Monday, January 14, 2013

ရန်ကုန်ကရင်နှစ်သစ်ကူးအခမ်းအနားသို့ ဖဒိုမန်းငြိမ်းမောင် တက်ရောက်

မိုးမြင့်ကျော် ( မြစ်မခ)
by Myit Makha Mediagroup on 12 Jan, 2013

ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားတစ်ရပ်အား ယနေ့နံနက် (၅)နာရီ အချိန်က အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း၊ ကရင်အမျိုးသားရပ်ကွက်၌ ပြုလုပ် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် နံနက်ပိုင်း၌ ဘုန်းကြီးဆွမ်းကပ်ခြင်း၊ သက်ကြီးပူဇော်ခြင်း၊ ကရင်တိုင်းရင်းသား အလံတင်အခမ်းအနား ကျင်းပခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင် ထွန်းညှိခြင်း၊ နှစ်ကူးသ၀ဏ်လွှာ ဖတ်ကြားခြင်းများအား ရန်ကုန်ရှိ ကရင်တိုင်းရင်းသား များနှင့် KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် တတ်ရောက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ မိဘဘိုးဘွားတွေ ကရင်လူမျိုးရဲ့အခွင့်အရေးကို ကရင်တွေ သွေးတစ်စက်မှ မကျပဲနဲ့ ရအောင်ယူမယ် ဆိုပြီးတော့ ကြိုးပမ်းခဲ့ပါတယ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀)ကျော်က ကြိုးပမ်း ခဲ့တဲ့ ကျွန်တော်တို့ခေါင်းဆောင်တွေ မိဘတွေက ဒိအခွင့်အရေးကို မရရှိခဲ့ပါဘူး ဆိုလိုချင်တာ ကတော့ ကျွန်တော်တို့လူမျိုးတွေရဲ့အခွင့်အရေးကို ဥပဒေဘောင်အတွင်းမှာ ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ တန်းတူညီတူ စည်းဝေးဖို့ ဖြေရှင်းဖို့ တောင်းဆိုဖို့အတွက် ကြိုးပမ်းခဲ့တယ်၊ သို့သော် ကျွန်တော်တို့ ကြိုးပမ်းမှု တွေကို လစ်လျှူရှုခံရတဲ့အတွက် မလွဲသာမရှောင်သာ လက်နက်ကိုင်လမ်းစဉ်လျှောက် လှမ်းခဲ့ရပါတယ်”ဟု ဖဒိုမန်းငြိမ်းမောင်မှ KNU လက်နက်ကိုင်ခဲ့ရခြင်းအကြောင်းကို ရှင်းပြခဲ့သည်။

ဖဒိုမန်းငြိမ်းမောင်သည် အစိုးရသစ်လက်ထက်၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သေဒဏ်မှ ပြန်လည် လွတ်မြောက်ခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။

ကရင်အမျိုးသားနှစ်ကူးပွဲတော်ကျင်းပရေးကော်မတီမှ စီစဉ်ကျင်းပသည့် အဆိုပါအခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးမှ ပေးပို့သည့် သ၀ဏ်လွှာများ ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တိုင်း ရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ ဖဒိုစောအောင်မြင့်၏ သ၀ဏ်လွှာနှင့် နှိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှ သ၀ဏ်လွှာအား ပေးပို့ကာ ကော်မတီအဖွဲ့မှ ဖတ်ကြားခဲ့သည်။

“ဒီနှစ်များဟာ ပြည်ထောင်စုကြီးတစ်ခုလုံးအတွက် အရေးကြီးတဲ့ ကာလအပိုင်းအခြားများ ဖြစ်တယ်လို့ ဆိုချင်ပါတယ်၊ အဲ့ဒါ ကြောင့် အခုလို ကရင်အမျိုးသားများရဲ့ နှစ်သစ်ကူးအခါ သမယမှာ ကရင်အမျိုးသားများ အပါအ၀င် တိုင်းရင်းသားလူမျိုးများ အားလုံးအတွက် စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ အားလုံးတန်းတူ ပြီးမိမိတို့အေ၇း မိမိတို့ကံကြမ္ပာကို မိမိတို့ကိုယ်တိုင် ပြဋ္ဌာန်းနိုင်တဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး အပြောင်းအလဲများစွာကို ကရင်အမျိုးသားများကိုယ်တိုင် အားထုတ်ပါဝင်ဖန်တီးနိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်မှ သ၀ဏ်လွှာပေးပို့ခဲ့ ခြင်းဖြစ်သည်။

(၇၅)ကြိမ်မြောက် ကရင်နှစ်ကူးနှစ်သစ်ကူးနေ့၌ အဆိုပါအလုံမြို့နယ်၌ (၇၃)ကြိမ်မြောက် အခမ်းအနား ကျင်းပခြင်း ဖြစ်ပြီး၊ ၁၉၈၈နှင့် ၁၉၈၉ခုနှစ်များ၌ နိုင်ငံရေးအခြေအနေကြောင့် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

အဆိုပါအခမ်းအနားတွင် ကရင်ဒုံးယိမ်းအကများဖြင့်ဖျော်ဖြေခဲ့ပြီး နံနက်(၉)နာရီဝန်းကျင်၌ အခမ်းအနားပြီးဆုံးခဲ့သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့