင်းနိုင်ငံတွေကို သွားပြီး မိတ်ဆက်ရတာ၊ အစိုးရရဲ့ ပေါ်လစီတွေ ရှင်းပြ ရတာတွေ ရှိတာပေါ့။ အဲဒါအပြင် သူ့မှာ တခြား ရည်ရွယ်ချက်ကတော့ ပြည်တွင်းက သူ့ကို မကျေမနပ် ဖြစ်နေတဲ့ ပြည်သူ လူထုကိုလည်း သူက ပြတာ၊ ငါ့နောက်မှာ တရုတ်ကြီး ရှိတယ်၊ ထို့အတူပဲ အနောက်နိုင်ငံက လူတွေကိုလည်း ဒီလိုပဲ သူ့ကို ခပ်ခွာခွာ လုပ်ချင်လုပ်၊ ငါ့မှာတော့ ဒီမှာ အားကိုးရှိတာပဲဆိုပြီး ဖိအားပေးတဲ့ သဘောနဲ့ သူက တရုတ်ကို လုံးပြတာ ပါပါတယ်။”

သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံ ၀န်ကြီးဌာနတွေ အကြား ပူးပေါင်း ဆောင်ရွက်မယ့် ကိစ္စတွေကို လက်မှတ် ထိုးမှာ ဖြစ်သလို စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကို အလေးပေး လုပ်ဆောင်မှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး လီဂျန်ဟူး (Li Junhua) က တရုတ်ပိုင် ဆင်ဟွာ သတင်းဌာနကို ပြောခဲ့ပါတယ်။

တရုတ်အနေနဲ့ အခုလို စီးပွားရေးနဲ့ ကုန်သွယ်ရေး ကိစ္စကို အလေးပေး ဆွေးနွေးမှာ ဖြစ်သလို တချိန်တည်း မှာလည်း တရုတ်၊ မြန်မာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာအစိုးရ တင်းမာနေတဲ့ ကိစ္စကိုလည်း ဆွေးနွေးနိုင်ချေ ရှိတယ်လို့ ဒေါက်တာ လှကျော်ဇောက ယူဆပါတယ်။

“East Asian Community ဆိုတာ သူက ရအောင် ကြိုးစားနေတဲ့ အချိန်မှာ အဲဒီ ၃ နိုင်ငံနဲ့ Asian + 3 ပေါ့၊ အဲဒီဟာကြီး တခုလုံးကို သူက အာရှ ဈေးကွက်ကြီး ဖြစ်စေချင်တယ်။ ဗမာတို့၊ လာအိုတို့၊ ကမ္ဘောဒီးယားတို့ ဒီထဲမှာ အဆင်းရဲဆုံး နိုင်ငံတွေကို သူက တတ်နိုင်သမျှ မြှင့်တင်ဖို့ ကြိုးစားနေတယ်၊ သူ့ပေါ်လစီက။”

နယ်စပ်ကိစ္စတွေရော ပါနိုင်လားခင်ဗျ။

“ပါတယ်၊ ဒါကတော့ သေချာတယ်။ ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့တွေ၊ အဲဒီကိစ္စတွေကတော့ သူ့အနီး အနားမှာ အပူကွက် ရှိကို မရှိစေချင်ဘူး။”

တရုတ်နိုင်ငံဟာ အရင် မြန်မာစစ်အစိုးရရော အခုလက်ရှိ အစိုးရသစ်နဲ့ပါ နီးနီးကပ်ကပ် ဆက်ဆံပေမဲ့ မြန်မာ အစိုးရ အပေါ် အများ ယူဆသလို၊ အထူးသဖြင့် အနောက်နိုင်ငံက လေ့လာသူအချို့ ယူဆသလို တရုတ်ဟာ မြန်မာအပေါ် သြဇာညောင်းတယ် ဆိုတာကိုတော့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး လေ့လာသူအချို့က လက်မခံပါဘူး။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်း ဖြစ်တဲ့ သခင် ချန်ထွန်းက အရင် စစ်ခေါင်းဆောင်တွေ လက်ထက်ကတည်းက တရုတ်ဘက်က ပြောတိုင်း လိုက်နာတာ မဟုတ်ဘူးလို့ ယူဆပါတယ်။

“တုံးတိုက်တိုက် ကမ်းတိုက်တိုက်ပဲ၊ သိပ်ပြီးတော့ ဂရုစိုက်ချင်တာ မဟုတ်ဘူး။ စစ်ခေါင်းဆောင်တွေက လူထွက်ပြီး အုပ်ချုပ် လာတဲ့ အချိန် ဖြစ်လာတယ် အခုက၊ မူလစိတ်ထား၊ မာန်မာနကတော့ ချမယ်လို့ မထင်ဘူး။”

ဒါပေမဲ့လည်း တရုတ်ဘက်ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ အနောက်နိုင်ငံတွေရဲ့ ချဉ်းကပ်ပုံနဲ့ မတူဘဲ တိုးတိုး တိတ်တိတ် နားချတဲ့ နည်းလမ်းကို သုံးလေ့ရှိတယ်လို့ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။

“အနောက်နိုင်ငံနဲ့ မတူတာက အနောက်နိုင်ငံက မီဒီယာမှာ အရမ်းကာရော အုတ်အောင် သောင်းနင်းတွေ ပြောတာလေ။ တရုတ်က အဲဒီလို မဟုတ်ဘူး၊ တိုးတိုးတိတ်တိတ် ပေါ့ဗျာ။”

သမ္မတသစ် ဦးသိန်းစိန်ရဲ့ သမ္မတ ကျမ်းသစ္စာဆိုပွဲမှာ သူတို့အစိုးရသစ် အနေနဲ့ Clean Government သန့်ရှင်းတဲ့ အစိုးရနဲ့ Good Governance ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဖြစ်အောင် လုပ်သွားမယ်လို့ ကတိစကား ဆိုခဲ့ပါတယ်။ ဒါကိုက တရုတ်ရဲ့ အငွေ့အသက် မကင်းဘူး၊ တရုတ်အစိုးရ လက်ရှိ ဆောင်ရွက်နေတဲ့ ပုံစံကို နမူနာ ယူချင်တာ ဖြစ်တယ်လို့ လေ့လာသူ အချို့က ယူဆပါတယ်။ တရုတ် အစိုးရဟာ တဘက်မှာ မြန်မာ စစ်ခေါင်းဆောင် တွေကို နိုင်ငံတကာမှာ ဝေဖန်ပြစ်တင် ခံရမှုတွေကနေ အကာအကွယ် ပေးသလို တဘက်မှာ အပြောင်းအလဲ ဖြစ်လာစေရေး တိုက်တွန်း ကူညီမှုတွေ ရှိတယ်လို့ ယူဆကြပါတယ်။

တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ရဲ့ ဖိတ်ကြားချက်အရ အခု သွားရောက်မယ့် သမ္မတသစ်ရဲ့ ချစ်ကြည်ရေး ခရီးစဉ်ဟာ မနက်ဖြန်က စပြီး စနေနေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ သမ္မတရဲ့ ခရီးစဉ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၀န်ကြီး ၁၀ ဦးကျော်နဲ့ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် တော်တော်များများ ပါဝင်မယ်လို့ သိရပါတယ်။

Ref: VOA News

Read More...

ချင်းပြည် အဓမ္မလုပ်အားပေး လျော့ကျမည်ဟု ILO မျှော်လင့်

သဲသဲ |
ဗုဒ္ဓဟူးနေ့၊ မေလ ၂၅ ရက် ၂၀၁၁ ။

နယူးဒေလီ (မဇ္ဈိမ) ။ ။ ချင်းပြည်နယ် မြို့တော်ဟားခါးတွင် အဓမ္မ လုပ်အားပေး ခိုင်းစေမှုဆိုင်ရာ ပညာပေး ဆွေးနွေးပွဲ လုပ်ဆောင် ခဲ့သဖြင့် အဆိုပါ လုပ်အားပေး ကိစ္စများ လျော့ကျ သွားမည်ဟု မျှော်လင့်ထားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO အရာရှိ စတိဗ်မာရှယ်လ် Steve Marshall က ပြောသည်။

ရန်ကုန်ရှိ ILO ဌာနကိုယ်စားလှယ် မစ္စတာ စတိဗ်မာရှယ်လ်ကိုယ်တိုင် ပထမဆုံး အကြိမ် အဖြစ် မေလ ၁၈ ရက်နေ့တွင် ဟားခါးသို့ တရက်ကြာ သွားရောက်ခဲ့ကာ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်များကို အဓမ္မ လုပ်အားပေးကိစ္စ ပညာပေး ဆွေးနွေးခဲ့သည်။

“အားလုံး ၁၆ဝ ကျော်တယ်။ အားလုံးနီးပါးက အစိုးရ ဌာနတွေ ကပါ။ မြို့နယ်ကနေ ပြည်နယ် အဆင့်ထိ ပါတယ်။ ရဲနဲ့ စစ်တပ်က တာဝန် ရှိသူတွေ၊ တရား သူကြီးတွေနဲ့ တရားရေး ဝန်ထမ်းတွေလည်း ပါတယ်။ ချင်းပြည်နယ် ဝန်ကြီး ဌာနတွေက လူတွေပေါ့။ … ပညာပေး လုပ်ငန်းတွေ လုပ်ပြီးတဲ့ နောက်ပိုင်း နောက်လာမယ့် အစီရင်ခံစာ တွေမှာ တစုံတရာ တိုးတက် ပြောင်းလဲမယ်၊ လုပ်အားပေးကိစ္စ လျော့ကျ သွားမယ်လို့ မျှော်လင့်ပါတယ်” ဟု မစ္စတာ စတိဗ် မာရှယ်လ်က မဇ္ဈိမကို ပြောသည်။

ချင်းပြည်နယ်တွင်း အိမ်ထောင်စု ၉ဝ ရာခိုင်နှုန်းကျော်မှာ အဓမ္မလုပ်အားပေး ခိုင်းစေ ခံနေရကြောင်း အမေရိကန် အခြေစိုက် Physicans for Human Rights (PHR) အဖွဲ့၏ ၂ဝ၁၁ ဇန်နဝါရီထုတ် လူ့အခွင့်အရေး အစီရင်ခံစာ၌ ပါရှိပြီးနောက် ILO ၏ ယခုခရီးစဉ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

PHR သည် ချင်းပြည်နယ် ၉ မြို့နယ်ရှိ အိမ်ထောင်စုများကို အခြေခံကာ ၂ဝ၁ဝ ခုနှစ်အတွင်း စစ်တမ်း ကောက်ယူခဲ့ပြီး၊ စစ်တပ်က ပေါ်တာဆွဲခြင်း၊ လမ်းဖောက်ရာတွင် လုပ်ခမပေးဘဲ ခိုင်းစေ ခံရခြင်းကို အများဆုံး တွေ့ရသည်ဟု ၎င်းတို့၏ အစီရင် ခံစာတွင် ဆိုထားသည်။

အစီရင်ခံစာအား ၁၉၉၇ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည့် လူ့အခွင့်အရေးအဖွဲ့ PHR နှင့်အတူ ဂျွန်ဟော့ပ်ကင်း ဘလွန်းဘက်ခ် Johns Hopkin ပြည်သူ့ ကျန်းမာရေး ကျောင်းရှိ လူ့ အခွင့်အရေးနှင့် ပြည်သူ့ ကျန်းမာရေး ဌာနက ပူးတွဲ ပြုစုခဲ့ခြင်း ဖြစ်သည်။

ချင်းပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ “သွားရတဲ့ အကြောင်း ၂ ချက် ရှိပါတယ်။ ILO နဲ့ အစိုးရ ကြားမှာ တနိုင်ငံ လုံးမှာ ပညာပေး လုပ်ငန်းတွေလုပ်ဖို့ သဘော တူထားချက် ရှိတယ်။ ဒီလှုပ်ရှားမှုတွေ ချင်းပြည်နယ်မှာ မလုပ်ရသေးဘူး။ နောက်ပြီး အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်တဲ့ တိုင်ကြားစာ တော်တော်များများ ရထားတာ ကြောင့်ပါပဲ။ တရားဝင် တိုင်စာ ၄၊ ၅ ခုထက် မနည်းပါဘူး။ လုပ်အားပေး ခိုင်းစေမှုနဲ့ ပတ်သက်တဲ့ တခြား အချက်လက်တွေလည်း ရထားတယ်” ဟု ILO အရာရှိက ပြောသည်။

ပညာပေးဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခဲ့ခြင်း မရှိသော်လည်း တဦးချင်း တွေ့ဆုံမှု များလည်း ရှိခဲ့သည်။

ပြည်ပ အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ကမူ ILO အနေနှင့် ဟားခါးသာမက နယ်စပ်ရှိ စစ်တပ်များနှင့် လူထုကို ပညာပေးရန် လိုအပ်နေပြီး၊ နောက်ဆက်တွဲ အရေးယူမှုများပါ ဆောင်ရွက်သင့်ကြောင်း ပြောသည်။

“ရုတ်တရက်ကြီး တိုးတက်ပြောင်းလဲလာမယ်လို့ အယုံအကြည် မရှိပါဘူး။ ILO ကလည်း တခါ ရောက်လာတာနဲ့ ပြောရုံပဲ ရှိသေးတာ။ လက်တွေ့ အကောင်အထည် ဖော်လားဆိုတာ စောင့်ကြည့်ရမှာပါ။ ILO ကို ဖြစ်စေချင်တာက ဟားခါးတင် မကဘဲ၊ နယ်စပ်တွေမှာ တပ်စွဲထားတဲ့ တပ်တွေမှာပါ၊ အာဏာပိုင်တင် မကဘဲ လူထုကိုပါ ပညာပေး စေချင်တယ်” ဟု CHRO ၏ စီမံကိန်း ဒါရိုက်တာ ဇအုပ်လင်း Za Uk ling က မဇ္ဈိမကို ပြောသည်။

ကြွက်သောင်းကျန်းမှုကြောင့် စားနပ်ရိက္ခာ ရှားပါးနေသည့် ချင်းပြည်နယ်တွင် အဓမ္မခိုင်းစေမှုများကြောင့် တောင်ယာ အဓိက လုပ်ကိုင်သည့် လူထုအတွက် စားဝတ်နေရေး အခက် တွေ့စေသည်ဟု သူက ဆိုသည်။

လူဦးရေ ၅ သိန်းကျော် ရှိသည့် ချင်းပြည်နယ်တွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်များ တိုးချဲ့လာခဲ့ရာ တပ်ရင်း ၁၄ ရင်း အထိ ရှိလာခဲ့ပြီး စစ်စခန်း ၅၄ ခု ရှိကြောင်း CHRO အဆိုအရ သိရသည်။

Ref: မဇ္ဈိမ

Read More...

အစာငတ်ခံ နိုင်ငံရေး အကျဉ်းသား အခြေအနေ HRW အနီးကပ်စောင့်ကြည့်

ဒေါ်ခင်မျိုးသက် ။
ဗုဒ္ဓဟူး, 25 မေ 2011 ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မေလ ၂၂ ရက်နေ့ကစလို့ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုချက် ၆ ချက်ကို တောင်းပြီး အစာငတ်ခံ ဆန္ဒပြ နေကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရက ဘယ်လို တုံ့ပြန်မလဲ ဆိုတာကို အနီးကပ် သေချာ စောင့်ကြည့် သွားမယ်ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ Human Rights Watch က ဒီနေ့ ပြောဆို လိုက်ပါတယ်။ အခု အစာငတ်ခံ ဆန္ဒ ပြနေကြတဲ့ နိုင်ငံရေး အကျဉ်းသား တွေထဲက ၇ ယောက်ကိုလည်း အင်းစိန် ထောင်မှာရှိတဲ့ စစ်ခွေးတိုက်ကို မနေ့ကစပြီး ပို့ဆောင်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း AAPPB က အတည်ပြု ပြောဆိုခဲ့သလို ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား တွေကိုလည်း ထောင်ပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးကနေ စုံစမ်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြ ပေးထားပါတယ်။

မြန်မာအစိုးရသစ် အဖွဲ့ရဲ့ အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တဲ့ နောက်ပိုင်း အင်းစိန် အကျဉ်း ထောင်ထဲမှာ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒါပေမဲ့ ထောင်အာဏာပိုင်တွေက တုံ့ပြန်မှု မရှိတဲ့အတွက် အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသား ၂၇ ဦးလောက် ရှိနေပြီဆိုတဲ့ သတင်းတွေ ရနေသလို ဒီလို ဆန္ဒပြသူတွေကို စစ်ခွေးတိုက်ထဲ ပို့တာလို အပြစ်ဒဏ် ပေးတာတွေ ရှိလာတာမို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးက စိုးရိမ် စိတ်ပူမှုနဲ့အတူ အနီးကပ် စောင့်ကြည့်နေတယ်လို့ Human Rights Watch အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ဖိလစ် ရောဘတ်စန်က ပြောပါတယ်။

“အခု အစာငတ်ခံ ဆန္ဒပြနေတဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အဖွဲ့ရဲ့ တုံ့ပြန် လုပ်ဆောင်မှုတွေကို ကျနော်တို့ သေသေချာချာ စောင့်ကြည့်နေပါတယ်။ အခုရထားတဲ့ သတင်းတွေအရ ၂၇ ဦး အစာငတ်ခံ ဆန္ဒပြနေတာမို့ သူတို့အတွက် သိပ်ကို စိတ်ပူပါတယ်။ အခုဆိုရင် သီးခြား ခွဲထားတဲ့နေရာမှာ တိုက်ပိတ် ခံနေရတာနဲ့ နယ်ဝေး အကျဉ်းထောင် ပို့တာလို ပြစ်ဒဏ်ပေး ခံရတာတွေ ရှိနေပါတယ်။

“အရင် မြန်မာစစ်အစိုးရ အနေနဲ့ ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က တောင်းဆိုခဲ့တဲ့ အကျဉ်းသား ရပိုင်ခွင့် တွေကို မထီမဲ့မြင် ဂရုမစိုက် လုပ်ခဲ့တဲ့အတွက် အခု ဒီလိုအပ်ချက်တွေကို အကျဉ်းသားတွေက ထပ်ပြီး တောင်းနေရတာပါ။ ဒီတောင်းဆိုတဲ့ အကျဉ်းသားတွေကို အခုလို ပြစ်ဒဏ်ပေးတာကို ကြည့်ရင် အစိုးရသစ် အဖွဲ့ဟာ အရင် စစ်အစိုးရ ပုံစံအတိုင်း လုပ်နေတာမို့ မကြာခင်ကမှ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို ထားတဲ့အတိုင်း မြန်မာနိုင်ငံထဲက လူ့အခွင့်အရေး အခြေအနေတွေ အတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စုံစမ်းဖို့ အရေးတကြီး လုပ်သင့်ပြီ။” လို့ ပြောသွားတာ ဖြစ်ပါတယ်။

ထိုင်းအခြေစိုက် AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ မြန်မာနိုင်ငံ ကလည်း ဒီအကျဉ်းသား တွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ AAPPB အဖွဲ့ တာဝန်ခံတဦး ဖြစ်တဲ့ ကိုဘိုကြည်ကို အစာငတ်ခံ ဆန္ဒပြသူတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး အခြေအနေကို သိရအောင် မေးကြည့်ပါတယ်။

“အခု ကျနော်တို့ သိရသလောက်က အစာငတ်ခံ ဆန္ဒပြနေတဲ့ အထဲက ၇ ယောက်ကို စစ်ခွေးတိုက်ကို ပို့လိုက်တယ်လို့ သိရတယ်။ စစ်ခွေးတိုက် ဆိုတာက ပုံမှန်အားဖြင့် ပြစ်ဒဏ်ဆိုပြီး သူတို့ လုပ်လေ့ရှိတယ်။ အဲဒါဆိုရင် ပုံစံမောင်းတာတို့၊ ရိုက်တာနှက်တာတို့ ရှိလာနိုင်တယ်။ အဲဒီတော့ ဒီလူတွေရဲ့ ကျန်းမာရေးရော၊ အသက်အန္တရာယ်ရော ကျနော်တို့ အတော်လေး စိုးရိမ်ပါတယ်။

“အခု ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး နောက်ပိုင်းမှာဆိုရင် နယ်ဝေး အကျဉ်းထောင်တွေကိုလည်း ပြောင်းလေ့ရှိတယ်။ အဲဒီအတွက် မိသားစုတွေ အနေနဲ့ကလည်း အခုဆိုရင် သူတို့သားသမီးတွေ ဘယ်ထောင်ကို ပြောင်းမလဲ၊ အင်းစိန်ထောင်မှာပဲ ရှိသေးသလား ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေပါတယ်။”

AAPPB ရဲ့ သဘောထားကို သိပါရစေ၊ ဒီအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့။

“တကယ်တမ်းဆိုရင်တော့ အခု တောင်းဆိုတယ်ဆိုတဲ့ အချက်တွေက အကျဉ်းသားတွေရဲ့ အခြေခံ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး တောင်းဆိုရုံနဲ့တော့ အကျဉ်းသားတွေကို ရိုက်တာ၊ မတရားသဖြင့် နှိပ်စက် ညှဉ်းပန်းတာတွေ၊ နယ်ဝေးထောင်တွေ ပို့တာတွေတော့ မလုပ်သင့်ဘူး။ နောက် သူတို့ တောင်းဆိုနေတဲ့ အခြေခံ တောင်းဆိုချက်တွေကို လိုက်လျောသင့်တယ်။

“အဲဒါက ဘာကိုပြသလဲဆိုတော့ လက်ရှိ ရှိနေတဲ့ ဦးသိန်းစိန် အစိုးရက ပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းတဲ့ အခါမှာ ညင်ညင် သာသာနဲ့ ကိုင်တွယ် ဖြေရှင်းတယ်ဆိုတာ ပြသရာ ရောက်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အရင် နအဖ အစိုးရနဲ့ အတူတူပဲ၊ ပြဿနာတွေကို ညင်ညင်သာသာနဲ့ ကိုင်တွယ် ဖြေရှင်းတာမျိုး မလုပ်ချင်ဘူး၊ တခုခုဖြစ်တိုင်း အကြမ်းဖက်တဲ့ ပုံစံမျိုးနဲ့ ဖြေရှင်းမယ်ဆိုရင် တိုင်းပြည်အနာဂတ် အတွက်လည်း ကောင်းတဲ့ အနာဂတ် မဟုတ်ဘူး။ ဦးသိန်းစိန် အစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး သွားနေပါတယ်လို့ ကျနော်တို့အတွက် ယုံကြည်ဖို့ အရမ်းခက်သွားလိမ့်မယ်။”

အကျဉ်းသားတွေ အခုတောင်းနေတဲ့ တောင်းဆိုမှုတွေဟာ အာဏာပိုင်တွေဘက်က မလိုက်လျော ရလောက်အောင် ခက်ခဲ နေပါလား။

“ဒီတောင်းဆိုချက်တွေက ဘာမှ ခက်ခက်ခဲခဲ မဟုတ်ပါဘူး။ တကယ်တမ်းဆို တောင်းဆိုစရာ မလိုဘဲကို ဒါတွေက ပြည့်စုံအောင် လုပ်ပေးရမှာ ဖြစ်တယ်။ ဒါက အကျဉ်းထောင် အာဏာပိုင်တွေဘက်က ပျက်ကွက်လို့၊ ဒါမှမဟုတ် လာဘ်ပေး လာဘ်ယူတွေ ဖြစ်နေလို့ ဒီလိုမျိုး ဆန္ဒပြတယ်ဆိုတဲ့ အဆင့်အထိ ရောက်လာရတာပါ။ တကယ်တမ်းဆို ဒီအဆင့်ထိ ရောက်လာစရာ အကြောင်း မရှိဘူး။”

ကိုဘိုကြည် ပြောပြသွားတာ ဖြစ်ပါတယ်။

အခုလို အစာငတ်ခံ ဆန္ဒပြနေသူတွေနဲ့ တကွ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုနေသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက်ပြီး စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့ US Campaign အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန် ပြောဆိုထားပါတယ်။

Ref: VOA News

Read More...

တာဝန်သိသတင်းသမားတို့ ဆူညံသံကြား တိုးပေါက်ဖို့

ဗုဒ္ဓဟူးနေ့၊ မေလ ၂၅ ရက် ၂၀၁၁ ။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ စာနယ်ဇင်း လွတ်လပ်ခွင့် တိုးတက်လာမယ်လို့ မျှော်လင့်တာထက် တာဝန်သိ စိတ်ရှိတဲ့ သတင်း မီဒီယာတွေအနေနဲ့ စိန်ခေါ်မှုအသစ်တွေ ပိုရင်ဆိုင်ဖို့ ပြင်ဆင် အားထုတ်ရမှာ ဖြစ်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရင် မြန်မာ့ လူ့ဘောင်အတွက် အကျိုး ဖြစ်ထွန်းမှု ရလဒ်ကို မြင်လာနိုင်မှာ ဖြစ်သလို မကျော်နိုင်ရင်တော့ ခေတ်ပျက် သံသရာကို ဆွဲကြာစေမှာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်တွင်းမီဒီယာ၊ ပြည်ပ မီဒီယာရယ်လို့ ခွဲခြားမှုမရှိဘဲ တာဝန်သိစိတ်နဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကိုသာ အလေးထား လုပ်ဆောင် ကြစေလိုပါတယ်။

ပုံစံပြောင်း စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ အစိုးရရဲ့ ဆင်ဆာလျှော့ချမှုကို များများ စားစား မျှော်လင့်တာလည်း လက်တွေ့ ကျလှတာတော့ မဟုတ်ပါဘူး။ ဦးသိန်းစိန်ရဲ့ မူဝါဒမိန့်ခွန်းမှာ ခေတ်နဲ့ မလျော်ညီတဲ့ စာပေ၊ စာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင် ပြဋ္ဌာန်းဖို့ ပြောပေမယ့်လည်း အုပ်ချုပ်ရေး ယန္တရားတွင်းမှာ အရိုးစွဲလာခဲ့တဲ့ မီဒီယာကို ရန်သူလို မြင်တာကို မချေဖျောက် နိုင်သရွေ့ မီဒီယာ လွတ်လပ်ခွင့်ကတော့ အလှမ်းဝေးအုံးမှာ ဖြစ်ပါတယ်။

ဒီလိုကာလမှာ အာဏာပိုင်များနှင့် ပုလဲနံပသင့်အောင်လုပ်ပြီး ဆင်ဆာဘုတ်ကို အိတ်ထောင်ထဲ ထဲ့ကာ ဆိုးရွား လှတဲ့ ပိတ်ပင်မှုကို သက်သာအောင် လုပ်နိုင်တဲ့ မီဒီယာတွေဟာ အာဏာ ရှိသူတွေ သွားလိုတဲ့ နိုင်ငံရေးကို အကောင်အထည် ဖော်ရာမှာ ပါးနပ် လိမ္မာစွာ ဝါဒ ဖြန့်ချိပေးရာ စင်မြင့်တွေ ဖြစ်နေပါတယ်။

ဒါ့အပြင် သိသိသာသာ ဖွံ့ထွားလာခြင်းမရှိလို့ ဈေးကွက်အရ မက်လုံး သိပ်မကောင်းလှပေမယ့်လည်း ပုလင်းတူ ဗူးဆို့ ငွေရှင်တွေ၊ မျိုးတော်ဟောင်း ဆွေတော်ဟောင်းတွေ ငွေထုတ်ပိုက်ပြီး သတင်းစာနယ်ဇင်း ထုတ်ဝေရေးထဲကို ဝင်လာ နေကြတာလည်း တမူ ထူးကဲလှပါတယ်။

လစဉ်အရှုံးခံထုတ်နေတဲ့ သူတို့အတွက် မျှော်လင့်နိုင်တာကတော့ ပုံရိပ်အမဲကို ချေဖျက်စေနိုင်မယ့် ဝါဒ ဖြန့်ချရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရခြင်းနှင့် အစိုးရက ပေးအပ်မယ့် ဆုလာဘ်တော် အခွင့်အလမ်းများ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အပါအဝင် မူဝါဒလမ်းစဉ် ၇ ရပ်မှာတုံးက မူဝါဒလမ်းစဉ် ၇ ရပ်ကို ရေးသားထောက်ခံပြီး အများပြည်သူရဲ့ အာဏာရှင်အပေါ်အမြင်ကို ပြောင်းလဲလာအောင် ကြိုးစားခဲ့ကြသလို ဦးသိန်းစိန် အစိုးရရယ်လို့ ပေါ်လာပြန်တော့လည်း ဘာမှ မယ်မယ်ရရ ပြုပြင် ပြောင်းလဲတာတွေ မဖြစ်လာပေမယ့် စိတ်ရှည် သည်းခံဖို့၊ အချိန်ပေး စောင့်ကြည့်ဖို့ အခါတော် ပေးနေတတ်ကြ ပြန်ပါတယ်။ အစိုးရကို ဝေဖန်ရင် မကောင်းမြင်တယ် ဆိုတာနဲ့ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖိ တတ်ကြတတ်တဲ့ သတင်း စာနယ်ဇင်း လောက တခုကို ပေါ်ပေါက် လာပါစေတော့တယ်။

တချိန်တည်းမှာပဲ အစိုးရကိုယ်တိုင်က စတာလင်ခေတ် ခပ်တုံးတုံး ဝါဒဖြန့်ဟန်ကိုလည်း ဆက်လက် ဆုပ်ကိုင်ထားပြီး နိုင်ငံရေး အရ သဘောထား ကွဲသူတွေကို အသရေ ဖျက်နေချိန်မှာ သတင်းပေး လူမွေး လုပ်ခံရတဲ့ သူတွေရဲ့ မိတ်ကပ် လိမ်းချက်ဟာလည်း အာဏာရအတွက် အားသာမှု ဖြစ်လာပါတယ်။

ဒါ့အပြင် နိုင်ငံရေးကို မယ်မယ်ရရ မပြောင်းလဲဘဲ စီးပွားရေး တိုးတက်ဖို့သာ အာရုံစိုက်မယ့် ယူနီဖောင်းချွတ် အစိုးရဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူ အချို့အတွက် စိတ်ဝင်စားစရာလည်း ဖြစ်ကောင်း ဖြစ်မှာပါ။ နောက်ထပ်လည်း မီဒီယာသစ်တွေ မြန်မာနိုင်ငံမှာ တွေ့မြင်ကြဖွယ် ရှိပါတယ်။ မီဒီယာကုမ္ပဏီ ၃ဝ လောက် ပြင်ဆင်မှုတွေ လုပ်နေကြတယ်လို့ ဈေးကွက် သုတေသန တခုက ခန့်မှန်း ထားပါတယ်။ ရုပ်သံလိုင်း ထုတ်လွှင့်မှု အသစ်တွေ၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းအသစ်တွေ၊ ဒစ်ဂျစ်တယ် လိုင်းသစ်တွေ ထပ်ဝင်ဖို့ တာစူနေကြပါတယ်။

ရသစာပေအား ကျဆင်းသွားပြီး စာအုပ်ဖတ်သူ ထိုးစိုက်ဆင်းသွားတဲ့၊ လူငယ်လူရွယ်တွေဟာ ရှင်သန် ရပ်တည်ဖို့ ပြေးနိုင်သမျှ ပြည်ပနိုင်ငံတွေကို အရောက်ပြေး အလုပ် လုပ်နေကြရတဲ့ ခေတ်သစ် မြန်မာ့ လူဘောင်မှာ မီဒီယာ အသံတွေကတော့ ဆူညံနေမှာပါ။ ငသိုင်းများပြီး ဟင်းဟုံမယ့် အနေအထားမှာ စာနယ်ဇင်း ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးလို မြဲမြဲဝတ်လိုတဲ့ စာနယ်ဇင်း သမားကောင်းတွေ အနေနဲ့ မိမိသတင်းစကားကို ဆူညံနေတဲ့ အသံကြားထဲကနေ အရောက် ပို့နိုင်အောင် ထိုးထွင်း ကြံဆဖို့မှုတွေလည်း လိုနေပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်ကို တန်ဖိုးထားသူတွေချင်း ပိုမို ပူးပေါင်းလုပ်ဆောင်မှုတွေ လိုကောင်း လိုပါလိမ့်မယ်။

အရေအတွက်များတာဟာ အဆိုးချည်းတော့လည်း မဟုတ်ပါဘူး။ ဆူညံနေတဲ့အသံတွေကြားမှာ မိမိ အသံကို ပြောရတာ ပိုမို လုံခြုံတတ်နေ ပြန်သလို ပရိသတ်ကိုလည်း ပိုမိုရင့်ကျက်မှု၊ ရွေးချယ်နိုင်ခွင့် အခွင့်အလမ်းတွေ ဖော်ဆောင်ရာလည်း ဖြစ်နိုင်ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိရင်တော့ ဒီမိုကရေစီဟာ အတုအယောင် ဒီမိုကရေစီပဲ ဖြစ်ပါတယ်။


Ref: မဇ္ဈိမ

Read More...

အပေါ်သို့