Wednesday, March 25, 2009

နိုင်ငံရေး လှုပ်ရှားသူများကို ထောင်ဒဏ် ချမှတ်

Tuesday, 24 March 2009

လူ့အခွင့်အရေး အဖွဲ့များက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်နေသော်လည်း စစ်အစိုးရ က ဖမ်းဆီးထားသော နိုင်ငံရေး လှုပ်ရှားသူ ၁၀ ဦးကျော်ကို ယမန်နေ့က အင်းစိန်ထောင်တွင်း အထူး တရား ရုံး ၌ ထောင်ဒဏ် ၂ နှစ် မှ ၇ နှစ် အထိ ချမှတ်လိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်းအ၀န်းက ပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်သည့် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)အဖွဲ့ဝင် မထက်ထက်ဦးဝေနှင့် ၂ ဦးအပါအ၀င် နိုင်ငံရေး လှုပ်ရှားသူ ၁၃ ဦး ကို ယမန်နေ့က အင်စိန်ထောင် အထူးတရားရုံးမှ ထောင်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်သည်ဟု အင်းစိန်ထောင် ၀န်ထမ်းများနှင့် နီးစပ်သူ တဦးက ပြောသည်။

“အားလုံးပေါင်း မနေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ၁၃ ယောက် အမိန့်ချတယ်၊ မထက်ထက်ဦးဝေ၊ ကိုဝင်းမြင့်မောင် ခေါ် ပဲပြုပ်၊ ကိုထွန်းထွန်းဝင်း၊ သူတို့ ၃ ယောက်ကိုတော့ ပုဒ်မ ၅/ည နဲ့ ၅ နှစ် စီ အမိန့်ချတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

မထက်ထက်ဦးဝေ၊ ကိုဝင်းမြင့်မောင်နှင့် ကိုထွန်းထွန်းဝင်းတို့ ၃ ဦးသည် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အတွက် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်က ချီတက်ဆန္ဒပြရာမှ ရန်ကုန်မြို့ မြေနီကုန်း လွှတ်တော် အဆောက် အဦ အနီးတွင် အာဏာပိုင်များ၏ ဖမ်းဆီး ခံခဲ့ရသူများဖြစ်သည်ဟုလည်း အင်းစိန် ထောင်ဝန်ထမ်းများနှင့် နီးစပ် သူ က ဆိုသည်။

အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း“သူတို့ကို မနေ့က အမိန့်ချလိုက်တယ်လို့တော့ ကြားတယ်၊ ကျနော်တို့ သတင်းအချက်အလက် အသေအချာမရသေးဘူး၊ မထက်ထက်ဦးဝေတို့ကို ဖမ်းတုန်းက အားလုံး ၁၀ ဦးလောက်ရှိတယ်၊ တခြားလူတွေပြန်လွှတ်လိုက်ပြီးတော့ သူတို့ ၃ ဦးလောက်ပဲ ကျန်တာ”ဟု ပြောသည်။

၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒုက္ခသည်များကို ကူညီသည့် မယဉ်ယဉ် ၀ိုင်း၊ မတင်တင်ချို၊ ကိုမြတ်သူနှင့် မနီမိုလှိုင် တို့ ၄ ဦးကိုလည်း တရားမ၀င် အသင်းအဖွဲ့ အားပေးကူညီမှု ပုဒ်မ ၇ နှင့် ထောင်ဒဏ် ၃ နှစ် စီ အမိန့်ချလိုက်ကြောင်း သိရသည်။

တခြားသော နိုင်ငံရေးလှုပ်ရှားသူ ၆ ဦးကိုလည်း ထောင် ၂ နှစ်မှ ၇ နှစ်အထိ ပြစ်ဒဏ် ချမှတ်လိုက်သည်ဟု အထက်ပါ ထောင်ဝန်ထမ်းများနှင့်နီးစပ်သူက ပြောသည်။

“၆ ယောက် အုပ်စုက ကိုအောင်အောင်ကျော်၊ ကိုဇေယျာဦး၊ အဲဒီ ၂ ယောက်က ပုဒ်မ ၆ ၊ ပုဒ်မ ၅၀၅/ခ နဲ့ ၇ နှစ် ၊ ပြီးတော့ ကိုတင်ထွန်း၊ ကိုထင်အောင်၊ ကိုသန်းထွန်းဇင်၊ သူတို့ ၃ ယောက်က ပုဒ်မ ၆ နဲ့ ၅ နှစ်၊ နောက်ပြီး ၈၈ ကျောင်းသားဟောင်း အရင်က ထောင် ၇ နှစ် ကျဖူးတဲ့ ကိုမျိုးသန့် က ၅၀၅ / ခ နဲ့ ၂ နှစ် ချခံရတယ်”ဟု ၎င်းက ပြောပြသည်။

ကိုဇေယျာဦးသည် ၂၀၀၃ ခုနှစ် ၀န်းကျင်က စစ်အင်ဂျင်နီယာ ဗိုလ်သင်တန်း တက်ရောက်ရင်း အာဏာပိုင်များကို ဆန့်ကျင်လှုပ်ရှားမှုကြောင့် ထောင် ၅ နှစ်ခန့် ချမှတ်ခံရဖူးကြောင်း၊ ကိုအောင်အောင်ကျော်သည်လည်း လက်ရှိ ကျောင်းဆရာ အလုပ်လုပ်ကိုင်နေရင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ၆ ဦးသည် ၈၈ မျိုးဆက်ကျောင်းသားများနှင့် အဆက်အစပ်ရှိသူများဖြစ်ပြီး၂၀၀၈ ခု သြဂုတ်လ ၇ ရက်နေ့ တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟုလည်း ထောင်ဝန်ထမ်းများနှင့်နီးစပ်သူ က ဆိုသည်။

ယနေ့တွင် နာဂစ်မုန်တိုင်းဒဏ်ဖြင့် သေဆုံးခဲ့သည့် ရုပ်အလောင်းများကို မြေမြှုပ် သင်္ဂြီုဟ်သောကြောင့် ဖမ်းဆီး ခံရသူများထဲမှ ဒေါက်တာနေ၀င်း ၊ မဖြိုးဖြိုးအောင်၊ ကိုအောင်ကျော်ဆန်း၊ ကိုသန့်စင်ဦး ခေါ် ဂျိန်း၊ ကိုရှိန်းရာဇာ ထွန်း၊ ကိုဘုန်းပြည့်ကြွယ် တို့ ၆ ဦးကို အင်းစိန်ထောင် အထူးတရားရုံးတွင် ရုံးထုတ်ကြောင်း သိရသည်။

ယခုလအတွင်း၌ လေဖြတ်ထားသည့် တောင်ဒဂုန်မြို့သစ် မြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် ဦးကြည်လွင် အပါ အ၀င် အန်အယ်လ်ဒီ အဖွဲ့ဝင် ၄ ဦးခန့်ကိုလည်း စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ပြီးခဲ့သည့် အပတ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနာက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာတစောင် တင်သွင်းရာ တွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပြန်လွှတ်ပေးရန် ထည့် သွင်း ပြောဆိုခဲ့သည်။

ယင်း အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းထားပြီး နိုင်ငံရေး အမှုလိုက်ရှေ့နေများကိုယ်တိုင် အကျဉ်းချခံရခြင်း၊ နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို မိသားစုနှင့် လွန်စွာ ဝေးသည့်ဒေသရှိထောင်များသို့ ပို့ဆောင်ခြင်း၊ မကြာသေးခင်က အကျဉ်းသား ၆၃၁၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်ဟု ဆိုသော်လည်း နိုင်ငံရေး အကျဉ်းသား ၂၉ ဦးသာ ပါဝင်ခြင်း စသည့် အချက်များကိုလည်း ဖော်ပြ ထားသည်။

တချိန်တည်းတွင်ပင် နိုင်ငံရေး အကျဉ်းသား အားလုံးလွတ်မြောက်ရေး လက်မှတ်ထိုးလှုပ်ရှားမှုကို ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု(အက်ဖ်ဒီဘီ)နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေး အသင်း(အေအေပီပီ)တို့ ပူးပေါင်း ဦးဆောင်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ မတ်လ ၁၃ ရက် မှ မေလ ၂၄ ရက်နေ့အထိ ပြုလုပ်လျှက်ရှိသည်။

အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က“မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ အစားအသောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အလွန်ဆိုးဝါးပါတယ်၊ အဲဒီ ထောင်တွေထဲမှာရှိနေတဲ့ ထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှား သူတွေ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးတွေလည်း ဆိုးဝါးနေပါတယ်၊ သူတို့တွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အ၀ လိုအပ်နေပါတယ်”ဟု ပြောဆိုသည်။

၂၀၀၇ ခု သြဂုတ်လတွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၁၁၀၀ ခန့်သာ ရှိပြီး ယခုအခါ အနည်းဆုံး၂၁၀၀ ရှိသည့်အတွက် စစ်အစိုးရ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၂ ဆ ခန့်ရှိနေသည်ဟု ၎င်းတို့က ပြောဆိုသည်။



ကိုစိုး
REF: ဧရာဝတီ

Read More...

ပြည်ထောင်စု/ပြည်နယ်အမည်ကို ပထ၀ီဝင်အမည်မှည့်ရန် SSCDC အကြံပြု

အင်္ဂါနေ့၊ 24 မတ်လ 2009 သျှမ်းသံတော်ဆင့်

သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင် ဒုတိယမူကြမ်း အင်္ဂလိပ်-မြန်မာနှစ်ဘာသာရှင်းလင်းပွဲအစည်း အဝေး တစ်ရပ်ကို ပြီးခဲ့သည့်အပတ်က ထိုင်းနယ်စပ်တစ်နေရာ၌ ကျင်းပခဲ့ပါသည်။

မတ်ခ်ျ ၁၅ မှ ၁၈ ရက်နေ့အထိကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် ရှမ်းပြည်သား ကယန်း၊ ပအိုဝ်း၊ ၀၊ ကချင်၊ လားဟူ၊ လီဆူး နှင့် သျှမ်း လူမျိုးစု ၇ စု ကိုယ်စားလှယ် အယောက် ၂၀ တက်ရောက်ခဲ့ကြသည် ဟုဆိုပါသည်။

တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး တန်းတူညီမျှရေး၊ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင် ရေးအတွက် သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်းပါ အခန်းကြီး ၁၄ ခန်း၊ ပုဒ်မ ၁၉၉ ခု အနက် ‘နိုင်ငံ အမည် ပြည်နယ်အမည်ကို လူမျိုးအမည် မခေါ်မှသာလျှင် လူမျိုးရေးပဋိပက္ခလျော့နည်း မည်’ ဆိုသည့်အချက်ကို အကြောင်း အရာတစ်ခုအဖြစ် အကျယ်တ၀င့်ဆွေးနွေးခဲ့၏။ သျှမ်းပြည်ဖွဲ့ စည်းပုံ အခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကော်မရှင် အကြံပေး ပုဂ္ဂိုလ်/ပအိုဝ်းကိုယ်စားလှယ် ဗိုလ်မှူးကြီးခွန်ဥက္ကာ က ဤကဲ့သို့ပြောပြသည်။

“ပြည်နယ်အမည်ကို လူမျိုးနာမည်မှည့်ခြင်းအားဖြင့် အဲဒီလူမျိုးအစွန်းရောက်သွားတတ်တယ်။ အဲဒီလူမျိုးက တခြား လူမျိုးတွေထက်ပိုပြီးလုပ်ပိုင်ခွင့်ရှိတယ် ပိုပြီးမြင့်မြတ်တယ်ဆိုတဲ့ အထင်ရောက်တတ်တယ်။ အဲလိုရောက်သွားရင် ပြည်နယ်အတွင်းညီညွတ်ရေးထိခိုက်တယ်။ ( ဥပမာ- သထုံခရိုင်နဲ့မော်လမြိုင်ခရိုင် ဟာ မွန်ပြည်နယ်ထဲမှာရှိတယ်။ သထုံခရိုင်မှာက ကရင် နဲ့ ပအိုဝ်းတွေများတယ်။ ပြည်နယ်က မွန်ပြည်နယ် ပေးထားတယ်။ မွန်ပြည်နယ်က ကိုယ်စား လှယ်တွေရန်ကုန် သွားမယ်ဆိုရင်သထုံက ပအိုဝ်းကိုယ်စားလှယ် တွေက ပအိုဝ်းဝတ်စုံနဲ့ဝတ်သွားဖို့ပြင်တော့ မွန်ကိုယ်စားလှယ်တွေက ကန့်ကွက်တယ်။ အဲပုံစံဆိုရင် ကရင် တွေ ပအိုဝ်းတွေ မွန်လိုဘဲနေ မွန်လိုဘဲစကားပြော အတင်းအကြပ် လိုဖြစ်သွားတယ်) အဲလိုမျိုးမဖြစ်အောင် ရှမ်းပြည်မှာလဲ ရှမ်းပြည်လို့ခေါ်တော့ ရှမ်းတွေက ဒီပြည်ဟာ တို့ပြည်၊ တခြားလူမျိုးတွေကဧည့်သည်၊ တကယ်ပိုင်ဆိုင်တာကတို့ဘဲ ဆိုတဲ့အစွဲရှိသွားရင် အစွန်းရောက်သွားတတ် တယ်။ အစွန်းရောက်သွားရင် ညီညွတ်ပျက်ပြီး အေးချမ်းမှုမရတော့ဘူး။”

သျှမ်းပြည်ဖွဲ့ စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေး ကော်မရှင်
အကြံပေး ပုဂ္ဂိုလ်/ပအိုဝ်းကိုယ်စားလှယ် ဗိုလ်မှူးကြီးခွန်ဥက္ကာ

လက်ရှိတိုင်းပြည်သည် လူတဦးချင်းပုဂ္ဂလိက အခွင့်အရေး ဟုခေါ်သည့် Individual right အာမခံချက်အပြည့် အ၀ မရ သောကြောင့် ဗမာလူမျိုးအပါအ၀င် တိုင်းရင်းသား အသီးသီးက မိမိလူမျိုးကိုသာ ဖက်တွယ်ထားလိုကြ ကြောင်း၊ မိမိလူမျိုး နာမည်ကို ဖက်တွယ်ခြင်း အားဖြင့် လူမျိုး characteristic စရိုက်လက္ခဏာ၏ အခြေ ခံထူးခြားချက်များ မပပျောက်အောင် ထိန်းသိမ်းနိုင်မည်ဟု ယူဆကြကြောင်း၊ ထို့ကြောင့် လူမျိုးအမည် နှင့် နယ်မြေဒေသ တခုရရန် လူမျိုး၏ လက္ခဏာIdentityထိန်း သိမ်း နိုင်မည်ဟု မျှော်လင့်ချက်ထား ကြကြောင်း၊တဘက်တွင် လည်း လူမျိုးအမည်ဖြင့် ပေးလိုက် ပါက အစွန်း ရောက်သွား နိုင်ကြောင်း၊ လူမျိုးအမည်နှင့်မပေး လျှင်လူမျိုးပါပျောက်သွား မည်ကို စိုးရိမ်သည့်လူများလည်းရှိ ကြောင်း၊ အစွန်းနှစ်ဘက် ဖြစ်နေသည့်လူမျိုးစု အကြားတဖြည်းဖြည်းညှိသွားရမည်ဖြစ် ကြောင်း - ရှင်းလင်းပါသည်။

“တိုင်းပြည်တခုလုံးရဲ့ နာမည်ကို ဗမာဖြစ်ဖြစ် မြန်မာဖြစ်ဖြစ်မခေါ်ဘဲနဲ့အားလုံးသဘောကျနိုင်တဲ့ တခြား geographic name ခေါ်သင့်တယ်လို့ကျနော်တို့တိုင်းရင်းသားတွေတောင်းဆိုတာကြာပြီ။ ဘာကြောင့်လဲ ဆိုတော့ တိုင်းပြည်ရဲ့ နာမည် ကို ဗမာ/မြန်မာ ထည့်ခြင်းအားဖြင့် ဗမာလူမျိုးက တိုင်းပြည်တပြည်ထဲမှာ ရှိတဲ့ လူမျိုးတမျိုးလို့မခံယူတော့ဘဲနဲ့ တပြည်လုံးကို ပိုင်ဆိုင်တဲ့လူမျိုးဖြစ်သွားတယ်။ ကျန်တဲ့လူမျိုးစုများ က ဗမာပြည်မှာလာပြီးပူးပေါင်းနေထိုင်တယ်၊ ပိုင်ရှင် ကဗမာဖြစ်သွားတဲ့သဘော။ ဒီတော့ငါတို့ဗမာကလူ မျိုးအများစုဖြစ်တယ်။ အသိဉာဏ်ပိုကြွယ်ဝတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေက ငါတို့နဲ့တန်းတူနေရာပေး လို့မဖြစ်ဘူး။ သူတို့ကို အခွင့်အရေးပေးထားတဲ့အပေါ်မှာ ငါတို့ဗမာ ရှိရမယ်ဆိုပြီး တဘက်စွန်းရောက်တဲ့ အမြင်တွေ တယူသန်တွေဖြစ်သွားတယ်။ တကယ်လို့ပြည်နယ်တွေကို တိုင်းရင်းသား နာမည်ကနေ ပထ၀ီ ဒေသ အမည်ပြောင်းရင် တတိုင်းပြည်လုံးရဲ့ နာမည်ကိုလည်း ပြောင်းသင့်တယ်လို့ ကျနော်ကအကြံ ပြုတာပါ ”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆို၏။

၁၉၉၄ ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီမိုကရေစီစနစ်ပြောင်းလဲရန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိရန် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ လိုအပ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။ အဆိုပါဆုံးဖြတ်ချက် ကို အခြေခံ၍ ကွယ်လွန်သွားပြီဖြစ်ကြသော စ၀်စန့်ယောင်ဟွေ့၊ စ၀်ဆိုင်စစ်တို့က စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်း ရေး၏ အဓိကလုပ်ငန်းစဉ်တခုအဖြစ် ပြည်နယ်တိုင်း - မိမိတို့၏ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ရေးဆွဲကြရန် မဖြစ်မနေ လိုအပ်ကြောင်း စတင်လှုံဆော်တိုက်တွန်းလမ်းညွှန်ခဲ့၏။ နောက်ပိုင်း ချင်း၊ မွန်၊ ကရင်၊ ကရင်နီ တို့က ပြည်နယ်ဖွဲ့ စည်းပုံ မူကြမ်းရေးဆွဲရေးကော်မတီ/ကော်မရှင်များအသီး သီးဖွဲ့စည်းရေးဆွဲလာခဲ့ကြခြင်းဖြစ်သည်။

၂၀၀၀ ပြည့်နှစ်၌ သျှမ်းပြည်သားများဖြစ်သည့် ကယန်း၊ ပအိုဝ်း၊ ၀၊ လားဟူ၊ ပလောင် နှင့် ရှမ်းလူမျိုးစု ကိုယ်စားလှယ် များ ကလည်း အစည်းအဝေးတရပ်ကျင်းပပြီး သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပေဒေမူကြမ်း ရေးဆွဲရေးကော်မရှင်(Shan State Constitution Drafting Commission – SSCDC) ကို ဖွဲ့စည်းထူထောင်ခဲ့ သည်။



REF: သျှမ်းသံတော်ဆင့်

Read More...

ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းထားခြင်းသည် စစ်အစိုးရ ကိုယ့်ဥပဒေကိုယ် ချိုးဖောက်ရာရောက်

မတ်လ(၂၄) ရက်၊ ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် မြန်မာစစ်အစိုးရဘက်က ကိုယ့်ဥပဒေကို ကိုယ်ချိုးဖောက်ရာကျသကဲ့သို့ နိုင်ငံတကာဥပဒေကိုလည်း ချိုးဖောက်ရာကျကြောင်း ကုလသမဂ္ဂက ထုတ်ဖော် ပြောဆိုသည်။

တရားလက်လွတ် ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့၏ ဥပဒေရေးရာ သုံးသပ်ချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံအား ကိုယ့်ဥပဒေကို ကိုယ်ချိုးဖောက်ကြောင်း ဝေဖန် သည်မှာ ပြောရိုးပြောစဉ်မဟုတ်ဟု ဆန်းစစ်သူများက ပြောသည်။

ယင်းသို့ ကုလသမဂ္ဂက ထုတ်ဖော်ပြောဆိုခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် လွတ်မည်ဟု မထင်သော်လည်း နအဖအား ကာကွယ်ပေးနေသည့် တရုတ်၊ ရုရှ စသည့် နိုင်ငံများအပေါ် ဖိအားပေးနိုင်ရန် ကုလသမဂ္ဂအပေါ် အရေးပါသည့် ဂယက်ဖြစ်နိုင်သည်ဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် အခမဲ့ရှေ့နေလိုက်ပေးနေသူ ၀ါရှင်တန်ဒီစီမှ ရှေ့နေ ဂျရတ် ဂျင်ဆာက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်လုံခြုံရေး သို့မဟုတ် ပြည်သူအများ တည်ငြိမ်အေးချမ်းမှုအတွက် အန္တရာယ်ဖြစ်နိုင်သူလားဆိုသည်ကိုလည်း အဆိုပါ ဥပဒေသုံးသပ်ချက်တွင် မေးခွန်းထုတ်ထားသည်။

“အခုဟာက အစိုးရက ကိုယ့်ဥပဒေကိုတောင် မလေးစားဘူးလို့ ပြောလိုက်တာပေါ့။ တနည်းအားဖြင့် ပြောမယ်ဆို ရင် ထဲထဲဝင်ဝင်ကို ဝေဖန်လိုက်တာဖြစ်တဲ့အတွက် နအဖစစ်အစိုးရအတွက် အင်မတန်မှ ရှက်စရာကောင်းပါတယ်။ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိတော့ဘူးဆိုတာကို ပြောလိုက်တာပေါ့။ အဲဒီအချက်ကို နိုင်ငံတကာက အသိအမှတ်ပြုလာရတဲ့ အနေအထားဖြစ်လာတာပေါ့။ နိုင်ငံတကာအသိုင်းအ၀န်းကြားမှာ နအဖအစိုးရအနေနဲ့ အရှက်တကွဲဖြစ်ရတဲ့ ကိစ္စတွေဖြစ်လာတော့ အနည်းနဲ့ အများဆိုသလို အရေးယူဖြေရှင်းပေးရမယ့် အနေအထား ဖြစ်လာမယ်လို့ ကျနော်ထင်တယ်” ဟု ပြည်သူလွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ အတွင်းရေးမှူး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဦးက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အမှုကို ဆောင်ရွက်ပေးနေသူ ရှေ့နေဦးကြည်ဝင်းကမူ ယခုလ (၁၃) ရက်တွင် အယူခံကိုကြားနာပေးပါရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာကို ပေးပို့ထားသည်ဟု ပြောသည်။ အယူခံကို၉-၁၀-၂၀၀၈ ခုနှစ်ကတည်းက တင်သွင်းခဲ့ခြင်းဖြစ်သော်လည်း နအဖစစ်အစိုးရဘက်က ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိသဖြင့် မေတ္တာရပ်ခံစာများ ပေးပို့ခဲ့သည်မှာ လေးကြိမ်ထက်မနည်းရှိပြီ ဖြစ်သည်ဟုလည်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ချထားမှုနှင့်စပ်လျဉ်း၍ စုံစမ်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်ကင်တားနားက မတ်လ (၁၇) ရက်၌ လူ့အခွင့်အရေးကောင်စီတွင် အစီရင်ခံခဲ့သေးသည်။ ယင်းအစီရင်ခံစာတွင် ယင်းအမှုကို အစိုးရဘက်မှ လက်ခံရရှိကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တရားသူကြီးချုပ်နှင့် ပြည်ထဲရေးအား စုံစမ်းရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ရှင်းပြခဲ့သည်ဟု ဖော်ပြထားသည်။

ရှေ့နေကြီး ဦးကြည်ဝင်းကမူ ယင်းအမှုသည် တရားသူကြီးချုပ်နှင့် မဆိုင်တော့ဘဲ အစိုးရအဖွဲ့တာဝန်ရှိသူ ၀န်ကြီးချုပ် သို့မဟုတ် အစိုးရအဖွဲ့က ဗဟိုအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားသူကသာ ကိုင်တွယ်ဆောင်ရွက် ရတော့မည် ဖြစ်သည်ဟု ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်သက်တမ်းထပ်တိုးတုန်းက အစိုးရအဖွဲ့ တာဝန်ပေးမှုအရ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးနဲ့ သူ့အဖွဲ့ဝင်တွေချထားတဲ့ အမိန့်ကို ကျနော်တို့က ပြန်အယူခံတာဗျ။ အဲဒါကို သူက သူ့အောက်ကို ပြန်ရှင်းခိုင်းနေလို့ မဖြစ်ဘူးလေ။ တရားသူကြီးချုပ်ဆိုတာကလည်း ပုဒ်မ (၂၁) ကို ၁၉၉၁ ခုနှစ်မှာ ဖျက်သိမ်းလိုက်ကတည်းက တရားရုံးချုပ်ရဲ့ကဏ္ဍမပါတော့ဘူးဗျ။ တရားသူကြီးချုပ် ၀င်ရောက်ကိုင်တွယ်ရမယ့် အမှုမျိုးလည်း မဟုတ်တော့ဘူးဗျ။ အဲတော့ အဲလိုပြောဆိုခဲ့တယ်ဆိုရင်တော့ ပြောဆိုမှုတွေကိုက လွဲနေတယ်ဗျ” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်အယူခံကို ကြားနာပေးရန် ရှေ့နေကြီး ဦးကြည်ဝင်းက နအဖ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာပေးပို့ပြီး (၆) ရက်အကြာတွင် အန်အယ်လ်ဒီက ပါတီဗဟိုအလုပ်အမှုဆောင် စုံညီအစည်းအဝေး ကျင်းပလိုသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့် တွေ့ခွင့်ပေးရန် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တင်ပြခဲ့သည်။ ယင်းသို့တောင်းဆိုမှုကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ အတွင်းက ပြုလုပ်ခဲ့ဖူးသော်လည်း နအဖစစ်အစိုးရဘက်မှ တစုံတရာအကြောင်းပြန်ကြားမှုမရှိခဲ့ပေ။

အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက “ကျနော်တို့ အတွေ့အကြုံတွေအရတော့ အကြောင်းမပြန်တာ များတာပေါ့လေ။ သို့သော်လည်းပဲ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို ကျနော်တို့ အားမလျော့ဘဲ လုပ်သွားမယ်။ ပြောစရာရှိတာပြောမယ်။ တင်ပြစရာရှိတာတင်ပြမယ်။ မလုပ်ရင် သမိုင်းအရ၊ နိုင်ငံရေးအရ ဘယ်သူက တာဝန်ရှိလဲ ဆိုတာမျိုး သူ့ဟာသူဖြစ်လာပါလိမ့်မယ်” ဟု ဆိုသည်။



မင်းနိုင်သူ
REF: ခေတ်ပြိုင်

Read More...

ဒေါ်စု၏အကျယ်ချုပ် တရားမဝင်ဟု ကုလ ဆုံးဖြတ်

Tuesday, 24 March 2009

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား အကျယ်ချုပ် ချထားခြင်းမှာ မြန်မာပြည်တွင်း ဥပဒေများနှင့် ညီညွတ်ခြင်းမရှိဟု ကုလသမဂ္ဂ၏ လုပ်ငန်းအဖွဲ့ တခုက ကြေညာ လိုက်သည်။

တရားမဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်း ဆိုင်ရာ လုပ်ငန်းအဖွဲ့ (WGAD)က ထိုသို့ ကြေညာလိုက်ခြင်း ဖြစ်သည်ဟု ဝါရှင်တန်မြို့တော် အခြေစိုက် Freedom House အဖွဲ့က ယနေ့ ပြောကြားလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ကြေညာချက်တွင် တောင်းဆိုထားသည်။

“ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ပြီး အကျယ်ချုပ်ချ ထိန်းသိမ်းထားခြင်းမှာ တရားမျှတခြင်း မရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ် ၉၊ ၁ဝ၊ ၁၉ တို့နှင့် ဆန့်ကျင်နေကြောင်း၊ မြန်မာပြည်တွင်း ဥပဒေများနှင့်လည်း ကိုက်ညီမှု မရှိကြောင်း” WGAD၏ ကြေညာချက်တွင် ရေးသားထားသည်။

WGAD သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ လွတ်လပ်သည့် ဌာနခွဲတခုဖြစ်သည်။ ချီလီ၊ ပါကစ္စတန်၊ ရုရှ၊ ဆီနီဂေါ၊ စပိန် စသည့် နိုင်ငံများမှ ကျွမ်းကျင်သူများ ပါဝင်သည့် လုပ်ငန်းအဖွဲ့ဖြစ်သည်။

ယခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီး ၄ ကြိမ် တိတိ ဆုံးဖြတ် ကြေညာခဲ့ပြီး ဖြစ်သည်။ ထို ၄ ကြိမ်စလုံးတွင် ဒေါ်စုအား ထိန်းသိမ်းမှုမှာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း ယခုတကြိမ်တွင်မူ အဆိုပါ ထိန်းသိမ်းမှုမှာ မြန်မာပြည်တွင်း ဥပဒေများနှင့်လည်း ကိုက်ညီမှုမရှိဟု ပထမဆုံးအကြိမ် ထုတ်ဖော် ကြေညာလိုက်ခြင်းဖြစ်သည်။

ဒေါ်စုသည် ပြီးခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာ ချုပ်နှောင်ခံထားရသည်။

“မြန်မာအာဏာပိုင်တွေက ပြည်တွင်း ဥပဒေရော နိုင်ငံတကာဥပဒေတွေကိုပါ သိသိသာသာကြီး ဆက်တိုက် ချိုးဖောက်နေတာ တကယ့်ကို စိတ်မကောင်းစရာဘဲ” ဟု WGAD သို့ ဒေါ်စု၏ အမှုတွဲကို တင်ပြခဲ့သည့် ရှေ့နေ မစ္စတာ Jared Genser က ဧရာဝတီသို့ ပြောပြသည်။

“အရင်တုန်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အာဆီယံ၊ ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုတို့က ဒေါ်စု လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ပြီးပြီ။ စစ်အစိုးရက မျက်နှာပြောင်တိုက်နေတာကို နိုင်ငံတကာက ဘယ်လောက်ကြာအောင် သည်းခံနေဦးမှာလဲလို့ပဲ မေးစရာ ကျန်တော့တယ်” ဟု ၎င်းက ဆက်လက် ပြောကြားလိုက်သည်။



REF: ဧရာဝတီ

Read More...

အမျိုးသမီးများ အပေါ် စော်ကား မော်ကား ပြုလုပ်သော စစ်သား နှစ်ဦးကို ရဟန်းတော်များက ကြိုးနှင့် တုတ်ပြီး ဆုံးမ

3/24/2009

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဒေသခံ ခမီးအမျိုးသမီးနှစ်ဦး အပေါ် စော်ကား မော်ကား ပြုမူ ဆက်ဆံခဲ့သော နအဖ စစ်သား (၂) ဦးကို ရဟန်းတော်များက လက်ကို ကြိုးနှင့် တုတ်ပြီး ဆုံးမခဲ့ကြသည်ဟု ရဟန်းတော် တပါးက ပြောသည်။

“ ဦးဇင်းတို့က စစ်သားဘဲ ဖြစ်ဖြစ် ဘယ်သူဘဲ ဖြစ်ဖြစ် မတရား လုပ်တာကို မကြိုက်ဘူး။ သူတို့က အရက်မူးပြီး အလှူပွဲမှာ ခုလို ခမီးအမျိုးသမီးငယ် နှစ်ဦးကို ဆွဲလား ရမ်းလား လုပ်တော့ ဦးဇင်းတို့လည်း မခံချင်တာနဲ့ နှစ်ဦးစလုံးကို ဖမ်းချုပ်ပြီး လက်တွေကို ကြိုးနဲ့ တုတ်ပြီး ရိုက်နှက် ဆုံးမလိုက်ရတယ်။ တညဉ့်တိတိ ဘုန်းတော်ကြီးကျောင်းမှာ ချည်နှောင်ထားလိုက်ပြီး နောက်တနေ့ကျမှ ဆရာတော် တပါးက အသနားခံတဲ့အတွက် သူတို့နှစ်ဦးကို လွှတ်ပေးလိုက်တယ်။” ဟု ပြောသည်။

ခမရ ၂၈၉ မှ စစ်သားနှစ်ဦးမှာ အရပ်ဝတ်နှင့် များမကြာမှီက ရွှေပြည်သိမ် ဓမ္မာရုံရေစက်ချပွဲသို့ ရောက်ရှိလာပြီး အရက်သောက်စားပြီး ခမီးအမျိုးသမီးငယ်နှစ်ဦးအား လူမူရေးအရ စော်ကားမူများ ပြုလုပ်ခဲ့သည်။

အဆိုပါ ရေစက်ချပွဲတော်သို့ ရောက်ရှိလာသော ရဟန်းတော်များမှ စစ်သားများအား အမျိုးသမီးများကို စော်ကားမူများ မပြုလုပ်ရန် တားမြစ်ခဲ့သော်လည်း မရရှိသည့် အပြင် ရဟန်းတော်များကိုပါ စော်ကားလာသဖြင့် နောက်ဆုံးတွင် ၀ိုင်းဝန်းရိုက်နက်ပြီး တညဥ့်လုံး ချုပ်နှောင်ထားခဲ့ရသည်။

“ သူတို့ဘက်က လွန်နေတဲ့အတွက် အထက် စစ်တပ် အရာရှိတွေကလည်း ဦးဇင်းတွေကို ဘာမှ မပြောရဲဘူး။ လာပြောရင်လည်း ပြဿနာ ဆက်တက်မှာကို သိတော့ သူတို့လူကိုဘဲ သူတို့ ဆုံးမတယ်လို့ သိရပါတယ်။ ဒေသခံ လူထုတွေက ဦးဇင်းတွေရဲ့ လုပ်ရပ်အပေါ် ၀မ်းသာနေကြပါတယ်။” ဟု ပြောသည်။

ပလက်ဝမြို့နယ် အပါအ၀င် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် တလျောက်တွင် နေထိုင်သော တောင်ပေါ်တိုင်းရင်းသားများ အပေါ် နအဖ စစ်တပ်မှ မကြာခဏ ယခုကဲ့သို့ နိုင်ထက် စီးနှင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

REF: နိရဉ္စရာ

Read More...

ထိုင်းနိုင်ငံ ကြားဝင် ဆောင်ရွက်မယ့်ကိစ္စ ကေအန်ယူနဲ့ အက်စ်အက်စ်အေ ကြိုဆို

24 March 2009

စစ်အစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ရေးအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ပေးဖို့ စစ်အစိုးရက မေတ္တာရပ်ခံချက်ကို ထိုင်းနိုင်ငံက စေတနာနဲ့ ကူညီခဲ့မယ်ဆိုရင် လက်ခံ ကြိုဆိုကြမှာဖြစ်ကြောင်းနဲ့ ထိုင်းသတင်းမီဒီယာတွေက ရေးသလို လက်နက်ချဖို့တော့ဖိအားပေးလိမ့်မယ်လို့တော့ မယူဆကြောင်း ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ အက်စ်အက်စ်အေ ရှမ်း လက်နက်ကိုင် အဖွဲ့တို့က တုံ့ပြန်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာတိုင်းရင်းသားတွေရဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ အကူအညီကိုယူပြီး လုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တဲ့ မြန်မာစစ်အစိုးရရဲ့ ပြောဆိုချက်အပေါ် ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ က အခုလို ပြောဆိုပါတယ်။

“အဲဒီအပိုင်းမှာတော့ ကျနော်တွက်တာက နအဖက လုပ်ခိုင်းတိုင်း ထိုင်းက လုပ်မလား၊ မလုပ်ဘူးလားဆိုတာလည်း စဉ်းစားစရာ အကြောင်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းက ဒီမိုကရေစီ အဖွဲ့အစည်းတွေရော၊ ကျနော်တို့ကိုရော၊ နအဖကိုရော တလျှောက်လုံး ပေါင်းသင်းလာတဲ့အခါကျတော့ ဘယ်သူနဲ့မှ ရန်ဘက်နဲ့ မတရားသောအားဖြင့် တဖက်သတ် ဖိနှိပ်ညှဉ်းပန်းပြီးလုပ်တဲ့ အလေ့အထမရှိဘူး။ အဲဒါကတပိုင်း။ တကယ်လို့ နအဖခိုင်းတိုင်း ဖိအားပေးလာခဲ့မယ်ဆိုရင်တော့ ကျနော်တို့က ကျနော်တို့ ရပ်တည်ချက်၊ ယုံကြည်ချက်ကနေ ရွေ့မယ့်အဖွဲ့အစည်း မဟုတ်ဘူး။”

ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ အဖွဲ့တွေဖြစ်တာကြောင့် ထိုင်းအစိုးရက ဖိအားပေး ဆောင်ရွက်လာ မယ် ဆိုရင်ရော ဘယ်လိုဖြစ်နိုင်မလဲဆိုတာကိုလည်း ထပ်မေးကြည့်ခဲ့ပါတယ်။

“ထိုင်းကနေ ကျနော်တို့ကို တကယ်ပဲ ဖြတ်တောက်ပိတ်ဆို့ပြီး နောက်ဆုံး ကျနော်တို့ရဲ့ အခြေခံ လူမှုအခွင့်အရေးဆိုင်ရာ တွေက အစ ဆောင်ရွက်လာမယ်ဆိုရင် ကျနော်တို့မှာတော့ အကျပ်အတည်း တွေ့နိုင်တယ်။ သို့သော်လည်း ကျနော်တို့ရဲ့ အဓိက ခရိုင် ၇ ခု၊ တပ်မဟာ ၇ ခုက ထိုင်းနယ်စပ်နဲ့ ပတ်သက်နေတာချည်းပဲ မဟုတ်ပါဘူး။ ၇၀% က အတွင်းနဲ့ပဲ ပတ်သက်နေတဲ့ အပေါ်မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ လမ်းရှာပြီး ရပ်တည်သွားမှာပါ။”

ဒါဆိုရင် ထိုင်းက ဘာပဲပြောပြော၊ ဘယ်လိုပဲ ဖိအားပေးပေး မြန်မာစစ်အစိုးရရဲ့ ပြောဆိုချက်ဟာ သက်ရောက်မှုမရှိဘူးလို့ ပြောနိုင်ပါသလားလို့ မေးတော့ …

“အဲဒါကတော့ မှန်ကန်တဲ့ စေတနာ သဘောထားပေါ်မှာ ထိုင်းနိုင်ငံ တကယ်တမ်း အမှန်တကယ်လိုလားတဲ့ မှန်ကန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ စကားပြောမှုမျိုးကို ဆောင်ရွက်မယ်ဆိုရင်တော့ အကျိုးရှိနိုင်တယ်။ သူတို့ မီဒီယာထဲမှာ ဖော်သလို လက်နက်ချခိုင်းဖို့အတွက်သက်သက်၊ ရွေးကောက်ပွဲဝင်ဖို့အတွက် သက်သက်၊ တိုက်တွန်းမှု သက်သက်ပဲဆိုရင်တော့ အဲဒီကိစ္စ ဆောင်မြင်နိုင်ဖို့အကြောင်း မရှိပါဘူး။”

မြန်မာစစ်အစိုးရရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အက်စ်အက်စ်အေ ရှမ်းပြည်တပ်မတော်ဘက်ကတော့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးကို တံခါးဖွင့်ထားတဲ့အတွက် လက်ခံဖို့အသင့်ရှိကြောင်းကိုတော့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ စိုင်မိန်းက အခုလို ပြောသွားပါတယ်။

“ကျနော်တို့ အက်စ်အက်စ်အေအနေနဲ့ ထိုင်းနိုင်ငံက နအဖနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကြားမှာ တွေ့ဆုံနိုင်ရေး အတွက် ထိုင်းအစိုးရ အဆက်ဆက်ကလည်း ကြိုးစားခဲ့ပါတယ်။ အဲဒီစေတနာအပေါ်မှာ ကျနော်တို့ အက်စ်အက်စ်အေ အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဒီလိုမျိုး တွေ့ဆုံဖို့အတွက်လည်း ကျနော်တို့က အမြဲတမ်း လမ်းဖွင့်ထားပါတယ်။ နအဖနဲ့ဆွေးနွေးဖို့လည်း အမြဲတမ်း ကျနော်တို့ ကမ်းလှမ်းခဲ့ဖူးပါတယ်၊ လမ်းဖွင့်ထားပါတယ်။”

အဲဒီလိုတွေ မဖြစ်လာဘဲ မြန်မာစစ်အစိုးရဘက်က လက်နက်ချရေးကိစ္စကိုသာ ဆွေးနွေးလာမယ်ဆိုရင်ရော အက်စ်အက်စ်အေ အနေနဲ့ ဘယ်လိုစဉ်းစားထားပါသလဲလို့ မေးကြည့်တဲ့အခါမှာတော့ …

“ကျနော်တို့ လက်နက်စွန့်ဖို့ကိစ္စတော့ မရှိပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံကလည်း ဒီလိုမျိုးအတွက်တော့ စဉ်းစားမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းနိုင်ငံက တဖက်တလမ်းက ဒီလိုမျိုး မြန်မာ့နိုင်ငံရေးအခြေအနေကို ကူညီချင်တယ်ဆိုရင် သူတို့ဟာ မြန်မာနိုင်ငံရဲ့ ပြဿနာအရင်းအမြစ်ကို သိရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့် ဒီလိုမျိုး ဖိအားပေးလာဖို့ဆိုတာတော့ ထိုင်းအစိုးရအနေနဲ့ ပြန်လည် သုံးသပ်ရမယ်လို့ပဲ မြင်ပါတယ်။”

ဒါပေမဲ့လည်း နယ်စပ်မှာ အခြေစိုက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ထိုင်းနယ်စပ်ကို အမှီပြုပြီး စားနပ် ရိက္ခာကအစ၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေ လုပ်ဆောင်ရတာကြောင့် ထိုင်းနိုင်ငံက မဖြစ်မနေ ဖိအားပေးလာမယ်ဆိုရင် ရော လက်ခံနိုင်မလားလို့ မေးတော့ …

“ထိုင်းနိုင်ငံက ရှမ်းပြည်နဲ့ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ဖြစ်စေ အိမ်နီးနားချင်းနိုင်ငံလည်း ဖြစ်တယ်။ ဒါဟာ အတွင်းရေး နိုင်ငံရေးပိုင်းဖြစ်တဲ့အတွက်ကြောင့် သူတို့ တဘက်တလမ်းက ကူညီဖို့ အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့ ဒီလို ၀င်ရောက် စွက်ဖက်တဲ့အပိုင်းမှာ သူတို့လည်း လုပ်လိမ့်မယ်လို့ ကျနော်တို့ မထင်ပါဘူး။ လုပ်ရင်လည်း ကျနော်တို့ လက်ခံမှာ မဟုတ်ပါဘူး။”

ထိုင်းနယ်စပ်က လူမျိုးစု လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။



REF: ဗွီအိုအေ

Read More...

ကေအန်ယူလက်နက်ချရေး ထိုင်းကို စစ်အစိုးရ ဖိအားပေး

မတ်လ(၂၄) ရက်၊ ၂၀၀၉

ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ကို စံထားသည့် နိုင်ငံဖြစ်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပါအ၀င် တော်လှန်ရေးအဖွဲ့အစည်းများအား ဆိုးဆိုးဝါးဝါးအခြေအနေမျိုးရောက်အောင် တွန်းပို့မည့် နိုင်ငံမဟုတ် ဟု ယုံကြည်ကြောင်း ကေအန်ယူက ပြောသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွင် ထိုင်း-မြန်မာနယ်စပ်မှ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရဘက်က အကူအညီတောင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ယခုကဲ့သို့ ခေတ်ပြိုင်သို့ ပြောခြင်းဖြစ်သည်။

ပဒိုဒေးဗစ်သကဘောက “ဒီကိစ္စနဲ့ပတ်သက်ပြီး အများကစိုးရိမ်နေကြတယ်။ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို စံထားတဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့အပေါ်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်သူလိုမမြင်ဘူး။ ထိုင်းဟာဒီမိုကရေစီကို လေးစားတဲ့ နိုင်ငံဆိုတော့ အဲဒီလို မတရား မမှန်မကန် လုပ်လေ့မရှိဘူး။ မမှန်မကန်လုပ်ရင် တရားမျှတတဲ့ ငြိမ်းချမ်းရေးကို ရမှာမဟုတ်ဘူး။ ရေရှည်မှာ အကျိုးမရှိဘူးဆိုတာ သူတို့နားလည်ပါတယ်။ ထိုင်းနိုင်ငံဟာ နိုင်ငံတကာစံနဲ့ အလုပ်လုပ်တဲ့ အစိုးရဖြစ်တယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်နှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းတို့ တွေ့ဆုံရာတွင် ကေအန်ယူအား နားချပေးရန် ဦးဉာဏ်ဝင်းက တောင်းဆိုခဲ့သည်။

ကာဆစ် မြန်မာနိုင်ငံသွားခြင်းသည် ထိုင်းတွင်သောင်တင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအရေးကို စစ်အစိုးရက မည်သို့ကူညီမည်ဆိုသည့်ကိစ္စ ဆွေးနွေးရန်ဖြစ်သည်။ ရိုဟင်ဂျာကိစ္စအတွက် မြန်မာဘက်က မည်သို့ ထိုင်းအား ကူညီမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ထိုင်းအစိုးရက ဆွေးနွေးပေးရန် စစ်အစိုးရဘက်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ထိုင်းအစိုးရဟာ မြန်မာစစ်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို ထောက်ခံသလို ရုဒ်မက် (၇) ချက်နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလည်း ထောက်ခံပါတယ်။ ကေအန်ယူကို လက်နက်ချရေးကိစ္စအတွက် ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ကျနော် ကတိပေးခဲ့ပါ တယ်။ အဲသလို ဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင်တွေက ကျနော်တို့ကို ယုံကြည်ပုံရပါတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်က ပြောသည်။

ကေအန်ယူက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို မည်သည့်အတွက် လက်မခံနိုင်ကြောင်း မိမိကိုယ်တိုင် ကေအန်ယူပြောသည်ကို ကြားလိုသည်ဟုပါ ကာဆစ်က ပြောသည်။

ပဒိုဒေးဗစ်သကဘော ဆက်ပြောရာတွင် “ထိုင်းဘက်က ဆွေးနွေးလာမယ်ဆိုရင် ကျနော်တို့ဘက်က ငြိမ်းချမ်းတဲ့ နည်းနဲ့ စကားပြောမယ်။ ကျနော်တို့အခြေအနေ၊ တိုင်းပြည်အခြေအနေ၊ လူထုအခြေအနေတွေ ရှင်းပြပြီး အားလုံးအတွက် အကျိုးရှိမယ့် လုပ်ငန်းစဉ်တခုကို ချပြမယ်။ ကျနော်တို့ကတော့ လူထုဆန္ဒနဲ့အညီမဟုတ်ဘဲ နအဖလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုတော့ လုံးဝလက်မခံနိုင်ဘူး။ ၀င်စရာလည်း အကြောင်းမရှိဘူး” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များသည် ကရင်အမျိုးသားအစည်းအရုံးမှ ခေါင်းဆောင်များကို ထိုင်းနိုင်ငံအတွင်းနေထိုင်ခွင့်မပြုဘဲ မိမိတို့တပ်စခန်းများတွင်သာ ပြန်လည်နေထိုင်ရန် ယခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက် နေ့စွဲဖြင့် အသိပေးအကြောင်း ကြားစာ ပေးပို့ခဲ့ပြီးဖြစ်သည်။

ကေအန်ယူ ဒု-ဥက္ကဋ္ဌက လက်ရှိအခြေအနေတွင် မိမိတို့အား ထိုင်းနယ်မြေထဲ လာရောက်ရန် ခွင့်မပြုသော်လည်း ဆေးဝါးကုသခွင့်၊ ခိုလူံခွင့်နှင့် အရေးပေါ်ကိစ္စများကို နိုင်ငံတကာစံအရ ထိုင်းနိုင်ငံက နားလည်ပေးမှုများရှိကြောင်း၊ ယခုကိစ္စတွင် ထိုင်းအမြင်နှင့် ကေအန်ယူအမြင် တူညီမူ မရှိနိုင်သော်လည်း ပဋိပက္ခဖြစ်နိုင်လောက်သည့် အခြေအ နေများ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဟု ယုံကြည်ကြောင်း ဖြည့်စွက်ပြောကြားသည်။



REF: ခေတ်ပြိုင်

Read More...

ကေအန်ယူ ငြိမ်းချမ်းရေး ပြန်ဆွေးနွေးမည်

Tuesday, 24 March 2009

ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ၏ ဒုဥက္ကဌ စောဒေးဗစ် တာကပေါက မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စ စကားပြောရန် ထိုင်းနိုင်ငံက ကြားဝင် တိုက်တွန်းလာပါက လက်ခံမည် ဖြစ်သော်လည်း ပြင်ပ တနိုင်ငံတွင်သာ ဆွေးနွေးရေး ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya က မြန်မာစစ်ခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး နောက် ကေအန်ယူကို မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် တိုက်တွန်းမည်ဟု ပြောကြား လိုက်သည်။

ထိုင်း-မြန်မာ နယ်စပ်တွင် ကေအန်ယူ စစ်သားတယောက်ကို တွေ့ရစဉ် (ဓာတ်ပုံ - Yuzo / The Irrawaddy)

စောဒေးဗစ်တာကပေါက “ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေးအတွက် စကားပြောဖို့ အမြဲ အဆင်သင့် ရှိနေပါတယ်။ ဒါပေမယ့် မြန်မာပြည်တွင်း မှာတော့ မဆွေးနွေးနိုင်ဘူး။ တခြား တနိုင်ငံမှာဆိုရင်တော့ လက်ခံမှာပါ” ဟု ဆိုသည်။

မကြာသေးမီက ထိုင်းစစ်တပ်သည် မဲဆောက်ရှိ ကေအန်ယူ စစ်ခေါင်းဆောင်များကို မြန်မာပြည်ဘက်ခြမ်းသို့ ပြန်နေရန် စာထုတ်ခဲ့သေးသည်။

မြန်မာ့အရေးလေ့လာသူ ကိုအောင်သူငြိမ်းက ယခုကဲ့သို့ ထိုင်းနိုင်ငံဘက်က မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကေအန်ယူအား တိုက်တွန်းမည်ဟု ပြောခြင်းမှာ အာဆီယံမူအရ ဒေသတွင်း နိုင်ငံများ၏ နိုင်ငံရေး ကိစ္စရပ်များတွင် ဝင်ရောက်မစွက်ဖက်ရ ဟူသော အချက်ကို အကောင်အထည်ဖော်ခြင်းနှင့် ထိုင်းနိုင်ငံ၏ စီးပွားရေး ကိစ္စရပ်များကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ယခုလက်ရှိ အနေအထားအရ ထိုင်းနိုင်ငံသည် စီးပွားရေးအခြေအနေ ကျဆင်းမှုနှင့် ရင်ဆိုင်နေရသဖြင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေးနိုင်ခြေရှိသည်ဟု ကိုအောင်သူငြိမ်းက ဆိုသည်။

“ခု မြဝတီ - မဲဆောက် တံတားတစင်းလည်း ထပ်ဆောက်နေတယ်၊ အာရှလမ်းမကြီးလည်း ဖောက်ချင် နေတယ်။ ထိုင်းက သူ့နိုင်ငံရဲ့ စီးပွားရေးဘက်ကို ရပ်မလား ကေအန်ယူဘက်ကို ရပ်မလား ဆိုတာတော့ ပြောရတာ ခက်တယ်” ဟု သူက ဆက်ပြောသည်။

စောဒေးဗစ်တာကပေါကလည်း နှစ်နိုင်ငံကူးသန်းရောင်းဝယ်ရေးကိစ္စ အတွက် နယ်စပ် ငြိမ်းချမ်းရေးရရှိရန် ထိုင်းနိုင်ငံသည် မြန်မာစစ်အစိုးရနှင့် ပြဿနာဖြစ်လိုပုံမရဟု ဆိုသည်။

“စီးပွားရေးအမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီအချက်က ထိုင်းအနေနဲ့ ကေအန်ယူကို မြန်မာစစ်အစိုးရနဲ့ စကားပြောဖို့ ဖိအားပေးတဲ့နေရာမှာ အဓိကကျတယ်” ဟု သူက ပြောသည်။

၁၉၉၀ နောက်ပိုင်းတွင် ကေအန်ယူသည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။ ကွယ်လွန်ခဲ့ပြီဖြစ်သော ကေအန်ယူ၏ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဗိုလ်မြသည် ၂၀၀၅ ခုနှစ်က မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

“အဲဒီတုန်းက သူတို့က လက်နက်ချပြီး ပြန်ဝင်လာဖို့ ပြောခဲ့တယ်။ ဒါပေမယ့် ဒါက ဘယ်ဖြစ်နိုင်ပါ့မလဲ။ စစ်အစိုးရလို တရားဝင်မဟုတ်တဲ့ အစိုးရရဲ့ လက်အောက်မှာ ဘယ်လိုလုပ် ကေအန်ယူက နေလို့ဖြစ်ပါ့မလဲ” ဟု စောဒေးဗစ်တာကပေါက ဆိုသည်။

အကယ်၍ ကေအန်ယူအနေနှင့် မြန်မာစစ်အစိုးရနှင့် နိုင်ငံတွင်း၌ တွေ့ဆုံဆွေးနွေးရန် သဘောတူညီလိုက်ပါက စစ်အစိုးရက အသာစီးယူ၍ ပြောဆိုမည်ဖြစ်ပြီး တရားမျှတသော ဆွေးနွေးမှု မဖြစ်နိုင်ဟု သူကဆက်ပြောသည်။ ၎င်း၏ အတွေ့အကြုံအရ ယခင် ပြည်တွင်းဆွေးနွေးမှုများမှာလည်း တရားမျှတမှုမရှိခဲ့ဟု ဆိုသည်။

ကေအန်ယူ ငြိမ်းချမ်းရေးယူလိုက်ပါက တခြားသော အတိုက်အခံ အဖွဲ့အစည်းများအနေနှင့် အကြပ်အတည်း တွေ့နိုင်သော်လည်း မြန်မာစစ်အစိုးရသည် ကေအန်ယူ အဖွဲ့အစည်း တခုလုံး ညီညီညွတ်ညွတ်နှင့် တစုတစည်း တည်း ငြိမ်းချမ်းရေး ယူသည့် အနေအထားကို လိုလားလိမ့်မည်မဟုတ်ဟု ကိုအောင်သူငြိမ်းက သုံးသပ်သည်။

“သူတို့ကတော့ သွေးခွဲအုပ်ချုပ်တဲ့ ပုံစံကို သုံးမှာပဲ။ တချို့နေရာတွေမှာ အကြပ်အတည်း ဖြစ်အောင် လုပ်မယ်၊ တချို့ကိုကျတော့ အခွင့်အရေးပေးမယ်ဆိုတာမျိုး လုပ်မှာပဲ။ တပ်မဟာလိုက် ခွဲပြီး စည်းရုံးမယ်လို့ ယူဆရတယ်” ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံသည် မြန်မာစစ်အစိုးရနှင့် ကေအန်ယူကြားတွင် ယခင်ကတည်းက ဝင်ရပ်ခဲ့ဖူးပြီး ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်ကလည်း အိမ်ရှင်အဖြစ် လက်ခံဆွေးနွေးခဲ့ခြင်းမျိုး လုပ်ပေးခဲ့ဖူးသည်ဟု ကိုအောင်သူငြိမ်းက ဆက်ပြောသည်။ ထိုင်းနိုင်ငံအနေနှင့် မြန်မာနိုင်ငံအရေးကို ပိုမိုကောင်းမွန်လာရန် ကူညီနိုင်သော အနေအထား ရှိသည်ဟုလည်း သူက သုံးသပ်သည်။

“ထိုင်းအစိုးရအနေနဲ့ တဘတ်သက် မဟုတ်ဘဲ စေတနာမှန်မှန်နဲ့ ဝင်လုပ်မယ် ဆိုရင်တော့ ကောင်းသွား နိုင်တယ်” ဟု သူက ပြောသည်။



အေးချမ်းမြေ့
REF: ဧရာဝတီ

Read More...

ပါတီခေါင်းဆောင်များ တွေ့ဆုံခွင့်ရရေး အန်အယ်ဒီက စစ်အစိုးရကို တောင်းဆို

မြင့်မောင်

အင်္ဂါနေ့၊ မတ်လ 24 2009

နယူးဒေလီ (မဇ္ဈိမ)။ ။ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခွင့်ရရန် ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီက မြန်မာစစ်အစိုးရထံ တောင်းဆိုလိုက်သည်။

နိုင်ငံရေးအရ အရေးကြီးချိန်ဖြစ်သဖြင့် ပါတီဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် ယခုလ ၁၉ ရက်နေ့က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ - နအဖ ဥက္ကဋ္ဌထံ လိပ်မူကာ စာရေးသား တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အန်အယ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ယနေ့ ပြောဆိုသည်။

“အားလုံး သိနေကြတာပဲ။ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ အစိုးရက ကြေညာထားတယ်။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စဉ်းစားသုံးသပ်ဖို့ လိုတာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အကြောင်းကြားထားသော်လည်း ယခုအချိန်အထိ တုံ့ပြန်မှု တစုံတရာ မရှိသေးကြောင်း သိရသည်။

ဦးဉာဏ်ဝင်းက “တောင်းဆိုချက်အတိုင်း ရလာရင် ကျနော်တို့ လုပ်ဆောင်ရမှာပေါ့။ ရမလာရင် အဓိပ္ပာယ် တမျိုးရသွားတယ်။ ကျနော်တို့ တမျိုး စဉ်းစားရမှာပဲ” ဟု ပြောသည်။

အန်အယ်ဒီက ယခုလို တောင်းဆိုမှုမျိုး ပြုလုပ်နေချိန်မှာပင် အာဏာပိုင်များက အတိုက်အခံ လှုပ်ရှားသူများကို ထောင်ဒဏ်များ ယမန်နေ့က ချမှတ်ခဲ့သည်။

အန်အယ်ဒီ အဖွဲ့ဝင်များ၊ လေဘေးဒုက္ခသည်အရေး ကူညီသူများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ် ၅ ဦး အပါအ၀င် ၁၃ ဦးကို အင်းစိန်ထောင်တွင်း အထူးတရားရုံးများမှ ယမန်နေ့က ထောင်ဒဏ်များ ချခဲ့သည်။

အန်အယ်ဒီ လူငယ် မထက်ထက်အိုးဝေ၊ ကိုဝင်းမြင့်မောင် (ခေါ်) ပဲပြုပ်နှင့် ကိုထွန်းထွန်းဝင်းတို့ကို အရေးပေါ် စီမံမှုအက်ဥပဒေဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံး တရုံးဖြစ်သည့် ဗဟန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချခဲ့သည်။

သူတို့မှာ ၂၀၀၈ ခု ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အန်အယ်ဒီ ဗဟိုရုံးချုပ်ရှေ့မှ စတင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပိုစတာများ ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြသဖြင့် အဖမ်းခံခဲ့ရသည်။

အလားတူပင် နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်များကို ကူညီသဖြင့် မတင်တင်ချို၊ မယဉ်ယဉ်ဝိုင်း၊ ကိုမြတ်သူနှင့် မနီမိုးလှိုင်တို့ကို ရန်ကုန် လ္ဘက်ရည်ဆိုင်တဆိုင်မှ ၂၀၀၈ ခု ဇွန်လ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး၊ ယမန်နေ့က တရားမ၀င် အသင်း အားပေးကူညီမှုဖြင့် ထောင်ဒဏ် ၃ နှစ်စီ ချသည်။

ထို့အပြင် ၂၀၀၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင် ၈၈ ကျောင်းသားများနှင့် ပူးတွဲကာ စာရွက်စာတမ်း ဖြန့်ဝေရန် ကြိုးစားခဲ့သူ ရန်ကုန်မှ လူငယ် ၆ ဦးကိုလည်း အနည်းဆုံး ထောင်ဒဏ် ၂ နှစ်မှ ၇ နှစ်အထိ ပြစ်ဒဏ်ချခဲ့သည်။

ကိုအောင်အောင်ကျော်နှင့် ကိုဇေယျဦးကို နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှု အပါအ၀င် ပုဒ်မ နှစ်ခုဖြင့် ၇ နှစ်၊ ကိုထင်အောင်၊ ကိုသန်းထွန်းဇင်နှင့် ကိုတင်ထွန်း ကို တရားမ၀င် အသင်း ဖွဲ့စည်းမှုဖြင့် ၅ နှစ်၊ ၈၈ ကျောင်းသားဟောင်း ကိုမျိုးသန့်ကို နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှုဖြင့် ထောင်ဒဏ် ၂ နှစ်အဖြစ် မြောက်ဥက္ကလာပ တရားရုံးက ချမှတ်ခဲ့ခြင်းဖြစ်သည်။



REF: မဇ္ဈိမ

Read More...

Tuesday, March 24, 2009

PDC News Commentary - March 2009

Read More...

ကရင်သူပုန်များကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ရန် ထိုင်းက ဖျောင်းဖျမည်

ဥဆာ ဖိချိုင်း

အင်္ဂါနေ့၊ မတ်လ 24 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်အစိုးရက မေတ္တာရပ်ခံခဲ့ပြီးနောက် ထိုင်းအစိုးရက ကရင်အမျိုးသား အစည်းအရုံးနှင့် တွေ့ဆုံ ဆွေးနွေးကာ အမျိုးသား ရင်ကြားစေ့ရေး အစီအစဉ်တွင် ပါဝင်ရန်နှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေး ဖျောင်းဖျရန် သဘောတူခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ဖိရူမ်း (Kasit Piromya) က သူ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တနင်္လာနေ့က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာ၊ မြန်မာ အဆင့်မြင့် အရာရှိကြီးများက ထိုင်းအစိုးရကို တိုင်းရင်းသား သူပုန်တပ်ဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပေးရန် မေတ္တာ ရပ်ခံခဲ့သည်ဟု ဆိုသည်။

“ကေအန်ယူသည် စစ်အစိုးရ၏ အမျိုးသား ရင်ကြားစေ့ရေး အစီအစဉ်တွင် မပါဝင်သေးကြောင်း၊ အကယ်၍ ဆွေးနွေးပွဲ အောင်မြင်ပါက ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ပြဿနာများကိုလည်း ပြေလည် သွားစေလိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း” ဟု မစ္စတာ ကဆစ်က ထိုင်းနိုင်ငံ အမျိုးသား သတင်းဗျူရိုသို့ တယ်လီဖုံးမှတဆင့် အင်တာဗျူး ဖြေကြားရာတွင် ပြောကြားသွားသည်။

သို့သော် ဆွေးနွေးမည့် အစီအစဉ်ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါ၊ ဤကိစ္စသည် အမျိုးသား လုံခြုံရေးကိစ္စနှင့် ဆက်စပ်နေသဖြင့် ပြော၍ မဖြစ်ကြောင်း သူက ပြောသည်။

ကရင် အမျိုးသားအစည်းအရုံး - ကေအန်ယူ နှင့် ရှမ်းပြည်တပ်မတော် - အက်စ်အက်စ်အေ တို့သည် စစ်အစိုးရ၏ ဒီမိုကရေစီသို့ ကူးပြောင်းရေးအဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံကို လက်မခံဘဲ လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲကို ဆက်လက် ဆင်နွှဲလျက်ပင် ရှိသည်။

စစ်အစိုးရက ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပြောကြားရာတွင်၊ မြန်မာအစိုးရနှင့် အတိုက်အခံ ပါတီများသည် ယင်းတို့ အတူတကွ လက်တွဲ ဆောင်ရွက်နိုင်မည့် ဘုံဖြေရှင်းနည်း တရပ်ကို လောလောဆယ် ရှာဖွေလျက်ပင် ရှိသေးကြောင်းဖြင့် မစ္စတာ ကဆစ်က ပြောသည်။

သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းကမူ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ ပတ်သက် ဆက်နွယ်နေသူအားလုံး ရှင်းရှင်းလင်းလင်းနှင့် မျှမျှတတ ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ် မရှိကြောင်း ပြောကြသည်။

ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာများ၏ ပြဿနာနှင့် စပ်လျဉ်း၍လည်း ဝန်ကြီးက ရှင်းလင်း ပြောကြားရာတွင် သူတို့ကို မြန်မြန်ဆန်ဆန် နိုင်ငံရင်းသို့ ပြန်လည် ခေါ်ယူနိုင်ရေးအတွက် ခိုလှုံခွင့် လျှောက်ထားသူများ၏ နိုင်ငံသားကိစ္စ လာရောက် စိစစ်ပါရန် မြန်မာအာဏာပိုင်များကို သူ ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ၊ အဆိုပါ လှေစီး ဒုက္ခသည်များကို ထိုင်းနိုင်ငံက ကြမ်းတမ်းစွာ ပြုမူဆက်ဆံခဲ့သည် ဟူသော စွပ်စွဲချက်များကိုမူ ငြင်းဆိုသွားခဲ့သည်။ ဤကိစ္စသည် ဒေသတွင်း အရေးပါသော ပြဿနာတရပ် ဖြစ်လာခဲ့သည်။

လှေစီးဒုက္ခသည်များကို ပုံမှန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး၊ ထိုင်းနိုင်ငံအနေဖြင့် သူတို့အား လူသားချင်း စာနာသည့် အကူအညီများ ပေးအပ်ရန်ကိုသာ အာရုံစိုက် ဆောင်ရွက်နေသည်ဟု မစ္စတာ ကဆစ်က ပြောသည်။

ယခင် ရာထူးမှ ထုတ်ပယ်ခံရသော ထိုင်းဝန်ကြီးချုပ် ထပ်ဆင် ရှင်နဝတ် (Thaksin Shinawatra) လက်ထက်က ထိုင်းထုတ်ကုန်သွင်းကုန် ဘဏ်မှတဆင့် မြန်မာအစိုးရသို့ ပေးအပ်ခဲ့သည့် အငြင်းပွားဖွယ် ဘတ်ငွေ ၄ ဘီလျံ (အမေရိကန် ဒေါ်လာ ၁၁၄ သန်း) ချေးငွေကိစ္စနှင့် စပ်လျဉ်း၍ ဆက်လက် ပြောကြားရာတွင်၊ ဤချေးငွေကို ရန်ကုန်ရှိ ထိုင်းဘုရင့် သံရုံးမှတဆင့် မြန်မာအစိုးရက မှန်မှန် ပြန်လည် ပေးဆပ်လျက်ရှိကြောင်း၊ ”ဤလာဘ်စားမှုသည် ထိုင်းနိုင်ငံ၏ ပြဿနာ သက်သက်သာ ဖြစ်ကြောင်း” မစ္စတာ ဖိရူမ်းက ဆက်ပြောခဲ့သည်။

သူသည် မြန်မာနိုင်ငံသို့ တနင်္ဂနွေနေ့နှင့် တနင်္လာနေ့က ၂ ရက်ကြာ တရားဝင် အလည်အပတ်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပြီး၊ အဆိုပါ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် အဖိဆစ် ဝေ့ခ်ျချာချီဝ (Abhisit Vejjajiva) ၏ တရားဝင် ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ရန်နှင့် မိမိကိုယ်မိမိ မိတ်ဆက်ခြင်း၊ နှစ်နိုင်ငံ အကျိုးတူကိစ္စများ ဆွေးနွေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့သည်။

ခရီးစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ဆဲဖြစ်သည့် လုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ပြီး၊ ထိုလုပ်ငန်းများတွင် ဆိုင်ကလုံးနာဂစ်ဒဏ်ခံ ဒုက္ခသည်များအား နောက်ထပ် အကူအညီပေးရေး ကိစ္စများလည်း ပါဝင်သည်။



REF: မဇ္ဈိမ

Read More...

ကာတာမှမြန်မာလူငယ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအမျိုးဟု သံသယဖြစ်ခံရ

မတ်လ(၂၄) ရက်၊ ၂၀၀၉

ကာတာနိုင်ငံ၏ ပုဂ္ဂလိကပိုင်ကလေးကစားကွင်း Operator အဖြစ်အမှုထမ်းနေသည့် တောင်တွင်းကြီးသား ၀င်းကိုကို ဆိုသူသည် ဆက်လက်နေထိုင်ခွင့်သက်တမ်း (၃) နှစ်တိုးရန် အီဂျစ်နိုင်ငံ၊ မြန်မာသံရုံးသို့ ကာတာဘဏ်မှ ငွေလွှဲစဉ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဆွေမျိုးတော်စပ်နေသည်ဟု ဘဏ်မှသံသယရှိသဖြင့် သက်တမ်းတိုးခွင့် ကြန့်ကြာခဲ့ကြောင်း စုံစမ်းသိရသည်။

ဝင်းကိုကိုနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မည်သို့မျှ အမျိုးတော်စပ်ခြင်း မရှိကြောင်း ကာတာဘဏ်သို့ ခိုင်လုံသော အထောက်အထားများ တင်ပြပြီးမှသာ ကာတာဘဏ်မှ ခွင့်ပြုသဖြင့် အီဂျစ်နိုင်ငံ မြန်မာသံရုံးသို့ သက်တမ်းတိုး ငွေလွှဲလိုက်နိုင်ကြောင်း သိရသည်။

“၀င်းကိုကိုနဲ့ ကျနော်က အလုပ်အတူတွဲလုပ်နေတာ။ တခန်းတည်းပဲ။ တနှစ်ခွဲကျော်ကြာတယ်။ ကျနော်တို့က မြန်မာပြည်ကိုခွင့်နဲ့ ပြန်မလာခင် သက်တမ်းတိုးထားခဲ့ရတယ်။ သက်တမ်းလက်ကျန် (၆) လရှိမှ ပြန်ဝင်လို့ရမှာကိုး။ ဒီတော့ ကာတာ Commission Bank မှာ ငွေသွင်းလိုက်တယ်။ ငွေသွင်းပြီးမှ နိုင်ငံကူးလက်မှတ် လှမ်းလွှဲရမှာ။ အဲဒီမှာ ၀င်းကိုကို အမည်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမျိုးအဆွေဖြစ်တာကြောင့် အီဂျစ်သံရုံးကို ငွေလွှဲမပေးနိုင် ဘူးဖြစ်ရော။ အဲဒီဘဏ်က အမေရိကန်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ဘဏ်။ အဲဒီကိစ္စ မဟုတ်မှန်တဲ့အကြောင်း ကာတာဘဏ်မှာ သွားဖြေရှင်းရရော။ အဲလို ဖြေရှင်းနေတာရယ်၊ စာပြန်ပို့တာရယ်က တလကြာသွားတယ်။ သူနဲ့အတူ တွဲလျှောက်တဲ့ နှစ်ယောက်က ရသွားတယ်” ဟု မကြာခင်က ကာတာမှပြန်လာသော ကိုအောင်မင်းက ရှင်းပြ၏။

ကာတာနိုင်ငံတွင် အမှုထမ်းနေသော မြန်မာအလုပ်သမားများသည် ဆက်လက်နေထိုင်လိုက သက်တမ်းတိုး (၃) နှစ်အတွက် အီဂျစ်သံရုံးသို့ ရီရဲ (၁၇၀၀) ပေးဆောင်ရကြောင်း၊ ကာတာတွင် မြန်မာသံရုံးမရှိသည့်အတွက် ကာတာဘဏ်သို့ ငွေသွင်းကာ အီဂျစ်ရှိ မြန်မာသံရုံးသို့ ငွေလွှဲရကြောင်း၊ ငွေလွှဲပြေစာနှင့် အတူ နိုင်ငံကူးလက်မှတ် ကို သံရုံးသို့ ပူးတွဲပို့ပေးရကြောင်း၊ ၀င်းကိုကိုသည် အထက်ပါအခက်အခဲများ ပြေလည်အောင် ဖြေရှင်းပြီးနောက် ဖေဖော်ဝါရီလအတွင်း မြန်မာပြည် ပြန်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

“အမေရိကန်က သူနဲ့ပတ်သက်နေတဲ့ ဘဏ်အားလုံးကို အကြောင်းကြားထားတယ်။ ဦးသန်းရွှေအပါအ၀င် နအဖခေါင်းဆောင်ပိုင်း ဆွေစဉ်မျိုးဆက်တွေရဲ့ Bank Account တွေကို ပိတ်ထားတယ်။ အမှန်မှာ ၀င်းကိုကို ဖြစ်သွားတာက နာမည်တူရုံသက်သက်ပါ။ နိုင်ငံကူးလက်မှတ်တို့၊ ဓာတ်ပုံအထောက်အထားတို့ သေချာမစစ်ဆေးလို့ ဖြစ်တာပါ” ဟု ကိုအောင်မင်းက ပြောသည်။



အောင်ထက်
REF: ခေတ်ပြိုင်

Read More...

ပြည်ထောင်စုနဲ့ ဘုံရန်သူ - ဗိုလ်ထက်မင်း

မတ်လ(၂၃) ရက်၊ ၂၀၀၉

တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ တန်းတူအခွင့်အရေး ရရှိရေးဟာ အထူးအရေးတကြီး လိုအပ်ပါတယ်။ ဒါ့ကြောင့် စစ်အာဏာရှင်တွေဟာ ဒါကို ဒို့တာဝန် အရေးသုံးပါးအနေနဲ့ အသံကောင်းဟစ်ကာ ကြွေးကြော်ပြနေပါတယ်။ ဒါပေမယ့် အတိတ်သမိုင်းကို ပြန်ပြောင်းကြည့်ရင်း လက်တွေ့ကျကျ သိရှိနိုင်စေဖို့နဲ့ ပြည်ထောင်စုရဲ့  ဘုံရန်သူကို မျက်နှာဖုံးခွာချကာ ဖော်ထုတ်ပြီး တိုင်းရင်းသား ပြည်သူလူထုအားလုံး အချိန်မီ လက်ချင်းချိတ်နိုင်ကြဖို့ ဒီဆောင်းပါးကို ရည်ရွယ်တင်ဆက်လိုက် ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ မူဆယ်တွင် ကကလှမ်းက ဒု-ဗိုလ်မှူးကြီးတင်ဝင်းနဲ့ KIA ခေါင်းဆောင်တွေ စတင်တွေ့ဆုံ ခဲ့ပါတယ်။ KIA က DAB အနေနဲ့ တွေ့မယ်လို့ ပြောခဲ့တာကို န၀တက လက်မခံခဲ့လို့ အဆင်မပြေ ဖြစ်ခဲ့ကြပါတယ်။ တခါ ၁၉၉၄ ခုနှစ်မှာ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များဖြစ်တဲ့ Dr Saboi John (Christian Religious Leader), U Khun Myat (Businessman) and U La Won (Former Ambassador) တို့ဟာ ကကလှမ်းကို KIA အနေနဲ့ ကြားခံ သွားရောက်ဆက်သွယ်ကာ တွေ့ဆုံခဲ့ပါတယ်။

KIA တဖွဲ့တည်းအနေနဲ့ ဆွေးနွေးဖို့ကို သဘောတူညီချက်ရခဲ့ပြီး လားရှိုးမှာ ကကလှမ်း ဒု-ညွှန်မှူး ဗိုလ်မှူးချုပ် ကျော်ဝင်းနဲ့ အဖွဲ့တို့ကို KIA ခေါင်းဆောင်တွေက တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီနောက် KIA ခေါင်းဆောင် ဗိုလ်ချုပ်ဘရန်ဆိုင်း ကွယ်လွန်ရာ ဗိုလ်ချုပ်ဇော်မိုင်က ဆက်လက်ညှိနှိုင်း လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလို ၁၉၉၄ က တွေ့ဆုံဆွေးနွေးခဲ့စဉ်မှာ ဗိုလ်ခင်ညွန့်အနေနဲ့ မှတ်ချက်ပြုခဲ့တာကတော့ KIA ဟာ ကချင်အမျိုးသား တွေရဲ့  ခေါင်းဆောင်မှုကို ရနိုင်ခဲ့ရင်၊ ကချင်ပြည်သူတွေကို စည်းရုံးနိုင်ခဲ့ရင် အမျိုးသား ညီလာခံမှာ ဆွေးနွေးညှိနှိုင်း ကြပြီးရင်တော့ တချိန်ချိန်မှာ KIA ခေါင်းဆောင်တွေအနေနဲ့ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

KIA အဖွဲ့မှာ ပညာတတ်ဘွဲ့ရ အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သူ၊ အမြော်အမြင်ကြီးသူတွေ ပါဝင်ပြီး သူတို့အဖွဲ့ရဲ့  တပ်ဖွဲ့စည်းပုံကို စစ်တပ်ပုံစံ War Establishment ဖြင့် စနစ်တကျ ဖွဲ့စည်းထားတဲ့အပြင် န၀တကို လိမ္မာပါးနပ်စွာ နည်းမျိုးစုံနဲ့ ချဉ်းကပ်ခဲ့တာမျိုး၊ အပျော့ဆွဲ လိုရာတောင်းဆိုတာတဖုံနဲ့ စည်းရုံးလှုပ်ရှားခဲ့ကြပါတယ်။

KIA အနေနဲ့ နယ်မြေ (၄) ခုကို စတင်တောင်းခဲ့ရာ ပထမတော့ န၀တက ခွင့်မပြုချင်ခဲ့ပေမယ့် ကျောက်စိမ်းနယ်မြေ၊ ဖားကန့် ဧရိယာနဲ့ နီးတဲ့ နယ်မြေတခုကို ပေးလိုက်ရကာ ထိုးကျွေးပြီး နိုင်ငံရေး အမြတ်ထုတ်ဖို့ န၀တက ကြံစည်ခဲ့ပါတယ်။

အရေးကြီးတဲ့ အတွင်းရေးတခုကတော့ န၀တကို KIA က “ငြိမ်းချမ်းရေးစာချုပ် တရားဝင်ချုပ်ဆို လက်မှတ်ထိုးပြီး ကချင်သမိုင်းမှာ မှတ်တမ်းမှတ်ရာ ထားချင်ကြောင်း၊ ကချင်လူထု ကို တချိန်မှာ ပြချင်ကြောင်း” လိမ္မာပါးနပ်စွာ ပြောဆိုခဲ့ပါတယ်။ န၀တဟာ မထိုးချင် ထိုးချင်နဲ့ ဒါကို ငြင်းလို့မရဘဲ လိုက်လျော ပေးခဲ့ရပါတယ်။ အဲဒီနောက် KIA ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မိုင် ကို န၀တဘက်က တိုင်းမှူးနှစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်စောလွင်နဲ့ ဗိုလ်ချုပ်အေးကျော်တို့ဟာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ကြိတ်ပြီး လက်မှတ်ထိုးပေးခဲ့ရပါတယ်။ န၀တက ဒီစာချုပ်ကို လျှို့ဝှက်ထားပေးဖို့နဲ့ တခြားအပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ သိသွားရင် အားလုံးက စာချုပ်ချုပ်ဖို့ ထပ်မံတောင်းဆိုလာနိုင်လို့ ဖုံးဖိထားဖို့ ပြောခဲ့ပါတယ်။

ဒီလို ပြောခဲ့တာကိုထောက်ရင် လက်နက်ကိုင် တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေးလုပ်ကတည်းက စစ်ခေါင်းဆောင် တွေရဲ့  မရိုးသားမှု၊ တိုင်းရင်းသား အခွင့်အရေးတွေကို ချုပ်ကိုင်ထားလိုမှုနဲ့ နိုင်ငံရေး အမြတ်ထုတ်လိုမှု သက်သက်တာဖြစ်ကြောင်းကို သိရှိနိုင်ပါတယ်။

ဒီလို စာနဲ့ပေနဲ့ ချုပ်ဆိုခဲ့တာတောင်မှ အမျိုးသားညီလာခံမှာ KIA အပါအ၀င် အပစ်ရပ်တိုင်းရင်းသား အဖွဲ့တွေရဲ့  တိုင်းရင်းသားအခွင့်အရေး တောင်းဆိုချက်တွေကို စစ်အာဏာရှင်တွေဟာ အရေးမစိုက် မလိုက်လျောတဲ့အတွက် ဒီစာချုပ်နဲ့ နအဖကို ပြန်ကိုင်ဖို့ လိုအပ်နေပြီလို့ သတိပေး ပြောကြားလိုပါတယ်။ အမျိုးသားညီလာခံ တက်နေတုန်း မှာ ရှမ်းပြည်မြောက်ပိုင်းရှိ KIA စခန်းကို တပ်က ၀င်ရောက်ပစ်ခတ်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နအဖရဲ့  နိုင်ထက်စီးနင်းလုပ်ရပ်ကို သဘောပေါက်ဖို့သင့်ပါတယ်။

တိုင်းရင်းသားတွေကို မျှော်လင့်ချက်တွေ အမျိုးမျိုးပေးခဲ့တဲ့ ကကလှမ်း အကြီးအကဲ ဗိုလ်ခင်ညွန့်ကို ဖြုတ်လိုက် ကတည်းက အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ အခြေအနေကို သုံးသပ်သင့်ပြီး စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ရရှိဖို့ စစ်အာဏာရှင်တွေကို တညီတညွတ်တည်း ဖိအားပေး တောင်းဆိုတိုက်ပွဲ ၀င်ဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါတယ်။

အခုအခါ နအဖဟာ KIA က ခွဲထွက်လာတဲ့ ဗိုလ်မှူးကြီး လဆန်အောင်ဝါတို့ကို ပြန်ပေါင်းဖို့ သဘောရိုးထက် သွေးထိုး ခွဲခြားဖို့ကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ တကယ်တမ်းပြောရရင် စစ်အာဏာရှင်တွေ အနေနဲ့ တချိန်တုန်းက KIA နဲ့ NMSP အဖွဲ့တွေကို အခြားအပစ်ရပ် အဖွဲ့တွေနဲ့ မတူဘဲ လိုက်လျောဆက်ဆံခဲ့တဲ့ အဓိက အကြောင်းရင်းရှိခဲ့ပါတယ်။ ဒါကတော့ KNU ကို အဓိက ရန်သူအဖြစ် ပစ်မှတ်ထားနေရလို့ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ KNU ရှိရာ လွတ်မြောက်နယ်မြေကို ကျောင်းသားအင်အားစုတွေ ထောင်သောင်းနဲ့ ချီပြီး ရောက်နေသလို လွှတ်တော် ကိုယ်စားလှယ်များလည်း ရောက်လာခဲ့လို့ အင်အားတောင့်တင်းခဲ့ပါတယ်။ KIA နဲ့ NMSP ဟာ KNU ခေါင်းဆောင် ဗိုလ်ချုပ်မြ ဦးစီးတဲ့ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF နဲ့ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် DAB တို့မှာ အရေးပါ အားထားရတဲ့နေရာတွေကို ကိုင်တွယ် ထားတာမို့ အင်အားတောင့်တင်းနေ တဲ့ KNU ကို ဖြိုခွဲချင်တာကြောင့် KIA နဲ့ NMSP ကို နအဖက ဖဲ့ထုတ်ခဲ့တာ ဖြစ်ပါတယ်။

KIA နဲ့ NMSP တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြီးစိုးတဲ့ ဒေသနေရာတွေဟာလည်း မြန်မာပြည်ရဲ့  ထိပ်ပိုင်းနဲ့ အောက်ပိုင်းမှာဖြစ်သလို ပင်လယ်ထွက်ပေါက်၊ နယ်စပ်ထွက်ပေါက် အချက်အချာကျတဲ့ နေရာတွေ ဖြစ်နေလို့ ထိန်းချုပ်ကိုင်တွယ်ထားနိုင်တာမို့ သူတို့ကို အလွတ်မပေးရဲဘဲ နိုင်ငံရေး မဟာဗျူဟာအရ စစ်အာဏာရှင်တွေဟာ လိုက်လျောပြီး စည်းရုံးဆက်ဆံခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် KIA ကို ၁၉၉၄ ခုနှစ်၊ NMSP ကို ၁၉၉၅ ခုနှစ်တွေမှာ စည်းရုံးသိမ်းသွင်းကာ ငြိမ်းချမ်းရေးကို ကိုယ်ကျိုးစီးပွားနဲ့ မက်လုံးပေးပြီး နိုင်ငံရေးအရ စစ်အာဏာရှင်တွေက ထိန်းချုပ်ကစားခဲ့ပါတယ်။ ဆွေးနွေးပွဲ ကိုတော့ မော်လမြိုင် ရတခမှာ ကကလှမ်း ဒု-ညွှန်မှူး၊ တိုင်းမှူးတို့နဲ့ အတူ ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာရှင်တွေအနေနဲ့ NMSP ကို လိုက်လျောဆက်ဆံခဲ့ရတဲ့ နောက်တချက်က နအဖရဲ့ အသက် သွေးကြောဖြစ်တဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ မွန်ပြည်သစ်ရဲ့  ဧရိယာနယ်မြေ အတွင်းမှာ ရှိလို့ လုံခြုံရေးအတွက် မချစ်ဘဲ အောင့်နမ်းခဲ့တာ ဖြစ်ပါတယ်။ KNU ကိုထိန်းချုပ်ဖို့ KIA နဲ့ NMSP တို့ကို စစ်ခေါင်းဆောင်တွေက ကနဦးမှာ လိုက်လျောဟန်ဆောင်ကာ မစားရ ၀ခမန်း ပြောခဲ့ပေမယ့် DKBA ကို ခွဲထုတ်ပြီး နယ်စပ်တွေမှာ ထိန်းချုပ် ချထားနိုင်ချိန်မှာတော့ NMSP ကို တခြားငြိမ်းချမ်းရေး အဖွဲ့တွေနဲ့ လှည့်တိုက်တဲ့အထိ အတင့်ရဲစွာ လုပ်လာနိုင်ခဲ့ပြီ ဆိုတာကို သတိပြုကြဖို့ လိုပါတယ်။ နအဖရဲ့  ဘီလူးခေါင်း ခွာချပြပုံက NMSPရဲ့  ထမင်းအိုးဖြစ်နေတဲ့ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို KNLA ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်ထိန်မောင်အဖွဲ့ အား ပေးလိုက်တာပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဇာတိရုပ်ပေါ်လာတဲ့ နအဖကိုလည်း အမျိုးသား ညီလာခံတွင် NMSP က လေ့လာသူ အဆင့်သာ တက်ရောက်ပြီး တုံ့ပြန်ခဲ့ပါတယ်။ နှစ် (၅၀) ပြည့် မွန်ပြည်သစ်ပါတီ အခမ်းအနားမှာလည်း မွန်ခေါင်းဆောင်တွေက ၂၀၁၀ ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး အခြေခံဥပဒေ ပြဋ္ဌာန်းချက် အချို့ကို ပြန်လည် ဆွေးနွေးပေးဖို့ နအဖကို တောင်းဆိုခဲ့ပါတယ်။

KIA နဲ့ NMSP တို့အနေနဲ့ အာဏာသိမ်းထားတဲ့ တရားမ၀င် စစ်အာဏာရှင်တွေ လက်ထဲမှာတောင် အမျိုးသားညီလာခံမှာ တင်ပြတောင်းဆိုချက်အား ဂရုမစိုက်ဘဲ ကတိ ဖောက်ဖျက်နေတာကို သင်ခန်းစာ ယူပြီး တရားဝင် အစိုးရဖြစ်ဖို့ ကိုယ့်ဘာသာကိုယ်ရေး၊ ကိုယ့်ဘာသာကိုယ် အတည်ပြုထားတဲ့ ဥပဒေနဲ့ ဒီရွေးကောက်ပွဲကြီး ကိုသာ ဆင်နွှဲခွင့် ပေးလိုက်မယ်ဆိုရင်တော့ အနာဂတ်အတွက် မတွေးရဲစရာ ဖြစ်မှာ သေချာသလောက် ဖြစ်တယ်ဆိုတာကို သိမြင်ဖို့ လိုပါတယ်။

အပစ်ရပ်တွေထဲမှာ အင်အားရှိတဲ့ KIA နဲ့ NMSP တို့သာ စစ်အာဏာရှင်တွေကို ရဲရဲဝံ့ဝံ့ ဆန့်ကျင်စိန်ခေါ်ပြီး စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ တွန်းအားပေးမယ်ဆိုရင် တခြားအဖွဲ့ငယ်တွေလည်း လိုက်ပါနိုင်ကာ မြန်မာ့နိုင်ငံရေး တမျိုးတဖုံဖြစ်လာနိုင်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားသွန်ခွန်စိုက်လုပ်ချင်ပြီး တိုင်းရင်းသားတွေနဲ့ အဆင်ပြေတဲ့ ဗိုလ်ခင်ညွန့်ကို ထောက်လှမ်းရေးဆိုတဲ့ အမဲစက်နဲ့ ပြည်သူကို အရေးယူပြကာ တကောင်ထိုးကျွေးပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူတွေနဲ့ အပစ်မရပ် တိုင်းရင်းသားတွေ အားလုံးကို သုံးကောင်စား တော့မယ့် ဗိုလ်သန်းရွှေရဲ့  “ကင်းပေါက်” အကွက်ကို အားလုံးဝိုင်းပိတ်ထားကြဖို့ အရေးကြီးဆုံး အချိန်ကို ရောက်နေပြီ ဖြစ်ပါတယ်။ ဘုံရန်သူ စစ်အာဏာရှင်တစုကို ဖြုတ်ချဖို့ အပစ်ရပ်ရော၊ အပစ်မရပ်ရော၊ တိုင်းရင်းသား လုပ်သားပြည်သူတရပ်လုံး လက်တွဲညီညီ ပူးပေါင်းချိတ်ဆက်ကာ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရန် အားကုန်ကြိုးပမ်းကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။



ဗိုလ်ထက်မင်း
REF: ခေတ်ပြိုင်

Read More...

လူမျိုးစုလက်နက်ကိုင်များနဲ့ ဆွေးနွေးနိုင်ရေး မြန်မာစစ်အစိုးရ ထိုင်း အကူအညီတောင်း

23 March 2009

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည်တွေအရေး ဖြေရှင်းရေး အပါအ၀င် နှစ်နိုင်ငံ အရေး ကိစ္စတွေကို ဆွေးနွေးဖို့ မြန်မာနိုင်ငံကို ၂ ရက်ကြာသွားတဲ့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) ဟာ ဒီနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံခြားရေးဌာနမှာ သတင်းထောက်တွေကို တယ်လီဖုန်းပေါ်ကနေ တဆင့် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဘန်ကောက်ရောက် ဗွီအိုအေ ၀ိုင်းတော်သား ကိုအောင်လွင်ဦးကို ဆက်သွယ် မေးမြန်းပြီး တင်ပြပေးထား ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ တာဝန်ရှိသူတွေနဲ့တွေ့တော့ ဘာအကြောင်းတွေကို အဓိက ဆွေးနွေးဖြစ်ပါသလဲ။

“ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတွေ တိုးတက်အောင်လုပ်ဖို့ဆိုပြီး မြန်မာနိုင်ငံကို၂ ရက်ကြာသွားခဲ့တဲ့ ခရီးစဉ်ထဲမှာ မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီ ဦးဉာဏ်ဝင်း စတဲ့ ပုဂ္ဂိုလ်တွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွေ့ပြီး မြန်မာပြည်က နိုင်ငံရေးပြဿနာတွေ၊ ထိုင်းကိုရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကိစ္စတွေ ပြောခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးတယ်ဆိုတဲ့နေရာမှာ မြန်မာ စစ်အစိုးရ ဘက်က သူ့ရဲ့ နိုင်ငံရေးလမ်းပြမြေပုံအဆင့်တခုဖြစ်တဲ့ ရွေးကောက်ပွဲတွေလုပ်ဖို့ ရှိနေတယ်ဆိုပြီး သူ့ကို ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။ ဒါကလည်း တချို့က တွက်နေကြသလို ဒီခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေးကိစ္စဆိုပြီး အစောပိုင်းမှာ ယေဘုယျ ပြောထားပေမဲ့  နှစ်နိုင်ငံကိစ္စထက် နိုင်ငံရေးကိစ္စ၊ အထူးသဖြင့် လာမယ့်နှစ် မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကိစ္စတွေကို မြန်မာစစ်အစိုးရဘက်က သွယ်ဝိုက်ပြီး ထိုင်းအစိုးရကို တဆင့်ပြောချင်လို့ ဒီလိုလုပ်ပုံရတယ်လို့ ယူဆလို့လည်း ရပါတယ်။

“ရွေးကောက်ပွဲတွေမှာ အတိုက်အခံအင်အားစုတွေ ပါနိုင်မယ့်အခြေအနေ မရှိဘဲ ဖြစ်နေတာတွေ၊ ရွေးကောက်ပွဲဟာ ဘယ်လောက် လွတ်လွတ်လပ်လပ် လုပ်ခွင့်ရမလဲဆိုတာတွေကလည်း မေးခွန်းထုတ်စရာတွေ ဖြစ်နေတာပါ။ ဒါနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်းက ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) တို့က တိုက်တွန်းထားသလိုပဲ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ခွင့် ရှိဖို့အတွက် ထိုင်းဘက်ကလည်း လိုလားတဲ့အကြောင်း ပြောသွားပါတယ်။ ဒီလို အားလုံးပါဝင်တဲ့နေရာမှာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတွေပါ ပါဝင်အောင်မြန်မာ စစ်အစိုးရဘက်က ကြိုးစားနေတယ်ဆိုပြီး သူ့ကိုပြောတယ်လို့ ပြောပါတယ်။”

အဲဒီတော့ ဒီလိုမျိုး တိုင်းရင်းသားအရေးမှာ ထိုင်းနိုင်ငံဘက်က ဘယ်လိုမျိုး ကူညီစေချင်တဲ့ သဘောပါလဲ၊ မြန်မာဘက်က နေ ပြီးတော့ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရမယ်ဆိုတဲ့နေရာမှာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့လည်း ငြိမ်းချမ်းရေးယူပြီး ပါဝင်လာနိုင်အောင် မြန်မာစစ်အစိုးရဘက်က ကြိုးပမ်းနေပါတယ်တဲ့။ ဒါကိုလည်း ထိုင်းအစိုးရက အကူအညီပေးဖို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ တွေ့တုန်းကရော၊ နိုင်ငံခြားရေးဝန်ကြီး နဲ့ တွေ့တုန်း ကရော သူ့ကိုပြောလိုက်တယ်ဆိုပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ ဒီလိုပြောလို့လည်း ထိုင်းအစိုးရ ဘက်က ဒါနဲ့ပတ်သက်ပြီးတော့ တတ်နိုင်သလောက် သူတို့ဘက်က အကူအညီပေးမယ်ဆိုပြီး အပြန်အလှန် ကတိပြုခဲ့တယ် ဆိုပြီး ပြောပါတယ်။”

အဓိက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း မြန်မာနိုင်ငံကိုသွားတဲ့ကိစ္စက ရိုဟင်ဂျာကိစ္စ မဟုတ်ဘူးလား၊ ရိုဟင်ဂျာ ကိစ္စ နဲ့ ပတ်သက်ပြီးတော့ရော မြန်မာနဲ့ ထိုင်းနိုင်ငံကြားမှာ သဘောတူညီမှု ဆွေးနွေးဖို့ အဖြေရခဲ့တယ်ဆိုတာမျိုးရောမပြောဘူးလား။

“ဟုတ်ပါတယ်။ အခု သူ့ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်တခုဖြစ်တဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်လို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ သူက ပြောပါသေးတယ်။ သူပြောတဲ့အထဲမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးကလည်း ဒီကိစ္စတွေကို စပြီး ကိုင်တွယ်နေတာရှိသလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နဲ့လည်း ပူးတွဲဆောင်ရွက်မှုတွေ ရှိနေတယ်။ ပြီးတော့ အခုရောက်လာတဲ့ ရိုဟင်ဂျာတွေက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေဘက်က ဖြစ်တယ်ဆိုပြီး ပြောနေတာတွေ ရှိတာမို့လည်း ဒီလူတွေ ဘယ်ကလာသလဲဆိုတော သေချာစုံစမ်းသွားမယ်၊ ဒီအတွက် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးဝန်ထမ်းတွေဘက်ကလည်း အကူအညီပေးသွားဖို့ ပြောတယ်လို့လည်း သူက ပြောပါတယ်။

“ဒါပေမဲ့ တကယ်လို့ ဒီလူတွေက မြန်မာနိုင်ငံကဆိုရင်လည်း အဲဒီလူတွေလာတဲ့ဒေသတွေမှာ အလုပ်အကိုင်တွေရအောင် ထိုင်းအစိုးရက ကူညီပြီး ဖန်တီးပေးသွားမယ်။ နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကဆိုလည်း အဲဒီဘက်မှာရှိနေတဲ့ ဆင်းရဲ မွဲတေမှု အခြေအနေတွေ လျော့ပါးအောင် ထိုင်းအစိုးရက အကူအညီပေးသွားမယ်ဆိုပြီးတော့လည်း သူက ပြောပါတယ်။”

အဲဒီတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ ဆွေးနွေးဖြစ်ခဲ့ပါသလဲ။

“အခု ဒီခရီးစဉ် မစခင်ကတည်းက သွားရင် ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စတော်တော်များများထဲမှာ ပါတဲ့အတိုင်း သူတို့ ဆွေးနွေး ဖြစ်ကြပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စ၊ လူမှောင်ခိုကူးတဲ့ကိစ္စ၊ မူးယစ် ဆေးဝါး နှိမ်နင်းရေးကိစ္စတွေ၊ ဒါတွေအပြင် စီးပွားရေးကိစ္စတွေအနေနဲ့ ထိုင်းက ဆောက်ဖို့ရှိတဲ့ တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်းကိစ္စတွေ၊ ပြီးတော့ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ကို ထိုင်းက ၀ယ်နေတဲ့ ကိစ္စတွေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီး သူတို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။”

တယ်လီဖုန်းပေါ်ကနေတဆင့်လုပ်တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံခြားရေးရုံးမှာ ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ကိုအောင်လွင်ဦး တင်ပြပေးခဲ့တာ ဖြစ်ပါတယ်။



REF: ဗွီအိုအေ

Read More...

နိုင်ငံရေးသမား စာပေအနုပညာရှင် ဒေါ်ကြည်ဦး ကွယ်လွန်

Monday, 23 March 2009

ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သော စာရေးဆရာမကြီး ကြည်ဦး၏ ဈာပနကို စနေနေ့က ပြုလုပ်ရာ စာပေ အနုပညာလောက နှင့် နိုင်ငံရေးလောကမှ ပရိသတ် ထောင်နှင့်ချီ၍ တက်ရောက်ခဲ့သည်။ ဒေါ်ကြည်ဦး (အသက် ၈၄ နှစ်) သည် သည်းခြေအိတ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဒေါ်ကြည်ဦးသည် စာရေးဆရာကြီး နန်းညွန့်ဆွေ၏ ဇနီးဖြစ်သည်။ ဤ စာပေအနုပညာရှင် နှစ်ဦးက နာမည်ကျော် စွယ်စုံရ အနုပညာသည် ဇာဂနာကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော ပန်းခြင်းကို သယ်ဆောင်လာသည့် ဦးကျော်သူ

“ဇာဂနာက သူ့အမေရဲ့ ပါရမီမျိုး ရခဲ့တယ်” ဟု ဆရာကြီး နန်းညွန့်ဆွေက ပြောပြသည်။ ၎င်းတို့၏ သားဖြစ်သူ ဇာဂနာသည် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်ပြီး ယခုအခါ မြစ်ကြီးနားထောင်တွင် ရောက်ရှိနေသည်။

ဒေါ်ကြည်ဦးသည် ကိုလိုနီခေတ် နိုင်ငံရေးလှုပ်ရှားမှုမှ ယနေ့ခေတ် ဒီမိုကရေစီအရေး လှုပ်ရှားမှုအထိ ပါဝင် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

“အမေက သူယုံကြည်တာကို ဘယ်တော့မှ နောက်မဆုတ်ဘူး၊ မတရားမှုတွေကိုလည်း လက်မခံဘူး၊ အမြဲတမ်း မြန်မာပြည်သူတွေဘက်ကပဲ ရပ်တည်ခဲ့တယ်” ဟု ဒေါ်ကြည်ဦး၏ သားတဦးဖြစ်သူ ကိုတေဇက ပြောသည်။ သားသုံးဦးကိုလည်း ၎င်းကဲ့သို့ပင် ကျင့်ကြံနေထိုင်ရန် သွန်သင်ဆုံးမခဲ့သည်ဟု ဆိုသည်။

ဒေါ်ကြည်ဦးသည် နိုင်ငံရေးသမားတဦး ဖြစ်သော်လည်း မဂ္ဂဇင်း စာစောင်များတွင် နိုင်ငံရေးအပြင် ဘာသာရေး၊ ယဉ်ကျေးမှု ဆိုင်ရာ ဆောင်းပါးများ ရေးသားခဲ့သည်။

“ဒေါ်ကြည်ဦးက မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး ကဏ္ဍ အစုံ ရေးခဲ့တယ်” ဟု စာရေးဆရာကြီး ပါရဂူက ဧရာဝတီသို့ ပြောပြသည်။ ဇာဂနာ၏ မိခင် ဖြစ်သောကြောင့် ဒေါ်ကြည်ဦးရေးသားသည့်စာများကို အာဏာပိုင်တို့က ပိုမို စိစစ်ခဲ့ပုံရှိသည်ဟု ဆိုသည်။

ဒေါ်ကြည်ဦး၏ အမည်ရင်းမှာ ဒေါ်လှကြည် ဖြစ်သည်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဇာတိ ဖြစ်သည်။ အဘ ဗိန္ဒောဆရာကြီး ဦးသက်နှံနှင့် အမိ ဒေါ်ငွေယုန်တို့၏ သမီး ဖြစ်ပြီး ၁၉၂၅ ဇွန်လ ၂၃ ရက်နေ့တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်တွင် ငါးယောက်မြောက် ဖြစ်သည်။
နာရေးကူညီမှုအသင်းမှ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က
ဆရာမကြီး ဒေါ်ကြည်ဦး၏ ဓာတ်ပုံကိုင်ဆောင်ထားစဉ်
၁၉၅၃ ခုနှစ်တွင် လူထု ပညာရေး ကောင်စီမှ ထုတ်ဝေသည့် လူထုပညာ စာစောင်တွင် လက်ထောက် အယ်ဒီတာ၊ ယုဝတီဂျာနယ် တွင် အယ်ဒီတာ အဖြစ် တာဝန်ယူခဲ့သည်။

၁၉၅၉ ခုနှစ်က ဖွဲ့စည်းခဲ့သည့် 'မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း' ကို စတင် တည်ထောင်သူတဦး ဖြစ်သည်။

ရာဇဝင်ထဲက တစ္ဆေများ၊ အမှတ်တရ ရွှေရုပ်လွှာများ အတွဲ ၁ နှင့် အတွဲ ၂၊ မြန်မာ့ရိုးရာ စကားထာ၊ ကလေးကြေးမုံ ငှက်မျိုးစုံ၊ ကလေးကြေးမုံ သစ်ပင်မျိုးစုံ ပုံပြင်များ၊ ရှေးထုံးစဉ်လာ မြန်မာမှုများ၊ အလောင်းတော်ကဿပ တောလား၊ လူဝင်စားများနှင့် တွေ့ဆုံခြင်း၊ ဗုဒ္ဓဂယာ ဓမ္မခရီး၊ ထူးဆန်းအံ့ဘွယ် ပရလောကနယ် စသည့် စာအုပ်များကို ရေးသားပြုစုခဲ့သည်။

ဘတ္တိယဒေဝီ၊ မေ့ကွက်ကိုရှာ၊ ကိုကိုတို့ အရွယ် စသည့် ဝထ္တု သုံးအုပ်ကိုလည်း ရေးသားခဲ့သည်။ နောက်ဆုံး ရေးသားခဲ့သော စာအုပ်မှာ အရှင်ဖာဟီရန်၏ ဓမ္မခရီးစဉ် မှတ်တမ်း ဖြစ်သည်။

ဒေါ်ကြည်ဦး ရေးသားပြုစုခဲ့သော စာပေလက်ရာ ၃ဝဝ ကျော် ရှိသည်ဟု ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှ တာဝန်ရှိသူတဦးက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို နှစ်ပေါင်းများစွာ ကူညီခဲ့သူအဖြစ်လည်း ထင်ရှားသည်။ ပြီးခဲ့သည့်နှစ်က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဒုက္ခရောက်သူများကိုလည်း ကူညီခဲ့သူဖြစ်သည်။

REF: ဧရာဝတီ

Read More...

အပေါ်သို့