Thursday, January 17, 2013

တစ်ဘီလီယံဖိုး စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရေး ဘင်္ဂလာဒေခ်ျ့နှင့် ရုရှားတို့ လက်မှတ်ရေးထိုး

January 17, 2013

ဘင်္ဂလာဒေခ်ျ့နိုင်ငံနဲ့ ရုရှား နိုင်ငံ အကြားမှာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံဖိုး စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရေး သဘောတူ စာချုပ် တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ခုလို လက်မှတ်ရေးထိုးတာကို ဒီလ ၁၅ ရက် နေ့က ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာရဲ့ ရုရှား ခရီးစဉ် အတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီချက်ကို မော်စကိုမြို့ ကရင်မလင် နန်းတော်မှာ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ (Sheikh Hasina) နဲ့ ရုရှား သမ္မတ ဗာလာဒီမီယာ ပူတင် ( Vladimir Putin) တို့ရဲ့ ရှေ့မှောက်မှာ နှစ်ဘက်နိုင်ငံ သက်ဆိုင်ရာ ၀န်ကြီး တွေက လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ၀ယ်ယူမယ့် စစ်လက်နက် ပစ္စည်းတွေထဲမှာ သံချပ်ကာကားတွေ၊ ခြေလျင်တပ်သုံး စစ်လက်နက် ပစ္စည်းတွေ၊ လေကြောင်း ကာကွယ်ရေး အတွက် အသုံးပြုတဲ့ စစ်လက် နက်ပစ္စည်းတွေနဲ့ ထောက်ပို့ ပစ္စည်းတွေ သယ်ယူနိုင်တဲ့ Mi 17 အမျိုးအစား ရဟတ်ယဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ် အတွင်းမှာ ရုရှားနဲ့ စာချုပ် (၂) ခုနဲ့ နားလည်မူ စာချွန်လွှာ (MoU) ၆ခု တို့ကို လက်မှတ် ရေးထိုးခဲ့ပြီး ဒီအထဲမှာ စိုက်ပျိုးရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ကျန်းမာရေး၊ လူမူရေး၊ ခရီးသွားလာရေး၊ ယဉ်ကျေးမူ ဖလှယ်ရေး စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒီအထဲမှာ အရေးကြီးတာက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရိုပူရ် ( Rooppur) မှာ တည်ဆောက်မယ့် လျှပ်စစ် စွမ်းအင် ထုတ်ယူရေး နျူကလီယားသုံး ဓါတ်ပေါင်းဖို တည်ဆောက်ရေး အတွက် အမေရိကန် ဒေါ်လာ သန်း ၅၀၀ စာချုပ် တစ်ခုကိုလည်း လက်မှတ် ရေးထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ သူ့နိုင်ငံ အတွင်းမှာ နျူကလီးယားသုံး ဓါတ်ပေါင်းဖို တည်ဆောက်ရေး အတွက် ရုရှားဆီက အကူအညီ ရယူဖို့ ကြိုးစား ဆောင်ရွက်နေတာ ကြာနေပြီ ဖြစ်ပါတယ်။

အခု ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာရဲ့ ခရီးစဉ်ဟာ ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံခေါင်းဆောင် တစ်ဦး ရဲ့ ဒုတိယ ခရီးစဉ် ဖြစ်ပြီး သူမရဲ့ ဖခင်ဖြစ်သူ ရှိတ်မူဂျီဘူရာဟမာန်ဟာ ၁၉၇၂ ရုရှားကို သွားရောက်လည်ပတ်ခဲ့ဖူးပါတယ်။

မနေ့က ထုတ်တဲ့ The Daily Star သတင်းစာမှာတော့ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအနေနဲ့ သူနိုင်ငံရဲ့ စစ်ရေး စွမ်းရည်ကို မြှင့်တင် ရေးကို အဘက်ဘက်က ကြိုးစားဆောင်ရွက်နေတဲ့ နေရာမှာ မြန်မာ နယ်စပ် အနီး လေတပ် အခြေစိုက် စခန်း တည်ဆောက် လာတာတို့၊ ရေတပ်မှာ Frigates တို့နဲ့ အစားထိုး တည်ဆောက်လာတာတွေ ရှိတယ်လို့ ရေးသား ဖေါ်ပြပါတယ်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ သူ့နိုင်ငံ အတွက် လိုအပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို တရုတ်နိုင်ငံက ၀ယ်ယူတင်သွင်း အားဖြည့်နေပြီး အမေရိကန် အစိုးရဆီကတော့ စစ်ရေး ဆိုင်ရာ နည်းပညာတွေနဲ့ သင်တန်းတွေကို ရရှိနေပါတယ်။

အခု အခါမှာတော့ ရုရှားနိုင်ငံ အထိ သူ့ရဲ့ စစ်ရေးဆိုင်ရာ ဆက်သွယ်မူကို ချဲ့ထွင် လာပြီး စစ်လက်နက် ပစ္စည်းတွေ ရယူဖို့ ကြိုးစား ဆောင်ရွက် လာနေတာ ဖြစ်ပါတယ်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့