Monday, January 14, 2013

တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည့် ရွှေလင်ပန်းစက်မှုဇုန်ရှိ ဆုလာဘ်ထက်သာစက်ရုံလုပ်သားများ

ထွန်းနေအောင် (မြစ်မခ)
12 Jan, 2013

လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်း ရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ ဆုလာဘ်ထက်သာ အထည်ချုပ်စက်ရုံမှ အလုပ်သမားများ အနေဖြင့် လုပ်ခလစာနှင့် အခြားအလုပ်သမား အခွင့်အရေးများရရှိရန်အတွက် အလုပ်သမား(၇၀)ခန့်က ဇန်န၀ါရီလ (၁၁)ရက် နေ့က တောင်းဆိုမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အလုပ်သမားများမှ တောင်းဆိုရာတွင် (၃)လ တစ်ကြိမ် လစာတိုးပေးရန်၊ လူမှုဖူလုံရေးကဒ် လုပ် ပေးရန်၊ တနင်္ဂနွေနေ့တိုင်း အလုပ်ပိတ်ပေးရန်၊ လစာ(၅)ရက်နေ့ ထုတ်ပေးရန်၊ ထမင်းစားချိန် (၄၅) မိနစ် ပေးရန်၊ စနေနေ့ ညနေ(၄)နာရီ အလုပ် ဆင်းပေးရန်စသည့်အချက်များ ပါဝင်သည်။

“အချိန်ပို ၁၁၄ နာရီဆင်းတာတောင်မှ လစာက ၆၃၀၀၀ ပဲရတယ်။ အဲဒါထက် တိုးအောင်လို့ တိုး တောင်းတာ။ တောင်းတာ က နှစ်သောင်းပဲ တောင်းတာ အဲဒီ နှစ်သောင်းက ရှားပါးစရိတ်ရယ် မုန့်ဖိုး ရယ်ပါ၊ တခြားစက်ရုံတွေ ဆိုရင် အဲဒီစရိတ်တွေ ပေးတယ်။ အဲဒါကို မကျေနပ်လို့ ဆန္ဒပြရတာပါ”ဟု အလုပ်သမားကိုကျော်ကျော်က ပြောသည်။

လက်ရှိတွင် စက်ရုံပိုင်ရှင်၊ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမူဖူလုံရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ် စားလှယ်များမှ တွေ့ဆုံဆွေနွေးမှုများ ပြုလုပ်နေသော်လည်း အလုပ်ရှင်ဘက်မှ လိုက်လျော ပေးနိုင်ခြင်း မရှိဟု ပြောဆိုထား ကြောင်း ညှိနှိုင်းမှုအား သွားရောက်တွေ့ဆုံခဲ့သည့် အလုပ်သမား ကိုယ်စားလှယ်ထံမှ သိရှိရသည်။

အဆိုပါ စက်ရုံတွင် အလုပ်သမား တစ်ထောင်ကျော်ခန့်ရှိပြီး ဆန္ဒပြတောင်းဆိုသည့် အလုပ်သမားများ မှာ (၇၀)ခန့်သာရှိ သော်လည်း အခြားအလုပ်သမားများမှာလည်း ဆန္ဒပြရန်ရှိကြောင်း အလုပ်သမား များထံမှ သိရှိရသည်။

“ကျွန်မတို့ အလုပ်ဝင်တုန်းက ပုံမှန် အိုတီကို ခုနှစ်သောင်းပေးမယ်လို့ပြောတယ်။ အိုတီ တစ်ရာ လောက်ဆို ရှစ်သောင်း ကိုး သောင်းလောက် ရတယ်။ ကျွန်မတို့လုပ်နေတာ တစ်ရာ့တစ်ဆယ် တောင်မှ ခြောက်သောင်း ကျော်ကျော် ပဲရတယ်။ နားချိန်နဲ့ ထမင်းစားချိန်ကိုလည်း အပြည့်အ၀ မပေးဘူး။ အများပြည်သူ အလုပ်ပိတ်ရက်မှာလည်း အလုပ်ပိတ်မပေးဘူး”ဟု အလုပ်သမ တစ်ဦးက ပြောသည်။

အလုပ်သမားများကို အလုပ်ရှင်မှ (၃)လတကြိမ် လစာတိုးပေးမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် တိုးပေးခြင်း မရှိကြောင်း အလုပ်သမားများကပြောသည်။

“ကျွန်တော်တို့ ရွှေပြည်သာမှာ လုပ်တုန်းက အိုတီ (၈၆)နာရီကို ခုနှစ်သောင်းကျော်ရတယ်။ အဲဒီ ကနေ ဒီမှာ ပိုပေးမယ်။ ၃ လတစ်ခါလည်း လစာတိုးပေးမယ် ဆိုပြီးခေါ်လာတာပါ။ ခုဒီရောက်မှ ပိုဆိုးနေတယ်။ အိုတီ တစ်ရာကျော်ကိုတောင် ခြောက် သောင်း ကျော်ပဲရတယ်။ အဲဒီအတွက် တောင်းဆိုတာပါ” ဟု အလုပ်သမားတစ်ဦးက ပြောသည်။

အလုပ်သမားများသည် တစ်ရက်လျှင် အချိန်ပို (၃)နာရီ ဆင်းရကာ အလုပ်ချိန်မှာ မနက် (၇)နာရီမှ ည(၇)နာရီခွဲထိ အလုပ်ဆင်းရပြီး ထမင်းစားချိန်နောက်ပိုင်း အချိန်များတွင် နားချိန်မရှိကာ ညဘက်ထိ ဆက်တိုက် အလုပ်ဆင်းရကြောင်း အလုပ်သမားများကပြောသည်။

“အတွင်းထဲမှာ အလုပ်လုပ်ရင် ဖိနပ်မစီးရဘူး။ ဖိနပ်စီးဖို့အတွက်တောင်းတယ် ထမင်းစားတဲ့ အခါဆိုရင်လည်း ခုံကနဲနဲလေး လူတွေက လုယက်ပြီးတော့ စားရတယ်။ တချိုကျတော့လည်း နေပူကျဲတဲကြီးထဲမှာ စားရတယ်ဗျာ အဆောင်ထက်တိုးဖို့ကို လည်း တောင်းဆိုထားတယ်”အလုပ်သမားများက ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် လစာနှုန်းထားများ တပြေးညီသတ်မှတ်ထားခြင်း မရှိ သောကြောင့် စက်ရုံ အလုပ်ရုံ များမှ အလုပ်သမားများမကြာခဏ ဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိပြီး အလုပ်ရှင်၊ အလုပ်သမားပဋိပက္ခများမှာလည်း ဖြစ်ပွားလျှက် ရှိသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့