Thursday, January 17, 2013

အုပ်ချုပ်ရေးမှူးရုံးကြောင့် အမ်းမြို့ဂုဏ်အင်္ဂါကို ထိခိုက်

January 17, 2013

စစ်တွေ- ရန်ကုန် ကားလမ်းမကြီးဘေးတွင် တည်ရှိသော အမ်းမြို့၏ အဓိက အစိုးရ အဆောက်အဦး တစ်ခု ဖြစ်သည့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကြောင့် မြို့၏ ဂုဏ်အင်္ဂါကို ထိခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးမှူးရုံး၏ ဘေးပတ်ဝန်းကျင်တွင် ခြုံနွယ် ပိတ်ပေါင်းများ ထူထပ်စွာ ပေါက်ရောက်နေမူကို ခုတ်ထွင်ရှင်းလင်းမူ မရှိခြင်းက မြို့၏ ဂုဏ်အလှကို ထိခိုက်နေခြင်း ဖြစ်ကြောင်း အမ်းမြို့ ဈေးရပ်ကွက်မှ ဦးထွန်းတင်က ပြောသည်။

“ရုံးရဲ့ အနောက်ဘက် မျက်နှာစာရော၊ ဘေးဘယ်ညာ နှစ်ဖက် မျက်နှာစာမှာရော ချုံနွယ်ပိတ်ပေါင်းတွေ ထူထပ်စွာ ပေါက် ရောက်နေပြီး တောကြီး သဖွယ်ဖြစ်နေပါတယ်။ အစိုးရသစ် တက်လာပီးကတည်းက သန့် ရှင်းရေး မလုပ်တော့ပဲ အာဏာပိုင် တွေက မသိကျိုးကျွံပြု ထားတဲ့အတွက် အခုလို ဖြစ်နေတာပါ” ဟု ဆိုသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ခရီးသွားပြည်သူများနေ့စဉ် မြင်တွေ့နေရသဖြင့် သန့်ရှင်းမူ ရှိရန် လိုအပ်သည်ဟု ဆိုသည်။

“ ဒီမြင်ကွင်းကို ရန်ကုန် စစ်တွေလမ်းမကြီးဘေးမှာရှိနေတော့ သွားလာနေတဲ့ ခရီးသည်တိုင်းမြင်တယ်။ တောင်ကုတ်နဲ့ ကျောက်ဖြူကိုလည်း ဒီလမ်းကပဲ သွားနေကြတာ ဆိုတော့ဗျာ ခရီးသွားတွေအနေနဲ့ အမြဲမြင်တွေ့ နေရတဲ့ နေရာဖြစ်တော့ မြို့ အနေနဲ့ လည်း သိက္ခာကျတာပေါ့။ ခုလိုပွင့်လင်း ရာသီ ရောက်လာရင် မီးဘေးအတွက်လည်း စိုးရိမ်ရတယ်လေ။ ကျနော်က ဒီမှာနေတာကြာပြီ။ ဒီအစိုးရ တက်ကတည်းက ဒီမြင်ကွင်းက ဒီအတိုင်းပဲ။ မြို့နယ်စည်ပင်ဆိုတာကလည်း မြို့နယ်အုပ်ချုပ်ရေးမှူး ခိုင်းမှပဲ လုပ်မယ့်ပုံပါပဲဗျာ” ဟု ဆိုသည်။

ရခိုင်ပြည်နယ် အမ်းမြို့သည် ရခိုင်ပြည်နယ်၏ အချက်အချာကျသော ကားလမ်းပေါ်တွင် တည်ရှိပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာမြို့လည်း ဖြစ်သည်။

၎င်းပြင် မကွေး-မင်းဘူး၏ အနောက်ဘက် ၉၆ မိုင် အကွာတွင်တည်ရှိပြီး ရန်ကုန်-စစ်တွေလမ်းမ၊ တောင်ကုတ်- ကျောက်ဖြူ ကားလမ်းပေါ်တွင် တည်ရှိသည်။

“ ကျနော် အရင် စစ်အစိုးရ လက်ထက်ကို ပြန်တမ်းတလို့ ပြောနေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်ဗျာ စစ်အစိုးရကမှ ဒီလို မြင်ကွင်းမျိုးတွေကို မြင်ရင် သန့် ရှင်းရေး လုပ်ဖို့ အောက်ခြေကို ခိုင်းသေးတယ်။ ခုစစ်တပ်ကလဲ အရပ်ဘက် အုပ်ချုပ်ရေးမှာ ဝင်မပါတော့ သူတို့ ကိုမခိုင်းဘူး။ မခိုင်းတော့ မြို့ နယ်အုပ်ချုပ်ရေးမှူးကလည်း ဘာမှ မလုပ်ဘူးပေါ့ဗျာ”ဟု ပြောသည်။

ရပ်ကျေး စာရေးတစ်ဦး ဖြစ်သူ ကိုကျော်ထိုက်ကလည်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် သန့်ရှင်းရေး ပြုလုပ်ရန် အားနည်းမူများ ရှိနေသည်ဟု ဆိုသည်။

“ ကျနော်တို့ လစာထဲက လစဉ် လတိုင်း သန့် ရှင်းရေး စရိတ် ဆိုပြီးတော့ ဖြတ်တော့ ဖြတ်နေတာပဲ။ ရုံးတွင်းရော ရုံးပြင်ပါ သန့် ရှင်းတာကို မမြင်မိပါဘူးဗျာ” ဟုပြောကြားသည်။

မြို့ တွင်းလမ်းများမှာလည်း အစိုးရသစ် တက်လာပြီးနောက် ပိုမို ဆိုးရွားလာပြီး ပြန်လည် ပြုပြင် မွန်းမံခြင်းလည်း မရှိကြောင်း သူက ဆက်ပြောသည်။

ကိုယ်နေသောရုံးကိုတောင် သန့်ရှင်းရေး မလုပ်သောသူများ အနေဖြင့် မြို့နယ် တစ်ခုလုံး သန့်သန့်ရှင်းရှင်း လုပ်ရန်မှာ မဖြစ်နိုင် ကြောင်း ဦးထွန်းတင်က ပြောဆိုသည်။

“ကိုယ့်ရုံးကို ကိုယ်တောင်သန့် ရှင်းရေးမလုပ်တာ၊ တစ်မြို့ နယ်လုံး အတွက်တော့ ဝေးရော့ပေါ့ဗျာ။”

အမ်းမြို့ သည် ရခိုင်ပြည်မှ ပြည်မနှင့် ဆက်သွယ်ရာ တောင်ကြားလမ်း(၃)ခုတွင် အမ်း-ပဒါန်း-မင်းဘူး တောင်ကြား လမ်းတွင် တည်ရှိပြီး ခရီးသည်များ နေ့တဓူဝ ကားကြီး ကားငယ်များဖြင့် ဖြတ်သန်း သွားလာနေသော မြို့ဖြစ်သည်။

ရခိုင်ပြည်နယ်နှင့် ပြည်မ အကြား ဆက်သွယ်ထားသော နောက်ထပ် လမ်း (၂)ခုမှာ ပြည်-ပန်တောင်း-တောင်ကုတ် တောင်ကြားလမ်းနှင့် ဂွ-ငါသိုင်းချောင်လမ်းတို့ ဖြစ်ကြသည်။

သတင်းစု ဆောင်းပေးပို့သူ – လတ်ငြိမ်း (အမ်း)

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့