Wednesday, January 16, 2013

အစိုးရတပ် လေကြောင်းမှ ဆက်လက် ပစ်ခတ်တိုက်ခိုက်နေဆဲဟု KIO ပြော

ဖနိဒါ
ဇန်နဝါရီလ ၁၅ ရက် ၂၀၁၃ ခုနှစ်

အစိုးရ စစ်တပ်ဘက်မှ ဂျက်လေယာဉ် နှစ်စီးက အင်္ဂါနေ့ မွန်းလွဲပိုင်းမှ ညနေ ၅ နာရီချိန်ထိ ကချင်လွတ်လပ်ရေးတပ် KIA ၏ တပ်မဟာ ၅ တပ်ရင်း ၂၁ နေရာ ခရားဘွမ်တွင် ပစ်ကူနေသည်ဟု KIO ကပြောသည်။

လိုင်ဇာမြို့မှ ၅ မိုင်အကွာတွင် ရှိသော ခရာဘွမ် တဝိုက်တွင် KIA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့များ မြေပြင်တိုက်ပွဲများ
ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်နေမှုတွင် လေကြောင်းဖြင့် ပစ်ကူနေခြင်း ဖြစ်သည်ဟု သိရသည်။

“ခရာဘွမ်ဘက်မှာ ပစ်နေတာ။ ၂ နာရီ ၁၅ မိနစ်ကနေ ဂျက်လေယာဉ် နှစ်စီး လာပြီး ပစ်နေတယ်။ ဒီလေယာဉ် ပြန်သွား တဲ့နောက် မြေပြင်တိုက်ပွဲတွေ ပြန်ဖြစ်လာမှာဘဲ။ တပ်မဟာ ၃ ဘက်မှာလည်း မနေ့က လာတယ်။ ပစ်တာတော့ မရှိဘူး” ဟု KIO ပြောရေးဆိုခွင့်ရသူ ဦးလနန် က ပြောသည်။

ကျောင်းသား တပ်မတော်(မြောက်ပိုင်း) ABSDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မင်းဌေးကလည်း “လေယာဉ်က နှစ်စင်း ဝဲပြီးတော့ ခရာဘွမ်ဘက် တက်ထိုးနေတဲ့ နေရာရှိတယ်။ တက်ထိုးတာ မရတော့ လေယာဉ်နဲ့ လာပစ်ကူနေတယ်။ ခုညန ၄ နာရီမှာ တခါပြန်လာပစ်တာ။ လေယာဉ်နဲ့ ပစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ မဇ္ဈိမမှ အခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

လိုင်ဇာမြို့တွင်လည်း အစိုးရဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးများ ယနေ့ ကျရောက်မှုများ ရှိသော်လည်း လူထိခိုက်မှု မရှိကြောင်း သူက မဇ္စျိမကို ပြောသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်မှ စတင်၍ အစိုးရဘက်မှ စစ်တိုက်လေယာဉ်များဖြင့် စတင် ပစ်ကူခဲ့သလို၊ လက်နက်ကြီး များဖြင့်လည်း နေ့စဉ် ပစ်ခတ်နေသည်ဟု သူက မဇ္စျိမကို ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့က ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ခမ်းကိုင်တောင် အမြောက်စခန်းမှ ပစ်ခတ်သော လက်နက်ကြီး လိုင်ဇာမြို့ပေါ် ကျရောက်၍ အရပ်သား သုံးဦး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ထိုနေ့ နံနက်ပိုင်းက အစိုးရဘက်မှ လဂျားယန် တဝိုက်တွင် လက်နက်ကြီးနှင့် ပစ်ခတ်မှု လုံးဝ မရှိကြောင်း သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ ကိုယ်ပိုင် (Ye Htut) ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့