Monday, January 14, 2013

တိုင်းလွှတ်တော်မှ မစုံစမ်း မစစ်ဆေးသင့်ဆိုသည့် ညွှန်ကြားစာကိစ္စ သမ္မတထံ ရောက်

မျိုးမင်းထွန်း (မြစ်မခ)
14 Jan, 2013

စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော ကျုံပျော်မြို့နယ် ရှားခဲအင်းပြဿနာအား ဧရာဝတီတိုင်း လွှတ်တော်စုံစမ်း စစ်ဆေး ရေးကော်မ တီမှ စုံစမ်းခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ တိုင်းအစိုးရထံပေးပို့လာသည့် ညွှန်ကြားစာအား တိုင်းလွှတ်တော်မှသမ္မတထံပြန်လည်၍ သ၀ဏ်လွှာ ပေးပို့ရန် ဆုံးဖြတ်ခဲ့သည်။

ရှားခဲအင်းကိစ္စအား လွှတ်တော်မှတိုင်းအစိုးရအဖွဲ့သို့ ကြိုတင်အကြောင်းကြားသင့်ကြောင်း၊ လွှတ် တော်မှ စုံစမ်းစစ်ဆေးမှု မပြုသင့်ဘဲ တိုင်းဒေသကြီးလွှတ်တော်အစိုးရမှသာ ဆောင်ရွက်ရန်ဟု ရေးသားပေးပို့မှုအပေါ် ဥပဒေနှင့်မညီကြောင်း တိုင်း လွှတ်တော်မှ နိုင်ငံတော်သမ္မတထံ ပြန်လည် သ၀ဏ်လွှာ ပေးပို့သွားရန် တိုင်းလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမ မြောက်နေ့တွင် တိုင်းလွှတ်တော်ကိုယ်စားလှယ်များက တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“လွှတ်တော်ကော်မတီရဲ့ လေ့လာစုံစမ်းချက်ကို ပြည်ထောင်စုအစိုးရက ဘယ်သူက အရင်လုပ်ရမယ်၊ ဘယ်သူက နောက်မှ လုပ်ရမယ်ဆိုတာ ပြောခွင့်ရောရှိသလား၊ လွှတ်တော်ရဲ့ တာဝန်တွေ၊ ကော်မတီရဲ့ တာဝန်တွေကို အစိုးရအဖွဲ့က အရင်လုပ် သင့်တယ်။ လွှတ်တော်က နောက်မှလုပ်ဆိုတာ ကတော့ ဥပဒေကြောင်းအရ မှားသွားပါပြီ၊ အခုဟာက လွှတ်တော်ကော်မတီရဲ့ တာဝန်ကို ကန့်ပေးလိုက်တဲ့ သဘောထားဖြစ်နေပါတယ်။ ကော်မတီများသည် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတထံသို့ လွှတ်တော်ဥက္ကဌမှ သ၀ဏ်လွှာပေးပို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က အောက်တိုဘာ (၈)ရက်နေ့တွင် တိုင်းလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ပထမနေ့ ကျင်းပပြီးစီးမှု အခြေအနေများကို ပြည်ထောင်စုအစိုးရထံ အစီရင်ခံ တင်ပြခဲ့ရာ အောက်တိုဘာ(၁၅)ရက်နေ့ တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အငြင်းပွားဖွယ်ရာ ညွှန်ကြားစာကို ပြန်လည်ပေးပို့ခဲ့ပြီး ၄င်းစာကို တိုင်းအစိုးရအဖွဲ့ မှ အောက်တိုဘာ (၂၂)ရက်နေ့ တွင် တိုင်းလွှတ်တော်ဥက္ကဌ လိပ်မူ၍ ထပ်ဆင့်ပေးပို့ခဲ့ခြင်းဖြစ်သည်။

၎င်းညွှန်ကြားစာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းသင်းက လက်မှတ်ရေးထိုးထားပြီး စာပါ အကြောင်းအရာများကို တိုင်းလွှတ်တော်တွင် ဆွေးနွေးခဲ့ရာ တိုင်းလွှတ်တော် ဒုဥက္ကဌ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် (၇)ဦးပါဝင်ဆွေးနွေးခဲ့ကြသည်။

“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်လွှတ်တော်များ ရဲ့ဥပဒေ နည်းဥပဒေပါ ပြဌာန်းချက်များ အရ ဥပဒေပြုတာဝန်တွေဆောင်ရွက်နေတဲ့ လွှတ်တော်အပေါ်မှာ အမိန့်ညွှန်ကြားချက်တွေပေးပြီး လွှမ်းမိုးဆောင်ရွက်ခြင်းများ လုံးဝ ပြုလုပ်ပိုင်ခွင့်မရှိကြောင်း ထင်ရှား သိမြင်နိုင်ပါတယ်” မြန်အောင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဆွေက တင်ပြ ခဲ့သည်။

ညွှန်ကြားစာကိစ္စအား တိုင်းအစိုးရအဖွဲ့သဘောထားကို တိုင်းအစိုးရအဖွဲ့ကိုယ်စား နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး မောင်မောင်ဝင်းက ထိုစာသည် ပြည်ထောင်စုအစိုးရမှ တိုင်းဒေသကြီး အစိုးရသို့ ညွှန်ကြားလာသည့် စာဖြစ်ပြီး တိုင်းလွှတ်တော်သို့ တိုက်ရိုက်ညွှန်ကြားသည့် စာမဟုတ် ကြောင်း နှင့် လွှတ်တော်အနေဖြင့်လည်း တိုင်းအတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များအပေါ် ဥပဒေ ၊ နည်းဥပဒေများအရ ဆောင်ရွက်နိုင်ခွင့်လည်းရှိပြီးဖြစ်သည့်အပြင် တိုင်းလွှတ်တော်နှင့် ပြည်ထောင်စု အစိုးရတို့အကြား မလိုလားအပ်သော စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စရပ်များဖြစ်ပေါ်လာနိုင်သဖြင့် ယခုတင်သွင်းသော အစီရင်ခံစာအား လွှတ်တော်၌ မှတ်တမ်းတင်ထားသင့်ပါကြောင်း တင်ပြခဲ့သည်။

“ဥပဒေနှင့်မညီတဲ့ အမှားကြီးကို လက်ခံလိုက်လို့ ဆက်မှားသွားရင် သမိုင်းမှာ ကျွန်တော်တို့က နောက်လူတွေအတွက် သမိုင်း တရားခံ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အမှန်ကို အမှန်အတိုင်း တည့်တည့်ပဲလုပ်ဖို့ လွှတ်တော်မှာ တာဝန်ရှိပါတယ်” ဟု သ၀ဏ်လွှာပေးပို့ရခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဌက ပြောကြားလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်းရှိ ရှားခဲအင်အားလုပ်ပိုင်ခွင့်ချထားပေးမှုနှင့် ပတ်သက်၍ ဒေသခံရွာသားများနှင့် ၀ိုင်းဝိုင်းလည် သ/မ အသင်းတို့အငြင်းပွားကြရာမှ ပြသာနာများအကြိမ်ကြိမ် ဖြစ်ပွားခဲ့ရာ စက်တင်ဘာလ(၂၇)ရက်နေ့တွင် ရှားခဲရွာသားကို တလုပ်(ခေါ်)၀င်းနိုင်အားဝိုင်းဝိုင်းလည် သမအဖွဲ့မှ (၂၂)ဦးပါ အဖွဲ့မှဝိုင်းဝန်း သတ်ဖြတ်ခဲ့ကြရာမှ အစပြု၍ ဒေသခံ တို့ အုံကြွဆူပူမှုဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့မှပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် ရွာသား(၂)ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး (၂)ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။

ထိုကိစ္စအား မကျေနပ်သော ရွာသားများက ပုသိမ်မြို့သို့ ရောက်လာပြီး တိုင်းလွှတ်တော် ဥက္ကဌထံ တိုက်ရိုက်တွေ့ဆုံ တိုင်ကြား မှုကြောင့် လွှတ်တော်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အရေးတကြီးစုံစမ်း ခဲ့ပြီး တိုင်းလွှတ်တော်အစည်းအဝေးတွင် အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ကြောင်းလွှတ်တော် ကိုယ်စားလှယ်များထံက သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့