Monday, January 14, 2013

စစ်ပွဲများက ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများအား ထိခိုက်စေဟု မန်းငြိမ်းမောင် သုံးသပ်

မိုးမြင့်ကျော် (မြစ်မခ)
14 Jan, 2013

ကချင်ပြည်နယ်တွင်ဖြစ်ပေါ်လျက်ရှိသည့် စစ်ပွဲများကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မူလုပ်ငန်းများအား အဟန့်အတားဖြစ် စေနိုင် သည်ဟု ဖဒိုမန်းငြိမ်းမောင်က အလုံမြို့နယ် ကရင်အမျိုးသားရပ်ကွက်၌ ကျင်း ပခဲ့သည့် (၇၅)နှစ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူး အခမ်းအနားပွဲတွင် ပြောကြားလိုက်သည်။

“ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေကို အဟန့်အတား ဖြစ် နိုင်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ နိုင်ငံတော်အစိုးရနဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေအပစ်အခတ် ရပ်စဲရေးလုပ်တာ၊ ငြိမ်းချမ်းရေးခရီးကို ရှေ့ဆက် သွားမယ့် အခါကျတော့ တိုင်းရင်းသားအဖွဲ့တစ်ဖွဲ့ ဒီလို စစ်ရှိန်ပိုမြင့်လာတာ၊ ပဋိပက္ခတိုက်ပွဲတွေ ပိုမြင့်လာတဲ့အခါ ဒီငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်မှာ၊ အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်မှာ ဒီမယုံကြည်တဲ့သူတွေ၊ သံသယရှိတဲ့သူတွေအတွက် ပိုပြီးတော့ သံသယကြီးထွားစေတယ်။ မယုံကြည်မူတွေကို ပိုဖြစ်စေတယ်။”ဟု ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

ယခု ၄င်းတို့(KNU)အနေဖြင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမူအပေါ် ကျေနပ်မှု ရှိကြောင်း၊ သမ္မတကြီး ဦးဆောင်သောပြည်ထောင်စု အစိုးရအပေါ်တွင်လည်း ယုံကြည်မူရှိသောကြောင့် အပစ်အခတ်ရပ်စဲရေးပြု လုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖဒိုမန်းငြိမ်းမောင် က ဆိုသည်။

“ပြည်ထောင်စုအစိုးရအပေါ်မှာလည်း ယုံကြည်မှုရှိတယ်။ ယုံကြည်မှုရှိလို့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်တာဖြစ်တယ်။”ဟု မန်းငြိမ်းမောင်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံးအနေနှင့် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများအား တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများနှင့်သာ အဖြေရှာသင့်ကြောင်းကိုလည်း၎င်းက ထောက်ပြပြောကြားခဲ့သည်။

“အပစ်အခတ်ရပ်စဲရေးလုပ်တာ ယုံကြည်မှု ပထမခြေလှမ်းပဲလေ၊ အဲဒီကနေမှ တဆင့် ကျွန်တော်တို့အခု စားပွဲဝိုင်းမှာ တွေ့ဆုံ ဆွေးနွေးလို့ရပြီ၊ ပဋိပက္ခကို ဒီနည်းနဲ့ပဲ ပြေလည်မယ်လို့ ကျွန်တော်တို့ ကရင်အမျိုးသား အစည်းအရုံးအနေနဲ့ ယုံကြည်ထားတယ်။” ဟု ဖဒိုမန်းငြိမ်းမောင်မှ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ သဘောထားကို ပြောကြားခဲ့သည်။

လက်ရှိ နှစ်ဘက်ဆွေးနွေးမှုများ၌ အပြန်အလှန်အသိအမှတ်ပြု၍ ခွဲခြားဆက်ဆံမူများ မရှိကြောင်း၊ ထိုအပြင် ကြိုတင်သတ်မှတ် ချက် များလည်း မရှိကြောင်း၊ ယခုအပစ်အခတ်ရပ်စဲရေးသည် အတိုက်အခိုက်ရပ်စဲရေးအဆင့်သာ ရှိသေးကြောင်း နောင်တွင် နိုင်ငံရေးပြဿနာ များဖြေရှင်းရန် ကျန်သေး ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။

“အပစ်အခတ်ရပ်ဆဲရေးလုပ်တယ်ဆိုတာ နှစ်ဖက်တပ် အတိုက်အခိုက်ရပ်ဆဲတဲ့အဆင့်ပဲ ရှိသေး တယ်။ ကျွန်တော်တို့ နိုင်ငံရေး ပြဿနာတွေ ဘာမှ မဆွေးနွေးရသေးဘူး။ ကျွန်တော်တို့ ရှေ့မှာ လည်း အများကြီးသွားစရာတွေ ရှိပါသေးတယ်။” ဟု ၄င်းက ဆိုသည်။

လက်ရှိ KNUအနေဖြင့် သမ္မတကြီးဦးသိန်းစိန်နှင့် တွေ့ဆုံမှုရလာဒ်များအရ တိုင်းရင်းသားဒေသများ တွင် ဖွံ့ဖြိုးမူနိမ့်ကျကြောင်း၊ ပညာရေးကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည် တစ်ပြည်တွင် ပညာရေးနိမ့်ကျမည်ဆိုပါက တိုင်းပြည်ဖွံ့ဖြိုးမူမရှိ နိုင်ကြောင်း သမ္မတကြီးမှ ပြောကြား ခဲ့ကြောင်း၊ ထိုအတူ တိုင်ရင်းသားဒေသများအား၏ ပညာရေး၊ ကျန်းမားရေး အစရှိသော ဖွံ့ဖြိုးမူ လုပ်ငန်းများအား ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှလည်း လိုလားကြောင်း သိရပြီး မိမိတို့ ကရင်အမျိုးသားများအနေနှင့်လည်း အဆိုပါအချက်အား သဘောတူသည်ဟု ဖဒိုမန်းငြိမ်းမောင်မှ ဆိုသည်။

KNU အနေဖြင့် ဖဆပလ အစိုးရလက်ထက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ မှစ၍ ယနေ့အချိန်ထိ ၆၃ နှစ်ကြာ မြန်မာ အစိုးရအား လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ပြီး၊ ၁၉၄၉ ခုနှစ် ဖဆပလ အစိုးရလက်ထက်တွင် တစ်ကြိမ်၊ ၁၉၅၈ အိမ်စောင့်အစိုးရ လက်ထပ်တွင် လျိုဝှက်၍ တစ်ကြိမ်၊ ၁၉၆၃ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထပ်တွင် တစ်ကြိမ်၊ ၁၉၉၆ ခုနှစ် န၀တ/ နအဖ အစိုးရ လက်ထပ်တွင် တစ်ကြိမ်၊ တွေ့ဆုံဆွေးနွေးရေးများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ဆွေးနွေးမှုများ မှာ မအောင် မြင်ခဲ့ပေ။

၂၀၁၂ ခုနှစ် ဧပြီလတွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင့် တစ်ကြိမ်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ခဲ့ပြီး ပထမဆုံးအကြိမ် အပစ်အခတ်ရပ်ဆဲနိုင်ခဲ့ခြင်း ဖြစ်သည်။

KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်သည် သေဒဏ်ချမှတ်ခံခဲ့ရရာမှ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့်  ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့