Monday, January 14, 2013

ဓမ္မရိပ်သာ ဆောက်လုပ်ခွင့်မပြု၍ ပုဂံဒေသ၌ တရားအားထုတ်ရန် အခက်တွေ့

ထက်အောင်ခန့် (မြစ်မခ)
14 Jan, 2013

ပုဂံညောင်ဦးဒေသ ပုဂံမြို့သစ်တွင် ဓမ္မရိပ်သာတည်ဆောက်ရန် ဆောက်လုပ်ခွင့်အား ရှေးဟောင်းဝန်ကြီးဌာနမှ ရှေးဟောင်းဇုန် နှင့် မလွတ်ကင်းသည့်အတွက် ခွင့်မပြုခဲ့သဖြင့် ဒေသခံများအနေဖြင့် တရားအားထုတ်ရန်အတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပုဂံညောင်ဦးဒေသတွင် ပထမဦးဆုံးဓမ္မရိပ်သာဖြစ်လာမည်ဖြစ်သည့် ယခုဆောက်လုပ်မည့် တရားဓမ္မရိပ်သာအတွက် ဒေသခံ များမှ အလှူငွေများလှူဒါန်းထားပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

ယခင်က ပုဂံဒေသမှ တရားအားထုတ်သူများမှာ ဘုန်ကြီးကျောင်းများအောက်တွင် ကျပ်ကျပ်တည်းတည်း တရားအားထုတ်ခဲ့ရသည့် အတွက် အေးအေးချမ်းချမ်း တရားအားထုတ်နိုင်ရန်အတွက် ယခုကဲ့သို့ တရားဓမ္မရိပ်သာတစ်ခုအဖြစ် သတ်မှတ်၍ဆောက်လုပ် လိုခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့သွားပြောတဲ့အချိန်မှာ ညွှန်ကြားရေးမှူးဦးနိုင်ဝင်းက ဒီကိစ္စဟာသူနဲ့ မဆိုင်ပါဘူး။ သူလုပ်တာ မဟုတ်ပါဘူး။ အထက်ကခွင့်ပြုချက် မပေးတာပါလို့ပြောတယ်။ ကျွန်တော်တို့ကလည်း ဘာကြောင့်ခွင့်မပြုတာလဲမေး တော့ ရှေးဟောင်းဇုန် နဲ့မလွတ်ကင်းလို့ခွင့်မပြုတာပါလို့ပြောတယ်။”ဟု ပုဂံရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

တရားဓမ္မရိပ်သာကို ခွင့်မပြုသော်လည်း ရှေးဟောင်းဇုန်နှင့်မလွတ်ကင်းသည့်နေရာများ၌ ဟိုတယ် တည်ဆောက်ခြင်း၊ မိလ္လာကန် တူးဖော်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယခု ဓမ္မရိပ်သာ ဆောက်လုပ်မည့်နေရာမှာ ခွင့်ပြုမည်ဆိုပါက ခွင့်ပြုလို့ရနိုင်သည့်နေရာ ဖြစ်ကြောင်းကိုလည်း ပုဂံဒေသခံတစ်ဦးက ယခုကဲ့သို့ သုံးသပ်သည်။

“ကျွန်တော်တို့မြို့အဟောင်းထဲမှာ ဟိုတယ်တွေ ဆောက်ခွင့်ပေးတယ်၊ စားသောက်ဆိုင်တွေ ဆောက်ခွင့်ပေးတယ်၊ အဖျော်ယမကာ ဆိုင်မျိုးတွေ ဆောက်ခွင့်ပေးတယ်၊ ဒီလိုတွေလုပ်တာ ကျွန်တော်တို့အနေနဲ့ လုံးဝကိုမကျေနပ်ဘူး၊ ပုဂံမြို့သူမြို့သားတွေက တရား လေးအားထုတ်ဖို့ ဒီအဆောက်အဦးလေးဆောက်လုပ်တာကို ဘာလို့ ခွင့်မပြုတာလဲ။ သူတို့ပြောတဲ့ ရှေုးဟောင်းဇုန် မလွတ်လို့ပြော တဲ့နေရာမှာ ဘာစေတီပုထိုးမှလဲမရှိဘူး။သူတို့ခွင့်ပြု မယ်ဆိုရင် ခွင့်ပြုလို့ရတယ်။”ဟု ပုဂံဒေသခံတစ်ဦးက ပြောသည်။

ယခုဆောက်လုပ်မည့်နေရာတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးဌာနမှ စိုက်ထူထားသော ရှေးဟောင်းဇုန်ဟု သတ်မှတ်ထား သည့်ကျောက်တိုင်တစ်ခုသာရှိပြီး ယင်းကျောက်တိုင်သည် လွန်ခဲ့သည့် ၄ နှစ်ဝန်းကျင်ခန့်မှ စိုက်ထူထားသည့် ကျောက်တိုင် ဖြစ်ကြောင်း ကိုလည်း သိရသည်။

ပုဂံညောင်ဦးဒေသ၌ တရားအားထုတ်သူစုစုပေါင်း (၃၀၀)၀န်းကျင်ခန့် ရှိကြောင်း ဒေသခံများထံက သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့