Friday, January 18, 2013

ဒေါက်တာဆိတ်ဖွားဆိုသူ ကလောင်ရှင် ကို ဖေါ်ထုတ်ဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်

2013-01-17

ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတဲ့အဆို၊ ဥပဒေကြမ်းတွေနဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာ မှာ အဆိုးမြင်ဝေဖန် ရေးသားဖော်ပြနေတဲ့ ဒေါက်တာ ဆိတ်ဖွားဆိုတဲ့ ကလောင်နာမည်နဲ့ သုံးစွဲသူ ကို ကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့ အရေးကြီးအဆိုတစ်ခုကို ကမာရွတ်မြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်က ဒေါက်တာစိုးရင် က ဒီကနေ့ ပြည်ထောင်စု လွှတ် တော်မှာ တင်သွင်းခဲ့ ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ ဇန်နဝါရီလ ( ၁၄ ) ရက်၊ ဒုတိယနေ့က မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်က အတည်ပြုလိုက်တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနှစ်ခုကို အင်တာနက်စာမျက်နှာပေါ်မှာ ဥပဒေအထက်မှာ (Above The Law) ဆိုပြီး ဝေဖန်ရေး သားချက်တွေဟာ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စော်ကားထားတာဖြစ်တဲ့အတွက် အရေးယူဆောင်ရွက်ပေးဖို့ တင်သွင်းတာလို့ ဒီကနေ့ အစည်းအဝေးမှာ ဒေါက်တာစိုးရင်က ပြောကြားခဲ့ပါတယ်။

ဒေါက်တာစိုးရင် တင်သွင်းတဲ့အဆိုကို သဘောတူမတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ (၃၄၇) ကန့်ကွက်မဲ(၁၅၇)၊ ကြားနေမဲ (၄၂) မဲ ရရှိခဲ့ပြီး ထောက်ခံမဲများတဲ့ အတွက် ပြည်ထောင်စု လွှတ်တော်က ကော်မရှင်ဖွဲ့စည်းပြီး၊ စုံစမ်း စစ်ဆေးကာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ ဒီကနေ့ အတည်ပြုခဲ့ပါတယ်။

အင်တာနက် စာမျက်နှာမှာ လွှတ်တော်ကို ဝေဖန်ရေးသားတဲ့ ဒေါက်တာ ဆိတ်ဖွားကို ကော်မရှင်ဖွဲ့ပြီး အရေးယူပေးဖို့ အဆို တင်သွင်းတဲ့ ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ဒေါက်တာစိုးရင်ဟာ ရန်ကုန် တက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ဟောင်းတစ်ဦး ဖြစ်တဲ့အပြင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင်မှာ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ် ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့