16 March 2010
မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်အစိုးရရဲ့ ဥပဒေ ထုတ်ပြန် ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းဘက်က ထောက်ပြ ဝေဖန်နေတာနဲ့တင် ရပ်တန့်မနေဘဲ လေးလေးနက်နက် အရေးယူ ဆောင်ရွက်လာဖို့ အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မျှော်လင့်ထားတဲ့ အကြောင်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြ ဆွေးနွေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က တနင်္လာနေ့က တောင်းဆိုလိုက်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲ အတွက် ဥပဒေတွေဟာ နိုင်ငံတကာ အသိုင်းအ၀န်းက မျှော်လင့်ထားသလို အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်သ၍ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အယုံအကြည်ရှိမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့သလို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Mr. Kurt Campbell) ကလည်း ရွေးကောက်ပွဲအတွက် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ဖို့အတွက် အထောက်အကူ မပြုဘူးလို့ ဝေဖန်လိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ကျင်းပမယ့် ဘက်မလိုက် ထိပ်သီးညီလာခံကို တက်ရောက်မယ့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ပူပန်မှုတွေကို ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုဖို့ ရှိပါတယ်။ ဒီလို နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ပူပန်မှုတွေ အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျေးဇူးတင်ပေမဲ့ ဒီတခါမှာ လေးလေးနက်နက် ဆောင်ရွက်ဖို့တော့ မျှော်လင့်ထားတယ်လို့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
“ပြောတာဆိုတာတွေ အားလုံးကတော့၊ ဥပမာ မစ္စတာ ကင်တားနား ပြန်သွားပြီးတော့ ပြောတာတွေရော၊ အဲဒီအရင်က မစ္စတာ ဘန်ကီမွန်း အနေနဲ့ ဒီမှာရှိတဲ့ တပ်မတော် အကြီးအကဲဆီကို စာပို့ထားတဲ့ ကိစ္စတွေ အကြောင်းအရာ တွေရော၊ အခု အာဆီယံက ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်ကိုယ်စား ပြောတာတွေရော လာမယ့် အာဆီယံ အစည်းအဝေးပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ ပြောမယ်ဆိုတဲ့ အနေအထားတွေကတော့ သူတို့ပြောတာ ဆိုတာတွေကတော့ ဒီမိုကရေစီ ရှေ့အလားအလာ ကောင်းဖို့အတွက်ကို ပြောတယ်ဆိုတဲ့ အနေအထား ရှိတယ်လို့ပဲ မှတ်ယူပါသေးတယ်။
“အရင်တုန်းကလည်း ပြောကြတာပါပဲ။ ပြောလာပြီးတော့ နောက်ပိုင်းကျတော့လည်း ဒီလိုနဲ့ပဲ ပြီးဆုံးသွားတာတွေက အများကြီး ရှိတာပေါ့လေ။ သို့သော် ဒီတခါတော့လည်း သူတို့ လေးလေးနက်နက် ပြောကြမယ်လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒီဟာတွေ အတွက်ကတော့ ကျနော်တို့အတွက် အကောင်းအဖြစ် ပြောရမယ်လို့တော့ ဆိုရမှာပေါ့လေ။ သို့သော်လည်း ဖြစ်လာမယ့်ဟာ ရှေ့အလားအလာ ဘယ်လိုရှိမယ် ဆိုတာကိုလည်း လူစုံတဲ့အခါ ချဆွေးနွေးပြီးတော့ ဒါကို ယတိပြတ် ဆုံးဖြတ်ချက် ချမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။”
NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ အောက်ခြေ အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒကိုပါ သိရဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။
“သူတို့ပြောတဲ့ ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ မြန်မာတနိုင်ငံလုံးရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ နိုင်ငံတကာမှာလည်း တကယ့် ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ ခေါင်းဆောင် မီးရှူးတန်ဆောင်ဖြစ်တဲ့ အမျိုးသမီး ခေါင်းဆောင်ကြီးကိုမှ ပြစ်ဒဏ် ချထားတယ်ဆိုတာ အကြောင်းပြုပြီး ပါဝင်ပြီး မရွေးရေးတို့၊ ထုတ်ပယ်ပစ်ရေးတို့၊ ဒါတွေကလည်း အကျိတ်အခဲ ကျေကျေလည်လည် ဆွေးနွေးရမယ့် ကိစ္စတွေ ဖြစ်နေတယ်။
“ဒီကြားထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေ သွားတုန်းက ပြောလိုက်တဲ့ စကားတွေထဲမှာလည်း ပါလာတာ ရှိပါတယ်။ အခုလောလောဆယ်မှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြစ်ပေါ်လာအောင် လုပ်လိုက်တဲ့ ကိစ္စတွေ အပေါ်မှာ တရားမျှတမှု မရှိဘူး ဆိုတာတွေလည်း အရင်တုန်းက ပြောပြီးသား ဆိုပြီးသား ရှိတဲ့ အပေါ်မှာသော်လည်းကောင်း၊ နောက်တခုက ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ်မှာသော်လည်းကောင်း အခုရှိပြီးသား မြို့နယ်တွေနဲ့ ပြည်နယ်တွေမှာ ပြန်လည်ဖွင့်ခွင့်ရထားတဲ့ အဖွဲ့ချုပ်ရဲ့ အဖွဲ့အစည်းတွေကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြဖို့ ဆိုပြီးတော့လည်း ပြောဆိုထားတာရှိတော့ အဲဒီလှုပ်ရှားမှုကလည်း ရှိနေသေးတယ်လေ။
“အဲဒါတွေအပေါ်မှာ ဆောင်ရွက်ပြီးတော့မှ အဖြေရလာရင် ကျကျနနလေး ဒီမိုကရေစီနည်းအရ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက် ချမှာပဲ။”
NLD အဖွဲ့အတွက် ဆွေးနွေးချိန် သိပ်မရတော့ပေမဲ့ ဆုံးဖြတ်ချက် တခုခုကို ချပြနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
“မျှော်လင့်ထားတယ်၊ မျှော်လင့်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရက်တွေလည်း ကပ်နေပြီ၊ ပြောရတော့မယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ မေလ ၆ ရက်ဆိုရင် ရက်ပေါင်း ၆၀ ပြည့်ပြီ။ ဒီကြားထဲမှာလည်း သင်္ကြန်တို့ ဘာတို့က ၁၀ ရက်လောက် ရှိသေးတယ်။ ကျနော်တို့က အမှန်အတိုင်း ပြောရရင် အချိန်ယူတော့ လုပ်ချင်တာပေါ့ဗျာ။ သို့သော်လည်း အချိန်ယူ လုပ်ဖို့ဆိုတာက အခုဟာ Time is running out ဖြစ်နေတော့ ဒါကို ကျနော်တို့ကတော့ တက်သုတ်ရိုက်ပြီး လုပ်ရမှာပဲလေ။
“ကျေကျေလည်လည်လည်း ဖြစ်အောင်၊ ၀င်ချင်လည်းပဲ ကျနော်တို့က အားလုံး ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကတဆင့် သိရတဲ့ အကြောင်းကတော့ ၀င်ချင်လည်းပဲ အကုန်လုံး တပြိုင်နက်တည်း ၀င်မယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးရင် အားလုံး တက်တက်ကြွကြွ လုပ်ကြမှာပဲ။ မ၀င်ဘူးဆိုရင်လည်း မ၀င်တဲ့အကြောင်း တက်တက်ကြွကြွနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ လုပ်ကြရမှာပဲ ဆိုတဲ့ဟာပဲ။
“အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့အပေါ်မှာ အခု ၀င်မလား၊ မှတ်ပုံတင်မလား၊ မတင်ဘူးလားဆိုတာ၊ မှတ်ပုံတင်မယ် ဆိုပြန်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စအရပ်ရပ်က အင်မတန်ကို တင်းလွန်း ကျပ်လွန်း၊ အနိုင်ကျင့်လွန်းတယ်လို့ ထင်တယ်ဗျာ။ အဲဒါကြောင့် ဒါတွေက အတော်ကို ကျေကျေလည်လည် စဉ်းစားရမယ့်ကိစ္စတွေ ဖြစ်နေတဲ့သဘော ဖြစ်ပါတယ်။”
NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောသွားတာ ဖြစ်ပါတယ်။
Ref: VOA News
Wednesday, March 17, 2010
မြန်မာ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စိုးရိမ်မှု အပြောသက်သက် မဖြစ်ဖို့ NLD မျှော်လင့်
ဦးဝင်းတင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)
မတ် ၁၅၊ ၂၀၁၀
“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်း ခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ စီအီးစီ အစည်းအဝေးက နေပြီးတော့ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်မှာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ စီအီးစီ အဖွဲ့တင်မက တနိုင်ငံလုံးမှာ ရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် စီစီတွေကိုပါ အစည်းအဝေး ဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေ လုပ်ပြီးမှ အားလုံး လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။
မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီ ရပ်တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေ အထားကိုပါ ထည့်သွင်း ဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့ သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေး ရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါတယ်။ ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ် မေးမြန်းချက်ကို တင်ဆက် ပေးလိုက်ပါတယ်။
ဗွီအိုအေ။ ။ လာမယ့်မတ်လ ၂၉ ရက်နေ့အစည်းအဝေးဟာ အကယ်၍များ ဆရာ၊ ပါတီ ရပ်တည်ရေးကို ဦးစား ပေးပြီးတော့ အများက ရွေးချယ်လိုက်တယ် ဆိုရင် ဆရာ့အနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ ဆရာ။
ဦးဝင်းတင်။ ။ ကျနော်ကတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ ဒီအဖွဲ့အစည်းကို တည်ထောင်တဲ့သူ ထဲမှာ ကျနော်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ ကျနော် ပါတီအပေါ်မှာ သံယောဇဉ် ရှိပါတယ်။ ဒီပါတီရဲ့ အရှည် တည်တံ့ရေး၊ ခိုင်မြဲရေးကို လိုလားပါတယ်။ သို့သော် ကျနော်ကတော့ ဘယ်လိုတွက်လဲ ဆိုတော့ ဘာပဲပြောပြော ဒီစစ်အစိုးရက အခုလုပ်နေတာက ကျနော်တို့ရဲ့ ပါတီတွင်း ကိစ္စကို ဒေါ်အောင်ဆန်း စုကြည်လို ပုဂ္ဂိုလ်မျိုးကို မောင်းထုတ်ဖို့ လုပ်တယ်။ ဘာပြလဲ ဆိုလို့ရှိရင် ကျနော်တို့မှာ ဘာမှကို နိုင်ငံရေး မရှိလောက်အောင် လုပ်တာ။ ကျနော့်သဘောက ဘာလဲဆိုတော့ ပါတီတရပ်ဟာ နိုင်ငံရေးရှိရမယ်။ နိုင်ငံရေးမရှိရင် ဒီပါတီဟာ ဘာမှ အသုံးမကျဘူးလို့ ယူဆတယ်။ ကျနော့် ပုဂ္ဂိုလ်သဘော ခံယူချက်။ အဲတော့ နိုင်ငံရေး ရှိပြီးတော့ ပါတီ မရှိရင်တောင်မှ လှုပ်ရှားလို့ ရတယ်လို့ ကျနော်ယုံတယ်။ နိုင်ငံရေး မရှိဘဲနဲ့ ပါတီ ရှိနေလို့ အလကားပဲ။ ပါတီသာ ရှိပြီးတော့ နိုင်ငံရေး မရှိရင်လည်း ခေါင်းမရှိတဲ့ လူလိုပဲဖြစ်မှာပဲ လို့ ကျနော် ပြောခဲ့တယ်။ အဲဒါကြောင့် ပါတီကို သံခြေကျဉ်း ခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ပါဘူး။ ကျနော့် သဘောထားက ဒါပါပဲ။
ဗွီအိုအေ။ ။ ဆရာ ဒီကနေ့အစည်းအဝေးအခြေအနေ ကျနော်တို့ကို နည်းနည်း ပြောပြပေးပါလား ခင်ဗျ။
ဦးဝင်းတင်။ ။ CEC ကနေ ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ တပြည်လုံးမှာရှိတဲ့ မကြာခင်တုန်းက ဖွဲ့လိုက်တဲ့ CC တွေနဲ့ အကုန်လုံး ပေါင်းပြီးတော့ CC ရယ်၊ CEC ရယ် အားလုံး စုစုပေါင်း ၁၂၈ ယောက် ရှိမှာပေါ့၊ အဲဒီပုဂ္ဂိုလ်တွေ အကုန်လုံး စုပေါင်း ဆွေးနွေးပြီးတော့ ကျနော်တို့ မှတ်ပုံတင်မယ် သို့မဟုတ်ရင်လည်း မတင်ဘူးပေါ့ဗျာ၊ အဲဒါကို ဆုံးဖြတ်မယ် ဆိုပြီးတော့ ကျနော်တို့ စီမံတယ်၊ အဲ ရက်က မတ်လ ၂၉ ရက်နေ့ပေါ့။ ၂၉ ရက်နေ့ ၃၀ ပေါ့။
ဗွီအိုအေ။ ။ အဲတော့ ဆရာ မတ်လ ၂၉ ရက်နေ့ကို ခုန ဆရာပြောသလို တပြည်လုံးမှာရှိတဲ့ NLD၊ ကျန်တဲ့ CC အဖွဲ့ဝင်တွေကော အစုံအညီ လာရောက်နိုင်မယ့် အနေအထား ရှိပါသလား ဆရာ။
ဦးဝင်းတင်။ ။ စစ်အစိုးရကလည်း သူတွက်မှာပေါ့ဗျာ၊ ဒီဟာက ကျနော်တို့က နေပြီးတော့ မှတ်ပုံမတင်ဘူး ဆိုပြီးတော့ ဆုံးဖြတ်မယ့် ပွဲမျိုး ဖြစ်မယ်လို့ ထင်ရင် သူတို့ မပေးဘဲ နေကောင်း နေမယ်ပေါ့ဗျာ။ အဲ သို့မဟုတ်ရင်လည်း မှတ်ပုံတင်မယ့် အနေအထားရှိမယ် ဆိုရင် မှတ်ပုံ မတင်ချင်တဲ့သူက နည်းနည်းပဲ ရှိမယ်ထင်ရင်လည်း လွတ်ပေးရင် ပေးမှာပေါ့၊ ဒါကတော့ စစ်အစိုးရရဲ့ လုပ်ထုံး လုပ်နည်း ပုံသဏ္ဍာန်ပဲ ဖြစ်မှာပဲ။ သို့သော် ကျနော်တို့ကတော့ စစ်အစိုးရရဲ့ စရိုက် လက္ခဏာတွေ၊ အကျင့် တွေကိုတော့ ထည့်မတွက်တော့ဘူး။ ကျနော်တို့ တွက်နေတာက ဘာလည်းဆိုရင် ဒီဟာက ဘာပဲပြောပြော ဒီမိုကရေစီနည်းကျ လုပ်ရမယ်။ ကျနော်တို့ အဖွဲ့က ဒီမိုကရေစီ အဖွဲ့အစည်း။ အဲတော့ ဒီကိစ္စကလည်း အခုဟာ ဒီမှတ်ပုံတင် ဥပဒေတို့ ဘာတို့ ဆိုတာကြီးက ဒီမိုကရေစီ နည်းကို လုံးဝ မကျဘဲနဲ့ ဘယ်လိုမှ လက်ခံနိုင်ခြင်း မရှိဘူး၊ ဒါကြောင့် ကျနော်တို့က ဒီဟာကို ဒီမိုကရေစီနည်းကျ ပါတီအောက်ခြေက အခုဖွဲ့လိုက်တဲ့ CC တွေနဲ့ ဆုံးဖြတ်မယ် ဆိုပြီးတော့ ကျနော်တို့က ခေါ်ခြင်းပဲဗျ။ ဒါပဲ။ အဓိကက ဒါပဲ။
ဗွီအိုအေ။ ။ ဟုတ်ကဲ့ပါဆရာ၊ အဲ့တော့ ပြန်ပြီးတော့ မတ်လ ၂၉ ရက်နေ့ကိစ္စကို ပြန်ပြီး ကောက်မယ် ဆိုလို့ရှိရင် အဲဒီ မတိုင်ခင်ကော ဆရာတို့ CEC အနေနဲ့ ကျတော့ရော ဘယ်လိုများ ပြင်ဆင်ထားမယ်လို့ CEC မှာ စိတ်ကူး ထားပါသလဲ ဆရာ။
ဦးဝင်းတင်။ ။ ဒီလိုရှိတယ်ဗျ၊ ကျနော်တို့ ဆွေးနွေးမှာကတော့ ဒီအတောအတွင်းမှာ ကျနော်တို့ CEC တွေကြားထဲမှာ အထပ်ထပ် ဆွေးနွေးရမယ့် အကြောင်းကိစ္စကတော့ ဒီဥပဒေတွေဟာ လက်ခံနိုင်တဲ့ ဥပဒေတွေလား၊ လက်မခံနိုင်တဲ့ ဥပဒေတွေလား၊ အဲ လက်မခံနိုင်ရင် ဘာကြောင့်လဲ။ လက်ခံနိုင်ရင် ဘာလဲဆိုတာ ဒါ ကျနော်တို့ လုပ်မှာပဲ။ သို့သော် ကျနော်တို့ CEC တွေက နေပြီးတော့ ဟာ … မှတ်ပုံတင်မယ်၊ မတင်ဘူးဆိုတာကို ဆုံးဖြတ်ပြီးတော့ အောက်ခြေထုကို ချပြမှာ မဟုတ်ဘူး။ အောက်ခြေထုကလည်း သူတို့ သဘောထားတွေ သူတို့ တက်လာခဲ့၊ ကိုင်စွဲပြီး တက်လာခဲ့။ ကျနော်တို့ CEC တွေကလည်း ကျနော်တို့ရဲ့ သဘောထားတွေကို ကျနော်တို့ ညှိနှိုင်းပြီးသား လုပ်ထားမယ်၊ အဲဒါတွေ အကုန်လုံးနဲ့ ပေါင်းစည်းပြီးတော့ ဒီ ၁၂၀ သော ပုဂ္ဂိုလ်များ ဒါ မဲခွဲ ဆုံးဖြတ်မှာပဲဗျ။ လျှို့ဝှက်မဲနဲ့ ဆုံးဖြတ်မှာပဲ။
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ဗွီအိုကေက ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။
Ref: မိုးမခ
နေ့စဉ်သတင်းများ ( ၁၆ - ၃- ၁၀ )
■ ပါတီရှေ့လုပ်ငန်းစဉ်အတွက် အဖွဲ့ချုပ်က စုံညီအစည်းအဝေး ခေါ်မည် သတင်း
■ ရွေးကောက်ပွဲဥပဒေကို လက်မခံကြရန် AIPMC တိုက်တွန်း သတင်း
■ ညီလာခံတွင် စစ်အစိုးရ၏ လူ့အခွင့်အရေးကိစ္စ ကင်တားနား အစီရင်ခံစာ တင်သွင်း သတင်း
■ သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင် သတင်း
■ ရွေးကောက်ပွဲဥပဒေအပေါ် သုံးသပ်ချက်နှင့် ဝေဖန်ချက် ဂျာနယ်တွေမှာ ဖော်ပြခွင့်မရှိ သတင်း
■ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ကြံ့ဖွဲ့အဖွဲ့မှ စည်းရုံးရေးဆင်း သတင်း
■ ကရင်ပြည်နယ်တွင် အရာရှိဟောင်းများ စည်းရုံးရေးဆင်း သတင်း
■ ဦးဝင်းတင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)
■ ပါတီမှတ်ပုံတင်မတင် NLD လူငယ်များ ဆွေးနွေးမည် သတင်း
■ တိုင်းနှင့် ပြည်နယ်ရှိ အဖွဲ့ချုပ်ရုံးများ ပြန်ဖွင့်၊ လုပ်ငန်းများ စတင်ထမ်းဆောင် သတင်း
■ နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန် လိုလား သတင်း
■ ကေအိုင်အိုအဖွဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံ သတင်း
■ ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲ ဆွဲသွင်း သတင်း
■ ရွှေပြည်သာစက်မှုဇုံ (၂) မှ 'OK' ကြာဇံစက်ရုံတွင် ဆန္ဒပြမှုဖြစ်ပွား သတင်း
■ မြန်မာအလုပ်သမား (၂၆) ဦး၏ နစ်နာကြေးများ ပြန်လည်ရရှိ သတင်း
■ ထိုင်းမင်းသမီး သီရိဒုံ မြန်မာပြည် လည်ပတ် သတင်း
■ အင်တာနက်၏ ရန်သူများတွင် မြန်မာနိုင်ငံ ပါဝင် သတင်း
■ အိန္ဒိယသို့ တရားမ၀င် ခိုးထွက်သူ မြန်မာနိုင်ငံသား (၁၂) ဦးကို ဘင်္ဂလာရဲက ဖမ်းဆီး သတင်း
■ ရေပြင်ပိုင်နက်အငြင်းပွားမှု ဆွေးနွေးရန် ဘင်္ဂလာအဖွဲ့ ထွက်ခွာ သတင်း
■ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် သတင်း
■ နို့ဘိုးမှ ဒုက္ခသည် (၂၇၅) ဦး နေရပ်ပြန်ပို့ သတင်း
■ ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ သတင်း
■ ကျောက်တော် ခေါင်းတုတ်ကျေးရွာ ရွာလုံးကျွတ် မီးလောင် သတင်း
■ စစ်တွေတက္ကသိုလ်မှ ကျောင်းသူတဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ သတင်း
■ ကျောင်းထုတ်ခံ အထက်တန်းကျောင်းသား ပညာရေးနစ်နာ သတင်း
■ UDD ခေါင်းဆောင် Veera ရဲ့ စကား ၀န်ကြီးချုပ် နားထောင်မယ် သတင်း
■ ထိုင်းအစိုးရရုံးကို သွေးဖြင့် ပက်ဖျန်း သတင်း
■ တဖက်သတ်ဆန်သော၊ ချုပ်ချယ်သော ဥပဒေ (ဆောင်းပါး)
■ ကျွန်သက်ရှည်မည့် ရွေးကောက်ပွဲများ - အပိုင်း (၁)
■ နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
Tuesday, March 16, 2010
စစ်အာဏာရှင်လက်ခုပ်ထဲက ၂၀၁၀ ရွေးကောက်ပွဲနဲ့ လွှတ်တော်
မတ် ၁၅၊ ၂၀၁၀
မတ်လ ၈ ရက် စစ်အစိုးရက သူ့ရဲ့စိတ်တိုင်းကျ ရေးဆွဲ ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေ အရပ်ရပ်နဲ့ အချိန်ဇယားကို ထုတ်ပြန်အပြီး မတ်လ ၁၂ ရက်နေ့မှာ ဆရာ ဦးဝင်းတင်ရဲ့ ထောင်စာအုပ် ထွက်ရှိလာပါတယ်။ စစ်အာဏာရှင်တွေက အမှန်တရားနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို အကျဉ်းစခန်း၊ ငရဲခန်းတွေနဲ့ ဘယ်လိုမျိုး နင်းချေနှိပ်စက် ဖျက်ဆီး နှိမ်နင်းခဲ့တယ်၊ အဲသည် ငရဲခန်းတွေကို ဆရာဦးဝင်းတင်နဲ့ တကွ ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေး အကျဉ်းသားတွေ ဘယ်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်း ကျော်လွှား ခဲ့ကြရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် အမှန်အတိုင်း ရဲရဲကြီး ဖော်ပြထားတာ ဖြစ်ပါတယ်။
မတ်လ ၈ ရက်နေ့ နောက်ပိုင်း စစ်အစိုးရထုတ် ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ စည်းကမ်း နည်းလမ်းတွေကို အချိန်အကုန်ခံ ဖတ်ရှုလေ့လာပြီး အတွေး သံသရာလည်ပြီး မျက်စိသူငယ် နားသူငယ် ဖြစ်နေကြမယ့် သူတွေအတွက် ဆရာဦးဝင်းတင်ရဲ့ ထောင်တွင်းက လူ့ငရဲခန်း အကြောင်းစာအုပ်ဟာ အမြင်မှန် အတွေးမှန်ကို အလင်း ထိုးပြလိုက်တဲ့ စာအုပ်ပဲ ဖြစ်တယ်လို့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ပြောပြမိတော့ ဆရာက ပြုံးရယ်လို့သာ နေပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ ဆရာနဲ့ ခေတ္တ ခဏ တွေ့ဆုံခိုက် ပြောဆိုမိသမျှကို ကောက်နုတ် ဖော်ပြလိုက်ပါရစေ။
ထောင်စာအုပ် ဘာလို့ ရေးရတာလဲ ဆိုတော့ …
မြန်မာပြည်မှာ ထောင်စာအုပ် မရှိဘူး။ ထောင်အကြောင်း၊ ထောင်ထဲက အတွေ့ အကြုံတွေကို အပြင်ကလူတွေ အမှန်အတိုင်း သိအောင် ရေးရတာ ဖြစ်တယ်။ ပြီးတော့ ထောင်ထဲက လူတွေကို အပြင်က မမေ့မလျော့ သတိရ အားပေးနေကြတယ် ဆိုရင် အတွင်းကလူတွေက အားရှိတယ်၊ ၀မ်းသာတယ်။ သူတို့က အထဲမှာလည်း စိတ်တွေ မနာဘဲ ဖြတ်သန်းကြတဲ့ အခါ အပြင်ရောက်လာတဲ့ အခါမှာလည်း ဆက်လက်ပြီး သတ္တိရှိရှိ ရပ်တည် ဆောင်ရွက်ကြတယ်။
ရွေးကောက်ပွဲ ၀င်မှာလား …
အင်န်အယ်ဒီပါတီက ရွှေဂုံတိုင်ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်တယ်။ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံကြောင်း၊ သဘောတူကြောင်း ခံဝန်ချက် ထိုးရမယ်။ အဲဒါဆိုရင် စစ်အစိုးရရဲ့ အခြေခံဥပဒေကို ပြန်လည်ညှိနှိုင်းဖို့ တောင်းဆိုခွင့် မရှိတော့ဘူး။
ပါတီက မှတ်ပုံပြန်တင်မှာလား …
ပါတီ ရှင်သန်ရေးက အဓိကကျတယ်လို့ ပြောကြသလို၊ တချို့ကကျတော့ ပါတီက ဘာမှ မလုပ်နိုင်ဘဲနဲ့တော့ ဆက်ရှိနေဖို့ လိုသေးလား စသည်ဖြင့် ပြောကြတယ်။ ပါတီကို မှတ်ပုံတင်မယ် ဆိုရင် အခုချိန်ကစပြီး ရေတွက်မယ် ဆိုရင် ဆွေးနွေးတိုင်ပင် ပြင်ဆင်ဖို့ ရက်ပေါင်း ၂၉ ရက်ပဲ ရှိတယ်။ ဧပြီလမှာ သင်္ကြန်ရက်တွေ၊ ပိတ်ရက်တွေ ရှိနေတယ်။ အခြား ရုံးပိတ်ရက်တွေကိုပါ နှုတ်လိုက်ရင် အခု အချိန်မှာ သည်ရက် အချိန်တိုတို အကန့် အသတ်အတွင်း လုပ်ရမှာက ပြသနာ ဖြစ်တယ်။
ပါတီက မှတ်ပုံပြန်တင်မယ်ဆိုရင် ပါတီက နိုင်ငံရေး အကျဉ်းသားတွေ၊ အကျယ်ချုပ် ခံရသူတွေကို ထုတ်ပစ်မှာလား …
ယခင်တုန်းက (အမျိုးသားညီလာခံ) ပါတီက အကျဉ်းကျနေသူတွေ၊ အကျယ်ချုပ် ခံနေရသူတွေကို ပေးအပ်ထားတဲ့ တာဝန်တွေကနေ ဖယ်ရှားခဲ့ရတယ်။ ပြီးတော့ ပြန်လည် လွတ်မြောက်လာချိန်မှာ မူလတာဝန် ၀တ္တရားတွေ ပြန်လည် ပေးအပ်ခဲ့တာပါပဲ။ ကျနော်သည်လည်း သည်လိုပဲ တာဝန်တွေ ပြန်လည် လက်ခံရရှိခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ဒီထက်အရေးကြီးတာက - ယခင်ကနဲ့ မတူတော့တာက - ခုချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲနဲ့ လွှတ်တော် ကိုယ်စားလှယ်များကိုပါ ပစ်ပယ် လိုက်ရတော့မှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီကို မှတ်ပုံပြန်တင် လိုက်တာနဲ့ အဲသည် ပစ်ပယ်မှုတွေကို ပြန်လည်ရယူလို့ မရတော့ဘူး။ ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှုကိုပါ ပစ်ပယ်ရာ ရောက်သွားမှာ ဖြစ်ပါတယ်။
၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၂ ခု က ဘာကွာလို့လဲ …
ရွေးကောက်ပွဲချင်းက မတူဘူး။ ၁၉၉၀ တုန်းက ၈၈ အရေးတော်ပုံရဲ့ အရှိန်အ၀ါ ရှိတယ်။ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုပဲ ရွေးကောက်ပွဲမှာ ကန့်သတ်ခဲ့တာ ဖြစ်တယ်။ ပါတီတခုလုံးက ၉၀ ရွေးကောက်ပွဲမှာ တပြည်လုံး အတိုင်းအတာနဲ့ ပါဝင် ယှဉ်ပြိုင်ခွင့်ရှိတယ်။ အခြား နိုင်ငံရေးပါတီ အများ အပြားလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတယ်။
အခု ၂၀၁၀ မှာ လက်ရှိနိုင်ငံရေးပါတီဆိုလို့ အင်န်အယ်ဒီပါတီ တခုတည်းသာ ရှိတော့တယ်။ အခု ရွေးကောက်ပွဲက ၈၈ အရေးတော်ပုံနဲ့ ဝေးသွားခဲ့ပြီ။ ပါတီအနေနဲ့ကလည်း စစ်အစိုးရရဲ့ အကန့်အသတ် အတားအဆီးတွေ အဆင့်ဆင့်ကြောင့် လူထုနဲ့လည်း ဝေးကွာနေရတဲ့ အခြေအနေမှာ ရှိတယ်။
ဘယ်လိုမျိုးကြောင့် လူထုနဲ့ ဝေးတယ်လို့ ပြောရတာလဲ …
အင်န်အယ်ဒီ ပါတီက ကျေးလက် တောရွာတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘူး။ ပါတီအနေနဲ့ မဟုတ်ဘဲ အလည်အပတ်မျိုးပဲ သွားနိုင်တယ်။ မြို့တွေကို သွားရောက် လည်ပတ်ဖို့က အခွင့်အရေး နည်းနည်း ပိုရှိသေးတယ်။ သို့သော် စစ်အစိုးရက သူတို့ဖက်က အင်အားတွေ၊ စည်းရုံးရေးတွေနဲ့ ကျေးလက်တောရွာ နယ်တွေမှာ ဖိထား စုထားတယ်။ ကြံ့ခိုင်ရေး၊ အမျိုးသမီး၊ ကြက်ခြေနီ၊ ပြည်သူ့စစ်၊ အရန်မီးသတ် … နည်းမျိုးစုံပဲ။
လူထုရဲ့ ဆန္ဒမဲတွေကို မရနိုင်တော့ဘူးလား …
လွတ်လပ်သန့်ရှင်းစွာ မဲပေးနိုင်ခွင့်က အာမခံချက် ရှိသလား။ ဒီလိုအခြေအန အကြပ်အတည်းတွေ ဖန်တီး ထားမှတော့ … ။ ပြီးတော့ ၀န်ထမ်းတွေ၊ ၀န်ထမ်းမိသားစုတွေကို စာရင်းကောက်ယူပြီး ကြိုတင် မဲစာရင်း ကောက်ယူထားတာ၊ ဒီလိုမျိုးနဲ့ အခြား အသိုင်းအ၀ိုင်းတွေဆီက ကြိုတင်မဲတွေကို စုဆောင်းပြီး ထုတ်သုံးတာ မျိုးတွေလည်း ရှိနိုင်တယ်။
အဲသည်ကြားထဲက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင်ကော …
ရွေးကောက်ပွဲလွန် ကာလမှာ စစ်အစိုးရ အခြေခံ ဥပဒေအရ အနိုင်ရတဲ့ ပါတီက အစိုးရဖွဲ့ခွင့် မရှိဘူး။ ပါတီဝင် တဦးက အစိုးရ၀န်ကြီး (အစိုးရ၀န်ထမ်း) ဖြစ်လာရင်တောင် ပါတီက ထွက်ပြီး တာဝန်ထမ်းဆောင်ရမယ်။ အခြေခံဥပဒေအရ အဲသည်မှာ ကန့်သတ်တားဆီးထားမှုတွေ အများကြီးကို ရင်ဆိုင်နေရမှာ ဖြစ်တယ်။
အင်န်အယ်ဒီပါတီ ရှိနေဖို့ …
ပါတီက ခုချိန်မှာ လုပ်စရာတွေ၊ ရင်ဆိုင်စရာတွေ အများကြီး ရှိပြီးသားဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောလိုက်သလို ပါတီဝင်တွေက တရား ဥပဒေတွေနဲ့ အညီ ရင်ဆိုင်ကြမယ်။ ညီညီညွတ်ညွတ် ရင်ဆိုင်ကြမယ်။ စစ်အစိုးရဖက်က ပျက်ကွက်ခဲ့တာ၊ လူ့အခွင့်အရေးဆိုင်ရာ ပြစ်မှုတွေ ကျုးလွန်ခဲ့တာ၊ ၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးနောက် အနှစ် ၂၀ ကြာတဲ့အထိ ပြည်သူတွေရဲ့ အချိန်တွေနဲ့ ပြည်သူ့ ဘဏ္ဍာတွေကို ဖြုံးတီး ပစ်ခဲ့တာတွေ ဒါတွေကို စစ်အစိုးရကို ရင်ဆိုင်ပြီး မေးခွန်း ထုတ်သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် မှာကြား လိုက်သလို ပါတီရုံးခန်းတွေမှာ အခြေခံဥပဒေတို့၊ ရွေးကောက်ပွဲ ဥပေဒေတို့ကို ၀ိုင်းဝန်း ဆွေးနွေးကြပါ၊ တရားမျှတမှု မရှိဘူးဆိုတာ ထင်ရှားသည်ထက် ထင်ရှားလာမှာ ဖြစ်ပါတယ်။
ပါတီရဲ့ အင်အား၊ လူထုရဲ့ အင်အားတွေက ဘယ်လိုလဲ၊ ဘာလဲ …
အချိန်က အခု စကားပြောနေချိန်မှာတောင် ရုံးဖွင့်ရက်အားဖြင့် ၂၉ ရက်ပဲ ရှိတော့တယ်။ အချိန်က လုံးဝ မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အင်န်အယ်ဒီဟာ လူထုနဲ့ တသားတည်း ရပ်တည်ရမှာ ဖြစ်တယ်။ အခုအချိန်ဟာ သေရေး ရှင်ရေး ဖြစ်ပါတယ်။ သူသေကိုယ်သေ လို့ ဆိုတာထက်၊ သူသေ ကိုယ်ရှင် ဖြစ်ရမှာပေါ့။ တတ်နိုင်ရင်တော့ သူသေ ကိုယ်သေ မလုပ်ချင်ပါဘူး။ အခုချိန်မှာ အင်န်အယ်ဒီနဲ့ ပြည်သူလူထုဟာ အဖက်ဖက်က ကန့်သတ် ချုပ်ချယ်ခြင်း ခံထားရတဲ့ကြားက၊ အစစအရာရာ ဖိနှိပ်မှုတွေ ကြားထဲကနေပြီး စိတ်ဓာတ် ခွန်အား တခုတည်းနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
အင်န်အယ်ဒီက ဘယ်လိုမျိုး ဆုံးဖြတ်ချက် ချကြမှာလဲ …
ယခင်တုံးကဆိုရင်တော့ CEC က ဆုံးဖြတ်ချက် ချပြီးတော့ အောက်ခြေကို ဦးဆောင်မှု ပေးရုံဖြစ်တယ်။ သို့သော် အခုချိန်မှာ CC အဖွဲ့ကို ဖွဲ့စည်းပြီးပြီ ဖြစ်တဲ့အတွက် ဗဟိုဦးစီးအဖွဲ့ (CC) နဲ့ ဆွေးနွေးရမယ်။ အဲသည်လို အားလုံး ပါဝင်တဲ့ ဆွေးနွေးမှု၊ ဆုံးဖြတ်မှုတွေကို လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်မယ် ဗျာတို့၊ ဘာတို့ ဇွတ်လုပ်လို့ မရပါဘူး။
အင်န်အယ်ဒီပါတီရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရရင် …
လူငယ်တွေရဲ့ အခန်းကဏ္ဍကို အခုထက်ပိုပြီး မြှင့်တင်ဖို့လိုပါတယ်။ အခုအချိန်မှာ သူတို့တွေရဲ့ အရည်အချင်းတွေ တိုးတက်လာအောင် အစွမ်းကုန် လုပ်နေကြပြီ ဖြစ်ပါတယ်။ သင်တန်းတွေ၊ စာဖတ်ဝိုင်းတွေ၊ ဆွေးနွေးပွဲတွေနဲ့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ စွန့်လွှတ် စွန့်စားမှုတွေကိုလည်း ထုတ်ဖော် ပြောဆိုနေရမယ်။ အခုဆိုရင် ထောင်ကျနေတဲ့ အင်န်အယ်ဒီပါတီဝင် လူဦးရေတွေထဲက ထက်ဝက်ကျော်ဟာ လူငယ်တွေ ဖြစ်ပါတယ်။
နောက်တခုကတော့ အင်န်အယ်ဒီကနေပြီးတော့ လူထု လူတန်းစား အသီးသီး၊ အလွှာ အသီးသီး အပေါ်မှာ ဘယ်လိုမျိုး သဘောထားတယ်၊ ဘယ်လိုမျိုး ရပ်တည်တယ် ဆိုတာတွေကို အများ သိရှိအောင်၊ အင်န်အယ်ဒီ ပါတီဝင်တွေ အချင်းချင်းမှာလည်း သိရှိ နားလည်မှုရှိအောင် ပိုမိုပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် - အလုပ်သမား လူတန်းစားတွေ အပေါ်မှာ ကျောင်းသား လူငယ်တွေ၊ ရဟန်းသံဃာတွေ အပေါ်မှာ စသည်ဖြင့် သဘောထားတွေ၊ ရပ်တည်ချက်တွေ ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြသထားဖို့ ဆောင်ရွက်ရမယ်။
ပြန်ပြီး ရှင်းပြရရင် - ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉က အင်းစိန်ထောင်မှာ ချုပ်နှောင်ပြီး တရားစွဲဆို နေစဉ်ကဆိုရင် အင်န်အယ်ဒီက လူထုနဲ့အတူ အင်းစိန်ထောင်ရှေ့မှာ သွားရောက်ပြီး ဆန္ဒထုတ်ဖော်ဖို့ လုပ်ကိုင်ခဲ့တာ ဖြစ်တယ်။ ဆန္ဒပြဖို့ ဆူပူဖို့ သွားခဲ့တာ မဟုတ်ဘူး။ လူထုနဲ့အတူ၊ လူထုကိုယ်စား ဆန္ဒ ထုတ်ဖော်ကြမယ်လို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကြောက်စိတ်ကို ထုတ်ဖော်ပြသခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်အချင်းချင်းမှာ ကိုယ်တိုင် ဒါကို ရှင်းရှင်း သိဖို့လိုပါတယ်။
အခုအချိန်မှာ ပါတီတွင်းပြန်ကြားရေးအတွက်ကိုတောင် ပါတီပြန်ကြားရေး စာစောင် ထုတ်နိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိနေတယ်။ အတားအဆီးတွေ ရင်ဆိုင် နေကြရတယ်။ အဲသည်တော့ ကျနော်နဲ့ စကားပြောလာတဲ့၊ မေးမြန်းလာတဲ့ မီဒီယာတွေနဲ့ပဲ စကားပြောဆို နေရတယ်။ အများ သိရှိကြရအောင် သူတို့ကနေ တဆင့် ဆွေးနွေး ပြန်ကြားနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
အများပြည်သူကို ဘာပြောချင်တာလဲ …
နံပါတ် ၁ ကတော့ “မကြောက်တရား” ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဟာ မတရားတဲ့ စနစ်တခု ဖြစ်တယ်။ အဲသည် မတရားမှုတွေကို မကြိုက်ဘူး၊ လက်မခံနိုင်ဘူး ဆိုရင် အဲဒါကို “အကြောက်” နဲ့ မရင်ဆိုင်ဘဲ “မကြောက်တရား” နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောကြားခဲ့သလို လူတွေ မကြောက်ကြပါနဲ့၊ မကြောက်တဲ့ အနေအထားကနေ ရင်ဆိုင်ပါ။ မရဘူး … ကြောက်တာပဲ ဆိုရင်လဲ ကြောက်ကြောက်နဲ့ပဲ လုပ်ကြပါ။ ကျနော်ကိုယ်တိုင်လည်း သူများကို မကြောက်နဲ့ မကြောက်ကြနဲ့လို့ ပြောနေရုံတင် မဟုတ်ဘဲနဲ့ မကြောက်တရားကို ကိုင်စွဲပြီး အခုလိုမျိုး လုပ်ကိုင် ရင်ဆိုင် နေရတာပဲလို့ ပြောချင်ပါတယ်။
နံပါတ် ၂ ကတော့ “သွေးစည်းညီညွတ်ရေး” ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေ အားလုံးမှာ စားဝတ် နေရေးတွေ အလွန် ကြပ်တည်းလာတယ်။ ဆင်းရဲ ဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။ ရှေ့ကို သည်အတိုင်း ကြပ်တည်း ဆင်းရဲတဲ့ အတိုင်း သွားကြရင် စစ်အာဏာရှင် စနစ်ကပဲ ဆက်လက် အောင်ပွဲခံသွားမှာ ဖြစ်တယ်။ အခုချိန်မှာ နည်းမျိုးစုံနဲ့ လှည့်ဖျားတာတွေ၊ ချိန်းခြောက်တာတွေ၊ အချိုသတ်တာတွေ၊ ကျောသတ်တာတွေ စတဲ့ သွေးခွဲမှုတွေ၊ ခွဲခြားမှုတွေ လုပ်လာနေပါတယ်။ အဲသည်အတွက် ကျနော်တို့အားလုံးက တသွေးတည်း တသားတည်း တသံတည်းဖြစ်မှသာ အဲသည်လက်နက်နဲ့ ရင်ဆိုင် ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
နံပါတ် ၃ ကတော့ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ဆိုတဲ့ တခုတည်းသော ပန်းတိုင် ဖြစ်ပါတယ်။ ခုချိန်မှာ ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေ၊ အဖြစ်အပျက်တွေကို ကျနော်ကတော့ ၁၉၈၈ အရေးတော်ပုံရဲ့ သမိုင်း မှတ်တမ်းတွေ၊ မှတ်တိုင်တွေ၊ ကြွေးကြော်သံတွေနဲ့ နှိုင်းယှဉ်ပြီး မီးမောင်းထိုးပြပါတယ်။ ဒါဟာ ကျနော်တို့ အားလုံးနဲ့ မဝေးသေးတဲ့ နီးစပ်တဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ ဖြစ်ပါတယ်။
အာဏာရှင် စနစ်ဆိုတာ ဟိုးအပေါ်ဆုံးက နေပြီးတော့ အောက်ခြေအဆုံးက အလွှာအထိ ဘာမှ အစအန မကျန်ရစ်အောင် ချုပ်ငြိမ်းဖို့ လိုအပ်နေပြီ ဆိုတာ သဘောပေါက်ရတော့မယ်။ မဆလခေတ်က အာဏာရှင်တွေ ဆိုတာ အုပ်ချုပ်သူ လူတန်းစား အလွှာထဲမှာသာ ရှိခဲ့တာလေ။ အလယ်အလတ် တန်းလွှာမှာ၊ အောက်ခြေ လူတန်းစားမှာ အာဏာရှင်တွေ မရှိပါဘူး။ နေ့စဉ် နေ့တဓူဝ သွားလာ လှုပ်ရှားနေလို့ ရသေးတယ်။ အာဏာရှင်တွေနဲ့ မပတ်သက်အောင် နေလို့ ရခဲ့သေးတယ်။
အခုကတော့ လူထု လူတန်းစားအလွှာ အသီးသီးမှာ အာဏာရှင်စနစ်ရဲ့ စိတ်ဓာတ်တွေ အကျင့် စရိုက်ဆိုးတွေက တိုးပွား အမြစ်တွယ် လာနေပြီ ဖြစ်တယ်။ ဟိုးအောက်ခြေက ထောင်ဝန်ထမ်း ကလည်း အာဏာရှင်ပဲ။ ရပ်ကွက်ထဲက သာမန် လူတဦးကလည်း စစ်အစိုးရ သွေးထိုးမှု၊ ဖျက်ဆီးမှုကြောင့် သူလည်းပဲ အာဏာရှင်ပဲ။ အဲသလို အခြေခံနဲ့ မြန်မာပြည် တ၀ှမ်းလုံးမှာ အာဏာရှင် ပေါက်စတွေ တိုးပွားလာနေပြီ။ သူတလူ ငါတမင်းနဲ့ မင်းမဲ့ စရိုက်ဖြစ်ပြီး မည်းမည်းမြင်ရာ အနိုင်ကျင့်နေ စော်ကားနေကြပြီ။ အဲဒါကြောင့် ခုချိန်မှာ “အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ဆိုတာ အားလုံးက ၀ိုင်းဝန်း ဆောင်ရွက်ကြမှ ဖြစ်တော့မယ်ဆိုတာ သဘောပေါက် ကြရပါမယ်။
အဲဒါကြောင့် ကျနော်တို့ အပါအ၀င် အားလုံးသော ပြည်သူလူထုက မကြောက်တရား လက်နက်ကို ကိုင်စွဲပြီး အားလုံး သွေးစည်း ညီညွတ်စွာနဲ့ တစုတစည်း တသံတည်း - အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် တခုတည်းသော ပန်းတိုင်အဖြစ် ရင်ဆိုင်ကြဖို့ ချီတက်ကြဖို့ ပြောလိုက်ချင်ပါတယ်။
Ref: မိုးမခ
ချိန်ထိုးကြည့်စရာ ကျင့်ဝတ်နမူနာ
လူထုစိန်ဝင်း
23/12/2009
ကြာမီရက်ပိုင်းလေးအတွင်းမှာ ဂျာနယ်သတင်းသမားလေးတွေနဲ့ ပတ်သက်ပြီး မကြားချင်တဲ့ သတင်းစကားနှစ်ခု ကြားသိခဲ့ရလို့ စိတ်မကောင်း ဖြစ်လိုက်ရတယ်။ အတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်လေးတွေပဲ ဆိုပြီး လျစ်လျူရှု နေလိုက်ချင်ပေမယ့် ကျင့်ဝတ်နဲ့ သိက္ခာဆိုင်ရာ ကိစ္စဖြစ်လို့ မပြောချင်ပေမယ့် ပြောရပါဦးတော့မယ်။
ထပ်ရေးဖို့လိုနေသေးတာကြောင့်
နှစ်ပေါင်းနှစ်ဆယ်အစိတ်လောက်အတွင်း ရေးခဲ့သမျှ စာတွေရဲ့ သုံးပုံတစ်ပုံ လောက်သာ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ပတ်သက်တာတွေ ဖြစ်လို့ အပ်ကြောင်း ထပ်သလိုတောင် ဖြစ်နေပါပြီ။
ဒါပေမယ့် ဘယ်လောက်ပဲရေးရေး ထပ်ရေးဖို့ လိုနေသေးတာပဲ စိတ်မကောင်းစွာ တွေ့နေရတာကြောင့် ရေးလိုက်ရ ပြန်ပါတယ်။ ရိုးရိုး စာဖတ်ပရိသတ်များ သည်းခံဖတ်ပါလို့ တောင်းပန်ပါတယ်။ ဒီနေ့ စာနယ်ဇင်း လောကမှာ ၀င်ရောက် လုပ်ကိုင်လာကြသူ အများစုဟာ လူငယ် လုံမယ်လေးတွေ ဖြစ်ကြတယ်။ ဒါပေမယ့် ကလေးတွေတော့ မဟုတ်ကြဘူး။ လုပ်ငန်းခွင် နယ်ပယ်ထဲ ရောက်နေကြပြီ ဖြစ်တယ်။ လုပ်ငန်းခွင် ဆိုတာတောင် သာမန် အသက်မွေးဝမ်းကျောင်းပြု အလုပ်မျိုး ရိုးရိုးမဟုတ်ဘူး။ တိုင်းပြည် တစ်ပြည်ရဲ့ အရေးပါဆုံး မဏ္ဍိုင်ကြီး လေးခုထဲက စတုတ္ထမဏ္ဍိုင်လို့ သတ်မှတ် ခံထားရတဲ့ သတင်းမီဒီယာ လုပ်ငန်းကြီး ဖြစ်တယ်။ အသက် ဘယ်လောက်ငယ်ငယ် သတင်း မီဒီယာသမားရယ်လို့ လုပ်ကတည်းက စတုတ္ထမဏ္ဍိုင်ကို ကိုယ်စားပြုသူ တစ်ယောက်အနေနဲ့ သဘောထားပြီး ပြုမူ နေထိုင် လုပ်ကိုင်ရမှာပဲ ဖြစ်တယ်။
အများပြည်သူအမြင်မှာ မလောက်လေးမလောက်စား လူငယ်လေး အဖြစ် မမြင်စေဘဲ သတင်းမီဒီယာသမား အဖြစ်ပဲ မြင်စေရမှာ ဖြစ်တယ်။ ဒီလိုမြင်ဖို့ ကိုယ်က လုပ်ရပ်နဲ့ သက်သေပြဖို့ လိုပါတယ်။
ရိုသေလေးစားမှုတို့ ယုံကြည်မှုတို့ ဆိုတာက ပိုက်ဆံပေးပြီး ၀ယ်လို့ရတာမျိုး မဟုတ်သလို အတင်းအကျပ် ဖန်တီးယူလို့လည်း ရတာ မဟုတ်ဘူး။ ကျင့်ဝတ် ဘယ်လောက် စောင့်ထိန်းသလဲ။ သိက္ခာ ဘယ်လောက်ရှိသလဲ ဆိုတဲ့ စံနှုန်းနဲ့ကြည့်ပြီး လူအများက သတ်မှတ် ကြတာဖြစ်တယ်။ ကိုယ့်ဟာကိုယ် သတ်မှတ်လို့ ရတာမျိုး မဟုတ်ဘူး။ ရိုသေထိုက်တာ လုပ်ရင် ရိုသေမှာပဲ . . .
ရိုသေထိုက်တာလုပ်ရင် ရိုသေတယ်
ရိုသေလေးစားမှုတို့ ယုံကြည်မှုတို့ ဆိုတာက ပိုက်ဆံပေးပြီး ၀ယ်လို့ရတာမျိုး မဟုတ်သလို အတင်းအကျပ် ဖန်တီးယူလို့လည်း ရတာ မဟုတ်ဘူး။ ကျင့်ဝတ် ဘယ်လောက် စောင့်ထိန်းသလဲ။ သိက္ခာ ဘယ်လောက် ရှိသလဲဆိုတဲ့ စံနှုန်းနဲ့ ကြည့်ပြီး လူအများက သတ်မှတ်ကြတာ ဖြစ်တယ်။ ကိုယ့်ဟာကိုယ် သတ်မှတ်လို့ ရတာမျိုး မဟုတ်ဘူး။ ရိုသေထိုက်တာ လုပ်ရင် ရိုသေမှာပဲ။ ရိုသေ ထိုက်တာ မလုပ်ရင် မရိုသေပါဘူး။
အခွင့်ထူးခံလိုင်စင် မဟုတ်ဘူး
စာနယ်ဇင်းသမားနဲ့ ဆိုင်တာပဲ ပြောပါမယ်။ လူတစ်ယောက်ကို အထင်ကြီးတယ်။ အထင်သေးတယ် ဆိုတာ အဓိကအားဖြင့် အဲဒီလူရဲ့ လုပ်ရပ်ကို ကြည့်ဆုံးဖြတ်ကြတာ ဖြစ်တယ်။ ကိုယ်က ဘာတံဆိပ်ပဲ တပ်ထားထား လုပ်ရပ်က အထင်အမြင် သေးစရာ ဖြစ်နေရင် လူတွေက အထင်သေးမှာပဲ။ တချို့က တံဆိပ်တစ်ခု တပ်ထားရတာကို အခွင့်ထူးခံစားခွင့် လိုင်စင်ရသလို အောက်မေ့ပြီး နေရာတကာ လူတွင်ကျယ် လုပ်ချင်တတ်ကြတယ်။ တံဆိပ်ဆိုတာ တပ်ထားသူရဲ့ အလုပ်အကိုင် သက်သေခံ အမှတ်အသား တစ်ခုထက် ဘာမှမပိုဘူး။ ဒါကြောင့် တံဆိပ်ပြပြီး ဘာ အခွင့်အရေးမှ ပိုပြီး ရခွင့် မရှိပါဘူး။
စာနယ်ဇင်းသမားတံဆိပ် ဒါမှမဟုတ် ကတ်ပြားဆိုပါစို့။ ဒီတံဆိပ်၊ ကတ်ပြားတပ်ထားရုံနဲ့ လူတကာ မရတဲ့ အခွင့်ထူး ရရမယ်လို့ တောင်းဆိုပိုင်ခွင့် မရှိပါဘူး။ လူတကာ သွားလာ ၀င်ထွက်ခွင့်ရှိတဲ့ နေရာမျိုးမှာ ဒီတံဆိပ် တပ်ထားလို့ ဆိုပြီး ဘယ်သူကမှ တားဆီး ပိတ်ပင်ခွင့်လည်း မရှိပါဘူး။ လွန်ခဲ့တဲ့ လေးငါးနှစ်က 'သတင်းသမား ဖိတ်စာ လိုမလို'ဆိုတဲ့ ကိစ္စ အငြင်းပွားခဲ့ကြတာ မှတ်မိကြဦးမှာပါ။ သတင်းသမား သတင်းလိုက်တာ သတင်းယူတာကို တရားဥပဒေနဲ့ ကန့်သတ် တားဆီး လုပ်ထားတာ မဟုတ်ရင် ဘယ်သူမှ တားဆီးပိတ်ပင်ခွင့် မရှိပါဘူး။ ဘယ်သူ့ဆီကမှ ခွင့်ပြုချက် တောင်းနေဖို့လည်း မလိုပါဘူး။ ဖိတ်စာလည်း မလိုပါဘူး။
ဒါပေမယ့် လူတစ်ဦးတစ်ယောက်ရဲ့ အိမ်ဝင်းထဲမှာ ပြုလုပ်တဲ့ အခမ်းအနား ပွဲလမ်းသဘင် တစ်ခုခုဆိုရင်တော့ ဖိတ်ကြား မခံရဘဲနဲ့ ၀င်ရောက်ခြင်း မပြုသင့်ပါဘူး။
ဒီကိစ္စက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ ဖြစ်ပါတယ်။ အများပြည်သူ လူထုအတွက် အရေးပါတဲ့ သတင်းမျိုး မဟုတ်ပါဘူး။ သတင်း အကြောင်းပြချက်နဲ့ သူတစ်ပါးရဲ့ အိမ်ပိုင်နက်အတွင်း မဖိတ်ခေါ်ဘဲ ၀င်ရောက်ခွင့် မရှိပါဘူး။ ဒါကို သတိပြုသင့်ပါတယ်။
တံစိုးလက်ဆောင်
စာနယ်ဇင်းသမားဆိုတာ ဘယ်လိုတံစိုးလက်ဆောင်မျိုးကိုမှ လက်မခံရပါဘူး။ စီးပွားရေး သမားရဲ့ ခါးပိုက်ဆောင် လက်ကိုင်တုတ် အဖြစ် မခံရသလို နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီ ခါးပိုက်ဆောင် လက်ကိုင်တုတ်လည်း အဖြစ်မခံရပါဘူး။ စာနယ်ဇင်းသမား မှန်ရင် ဘယ်သူ့ 'ကျေးဇူးကြွေး'မှ အတင် မခံသင့်ဘူး။ အကြွေးဆိုတာ တင်မိရင် တစ်နည်းနည်းနဲ့ ပြန်ဆပ်ရမြဲဖြစ်တယ်။ ပြန်မဆပ်ရတောင် မျက်နှာကိုတော့ ငဲ့ကြည့်ရမှာ သေချာတယ်။ စာနယ်ဇင်းသမား ဆိုတာ စာဖတ် ပရိသတ် ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာကိုမှ ကြည့်လို့ မဖြစ်ပါဘူး။ ကျေးဇူးကြောင့် ငဲ့ကွက်ရတယ် ဆိုရင် စာနယ်ဇင်းအာပတ် သင့်ပါတယ်။
သူများတွေကိုကြည့်
လက်ဆောင်ကိုလက်ရှောင်ဖို့ အကြောင်းရေးခဲ့တဲ့ အကြိမ်တွေ မနည်းတော့ပါဘူး။ အပ်ကြောင်း ထပ်သလိုတောင် ဖြစ်နေပါပြီ။ ရိုးရိုး စာဖတ်ပရိသတ် များကို အားတောင် နာပါတယ်။ ဒါပေမယ့် စာနယ်ဇင်းလောကထဲ အသစ်အသစ် ၀င်ရောက်လာတဲ့ လူငယ်တွေက နေ့စဉ်လို ရှိနေကြပြီး ရေးခဲ့တဲ့ စာတွေကိုလည်း ဖတ်ဖူး တွေ့ဖူးကြပုံ မပေါ်တာကြောင့် မကြာခဏ ထပ်ထပ်ပြီး ရေးနေရတာပါ။ အခုလည်း ကြည့်ပါဦး၊ လူပုံအလယ်မှာ ပေးသူကပေး၊ ယူသူကလည်းယူ လုပ်နေကြတာ ဆိုတော့ ဒီလုပ်ရပ်ဟာ မှားတယ်လို့တောင် သဘောထားကြပုံ မရပါဘူး။ တော်တော်ကို စိတ်မကောင်းစရာ ဖြစ်ပါတယ်။ အဲဒါကြောင့် ထပ်ရေးရ ပြန်ပါတယ်။ ကိုယ့်အတ္တနောမတိကို မရေးတော့ပါဘူး။ အမေရိကန်နိုင်ငံက The Des Moine Register ဆိုတဲ့ သာမန် သတင်းစာလေး တစ်စောင်က သူ့တိုက်တွင်း စည်းကမ်းအဖြစ် ချမှတ်ထားတဲ့ ကျင့်ဝတ်များကိုပဲ ဖော်ပြလိုက်ပါတယ်။ ဒီနမူနာ ဖော်ပြချက်ကလည်း အရင်က ရေးပြီးသားပါ။ လိုအပ်ပြန်လို့ ထပ်ပြီး ဖော်ပြလိုက်ရတာပါ။
ဖတ်ပြီးသူများခွင့်လွှတ်ကြပါတော့။
* ကျွန်ုပ်တို့သတင်းစာ၏ သတင်းကိစ္စ ဆောင်ရွက်ရင်း ထမင်းစားပွဲများ၊ အခြားဧည့်ခံပွဲများ တက်ရောက်ရသည့် အခါတွင် ကိုယ့်စားစရိတ်ကို ကိုယ့်ဟာကိုယ် ပေးရမည်။ ချက်ချင်းပေးခွင့် မကြုံလျှင် နောက်တစ်ချိန်ချိန်၌ ပေးဖြစ်အောင် ပြန်ပေးရမည်။
* နိုင်ငံရေးဟောပြောပွဲများအတွက်ဖြစ်စေ၊ အားကစား အသင်းအဖွဲ့များနှင့်ဖြစ်စေ၊ အတူလိုက်ပါ ခရီးသွားရသည့် အခါမျိုးတွင်လည်း ကိုယ့်စရိတ်ကိုယ်ပေးပြီး လိုက်ပါရမည်။
* မည်သည့်ဝန်ထမ်းမှ မည်သို့သော အခမဲ့လက်မှတ်၊ မေတ္တာလက်ဆောင် လက်မှတ်မျိုး ကိုမှ လက်မခံရ။
* သတင်းစာတိုက်ဝန်ထမ်းများသည် မည်သည့်ပြင်ပလုပ်ငန်းများ၊ အသင်းအဖွဲ့များတွင်မှ ဒါရိုက်တာ အဖွဲ့ဝင် စသည့် ရာထူး တာဝန်များယူပြီး ယင်းလုပ်ငန်းများ အတွက် သတင်း ဆောင်းပါး ရေးပေးရသည့် တာဝန်များကို မယူရ။
ကဲ အဲဒီကျင့်ဝတ်တွေနဲ့သာ ချိန်ထိုးကြည့်ကြပါတော့ခင်ဗျာ။
နေ့စဉ်သတင်းများ ( ၁၅ - ၃ - ၁၀ )
■ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် သတင်း
■ ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် သတင်း
■ ရန်ကုန်မြို့တော်ဝန် ရွေးကောက်ပွဲဝင်မည် သတင်း
■ ဦးသုဝေပါတီ ရွေးကောက်ပွဲဝင်ရန် အဆင်သင့်ဖြစ် သတင်း
■ ကချင်ပါတီ ရွေးကောက်ပွဲဝင်ရန် အသင့်ဖြစ်ပြီ သတင်း
■ တရုတ်နယ်စပ် အပစ်ရပ်ဒေသများ အခြေအနေတင်းမာ သတင်း
■ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် လာရောက်လည်ပတ်မည် သတင်း
■ အရွယ်မတိုင်မီ စစ်တပ်ထဲ အသွင်းခံရသည့် ကလေး သတင်း
■ ၀င်းရေးမြို့နယ်မှ ဒေသခံရွာသား (၃၀၀)ကျော် ဆုတောင်းပွဲ ပြုလုပ် သတင်း
■ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ သတင်း
■ လူ့အခွင့်အရေးကော်မရှင် အခြေအတင် ဆွေးနွေးပွဲ သတင်း
■ ဇေတဝန်ကျောင်းအတွင်း တရားမဝင် ကျွန်းသစ်များ ဖမ်းဆီး သတင်း
■ တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး သတင်း
■ စီးပွားရေးအကျပ်အတည်းကြောင့် ရခိုင်ရိုးရာ သင်္ကြန်သံချပ်ခွေများ ထွက်ရန် အခြေအနေမရှိ သတင်း
■ မွန်းလွဲချိန်မှာ လူဦးရေ (၈) သောင်းထိ စုဝေးရောက်ရှိ သတင်း
■ အနီရောင်ဝတ် ဆန္ဒပြသမားများက ထိုင်းအစိုးရကို ရာဇသံပေး သတင်း
■ အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် သတင်း
■ ဘီးနံပါတ် OK 0122L (ဆောင်းပါး)
■ ရေပြင်ညီ ရေစီးကြောင်းနဲ့ ဦးဆောင်မှု အကျပ်အတည်း (ဆောင်းပါး)
■ နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
■ ဘားတိုက်ကို ပြန်ပို့ရမယ့် စစ်အစိုးရ (ဆောင်းပါး)
Monday, March 15, 2010
နေ့စဉ်သတင်းများ ( ၁၄ - ၃ - ၁၀ )
■ ကြားဖြတ်အစိုးရတရပ် ဖွဲ့စည်းဖို့ MPU အဖွဲ့ တိုက်တွန်း သတင်း
■ ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ပြီး ကြားဖြတ်အစိုးရဖွဲ့ရန် တိုက်တွန်း သတင်း
■ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ပျက်ပြယ်ခြင်းမရှိကြောင်း အမ်ပီယူ ထုတ်ပြန်ကြေညာ သတင်း
■ ရက် (၆၀) တိုက်ပွဲအကြို ပထမ သီတင်းပတ်အတွင်း တုန့်ပြန်ချက်များ သတင်း
■ မြန်မာ့ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့ဆုတောင်းပွဲနေ့ ကျင်းပ သတင်း
■ ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေး မွေးနေ့ဆုတောင်းပွဲ လန်ဒန်တွင် ပြုလုပ် သတင်း
■ ၀င်းရေးမြို့နယ်မှ ဒေသခံရွာသား (၃၀၀)ကျော် ဆုတောင်းပွဲ ပြုလုပ် သတင်း
■ ပန်းပဲတန်းမြို့နယ် လမ်း (၃၀) မှာ (၃) ထပ်တိုက် ပြိုကျ သတင်း
■ အောင်လံ၌ မီးလောင် သတင်း
■ ဒဂုံမြို့သစ် အန်အယ်လ်ဒီ မြို့နယ်စည်းအဖွဲ့ ပျက်ပြယ်သွားပြီလို့ မယက ဥက္ကဌ ပြော သတင်း
■ အဖွဲ့ချုပ်ရုံးခန်း ပြန်ဖွင့်ခွင့်ပြုသော်လည်း အဟန့်အတားများ ရှိနေ သတင်း
■ ကလေးစစ်သားစုဆောင်းခံရသူ မိဘရင်ခွင် ပြန်ရောက် သတင်း
■ ၀က်တုပ်ကွေးရောဂါ သံဃာ (၈) ပါး မုံရွာဆေးရုံတင်ထားရ သတင်း
■ အစိုးရနှုတ်ထွက်ဖို့ နောက်ဆုံးရက် သတ်မှတ်တောင်းဆို သတင်း
■ ထိုင်းအစိုးရ ဆန့်ကျင်ရေး လူထု သိန်းနဲ့ချီ ဆန္ဒပြ သတင်း
■ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အစ္စရေးကို အမေရိကန် ပြစ်တင်ဝေဖန် သတင်း
Sunday, March 14, 2010
အမွန်းကျပ်ဆုံး အချိန်
သောကြာနေ့၊ မတ်လ ၁၂ ရက် ၂၀၁၀
(ဦးဝင်တင်နှင့် အင်တာဗျူး)
နယူးဒေလီ။ ။ ယခင်အာဏာရှင် ဦးနေဝင်းအစိုးရလက်ထက် ဖျက်သိမ်း ခံလိုက်ရသော ဟံသာဝတီ သတင်းစာ၏ အယ်ဒီတာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်ရာတွင် ပါဝင်ခဲ့ပြီး လက်ရှိ စစ်အစိုးရက အငြှိုးတကြီးဖြင့် ၁၉ နှစ် ထောင်သွင်း အကျဉ်းချခံခဲ့ရသူ၊ တကိုယ်ရည် တကာယ သို့သော် စစ်ဖိနပ်အောက်မှ တိုင်းပြည်ကို လွတ်မြောက်စေလိုသော ဝန်ထုပ်ကို သယ်ပိုးထားရသော စစ်ဗိုလ်ချုပ်များ ဘက်က သဘောထား တင်းမာသူဟု အမြင်ခံရသူ၊ သို့သော် သူ၏ ရိုးဖြောင့်မှုနှင့် ပတ်သက်၍ အာဏာပိုင်များ ဘက်ကပင် အသိအမှတ် ပြုရသော ဦးဝင်းတင်သည် ယနေ့တွင် အသက် ၈ဝ နှစ် ပြည့်မြောက်ပြီ ဖြစ်သည်။
သူ့မွေးနေ့သမယတွင် သူလိုလားသော ရွှေဂုံတိုင် ရပ်တည်ချက်ကို စစ်အစိုးရက မထီမဲ့မြင်ဖြင့် ရွေးကောက်ပွဲ ဥပဒေ ထုတ်ကာ ပစ်ပယ်ခံရချိန်၊ မူနှင့် လက်တွေ့နိုင်ငံရေး အားပြိုင် လာနေချိန် ဖြစ်သည်။
သတင်းထောက်များ မေးသမျှ မငြီးမငြူ ဖြေကြားတတ်သော ဦးဝင်းတင်ကို မဇ္ဈိမ သတင်းထောက် မြင့်မောင်က ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ၈ဝ နှစ်ပြည့် မွေးနေ့မှာ ပြည်သူတွေကို ဘယ်လို နှုတ်ခွန်းဆက်လိုပါသလဲ။
''ကျနော်တို့ဟာ အလွန်ကို အမွန်းကျပ်ဆုံး အချိန်ပဲ။ စစ်အစိုးရဟာ နည်းမျိုးစုံနဲ့ ဖိနှိပ် ချုပ်ချယ်တာတွေ အများကြီး လုပ်လာတယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ၊ အများပြည်သူတွေ ဘာမှ လုပ်နိုင်လောက်မယ့် အနေအထား မရှိဘူး။ ဒီထဲမှာ ထပ်ပြီးတော့ ရွေးကောက်ပွဲတို့၊ ဘာတို့ ပေါ်လာတဲ့ အခါကျ နိုင်ငံရေးအရ အနာဂတ်မှာ မလုပ်နိုင်အောင် အစီအမံတွေ ပိုပြီး ချထားတယ်''
''အမွန်းကျပ်ဆုံး၊ အတင်းကျပ်ဆုံး အချိန်ပဲ။ တုံ့ပြန်စရာလမ်းက တလမ်းပဲ ရှိတယ်။ စစ်အစိုးရနဲ့ ရင်ဆိုင် ထိပ်တိုက်တွေ့ပြီး ဆန့်ကျင် သွားဖို့ လမ်းပဲ။ အဲဒီလို လုပ်ဖို့ လက်နက် ၃ သုံးမျိုး ရှိတယ်။ ၁ အနေနဲ့ မကြောက်တရား လက်နက်။ မကြောက်တရား လက်နက်ဆိုတာ ပြည်သူလူထုမှာ မျိုးစုံ အကျပ်အတည်းတွေ ကြုံတွေ့နေတဲ့ အခါ လူတွေက နည်းနည်း ကြောက်လန့်လာတယ်။ ခြောက်လှန့်တယ်ဆိုရင် ကြောက်လန့်မှာပဲ။ ဒါ နားလည်ရမှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူလူထုက ကိုယ့်ထမင်းကို ကိုယ်ရှာ စားနေတဲ့သူတွေ၊ နိုင်ငံရေး လုပ်နေကြတဲ့ သူတွေ မဟုတ်ဘူး''
''ဒီအချိန် အကြောက်တရားကို စွန့်ကြပါ၊ မကြောက်တရားနဲ့ ရင်ဆိုင်ကြပါ၊ ရဲရဲတင်းတင်းကြီးကို ရင်ဆိုင်ကြပါ၊ အကြောက်တရား ရှိရင်လည်း ကြောက်ကြောက်နဲ့ပဲ လုပ်ကိုင် ကြပါလို့ တိုက်တွန်းချင်တယ်။ မကြောက်တရား လက်နက်နဲ့ စစ်အစိုးရကို တွန်းလှန်ချေမှုန်းဖို့၊ ရင်ဆိုင်ဖို့ တလမ်းပဲ ရှိပါတယ်''
''နောက်တခုက သွေးစည်းညီညွတ်ရေး ကိစ္စပေါ့ဗျာ။ သွေးစည်း ညီညွတ်ရေး လက်နက်ဆိုတာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ ပြည်သူလူထု ဘက်တော်သားတွေ အားလုံးဟာ စစ်အစိုးရရဲ့ သွေးခွဲမှုတွေ၊ တိုင်းပြည်ရဲ့ အကြောင်းအမျိုးမျိုးသော အကြောင်းတွေကြောင့် ကျနော်တို့ဟာ သွေးစည်း ညီညွတ်ရေး လျော့လာတယ်၊ အားပျက်လာတယ်၊ တယောက်နဲ့တယောက် နည်းနည်း စိမ်းလာတယ်၊ မယုံရဘူး။ ထောက်လှမ်းရးက သွေးခွဲတာတမျိုး၊ ခြိမ်းခြောက်တာက တမျိုး အဲဒီလို အကြောင်း အမျိုးမျိုးကြောင့် သွေးစည်း ညီညွတ်ရေး တဖြည်းဖြည်း ပြိုကွဲလာတယ်။ အဲဒီအချိန်မှာ ဒီစစ်အစိုးရကို ရင်ဆိုင်ဖို့၊ သွေးစည်း ညီညွတ်ရေး အားကို ပိုပြီးတော့ ခိုင်မာအောင်လုပ်ဖို့ပဲ ဖြစ်တယ်''
မေး။ ။ လက်ရှိအနေအထားအရ NLD အနေနဲ့ ရွေးကောက်ပွဲဝင်ပြီး ပါတီရပ်တည်ဖို့ လုပ်သင့်ပါသလား၊ မဝင်ဘဲနဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ရလဒ်ကို ကိုင်ဆွဲပြီး ဆက်လုပ်ဖို့ လိုပါသလား။
''ကျနော်ရဲ့ ရပ်တည်ချက်က ရွှေဂုံတိုင်မှာ ချမှတ်ထားတဲ့ အတိုင်း ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရမယ်။ အသိအမှတ် ပြုမှသာ သမိုင်းမှာ မှန်ကန်တဲ့ အနေအထား ရမယ်။ နောင်အခါ တိုင်းပြည်မှာလည်း လူတွေက အစိုးရအပေါ် အယုံအကြည် ရှိမယ်။ ဒါကြောင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲရမယ်။ နောက်တခုက ၂ဝဝ၈ အခြေခံ ဥပဒေထဲမှာ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ အချက်တွေ ပြင်ဆင် ပြောင်းလဲရမယ်။ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရမယ်။ ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ရမယ်ဆိုတဲ့ နိုင်ငံရေး တောင်းဆိုချက်တွေ မှန်ကန်တယ်။ ဒါတွေ ရမှသာလျှင် ဗမာပြည် အနာဂတ်နိုင်ငံရေး ကောင်းမယ်။ အဲလိုမဟုတ်ဘဲ စစ်အစိုးရ ကမ်းလှမ်းနေတဲ့ နွားဖားကြိုးတပ်တဲ့ ဒီမိုကရေစီ လမ်းစဉ်အတိုင်း လိုက်ဖို့အတွက် ရွေးကောက်ပွဲတွေ ဝင်မယ်၊ စစ်အစိုးရ ခိုင်းတဲ့အတိုင်း လုပ်နေမယ်ဆိုရင် သူတို့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး''
''ပါလီမန်ထဲမှာလည်း ဘာအသံမှ ထွက်လာမှာ မဟုတ်ဘူး။ လူထုအတွက် ဘာမှ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်ဆွဲပြီး ၂ဝဝ၈ အခြေခံဥပဒေကို ပြင်ဆင်ရေး အတွက် တိုက်ပွဲ ဝင်သွားဖို့ပဲ။ တိုက်ပွဲ ဝင်သွားတဲ့အခါမှာ ဒီစစ်အစိုးရရဲ့ ပါတီများ ဖွဲ့စည်းရေး ဥပဒေနဲ့ မကိုက်ညီတဲ့ အတွက်၊ ကျနော်တို့က ပါတီမရှိလည်း ကိစ္စ မရှိဘူးလို့ ယူဆတယ်။ နိုင်ငံရေး ပါတီတခုဟာ နိုင်ငံရေးရှိဖို့ လိုတယ်၊ နိုင်ငံရေး မရှိတဲ့ ပါတီဆိုရင် ဘာနဲ့တူလဲဆိုတော့ ဦးနှောက်မရှိတဲ့၊ ခေါင်းမပါတဲ့ သတ္တဝါလို ဖြစ်မှာပဲ။ လူတွေမှာ၊ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းတွေမှာ နိုင်ငံရေး ရှိနေမယ်ဆိုရင် ပါတီမရှိလည်း အရေးမကြီးဘူး။ ကွန်မြူနစ်တို့၊ ဖဆပလတို့ ဆိုရင် ဂျပန်ခေတ် တခေတ်လုံး ကျော်ဖြတ်ခဲ့တယ်။ ပါတီရယ်လို့ မရှိဘူး။ နောက်မှ ဖဆပလဆိုတာ ပေါ်ပေါက်လာခဲ့တယ်''
''ဦးနုလည်း မဆလ တခေတ်လုံးမှာ သူ့ပါတီရယ်လို့ မရှိဘဲနဲ့ ကျော်ဖြတ်ခဲ့တယ်။ ၈ လေးလုံးကာလကို ရောက်တဲ့အခါ ပါတီတွေဘာတွေ ပြန်ထူထောင်နိုင်တယ်။ ယှဉ်ပြိုင်အစိုးရ တဖွဲ့ကိုတောင် ဖွဲ့သွားနိုင်သေးတယ်။ တိုင်းရင်းသား အင်အားစုတွေကို ကြည့်မယ် ဆိုရင်လည်း သူတို့အထဲမှာ ပါတီရယ်လို့ မရှိဘူး။ တရားဝင်ဖွဲ့ပြီး ရပ်တည်လို့ မရဘူး။ ဒါပေမဲ့ သူတို့မှာ နိုင်ငံရေး ရှိတယ်။ အမျိုးသား နိုင်ငံရေး၊ တန်းတူညီမျှတဲ့ နိုင်ငံရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတဲ့ နိုင်ငံရေးတွေ ရှိတဲ့အခါ ဒီနေ့အထိ လှုပ်ရှားနေလို့ ရတယ်။ ကျနော်တို့ ကြောက်လန့်ပြီး စစ်အစိုးရ ခိုင်းတဲ့အတိုင်း၊ စစ်အစိုးရက သံခြေကျင်း ခတ်ထားတဲ့ နိုင်ငံရေးပါတီ တခု အနေနဲ့ စစ်အစိုးရရဲ့ လမ်းကြောင်းထဲကို လိုက်သွားစရာ မလိုဘူးလို့ ထင်တယ်''
မေး။ ။ ၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နှစ်ရပ်ကို ဘယ်လိုမျိုး နှိုင်းယှဉ်သုံးသပ် လိုပါသလဲ။
''၉ဝ ရွေးကောက်ပွဲ နောက်ကွယ်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု အရေးတော်ပုံကြီး ရှိခဲ့တယ်။ စစ်အစိုးရအနေနဲ့ ဘာအင်အားမှ မရှိဘူး။ လူထုရဲ့ တောင်းဆိုချက်ကလည်း အများကြီး များတဲ့ အခါကျ ၉ဝ ရွေးကောက်ပွဲကို လွတ်လွတ် လပ်လပ်ဖြစ်အောင် ကျင်းပ ပေးနိုင်ခဲ့တယ်။ ကျနော်တို့ကို လက်ပြန်ကြိုး တုတ်ခြင်း၊ လက်ထိပ်ခတ်ခြင်း၊ သံခြေကျင်းခတ်ခြင်း ဘာမှမလုပ်ဘဲနဲ့ ပါတီကို လွတ်လပ်စွာ လုပ်ခွင့်ပေးခဲ့တယ်။ အဲဒီအတွက် အနိုင်ရခဲ့တယ်။ ဒါက ၁၉၉ဝ ခုနှစ်တုန်းက အခြေအနေတွေပါ''
''၂ဝ၁ဝ ရောက်တဲ့အခါ စစ်အစိုးရက တိုင်းပြည်ကို စစ်ဖိနပ်နင်း အုပ်ချုပ်ခဲ့တယ်။ တိုင်းသူ ပြည်သားတွေကလည်း နည်းနည်း အကြောက် တရားတွေ ဝင်နေပြီ၊ နောက် စီးပွားရေးက ကျပ်တည်းတဲ့ အခါ လူတိုင်းက နိုင်ငံရေးကို သိပ်ပြီး စိတ်မဝင်စား နိုင်တော့ဘဲနဲ့ စိတ်ဝင်စားမှုတွေ အတန်ငယ် လျော့ပြီးတော့ စားရေး သောက်ရေးအတွက် အာရုံ စိုက်နေရတယ်။ ဆိုတော့ စစ်အစိုးရက အခုအချိန်မှာ အထက်စီးက နေလို့ရတယ်။ နောက် တိုင်းပြည်ရဲ့ သယံဇာတတွေရောင်း ဘာရောင်းနဲ့ နိုင်ငံခြားငွေတွေက သူတို့ လက်ထဲမှာ ရှိနေတဲ့အတွက် ရှေ့လျှောက်ပြီး စစ်အာဏာ ထူထောင်ဖို့လည်း ရှိနေပြီ။ ၂ဝဝ၈ အခြေခံ ဥပဒေလည်း ရှိနေပြီ။ ဒီဥပဒေကိုလည်း နာဂစ်လို ကာလမျိုးမှာ ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အချိန် ဇွတ်အတင်း ပြဋ္ဌာန်းခဲ့တယ်''
''ဒီလို အခြေအနေတွေရှိတော့ ၂ဝ၁ဝ ရွေးကောက်ပွဲ အနေအထားက အမျိုးမျိုး အနိုင်ကျင့်တဲ့ ဟာတွေနဲ့ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ပါလာတယ်။ လာမယ့် ရွေးကောက်ပွဲ အပြီး ဖြစ်လာမယ့် အခြေခံဥပဒေ ဆိုတာကလည်း ၁၉၉ဝ တုန်းက အခြေခံ ဥပဒေမျိုး မရှိဘူး။ ကျနော်တို့ ဘာမှ မလုပ်နိုင်ဘူး။ သူက ရွေးကောက်ပွဲ လုပ်ပေးရုံ သက်သက်ပဲ။ အခုကျ သူတို့မှာ သတ်မှတ်ချက်တွေ ရှိပြီ၊ ဒီအတိုင်း ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ လုပ်တဲ့အခါကျ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဘာမှ ဖြစ်လာနိုင်စရာ မရှိဘူး။ ၂ဝဝ၈ ခုနှစ်တုန်းက ချမှတ်ထားတဲ့ စစ်အာဏာ ယန္တယားကြီး အခိုင်အမာ တည်ဆောက်ဖို့၊ စစ်အစိုးရ သက်ဆိုး ရှည်ဖို့ပဲ ရှိတယ်။ ကျန်တာ ဘာမှမရှိဘူး''
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာမယူသင့်ဘူး၊ နိုင်ငံ့ဂုဏ်ဆောင်ပဲ ဖြစ်သင့်တယ် ဆိုတဲ့အပေါ် ဘယ်လို ပြောချင်ပါသလဲ။
''ဘယ်ဟုတ်မလဲဗျာ။ နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလည်း ယူရမှာပေါ့ဗျာ။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ ဦးဆောင်မယ့်သူက အာဏာ ရှိရမယ်။ တိုင်းပြည်ရဲ့ ယန္တယားတွေကို ကွပ်ကဲ ကြီးကြပ်တဲ့ ပုဂ္ဂိုလ်ပဲ။ ဘယ်ဂျောင်ထိုးလို့ ဘယ်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယက ဆိုနီယာဂန္ဒီ လုပ်သလို လုပ်လို့ မရဘူး။ ဆိုနီယာဂန္ဒီက နိုင်ငံခြားသား။ ရှင်းရှင်းပြောရရင် တိုင်းပြည်ကို ခေါင်းဆောင် လုပ်ရမှာ မလွယ်ဘူး။ နိုင်ငံခြားသား ဖြစ်နေတဲ့ အတွက် သူဟာ နိုင်ငံရေးမှာ ပါတီကို နောက်ကွယ်ကနေ ကိုင်ပြီး လုပ်နေတယ်။ သြဇာ အာဏာရှိတာ မှန်တယ်။ တိုင်းပြည်အတွက် အများကြီး အလုပ် လုပ်ကိုင်နေတာ မှန်တယ်။ သို့သော် သူက နောက်ကွယ်ကနေ လုပ်ရမယ့် အနေအထားကြီးဗျာ။ ဒေါ်အောင်ဆန်းစုကြည်က ဗမာဗျာ၊ ဒီတိုင်းပြည်ရဲ့ အာဇည်နည် ပုဂ္ဂိုလ်ကြီး သမီးဗျာ၊ နိုင်ငံရေး သြဇာတွေ ရှိတယ်၊ နိုင်ငံရေး ပုံရိပ်တွေ ရှိတယ်၊ နိုင်ငံရေး သိက္ခာတွေ ရှိတယ်။ အဲဒီ သိက္ခာတွေကို တိုင်းပြည် ပြောင်းလဲဖို့၊ အသစ် တည်ဆောက်ဖို့ နေရာတွေမှာ အပြည့်အဝ သုံးရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို သေတ္တာထဲ ခေါက်ထည့်ပြီး၊ Showcase ထဲ ထည့်ထားပြီး ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ဘက်မှာ ရှိပါတယ်ဗျာ ဆိုပြီးတော့ ပြစားဖို့ ရည်ရွယ်ချက် မရှိဘူး''
''ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အပြည့်အဝ လုပ်လည်း အခြေခံ ဥပဒေအရ နိုင်ငံရေး အာဏာဆိုတာ အပြည့်အဝ ရစရာမရှိဘူး။ NLD ကို တတိုင်းပြည်လုံးက ၇၅ % အပြည့် ပေးလိုက်လည်း အစိုးရ ဖွဲ့လို့ မရဘူး။ ဒီအခြေခံ ဥပဒေအရ ဘယ်ပါတီမှ အစိုးရဖွဲ့လို့ မရဘူးဗျာ။ စစ်တပ်က သြဇာရှိတဲ့ စစ်တပ်က လူတွေနဲ့ပဲ အစိုးရဖွဲ့မှာပဲ။ လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ဘာမှလုပ်လို့ မရဘူး။ သို့သော် ကျနော့် သဘောကို ပြောမယ်ဆိုရင် လွတ်လွတ်လပ်လပ် ရှိတဲ့ ဖွဲ့စည်းပုံနဲ့ လွတ်လွတ်လပ်လပ် ရှိတဲ့ လူ့အဖွဲ့အစည်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်ပြည့် လုပ်ရမှာပဲ။ အာဏာလည်း ယူသင့်ရင် ယူရမှာပဲ။ သူ့ကို ပြစားဖို့လည်း မဟုတ်ဘူး။ ဆိုနီယာဂန္ဒီလိုလည်း ဂျောင်ထဲ ထိုးထားလို့ မရဘူး''
မေး။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ ပြီးသွားရင် မြန်မာနိုင်ငံရဲ့ လူနေမှု အခြေအနေအပေါ် ဘယ်လိုသုံးသပ် လိုပါသလဲ။
''ကောင်းလာမလား၊ ဆိုးလာမလား ဆိုတာကတော့ ကျနော် မပြောချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြောဖို့က မလွယ်ဘူးလေ။ သေချာတာတခုက အခုအခြေအနေ အတိုင်း ဖြစ်မှာတော့ သေချာတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီစစ်ဗိုလ်တွေပဲ စားသောက်နေတယ်။ တိုင်းပြည်ကို ဖိနှိပ်ချုပ်ချယ်နေတဲ့ စစ်ဗိုလ်တွေပဲ။ တိုင်းပြည်ရဲ့ သယံဇာတတွေရော၊ တိုင်းပြည်ရဲ့ အရင်းအမြစ် တွေရော အကုန်လုံး ရောင်းစားပြီးတော့ လုပ်ချင်ရာ လုပ်နေတဲ့ လူတစုပဲ သက်ဆိုး ရှည်နေမယ်၊ အာဏာ ရနေမယ်ဆိုတော့ ကောင်းတာတွေ၊ ဆိုးတာတွေတော့ နောက်တဆင့်ထား။ အနိမ့်ဆုံး ကတော့ ဒီပုံသဏ္ဍာန်ပဲ ဖြစ်မယ်။ ဒီပုတ်ထဲက ဒီပဲ ဖြစ်လာမယ်လို့တော့ ပြောနိုင်တယ်''
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၁၃ - ၃- ၁၀ )
■ (၂၂) နှစ်မြောက် ဖုန်းမော်နေ့တွင် ကြားဖြတ်အစိုးရဖွဲ့ရန် တောင်းဆို သတင်း
■ ဖုန်းမော်နေ့ အခမ်းအနား ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကျင်းပ သတင်း
■ ဦးဝင်းတင်၏ ထောင်တွင်းအတွေ့အကြုံစာအုပ် စတင်ဖြန့်ချိ သတင်း
■ မြန်မာ့လူ့အခွင့်အရေးနေ့ သြစတြေးလျ၌ ကျင်းပ သတင်း
■ NLD ရှေ့လုပ်ငန်းစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် ချပြဆွေးနွေးမည် သတင်း
■ ပါတီရုံးတွေ ဖွင့်ခွင့်ရပေမယ့် တားမြစ်မှုတချို့ တွေ့ကြုံရ သတင်း
■ ရွေးကောက်ပွဲဥပဒေကို မဒတ ကန့်ကွက် သတင်း
■ ရွေးကောက်ပွဲဥပေဒအပေါ် DPM ပါတီရဲ့ သဘောထား သတင်း
■ ကိုးကန့်တပ်ဖွဲ့အရာရှိတဦး လုပ်ကြံသတ်ဖြတ်ခြင်းခံရ သတင်း
■ ဘူးသီးတောင်တွင် စစ်တပ်အရာရှိများ နေအိမ် မီးလောင် သတင်း
■ စစ်ရေးလေ့ကျင့်ရန် အမေရိကန် ရေတပ်သင်္ဘောတစီး စစ်တကောင်းသို့ ထပ်မံရောက်ရှိ သတင်း
■ စစ်တပ်ထဲ အသွင်းခံရသည့် ကလေးစစ်သားအတွက် မိဘများ ငွေကုန်လူပမ်းဖြစ်ရ သတင်း
■ မုံရွာ ဗောဓိတထောင်ကျောင်းမှာ ၀က်တုပ်ကွေးဖြစ် သတင်း
■ စစ်ကိုင်းတိုင်း၌ ငလျင်လှုပ် သတင်း
■ ဘင်္ဂလာဒေခ်ျ့တွင် ငလျင်လှုပ် လူထုအတွင်း စိုးရိမ်မှုတိုးပွား သတင်း
■ စစ်အစိုးရကို အမေရိကန် ဝေဖန် သတင်း
■ နိုင်ငံရေးပါတီ (၇) ဖွဲ့ မှတ်ပုံတင်ရန် စောင့်ဆိုင်းနေ သတင်း
■ နယ်ခြားစောင့်အရေး နအဖနှင့် ကေအိုင်အို တွေ့ဆုံ သတင်း
■ အင်တာနက်လွတ်လပ်ခွင့်ကို ချုပ်ချယ်သည့် စစ်အစိုးရကို ပြစ်တင်ရှုတ်ချ သတင်း
■ ဗိုလ်ရာဇာအကြောင်း တစေ့တစောင်း သတင်း
■ ငွေတု လက်ဝယ်ထားရှိမှုဖြင့် ရှေ့နေတဦးအား ဖမ်းဆီး သတင်း
■ (၅) လအတွင်း ဘိန်းဖြူ (၁၈) ကီလို မြန်မာနယ်စပ်အနီးမှ ဖမ်းမိ သတင်း
■ ၀န်ကြီးချုပ်ဟောင်း တက်ခ်ဆင် ထောက်ခံသူတွေ ဘန်ကောက်ကို ဆက်လက်ချီတက် သတင်း
■ ၀ါးလုံးရှည်နဲ့ ရမ်းတဲ့ ရွေးကောက်ပွဲဥပဒေ (ဆောင်းပါး)
■ ‘သူလိုလူ’ သို့ စာလက်ဆောင် (ဆောင်းပါး)
■ ၂၀၁၀ ရွေးကောက်ပွဲဥပဒေအပေါ် ဆွေးနွေးခန်း (တိုက်ရိုက်လေလှိုင်း)
Saturday, March 13, 2010
အန်အယ်ဒီအတွက် ထောင်ချောက်သတိ
သောကြာနေ့၊ မတ်လ ၁၂ ရက် ၂၀၁၀
နယူးဒေလီ (မဇ္ဈိမသတင်းဌာန)။ ။ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ရွေးကောက်ပွဲ ဥပဒေ ထွက်လာချိန်တွင် ဥပဒေအပေါ် သုံးသပ်ချက်နှင့် လွန်ခဲ့သော နှစ် ၅၀ ကျော်ကာလ ပါလီမန် ဒီမိုကရေစီ ခေတ်ကာလနှင့် ခြားနားမှု သုံးသပ်ချက်များကို မြန်မာ့နိုင်ငံရေး ခေတ်အဆက်ဆက် ဖြတ်သန်း လာခဲ့သော ၀ါရင့် နိုင်ငံရေးသမားကြီး နှစ်ဦးကို မေးမြန်းထားပါသည်။
အယူဝါဒမတူသူ သူတို့နှစ်ဦးအနက် လက်ရှိအချိန်တွင် ပထမ တဦးက ပြည်တွင်းမှာ၊ ကျန်တဦးက ပြည်ပမှာ နေထိုင်နေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခြင်းသည် ထောင်ချောက် ဖြစ်နိုင်သည်ဟု သတိ ပေးလိုက်သူက ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။
သခင် ချန်ထွန်း
မေး။ စစ်အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။
''အဲဒါနဲ့ ပတ်သက်ပြီး စိတ်မဝင်စားလို့ မဖတ်မိဘူး။ ဒါကတော့ သူကြိုက်သလို ရေးမှာပဲ၊ သူထည့်ချင်သလို ရေးမှာပဲ၊ သူကြိုက်သလို လုပ်မှာပဲဆိုတော့ လူထုတရပ်လုံးက ကြိုက်တဲ့ဟာတော့ မဖြစ်နိုင်ဘူး။ ဖြစ်စေချင်တဲ့ သဘောထားတော့ မဖြစ်နိုင်ဘူး။ လက်ရှိ နိုင်ငံရေး ပါတီတွေက လက်ခံနိုင်မယ့် ဟာတော့ မဟုတ်နိုင်ဘူး။ သူတို့ ဥပဒေနဲ့ သူတို့ ကြိုက်သလို လုပ်နေတာပဲ။ တပ်မတော်က အလိုလိုကို နေရာပါရမယ် ဆိုပြီးတော့ အခြေခံ ဥပဒေမှာကိုက ရှိနေတော့ ဒါက ဒီမိုကရေစီနဲ့ တခြားစီ ဖြစ်နေတယ်''
''စစ်အစိုးရက အလိုအလျောက် နေရာက ရနေတယ်။ ရွေးကောက်ပွဲမှာလည်း ကြံ့ခိုင်ရေးတို့ ဘာတို့က နာမည် အမျိုးမျိုးနဲ့ ဝင်ရွေးတာတို့၊ တစညတို့ ဘာတို့က စည်းရုံးရေးဆင်းပြီး ဝင်ရွေးတာတို့ လုပ်မှာပေါ့ဗျာ။ အသစ် ဖွဲ့စည်းဖို့ စောင့်နေတဲ့ ပါတီတွေလည်း ရှိနေတယ်''
မေး။ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပြောချင်ပါသလဲ။
''ဒေါ်အောင်ဆန်းစုကြည်ကို မပါစေချင်တဲ့သဘော ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာမှာ လွှတ်လာမယ် ဆိုတော့ စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ဧပြီ၊ မေ၊ ဇွန် တလလမှာ လုပ်လိုက်လို့ ရှိရင် ဝင်ရောက် အရွေးခံပိုင်ခွင့် မရှိတော့ဘူး။ ဒါကတော့ အာဏာရှိနေတဲ့ သူဆိုတော့ သူတို့ ကြိုက်သလို ရေးဆွဲမှာပဲ။ ဒီမိုကရေစီ အစိုးရမှာ မဟုတ်ဘဲနဲ့၊ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရမှာ မဟုတ်ဘဲနဲ့၊ အာဏာသိမ်း အစိုးရ ဆိုတော့ ဥပဒေကို သူကြိုက်သလို သူရေးဆွဲမှာပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူတို့ လုပ်မှာကတော့ သေချာတယ်။ ရွေးကောက်ပွဲကို ကန့်ကွက်တဲ့ သူတွေကလည်း ကန့်ကွက်ပြီး၊ မဝင်ဘဲ နေကြသလို၊ တခြား ပါတီအသစ်တွေ ထောင်ပြီးတော့ ဝင်ကြမယ့် ပါတီတွေလည်း ရှိနေတယ်''
မေး။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ အခန်း၂ ပုဒ်မ တွေထဲက ပုဒ်မ ၆ အရ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ဆိုထားတဲ့ အချက်ကိုရော။
''အဲဒီပုဒ်မတွေအရဆိုရင် နိုင်ငံရေးကို တက်တက်ကြွကြွလုပ်ပြီး၊ အဖမ်းခံနေရတဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်ခွင့် မရအောင် လုပ်ထားတယ်''
မေး။ ရွေးကောက်ပွဲ အတော်များများ မီခဲ့တယ်ဆိုတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲနဲ့ အရင်တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ ဘယ်လို ကွာခြားလဲ ခင်ဗျ။
''ဖဆပလ ခေတ် ဒီမိုကရေစီ ကျင့်သုံးတဲ့ အစိုးရ လက်ထပ်တုန်းက ရွေးကောက်ပွဲ လုပ်တာတွေ ရှိတယ်။ ၁၉၅၂ ခုနှစ်၊ ၁၉၅၆ ခုနှစ်နဲ့ ၁၉၆ဝ ခုနှစ်မှာ လွတ်လပ်စွာ ဟောပြော၊ ဆွေးနွေး၊ စည်းရုံးပြီးတော့ မဲတောင်းကြတယ်။ မဲတောင်းပြီးတော့ အာဏာကို လွှဲပြောင်းရေးတွေ လုပ်ဆောင်ခဲ့ကြတယ်။ အခုကျတော့ ဒီမိုကရေစီနည်းအရ မဟုတ်ဘဲ ဘာလုပ်မှာ၊ ဘယ်လိုဖြစ်မှာဆိုတဲ့ သဘောမျိုးတွေ၊ အကန့်အသတ်တွေ ရှိတယ်။ အမှန်ကတော့ ဒီမိုကရေစီ အစိုးရဆိုရင် ဒီမိုကရေစီကို အပြည့်အဝပေးပြီး ရွေးကောက်ပွဲ လုပ်သင့်တယ်။ အခု ကြေညာချက်တွေ ထောင်ကျနေရင် မဝင်ရဘူး၊ အဖမ်းခံရရင် မဲပေးလို့ မရဘူး။ အရွေးမခံဘူး ဆိုတာတို့ ပါနေတယ်။ ဖဆပလ လက်ထက်တုန်းက ပမညတ က အမတ်တွေက ထောင်ကျနေတယ်။ ဒါပေမဲ့ သူတို့ကို လွှတ်တော်မှာ လာပြီးတော့ လွှတ်တော်တက်ခွင့် ပြုတာတွေ ရှိတယ်။ အခုဟာက ထောင်ကျရင် အလိုလို အရွေးခံခွင့်တို့၊ မဲပေးခွင့်တို့ မရတော့တဲ့ သဘော ရှိနေတယ်။ အဲဒီအတွက် ပြည်သူလူထု အနေနဲ့ စဉ်းစားပြီး ဆောင်ရွက်ဖို့ လိုတယ်''
ရဲဘော် ဖိုးသံချောင်း
ပြောရေးဆိုခွင့်ရှိသူ (ဗမာပြည် ကွန်မြူနစ်ပါတီ)
မေး။ စစ်အစိုးရက ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ ပတ်သက်လို့ ဗမာပြည် ကွန်မြူနစ် ပါတီ အနေနဲ့ ဘယ်လို မြင်ပါသလဲခင်ဗျ။
''နအဖ က သူ့ရဲ့ ရွေးကောက်ပွဲ ဥပဒေကို တခုပြီးတခု ထုတ်လာတယ်။ ထုတ်လာတဲ့ ဟာတွေက ပစ်မှတ်တခုကို ဦးတည်ပြီးတော့ ပစ်တဲ့ သဘောကို တွေ့မြင်ရပါတယ်။ နအဖ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောထားတဲ့ ဟာတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်သန်းရွှေဆီ ပေးထားတဲ့ စာ၊ နောက်ပြီးတော့ အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ ရွှေဂုံတိုင် ကြေညာချက်၊ အဲဒီနှစ်ခုကို နအဖ က လုံးဝ လက်မခံဘူး၊ ပယ်ချ လိုက်တယ်လို့ ကြေညာလိုက်တဲ့ အဓိပ္ပာယ် ဆောင်တယ်။ ဒီဥပဒေတွေနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းမှာ ရှိတဲ့၊ ပြည်ပမှာ ရှိတဲ့ နိုင်ငံခြား အင်အားစု နှစ်စုမှာ ပြောကြတဲ့ ဟာတွေ၊ ဥပဒေနဲ့ ပတ်သက်ပြီး ပြောကြတဲ့ သူတွေက တော်တော်လေးကို စုံနေပါပြီ။ ကျနော်တို့ အနေနဲ့ ဖြည့်ပြီး ပြောစရာ မရှိတော့ပါဘူး''
''ဒါပေမဲ့ ကျနော်တို့ ပြောချင်တာ၊ ဖြည့်ချင်တာလေးတခုကတော့ ကျနော်တို့အားလုံး သတိရှိကြဖို့ ပြောချင်တာပါ။ နအဖ ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွေ ဖွင့်ပေးပြီ ဆိုတာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရုံးတွေ ဖွင့်ကြ၊ အလုပ်တွေ လုပ်ကြဆိုတာက ကောင်းတဲ့ ကိစ္စပါ။ နအဖ က ဖွင့်ပေးတယ် ဆိုတာ ထောင်ချောက်တွေ ရှိနိုင်ပါတယ်။ ကျနော်တို့ အတွေ့အကြုံအရ - ၁၉၄၈ ခုနှစ်မှာ ကျနော်တို့ ပါတီကို ချေမှုန်းမယ် လုပ်တဲ့အခါမှာ၊ အင်္ဂလိပ် ချန်ထားခဲ့တဲ့ မှတ်တမ်းကို ကိုင်ပြီးတော့ ကွန်မြူနစ်ပါတီက တက်ကြွတဲ့ လူတွေ လိုက်ဖမ်းပြီးတော့ ပါတီကို နှိမ်နှင်းတာပါ။ နယ်တွေမှာ ရှိတဲ့ ကွန်မြူနစ် ပါတီဝင်တွေ အများကြီး အဖမ်းခံရတယ်။ အခုလည်းပဲ NLD ကို ထပ်ချေမှုန်းရေး အတွက် နအဖ ဟာ NLD ထဲမှာ ဘယ်သူတွေ တက်ကြွနေတယ်၊ ဘယ်သူတွေက ထိုင်သွားပြီးတော့ ရှင်းအောင်လုပ်တဲ့ ထောင်ချောက်တွေကို ထောင်နေတာ ဖြစ်နိုင်တယ်။ အဲဒါကို ကျနော်တို့ အားလုံး သတိပြုကြပါ။ NLD တခုထဲကို ပြောတာ မဟုတ်ဘူး၊ ကျန်တဲ့ နိုင်ငံရေး အင်အားစုတွေရောကို ကျနော်တို့ ပါတီရဲ့ အတွေ့အကြုံအရ သင်္ခန်းစာကို ဝေငှတဲ့ သဘော ပြောချင်ပါတယ်''
မေး။ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ သဘောထားလေး ပြောပြပေးပါခင်ဗျ။
''သူများတွေ ပြောသွားတာ စုံပါတယ်။ ကျနော်တို့က သူတို့နဲ့ အမြင် တူပါတယ်၊ သဘောထား တူပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ နအဖ အစိုးရက လုပ်တာ ဖြစ်တယ်။ ပစ်မှတ်ရှိရှိနဲ့ ဒီဥပဒေကို ထုတ်တာ ဖြစ်တယ်။ အဖွဲ့အစည်းတခု၊ လူပုဂ္ဂိုလ် တဦးတယောက်ကို တိုက်ရိုက် ချိန်ရွယ်ပြီးတော့ ပစ်နေတာ ဖြစ်တယ်။ နာမည်ကို မခံဘဲနဲ့ ချိန်ပြီးတော့ ပစ်နေတာဖြစ်တယ်။ ဗမာပြည် နိုင်ငံရေးမှာ ထောင်နဲ့ ကင်းလို့ မရဘူး။ နအဖ လုပ်လာတဲ့ တလျှောက်လုံး၊ နအဖ မတိုင်ခင် ဖဆပလ လက်ထပ်တုန်းက စပြီး နိုင်ငံရေးလုပ်တဲ့ သူတွေ၊ ထောင်ထဲ ရောက်ကျတဲ့ သူတွေချည်းပဲ။ ဒီလို ပုဒ်မ တပ်ပြီး နိုင်ငံရေးလုပ်တဲ့ သူတွေ ဘယ်သူမှ ကျန်မှာ မဟုတ်ဘူး။ ဟိုအရင်ကဆိုရင် ထောင်ထဲကနေ ရွေးကောက်ပွဲ ဝင်ပြီးတော့ အရွေးခံတဲ့သူတွေ ကျောင်းသား အမတ်တွေတောင် ပေါ်ခဲ့တာ ဖြစ်တယ်။ ထောင်ထဲကနေ ကျောင်းသား အမတ်တွေက ရွေးကောက်ပွဲကို အရွေးခံတဲ့ အခါမှာ သံယောဇဉ် ဖြစ်ပြီး မဲပေးလို့မို့ အမတ် ဖြစ်လာတာတွေ ရှိတယ်။ အခုခေတ်ကျတော့ ထောင်ထဲနေလို့ အမတ်ဖြစ်ဖို့ နေနေသာသာ နိုင်ငံရေးပါတီကနေ ထုတ်ပစ်ရမယ့် အနေအထား လုပ်ထားတာဟာ နအဖ အနေနဲ့ ဘယ်သူ့ကို ဦးတည်ပြီးတော့ လုပ်တယ်၊ ဘယ် အဖွဲ့အစည်းကို ဦးတည်ပြီး လုပ်တယ် ဆိုတာ သိပ်ရှင်းတယ်''
Ref: မဇ္ဈိမ
နေ့စဉ်သတင်းများ ( ၁၂ - ၃ - ၁၀ )
■ အဖွဲ့ချုပ်ရုံးများတွင် ပါတီလုပ်ငန်းများ ဆက်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား သတင်း
■ လူထုကို မကြောက်ကြရန်၊ ရဲတင်းကြရန် ဦးဝင်းတင် တိုက်တွန်း သတင်း
■ စိန်ခေါ်မှုတွေကို ညီညီညွတ်ညွတ်နှင့် ရင်ဆိုင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း သတင်း
■ အဖွဲ့ချုပ်ခေါင်းဆောင် ဦးတင်ဦးနှင့် ဦးဝင်းတင်တို့၏ မွေးနေ့ သတင်း
■ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့အသီးသီး မြန်မာအရေးလှုပ်ရှားသူများ လူငယ်များ ကျင်းပ သတင်း
■ ဟံသာဝတီ ဦးဝင်းတင်၏ မွေးနေ့နှင့် စာအုပ်သစ် ဖြန့်ချိပွဲ ကျင်းပ သတင်း
■ ရွေးကောက်ပွဲ အတုအယောင်အဖြစ် အာဆီယံအဖွဲ့ဝင်တွေ ဝေဖန် သတင်း
■ မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့မှု ဆက်လုပ်ဖို့လို သတင်း
■ ၉၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်သည့်အပေါ် အဖွဲ့ချုပ် လက်မခံ သတင်း
■ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါခွင့်ပေးဖို့ အီးယူ တိုက်တွန်း သတင်း
■ NLD မြို့နယ်ရုံးများ ဖွင့်လှစ်နေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်းများ တွေ့ရန်လိုအပ် သတင်း
■ ရခိုင်ခေါင်းဆောင် ဦးအေးသာအောင်နဲ့ ရွေးကောက်ပွဲ သတင်း
■ ရှမ်း SNLD နဲ့ ကချင် KSPP ပါတီတို့ရဲ့ ရွေးကောက်ပွဲပေါ် သဘောထားတွေ သတင်း
■ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒသစ် မအောင်မြင်သည့်သဘော ကင်းဘဲလ် ၀န်ခံ သတင်း
■ မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ စကင်ဒီနေးဗီးယန်း လေးနိုင်ငံ တောင်းဆို သတင်း
■ မြန်မာစစ်ရာဇ၀တ်မှု စုံစမ်းရေး ကင်တားနား တောင်းဆို သတင်း
■ စစ်အာဏာရှင်များကို နိုင်ငံတကာရာဇ၀တ်ရုံး တင်နိုင်ရန် ကင်တားနား တင်ပြ သတင်း
■ စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်ဆဲလို့ အမေရိကန်အစိုးရ ထုတ်ပြန် သတင်း
■ ကေအိုင်အိုနှင့် မြန်မာစစ်အစိုးရတို့ နယ်ခြားတပ်ကိစ္စ ထပ်မံဆွေးနွေး သတင်း
■ သုံးရောင်ခြယ်ကျောင်းသား ကိုမြတ်စံ ထောင်မှ ပြန်လည်လွတ်မြောက် သတင်း
■ ရွေးကောက်ပွဲဥပဒေ သီတင်းပတ်နဲ့ မလွတ်လပ်သော နိုင်ငံရေးသတ္တ၀ါ မြန်မာပြည်သူများ သတင်း
■ မြန်မာ့ပတ္တမြားနဲ့ နီလာ သတင်း
■ ၂၀၀၈ ဖွဲ့စည်းပုံကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား သတင်း
■ နအဖတပ်မများ ၀ နယ်အနီး ပိုမိုဖြည့်တင်းချဉ်းကပ် သတင်း
■ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ သတင်း
■ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား သတင်း
■ မွန်ပြည်သစ် ခေါင်းဆောင်များ ရတခတိုင်းမှူးနှင့် တွေ့ဆုံကြဦးမည် သတင်း
■ နယ်ခြားစောင့်တပ်အရေး မတ်လ (၁၅) ရက် နောက်ဆုံး အကြောင်းပြန်ရမည် သတင်း
■ ရွေးကောက်ပွဲကော်မရှင်ကို ဗိုလ်ချုပ်ဟောင်း ဦးဆောင် သတင်း
■ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအပေါ် သုံးသပ်ချက်များ သတင်း
■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် တိုင်းရင်းသားအဖွဲ့အစည်းများ အမြင် သတင်း
■ ရွေးကောက်ပွဲ သတင်းများ ဆင်ဆာထိ သတင်း
■ အလုပ်သမားသပိတ်များကို စစ်အစိုးရ စောင့်ကြည့်နေ သတင်း
■ နာရေးကူညီမှုက အသုဘပို့ နောက်လိုက်ယာဉ် အခမဲ့ စီစဉ် သတင်း
■ ပြည်ထောင်စုလမ်းမပေါ် ကုန်စစ်ဆေးရေးစခန်း မီးလောင် သတင်း
■ ဆားကြမ်းဈေး ထိုးကျ၊ ဆားလုပ်ငန်းရှင်များ ဆွေးနွေး သတင်း
■ အမွန်းကျပ်ဆုံးအချိန် (ဦးဝင်းတင်နှင့် အင်တာဗျူး)
■ အန်အယ်လ်ဒီအတွက် ထောင်ချောက်သတိ (အင်တာဗျူး)
■ စစ်နှင့် နိုင်ငံရေး သေနင်္ဂဗျူဟာ တူရှူစဉ်းစားချက် (ဆောင်းပါး)
Friday, March 12, 2010
Burma Update - Election Laws and Election Commission
စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း
ရဲဘော်ဖိုးသံချောင်း
၁၁/ မတ် ၂၀၁၀
နအဖစစ်အစိုးရက ရွေးကောက်ပွဲအသံတွေ ပေးတာ ကြားရတိုင်း၊ အဲဒီရွေးကောက်ပွဲကို ထုံးသုတ်-ရွှေချ ပြောကြတာတွေ ကြားရတိုင်း ဒီရွေးကောက်ပွဲကနေ ပေါ်လာမယ့် လွှတ်တော်ရဲ့ပုံကို စဉ်းစားနေမိပါတယ်။ စဉ်းစားနည်းဟာ ကလေးဆန်တယ်ပဲ ပြောပြော၊ လူပြိန်းဆန်တယ်ပဲ ပြောပြော အလွယ်ဆုံး ကိစ္စတခုကိုပဲ အရင်ဆုံးတွေးမိပါတယ်။ အဲဒါကတော့ တကယ်လို့ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ “သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့” ဆိုတာက ဗိုလ်သန်းရွှေကို သမ္မတအဖြစ် တင်မြှောက်ပြီးလို့ လွှတ်တော်ထဲမှာ ကြေညာလာပြီဆိုရင် ဘယ်သူကများ ဆန့်ကျင်ရဲမလဲ၊ စင်ပြိုင်အမည်တခု တင်ရဲမလား ဆိုတာပါ။ အဲဒီလိုအခါမှာ လွှတ်တော်ခန်းမကြီး တခုလုံးဟာ ငြိမ်ကျသွားမလား၊ ဆူပွက်သွားမလား၊ တိုးတိုးပြောသံတွေ မသဲမကွဲ ကြားလာရမလား၊ သူ့ထက်ငါဦး အလုအယက် ထောက်ခံကြမလား၊ တယောက်မျက်နှာ တယောက် ကြည့်နေကြမလား၊ ဘာပဲပြောပြော “စစ်မှန်ပြီး စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ကြီးကို ကျင့်သုံးနေချိန်ဆိုတော့ စည်းကမ်းတကျတော့ ဖြစ်မှာ သေချာပါတယ်။ မဆလ လက်ထက်တုန်းက ဗိုလ်နေဝင်း စကားပြောနေရင် အပေါ့အပါးတောင် ထမသွားကြရဘူး ဆိုသမို့လား။ ဒီလွှတ်တော်ထဲက စားပွဲတွေ အောက်မှာ အသံဖမ်းစက်တွေ တပ်မထားပေမယ့် ကလို့စ် ဆားကစ်တီဗွီ (close circuit TV) လို တီဗွီ ကင်မရာတွေနဲ့တော့ လူအားလုံးကို စောင့်ကြည့်နေမှာ သေချာပါတယ်။
တဆက်တည်း ဆက်တွေးမိတာက အဲဒီကြပ်ပြေးက လွှတ်တော်ကြီးမှာ (၂၅) ရာခိုင်နှုန်းသော စစ်တပ် ကိုယ်စားလှယ်တော်ကြီး များက လွှတ်တော်ခန်းမ အတွင်း ဘယ်လိုနေရာမှာ ထိုင်ကြမှာလဲ ဆိုတာပါ။ တခြား ကိုယ်စားလှယ်တွေ ကြားမှာပဲ ရောထိုင်မှာလား။ ဒါဆိုရင် ကျန်တဲ့လူတွေ စိတ်ထဲမှာ ထောက်လှမ်းရေး လာထိုင်နေတယ်လို့ ခံစားရမလား။ အနေကျုံ့ကြမှာလား။ ဒါမှမဟုတ် အင်ဒိုနီးရှား လွှတ်တော်မှာလို သူတို့ချည်းသတ်သတ် သီးသန့်ထိုင်မှာလား။ တရားရုံးက ဂျူရီအဖွဲ့လို ထိုင်နေမှာလား။ ဒီဘယ်သူ့ မဲတမဲမှ မရခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ လွှတ်တော်ကို ယူနီဖောင်းဝတ်နဲ့ တက်လာကြမှာလား၊ အရပ်ဝတ်နဲ့ တက်လာကြမှာလား။ ကြပ်ပြေးက လွှတ်တော်ဆိုတာ ကြီးထဲမှာ တနေရာက ကွက်ပြီး စိမ်းနေရင် ရုပ်မြင်သံကြား ထဲမှာတော့ ထင်းနေမှာပဲ။ ဗိုလ်သန်းရွှေနည်း ဗိုလ်သန်းရွှေဟန် ဒီမိုကရေစီရဲ့ အထိမ်းအမှတ် လက္ခဏာပေါ့လေ၊ ဒါလောက်တော့ ရှိမပေါ့။
တကယ်လို့များ လွှတ်တော်ကိုယ်စားလှယ်တွေထဲက တယောက်ယောက်ကနေ အစိုးရ ဆန့်ကျင်တဲ့ အယူအဆတခုကို တင်ပြနေပါပြီတဲ့၊ ဒါကို အဲဒီအစိမ်း အုပ်ထဲက တယောက်က ချောင်းဟန့်သံ ကျယ်ကျယ် ပေးလိုက်ရင် ဘယ်လို ဖြစ်သွားမလဲ။ ဆက်ပြောဝံ့ပါ့မလား။ အဲဒီ စစ်ဗိုလ်အုပ်စုထဲက တင်တဲ့ အဆိုတခုကို ကျန်တဲ့လူတွေက ဆန့်ကျင်ခွင့် ရှိပါ့မလား။ “ခေါင်းညိတ်လိုက်ရုံမှ အပ ကျနော်ကကော ဘာများ တတ်နိုင်ဦးမည်နည်း” ဆိုတဲ့အဖြစ်တွေကို စောင့်ကြည့် ကြရပါလိမ့်မယ်။
အဲဒီလို ပတ်ဝန်းကျင်၊ အဲဒီလိုလေထုထဲမှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် တယောက်မကျန် (၇၅) ရာခိုင်နှုန်းကို စုစည်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ အဆိုတွေ တင်ကြမှာတဲ့။ နားရှိလို့သာ ကြားမိရတာပါပဲ။
ဒီတော့ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်၏ ဦးဆောင်မှု အခန်းကဏ္ဍဆိုတာ ဘယ်လိုဟာလဲ ဆိုတာကို ကမ္ဘာရော၊ မြန်မာကပါ မကြာခင် မျက်ဝါးထင်ထင် တွေ့ကြရပါတော့မယ်။ ကျောချတော့ စစ်ဗိုလ်မှန်း သိကြကရောပေါ့။ တကယ်တော့ သူတို့ဟာ ၁၉၉၁ ခုနှစ် ဇူလိုင်လထဲ လောက်ကစပြီး တပ်မတော် အရာရှိတဦး ဆိုတဲ့ ကလောင်နာမည် သုံးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ အဆက်မပြတ် ရေးတာတွေ တွေ့ခဲ့ရပါတယ်။ တနည်း သူတို့လုပ်ချင်တဲ့ ဥပဒေကို လူထုက ဘယ်လို တုံ့ပြန်မလဲလို့ သွေးတိုး စမ်းခဲ့ပါတယ်။ အဲဒီနောက် သူတို့ရဲ့ “အမျိုးသားညီလာခံ” ဆိုတာမှာ စစ်တပ် ကိုယ်စားလှယ်တွေကို ထည့်သွင်းခဲ့တယ်။ ဒါဟာလည်း သူတို့ဖြစ်စေချင်တဲ့ လွှတ်တော်မျိုးအတွက် မြေစမ်း ခရမ်းပျိုးတာ ဖြစ်ပါတယ်။ ဒီလို “စပေ့စ်”တွေ ပြည့်လျှမ်းနေတဲ့ လွှတ်တော်ကြီးထဲမှာ စစ်ဗိုလ်တွေက တိုင်သံပေးလိုက်၊ “တတိယ အင်အားစု” အမည်ခံတွေက (ကံကောင်းထောက်မလို့ ပါရှိခဲ့သော်) ဖောက်သံပေးလိုက်နဲ့ အတိုက်အခံတွေအပေါ် စီရင်ချက်တွေ ချကြတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးနဲ့ လွှတ်တော်ကြီး ဖြစ်ပေါ်လာတော့မှာပါ။
ဒီလိုနဲ့ပဲ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာမျက်နှာ (၃) အခန်း (၁) နိုင်ငံတော် အခြေခံမူများ အပိုဒ် (၆) (စ) မှာ ပါတဲ့ “အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်” တာတွေကို ပြည်သူတွေ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရပါတော့မယ်။ မှန်ပါတယ်၊ ၁၉၇၄ ခုနှစ်တုန်းက ဖွဲ့စည်းပုံမှာတော့ ဒါမျိုးတွေ မပါပါဘူး။ မပါတဲ့ အကြောင်းက အဲဒီတုန်းက မဆလ တပါတီတည်း အုပ်ချုပ်နေချိန်၊ လွှတ်တော်ထဲမှာ မဆလနဲ့ မဆလတွေသာ ရှိနေပြီး မဆလ စစ်အုပ်စု၊ စစ်အုပ်စုမဆလ ဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်။
ဗမာပြည်မှာ သမိုင်းမှာရှိခဲ့ဖူးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ပြန်ကြည့်လိုက်ပါ။ ပထမဆုံးက ကိုလိုနီခေတ် ၁၉၃၅ ခုနှစ်မှာ ဗြိတိသျှအစိုးရက ဗမာပြည်ကို အိန္ဒိယ လက်အောက်ကနေ ခွဲထုတ်ပြီးနောက် ပြဋ္ဌာန်း သတ်မှတ်ပေးခဲ့တဲ့ ‘၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု ဥပဒေ’ (1935 Government of Burma Act) ဆိုတာ ဖြစ်ပါတယ်။ ၉၁ ဌာန အုပ်ချုပ်ရေး လို့လည်း လူသိများခဲ့တဲ့ ဒီဥပဒေကို ဗမာနိုင်ငံရဲ့ ပထမဆုံးသော ဖွဲ့စည်းပုံ ဥပဒေလို့ ပြောရင်လည်း ရပါတယ်။ ဒီဥပဒေအရ လွှတ်တော် (၂) ရပ် သတ်မှတ် ထားပါတယ်။ ဒါပေမယ့် နိုင်ငံခြား ဆက်သွယ်ရေး၊ ကာကွယ်ရေး၊ ဘာသာရေး၊ တောင်တန်းဒေသ အုပ်ချုပ်ရေး၊ ငွေရေးကြေးရေး ပေါ်လစီ၊ ငွေစက္ကူနဲ့ ငွေဒင်္ဂါးကိစ္စ စတဲ့ အရေးပါသော ကိစ္စများနဲ့ ပတ်သက်လာရင် ဘုရင်ခံမှာသာ စိတ်တိုင်းကျ စီရင်ပိုင်ခွင့် အာဏာ (Discretionary Power) ရှိတယ် ဆိုတဲ့ သတ်မှတ်ချက်လည်း ပါနေပါတယ်။ စစ်တပ်ကတော့ အင်္ဂလန်က ဘုရင်၊ ဘုရင်မ လက်ထဲမှာပဲ ရှိပါတယ်။
နောက်တခုက ဂျပန်ခေတ်တုန်းက ရခဲ့တဲ့ “လွတ်လပ်ရေးကာလ” တုန်းက ဖြစ်ပါတယ်။ အဲဒီကာလတုန်းက အစိုးရ ရုံးတွေမှာ တရား စီရင်ပိုင်ခွင့် မရှိဘဲ ဂျပန် စစ်တပ်မှာသာ တရားစီရင်ခွင့် ရှိနေပါတယ်။ အဲဒီတုန်းက“ဗမာပြည်အစိုးရ” ဟာ ဘီအိုင်အေတပ် ကိုသာ ချုပ်ကိုင်ခွင့်ရှိပြီး ဗမာပြည်ထဲမှာ ရှိနေပြီး အဆမတန် အင်အား ပိုမိုကြီးမားတဲ့ ဂျပန်တပ်ကြီးကိုတော့ တိုကျိုမှာနေတဲ့ ဂျပန်ဧကရာဇ် ဘုရင်ကသာ ချုပ်ကိုင်ခွင့်ရှိပါတယ်။
အခုလည်း နအဖစစ်အစိုးရရဲ့ ဖွဲ့စည်းပုံဥပဒေဟာ လွှတ်တော်ရဲ့အခွင့်အာဏာတွေကို အမျိုးမျိုး ကန့်သတ် ထားရုံမက စစ်တပ်ကို သူတို့ စစ်အုပ်စုကလွဲပြီး ဘယ်သူမှ ချုပ်ကိုင်ခွင့် မရအောင် ပြဋ္ဌာန်းထားပါတယ်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအခန်း (၇) မှာ တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်၊ ချုပ်ကိုင်ခွင့်တွေသာ ပါရှိပါတယ်။ ဒီတပ်မတော်က အစိုးရအဖွဲ့ကို နာခံရမယ်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမယ် ဆိုတဲ့ စကားမျိုး တလုံးမှ မပါပါဘူး။ စစ်တပ်ဟာ တတိုင်းတပြည်လုံးရဲ့ အထက်၊ သူတို့ ဖန်တီးထားတဲ့ “လွှတ်တော်” ရဲ့ အထက်မှာပဲ ရှိနေပါတယ်။ ကာကွယ်ရေး ဝန်ကြီးကို သမ္မတက တိုက်ရိုက်ခန့်တာ၊ ဒီဝန်ကြီးကပဲ စစ်ကောင်စီ (လုံခြုံရေးကောင်စီ) ကို တိုက်ရိုက်တာဝန်ခံရတာ၊ တပ်ဖွဲ့စည်းတာ၊ ခန့်အပ်တာ၊ ရာထူးတိုးတာ စတာတွေအားလုံးကို ကက်ဘိနက်ကတောင် ပြောဆိုခွင့်မရှိတာ စတဲ့အချက်တွေကိုကြည့်လိုက်ရင် အမြဲတမ်း ချက်ကြီးကချည့် အထက်က ဖြစ်နေမယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကို အထက်မှာပြောသလို (၇၅) ရာခိုင်နှုန်းအင်အား စုစည်းပြီး ပြောင်းလဲမယ်လို့ ပြောသံကြားရတော့ ‘ပြောလည်း ပြောထွက်ပါပေ့’ လို့သာ မှတ်ချက် ချရပါတော့တယ်။
တကယ်က ရှစ်လေးလုံးအရေးတော်ပုံကြီးက စလို့ စစ်အုပ်စုထိပ်သီးတွေ အနေနဲ့ ဒီစစ်တပ်ကို ဒီအတိုင်း ဆက်ထိန်းသွားလို့ မရမှန်း သဘောပေါက် သွားခဲ့ပါတယ်။ ဒါကြောင့်မို့ တပ်တွေကို စီးပွားရှာခွင့် (တရားမဝင်) အခွန်ကောက်ခွင့်တွေ ပေးခဲ့ပါတယ်။ ဒါပေမယ့် တပ်ကို ဒါလောက် ဖျက်ဆီးရုံနဲ့ မလုံလောက်မှန်း သိလို့ အာဏာပါခွဲပေးပြီး ထိန်းဖို့ ဒီဖွဲ့စည်းပုံကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ပြောရရင် တိုင်းပြည်ရဲ့ ဓနဥစ္စာ အဆီအနှစ်၊ ကျောရိုး လုပ်ငန်းအားလုံး စစ်အုပ်စုလက်ထဲ လုံးလုံးလျားလျား ရောက်နေပါပြီ။ လိုအပ်နေတာက အဲဒါကို တရားဝင် ဥပဒေအာဏာနဲ့ အကာအကွယ် ပေးဖို့သာ ဖြစ်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ စတာတွေဟာ အဲဒီအတွက် စီမံချက်တွေသာ ဖြစ်ပါတယ်။
နိုင်ငံရေးမှာ သမိုင်းတရားခံဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး ရှိပါတယ်။ ဘယ်သူမှ ဒီဘွဲ့ကို မလိုချင်ပါဘူး။ ဒါဟာ တမင်ရည်ရွယ်ပြီး လုပ်သူတွေပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲ လုပ်မိသူပဲဖြစ်ဖြစ် လုပ်ရပ်ကို အကြောင်းပြုပီး သတ်မှတ်ကြတာပါ။ အထူးသဖြင့် နှောင်းလူတွေက သတ်မှတ်ကြတာပါ။ နှောင်းလူတွေမှာက ဒီနေ့ရှိနေတဲ့ အကန့်အသတ်တွေက လွတ်ကင်းပါတယ်။ နိုင်ငံရေးကို တကယ်တမ်း လေးလေးနက်နက် လုပ်သူ၊ ကိုယ့်ဘဝကို နိုင်ငံရေး လုပ်ငန်းထဲမှာ နှစ်ထားသူတွေဟာ ဒီလို တရားခံဖြစ်မှာကို သိပ်သတိထား ရှောင်ရှားရပါတယ်။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် အုပ်စိုးမှုကို ရေရှည် အသိအမှတ် ပြုပေးလိမ့်မယ် ဆိုတာ ရှင်းနေလျက်နဲ့ ရွေးကောက်ပွဲမှ တပါး အခြားမရှိလို့ ပြောနေသူများဟာ ဗိုလ်သန်းရွှေတို့နဲ့ တတန်းတည်း တရားခံစာရင်း ဝင်သွားနိုင်ပါတယ်။ အနည်းဆုံး ကြံရာပါပေါ့။
Ref: ခေတ်ပြိုင်
















































BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88