Monday, January 14, 2013

ဒီဇိုင်းစုံ၊ မော်ဒယ်စုံ(3000-CC)ကားများ အရောင်းသွက်နေသည့် ရန်ကုန်ဈေးကွက်

မြတ်မိုးကျော်(မြစ်မခ)
14 Jan, 2013

ရန်ကုန်မြို့တွင် (3000-CC)ကားများ အရောင်းသွက်လာပြီး မော်ဒယ်မြင့်ကားများလည်း လူုစိတ်ဝင်စားမှု ပိုမိုများပြားကာ ၀ယ်ယူမှုနှုန်းမှာလည်းသိသိသာသာ မြင့်တက်လျှက်ရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရှိရသည်။

၂၀၁၂ခုနှစ်အတွင်းတွင် ကားအရောင်းအ၀ယ်များ ဆက်တိုက်အေးစက်နေခဲ့ရာမှ ၂၀၁၃ခုနှစ် နှစ်စပိုင်း၌ ကားအရောင်းအ၀ယ် ပထမဆုံးအကြိမ် အနည်းငယ် မြင့်တက်လာခြင်းဖြစ်ကြောင်း ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ၀ါရင့်ကားပွဲစား ကိုဇော်မှ ပြောသည်။

3000 CC ကားများအရောင်းသွက်ရခြင်းမှာ ကားဒီဇိုင်းမျိုးစုံရှိပြီး မော်ဒယ်များလည်းမျိုးစုံ ရှိသော ကြောင့်ဖြစ်သည်ဟု ၄င်းက ဆိုသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ယခုနောက်ပိုင်း ယခင်က မော်ဒယ်နိမ့်ကားများသာ သီးသန့် ရောင်းဝယ်လေ့ရှိသော မော်တော်ယာဉ် အကျိုးဆောင်များသည်လည်း ယခုအခါ မော်ဒယ်မြင့် ကားများ အလုပ်ပိုမို ဖြစ်လာသည့်အတွက် ကားမျိုးစုံ အရောင်းအ၀ယ်ပြုလုပ်လာကြောင်းကိုလည်း သိရသည်။

ယခုနောက်ပိုင်း ယဉ်ရောင်းဝယ်ရေးစခန်းအတွင်း ရောင်းရသော ကားအမျိုးအစားများမှာ LITEACE (2 WD) 2008(Model) နှင့် IPSUM (2 WD) 2001 (Model) ကားများ ဖြစ်ပြီး ကျပ်သိန်း ၂၀၀ မှ ၂၅၀ ၀န်းကျင် ရှိကြောင်း သိရှိရသည်။

“ဒီရက်ပိုင်း တဖြည်းဖြည်းနဲ့တော့ ရောင်းအားသိသိသာသာတက်လာတယ်၊ တချို့ကျတော့လည်း ဒီမှာ ရှိတဲ့ကားတွေထက် ကျွန်တော်တို့ဆီမှာ သူတို့လိုချင်တဲ့ကားမော်ဒယ်တွေ သွင်းခိုင်းတာတွေလည်း ရှိတယ်၊ အရောင်းများတဲ့ ကားတွေကတော့ မော်ဒယ်မြင့် ကားတွေ များတယ်၊ 1300 CC ကားတွေလည်း အထိုက်အလျှောက်တော့ ရောင်းရပါတယ်” ဟု သင်္ကန်း ကျွန်းမြို့နယ်ရှိ Car Show Room မန်နေဂျာ ကိုမင်းထက်ကိုက ပြောသည်။

ကားအရောင်းပြခန်းများတွင် Harrier ( 4 WD) 2200 CC နှင့် NISSAN X TRAIL (4 WD) 2002 (Model) ကဲ့သို့ ငွေကျပ်သိန်း ၂၀၀မှ ၂၇၀ ၀န်းကျင်ကားများလည်း အရောင်းသွက်လာကြောင်း သိရသည်။

ရန်ကုန်မြို့ကားဈေးကွက်တွင် ၂၀၁၂ခုနှစ်အတွင် ကားအရောင်းအ၀ယ် အေးစက်လျက်ရှိပြီး ၂၀၁၃ခုနှစ် နှစ်စပိုင်းအတွင်းမှ အ ရောင်းအ၀ယ် ပြန်ဖြစ်လာပြီး Car Show Room များနှင့် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ကားဈေးများ အနည်းငယ် ပြန်တက်လာနိုင်ကြောင်း လုပ်သက် အနှစ် (၂၀) ရှိ ၀ါရင့် ပွဲစား ကိုကျားကြီးက သုံးသပ်ပြောဆိုသည်။

ရန်ကုန်မြို့တွင် ကားများအ၀ယ်လိုက်လာသော်လည်း နယ်ဘက်တွင် ကားအရောင်းအ၀ယ် ပြောင်းလဲ မှုအနေအထားပြောင်းလဲမှု ဖြစ်ပေါ်လာခြင်းမရှိသေးကြောင်း တောင်ငူမြို့မှ ကားအကျိုးဆောင် တစ်ဦးက ဆိုသည်။

“ဒီဘက်မှာတော့ ကားအရောင်းအ၀ယ်က ပုံမှန်ပဲ၊ နယ်က၀ယ်လက်နဲ့ ရန်ကုန်က ၀ယ်လက်က ကွာတယ်လေ၊ ရန်ကုန်က ၀ယ်လက်တွေက ကားလာဝယ်တယ်ဆိုရင် အတော်များများက ကား အကြောင်း နားလည်ကြတယ်လေ၊ ဒီဘက်မှာကတော့ ကားအကြောင်း သိပ်မသိဘူး၊ ဈေးများရင် ကားကောင်းတယ် လောက်ပဲ သိကြတယ်၊ ဒီတော့ အနိမ့်ဆုံး 1300 CC အထက် ကားတွေမှ ၀ယ်ချင်ကြတယ်၊ 1300 CC လောက်ဆို စိတ်မ၀င်စားကြဘူး၊ ပြီးတော့ မော်ဒယ်မြင့် ကျတော့လည်း ငွေအားက မလိုက်နိုင်ဘူးလေ၊ ဒါတွေကြောင့် အရောင်းအ၀ယ် သိပ်မရှိတာ” ဟု တောင်ငူမြို့တွင် ၁၅ နှစ်ကြာ ကားအရောင်းအ၀ယ် ပြုလုပ်နေသူ ကိုရာဇာက ပြောသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ကားဈေးကွက်သည် ပြောင်းလဲခြင်းများ မကြာခဏ ဖြစ်ပေါ်နေခြင်းကြောင့် ရှေ့ဆက်၍ ဖြစ်ပေါ်လာ နိုင်သော ကားဈေးကွက်ကို မှန်းရခက်သည်ဟု ကားအကျိုးဆောင်များက သုံးသပ်ပြောဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့