Monday, January 14, 2013

နှစ်သိန်းတန်မိုဘိုင်း ရောင်းကုန်သွား၍ တန်ဖိုးနည်းဖုန်း မျှော်နေသည့် ကျောက်မဲ

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
12 Jan, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှ ဒေသခံများအနေဖြင့် ငွေကျပ်တစ်သိန်းတန် GSM နှင့် တစ်သိန်းနှစ်သောင်းတန် WCDMA ဖုန်းများ မျှော်လင့်သော်လည်း ကျောက်မဲ၌ ရောင်းချပေးရန် အစီအစဉ်မရှိဟု မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချခွင့်ပေးထားသည့် ကုမ္ပဏီများထံက သိရသည်။

“ကျွန်တော်တို့လည်း အထက်ကချပေးမှ ပြန်ပြီးရောင်းချလို့ရတာပါ၊ သတင်းတွေထွက်နေပေမယ့် အခုထိတော့ တန်ဖိုးနည်းဖုန်း ချထားပေးမယ့်အချိန်နဲ့ ဖုန်းအလုံးအရေအတွက်ကို အတိအကျ မသိရသေးပါဘူး“ဟု မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချခွင့်ပေး ထားသည့် ကုမ္ပဏီ (၁၃)ခုတွင် ပါဝင်သော ချမ်းသာထွန်းဝေသာ ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် ငွေကျပ် တစ်သိန်းတန်GSMနှင့် တစ်သိန်းနှစ်သောင်းတန် WCDMA ဖုန်းများ ရောင်းချပေးမည်ဟု မြန်မာ့ ဆက် သွယ်ရေးမှ ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်ကြောင့် ကျောက်မဲမြို့နေ ဒေသခံများအနေဖြင့်လည်း တန်ဖိုးနည်းဖုန်းများ ရောင်းချပေးရန် မျှော်လင့်နေကြသည်ဟု ဒေသခံအချို့က ဆိုသည်။

“ဒီဇင်ဘာလကုန်ခါနီးကတည်းက ကျပ်တစ်သိန်းဝန်းကျင် တန်ဖိုးနည်းဖုန်းတွေ ရောက်လာပြီလားလို့ ဖုန်းလိုချင်တဲ့သူတွေက ခဏ ခဏလာမေးနေလို့ ရှင်းပြနေရတာလဲ မောပြီ၊ တန်ဖိုးနည်းဖုန်းတွေကို တော်တော်များများ စိတ်ဝင်တစားနဲ့ စောင့်နေကြတာပဲ တစ်ကယ်ရောက်လာမယ့်အချိန်တော့ ဘယ်လိုနေမလဲ မပြောတတ်ဘူး “ ဟု ကျောက်မဲမြို့ရှိ ဖုန်းနှင့် ဆက်စပ်ပစ္စည်း အရောင်း ဆိုင်ရှင် တစ်ဦးက ပြောသည်။

အပတ်စဉ်ဂျာနယ်များနှင့် သတင်းလွှာများတွင်မကြာခဏ ပါဝင်သော တန်ဖိုးနည်းဖုန်းထွက်ရှိမည့် သတင်းများကြောင့် တန်ဖိုးနည်း ဖုန်းရောက်ရှိလာချိန်ကို ဒေသခံများအနေဖြင့် စောင့်မျှော်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါတန်ဖိုးနည်းမိုဘိုင်းဖုန်းများမှာ ကျပ်တစ်သိန်းဝန်းကျင်ဟု ဆိုသော်လည်း တစ်သိန်းနှင့် တစ်သိန်းငါးသောင်းအကြား ပမာဏအနေဖြင့်သာ ထွက်ရှိလာနိုင်ကြောင်း ကျောက်မဲမြို့ရှိ ဖုန်းအရောင်းဆိုင်များမှ သုံးသပ်ကြသည်။

“ဖုန်းတွေ ထပ်ထွက်လာတာက အဲ့ဒီလောက် အရေးမကြီးပါဘူး လက်ရှိဒီပြည်နယ်မှာသုံးစွဲနေတဲ့ ဖုန်းတွေတောင် လိုင်းက မမိ လိုက် ပျောက်လိုက်ခဏခဏဖြစ်နေတာ၊ အဓိက က ဖုန်းလိုင်းတွေ အခုထက်ကောင်းလာဖို့ပဲ အရေးကြီးတယ်“ ဟု ကျပ်နှစ် သိန်းတန် GSM ဖုန်း သုံးစွဲသူတစ်ဦးက ပြောသည်။

ကျောက်မဲမြို့ရှိ ဖုန်းအရောင်းဆိုင်များတွင် ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်နှင့် နှစ်သိန်းခွဲတန် WCDMA များမှာ ကုန်သလောက်ဖြစ် နေပြီး လူဝန်မှုကြီးကြပ်ရေးဌာနမှ ၀န်ထမ်းအချို့တွင် အရစ်ကျရောင်းချပေးခြင်းသာရှိတော့ သည်ဟု ကျောက်မဲဒေသခံများထံက သိရှိရသည်။

မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများနှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့များတွင် ဆက်သွယ်ရေး တာဝါတိုင်များ တိုးချဲ့ထားရှိသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဆက်သွယ်ရေးလိုင်းများမှာ မကြာခဏပြတ်တောက်နေကြောင်း ဖုန်းသုံးစွဲသူများထံမှ သိရသည်။

ဇန်န၀ါရီလတွင်ထွက်ရှိမည့် တန်ဖိုးနည်း GSMနှင့် WCDMA ရောင်းချနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို နေပြည်တော်၌ ဇန်န၀ါရီလ(၉)ရက်နေ့က ကျင်းပခဲ့ပြီး၊ ရန်ကုန်တွင် ဇန်န၀ါရီလလယ်ပိုင်း၌ တွေ့ဆုံရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ရောင်းချပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့