Tuesday, January 15, 2013

လက်ပံတောင်းတောင် ဒဏ်ရာရသံဃာ မကြာမီ ထိုင်းဆေးရုံမှ ဆင်းနိုင်မည်

ကွန်းချမ်း
ဇန်နဝါရီလ ၁၄ ရက် ၂၀၁၃ ခုနှစ်

လက်ပံတောင်းတောင် အရေးအခင်း ဒဏ်ရာရ ပြီး ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေသည့် သံဃာတော် ရှင်သဇ္ဇန သည် ဇန်နဝါရီ လကုန်တွင် ဆေးရုံမှ ဆင်းနိုင်တော့မည် ဖြစ်ကြောင်း ဆေးကုသရာသို့ အတူလိုက်ပါလာသည့် ဦးတေဇာသာရ က မိန့်သည်။

“ကိုရင်က ပျောက်တော့မှာ။ လမ်းလျှောက်လို့ ရနေပြီ။ အခု ကုသမှုပိုင်းမှာ ပိုးသတ်ဆေးနဲ့ သောက်ဆေးလောက်ပဲ တိုက်တော့ တယ်။ အရေပြား အစားထိုးထားတာကို တပတ်လောက် စောင့်ကြည့်ဖို့လောက်နဲ့ လေ့ကျင့်ခန်းလောက်ပဲ ကျန်တော့တယ်” ဟု ဦးတေဇောသာရ က မိန့်သည်။

ထိုင်း အစိုးရ ဆေးရုံ (Royal Thai Army Hospital) မှ တာဝန်ရှိသူများက ရက်ပိုင်းအတွင်း ဆေးရုံမှ ဆင်းနိုင်
တော့မည်ဟု ယခင်က ပြောကြားခဲ့သော်လည်း အစားထိုး ခွဲစိတ်ကုသထားသည့် အခြေအနေကို စောင့်ကြည့်ရန်နှင့် လေ့ကျင့် ခန်းများ လုပ်နိုင်ရန်အတွက် လကုန်ပိုင်းထိ ဆေးရုံတွင် ဆက်လက်နေစေလိုကြောင်း ပြောကြားသည်ဟု ဆိုသည်။

လက်ပံတောင်းတောင် အရေးအခင်း ဒဏ်ရာရ သံဃာများအနက် အသက် ၁၄ နှစ်ရှိ ရှင်သဇ္ဇနသည် ထိုင်းနိုင်ငံသို့ သွားရောက် ကုသသည့် ဒုတိယမြောက် သံဃာတပါး ဖြစ်သည်။ ယခင်က ရန်ကုန် အရေပြား အထူးကု ဆေးရုံတွင် တက်ရောက်ကုသ နေ ရာမှာ ခြေကျင်းဝတ်ဒဏ်ရာ မသက်သာသည့်အတွက် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဇန်နဝါရီ လဆန်းပိုင်းတွင် ခြေကျင်းဝတ် အရေပြား အစားထိုးမှု ခံယူခဲ့ရသည်။

ထိုင်းနိုင်ငံ ဆေးရုံတွင် တက်ရောက်ကုသနေသည့် သံဃာတော်များအား အနီးကပ် ကြည့်ရှုနိုင်ရန်အတွက် ဒေါက်တာ အေးမြင့် ထွန်းနှင့် အရှင်တေဇောသာရ တို့လည်း ရှင်သဇ္ဇနနှင့်အတူ လိုက်ပါလာသည်။

အခြား ဒဏ်ရာ အပြင်းထန်ဆုံး ဖြစ်သည့် သက်တော် ၆၄ ရှိ ဦးတိက္ခဉာဏ ကို ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ကာ ပုဂ္ဂလိက ဘန်ကောက် ဆေးရုံကြီးတွင် တက်ရောက်ကုသနေရာမှ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထိုင်းဘုရင့် တပ်မတော်ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ပြီး အရေပြားအစားထိုး ကုသရန် များစွာ ကျန်သေးကြောင်း ဆရာတော်၏ သားဖြစ်သူ ဒေါက်တာ နေသုခ က ပြောသည်။

“မီးလောင်ဒဏ်ရာ ပြင်းတဲ့နေရာတော့ ဘာမှ မလုပ်ရသေးဘူး။ အနာတွေ စိုလာလိုက် ခြောက်လာလိုက် အဲဒါပဲ ခြောက်အောင် ပြန်လုပ်နေရတယ်။ ခြောက်သွားမှ နည်းနည်း အစားထိုး ကုလို့ရတာကို ကုသွားလိုက် အဲဒီလို နည်းနည်း လုပ်နေရတာ” ဟု ဒေါက်တာ နေသုခ က ပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဦးတိက္ခဉာဏ အား ဘယ်ဘက် လက်မောင်းကို အရေပြား အစားထိုး ကုသခဲ့ပြီး ကုသရန် ကျန် ရှိသည့် ကျော၊ တင်ပါး၊ ညာဘက် ပေါင်၊ ညာဘက် လက်မောင်းနှင့် ဘယ်ဘက် ခြေထောက်များ အနက် ယနေ့ မွန်းလွဲ ပိုင်းတွင် ညာဘက် လက်မောင်းနှင့် ဘယ်ဘက်ခြေတို့ကို အစားထိုး ကုသခဲ့သည်ဟု ဆိုသည်။

ကျန်းမာရေး အခြေအနေ တိုးတက်လာသော်လည်း ဘယ်ဘက် လက်တဖက်သာ လှုပ်ရှားမှု ပြုနိုင်သေးကြောင်း၊ ဆေးရုံတွင် အနည်းဆုံး တလခွဲခန့် ဆက်လက်ကုသရဦးမည် ဖြစ်ကြောင်းလည်း ဒေါက်တာ နေသုခ က ပြောသည်။

ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူနေသည့် သံဃာတော်များအတွက် လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင်က တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပြီး ဆေးကုသ စရိတ်အားလုံးကို အစိုးရက အကုန်အကျခံမည် ဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင်ရှိ ကြေးနီစီမံကိန်း ရပ်တန့်ရန် တောင်းဆို သပိတ်မှောက်သည့် သပိတ်စခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့ မိုးသောက် ပိုင်း တွင် ရဲ တပ်ဖွဲ့ဝင်များက အင်အားသုံး ဖြိုခွင့်ခြင်းကြောင့် သံဃာ အပါး ၁၀၀ ကျော်နှင့် လူအချို့ မီးလောင် ဒဏ်ရာ ရရှိ ခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့