Thursday, January 17, 2013

ထိုင်း-မြန်မာ နယ်စပ်တွင် ဘတ်ငွေ သန်း ၈၀ ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းဆီးရမိ

ကွန်းချမ်း
ဇန်နဝါရီလ ၁၆ ရက် ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေး သယ်ဆောင်လာသည့် အဖွဲ့တဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့တို့ နယ်စပ်အနီး တိုက်ပွဲ ဖြစ်ပွားရာမှ ထိုင်းဘတ်ငွေ သန်း ၈၀ ခန့် တန်းဖိုးရှိ ယာဘ စိတ်ကြွဆေးပြား တသန်းကျော် ဖမ်းဆီးရမိကြောင်း ထိုင်း နယ်ခြားစောင့်တပ် အရာရှိတဦးက ပြောသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်ခန့်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင်၊ မယ်ဆိုင်မြို့နယ် (တာချီလိတ်မြို့နှင့် တဖက်) တောတွင်းတနေရာ၌ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ပြီး တိုက်ပွဲမှ မူးယစ်ဆေး သယ်ဆောင်
သူ သုံးဦးကို အသေဖမ်းမိကာ ၎င်းတို့ စွန့်ပစ်ထားခဲ့သည့် ကျောပိုးအိတ် ၁၂ လုံးအတွင်းမှ စိတ်ကြွဆေးပြား တသန်း
နှစ်သိန်းကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။

“မနေ့ညက မယ်ဆိုင်မြို့နယ်၊ ဟွေ့ခိုက်ရွာနားမှာ တိုက်ပွဲ ဖြစ်တယ်။ မူးယစ်ဆေး သယ်ဆောင်လာတဲ့ သူတွေက အခါရွာဘက်က လာတယ်လို့ သိရတယ်။ သုံးယောက် သေတယ်။ ၁၀ ယောက်လောက်က မြန်မာဘက်ကို ထွက်ပြေးသွားတယ်” ဟု နယ်ခြားစောင့်တပ် အရာရှိက မဇ္ဈိမကို ပြောသည်။

မူးယစ်ဆေး သယ်ဆောင်သည့် အဖွဲ့သည် တာချီလိတ်မြို့နယ်၊ နမ့်ပုံ အခြေစိုက် လားဟူ ပြည်သူ့စစ် ခေါင်းဆောင် ဦးရီဆေး ၏ အဖွဲ့ဖြစ်ကြောင်း ထိုင်း လုံခြုံရေးတပ်ဖွဲ့အား ကိုးကား၍ မန်နေဂျာအွန်လိုင်း သတင်းတွင် ဖော်ပြသည်။

မူးယစ်ဆေးများ ထပ်မံဝင်ရောက်မှု မရှိရန်အတွက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာသို့ ချင်းရိုင်ခရိုင် လုံခြုံရေးတပ်ဖွဲ့က အင်အား ထပ်မံဖြည့်ဆည်းခဲ့ပြီး တောနင်းရှာဖွေရာမှ စက်သေနတ် တလက်ကိုလည်း ထပ်မံသိမ်းဆည်းရသည်ဟု ဆိုသည်။

ဇန်နဝါရီလ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံသို့ စိတ်ကြွဆေးများ သယ်ဆောင်လာသည့် လားဟူ အဖွဲ့တဖွဲ့ကို ထိုင်းလုံခြုံရေး တပ်ဖွဲ့က တားဆီးပစ်ခတ်ရာမှ မူးယစ်ဆေး သယ်ဆောင်သူ ၅ ဦး သေဆုံးကာ စိတ်ကြွဆေး နှစ်သိန်းကျော် သိမ်းဆည်းရမိ ခဲ့သေးသည်ဟု ထိုင်းလုံခြုံရေးတပ်က ဆိုသည်။

၎င်းပြင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်လည်း မယ်ဆိုင်မြို့အနီးတွင် ထိုင်းနိုင်ငံသား ၅ ဦးထံမှ စိတ်ကြွဆေးပြား တသိန်းကျော်နှင့် ဘိန်းဖြူ ၂ ဒဿမ ၂ ကီလိုဂရမ်ကို ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်။

လားဟူ ပြည်သူ့စစ် ခေါင်းဆောင် ဦးရီဆေး ကို မူးယစ်ရာဇာအဖြစ် ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနက ဖမ်းဆီးရန်အတွက် မြန်မာအစိုးရကို အကြောင်းကြားသွားမည်ဟု ထိုင်း ဒုတိယ ဝန်ကြီးချုပ် ချလုမ် ယူဘမ်းရုန်း က ထုတ်ဖော်ပြောဆိုခဲ့သည်။

ဦးရီဆေး အား ဖမ်းဆီးနိုင်ရန်အတွက် ထိုင်း ရှေ့နေချုပ်ရုံး အနေနှင့် မြန်မာအစိုးရကို အမြန်ဆုံး ဆက်သွယ်ရန်လည်း ထိုင်း ဒု-ဝန်ကြီးချုပ်က ဇန်နဝါရီလ ၈ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

ပြည်သူ့စစ် ခေါင်းဆောင် ဦးရီဆေးမှာ တာချီလိတ်မြို့နယ်၊ နမ့်ပုံရွာတွင် နေထိုင်သည်ဟု ယူဆရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့