Monday, 16 March 2009
နာဂစ်မုန်ုတိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော လပွတ္တာ မြို့နယ်တွင် ယခုအခါ ပြည့်တန်ဆာ လုပ်ငန်းများ ကြီးထွားလာပြီး ဒေသခံများသာမက မြောင်းမြနှင့် ပုသိမ်မှ ပြည့်တန်ဆာ များပါ လပွတ္တာသို့ ရွှေ့ပြောင်း လုပ်ကိုင် လာကြ ကြောင်း ဒေသခံများထံမှ သိရသည်။
နာဂစ်မုန်တိုင်း မဖြစ်ပွားခင်ကပင်၊ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် လပွတ္တာမြို့တွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူတို့ များပြားခဲ့ပြီး နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး နောက်ပိုင်းတွင် ပြည့်တန်ဆာအဖြစ် အသက်မွေး ၀မ်းကြောင်း လုပ်ကိုင်သည့် အမျိုးသမီး အရေအတွက် ပိုများလာပြီး လိင်ဖျော်ဖြေရေး လုပ်ငန်းများ ပိုမို တွေ့လာရကြောင်း လပွတ္တာမြို့နယ်တွင် ဆိုင်ကယ်တက္ကစီ မောင်းနှင်သူများက ပြောသည်။
“လပွတ္တာမှာ အရင်က မိသားစုတည်းခိုခန်းတို့၊ မြနန်းသစ္စာ တည်းခိုခန်းတို့၊ ဧရာစတား တည်းခိုခန်းတွေနဲ့ တခြား တည်းခိုခန်းတွေမှာ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ ပြည့်နေခဲ့တာ။ အခု ဒီ တည်းခိုခန်းတွေကို ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ငှားထားတော့ ပြည့်တန်ဆာလုပ်ငန်းတော့ မလုပ်ကြဘူး။ ဒါပေမယ့် လူအ၀င်အထွက် များတော့ ပြည့်တန်ဆာလုပ်ငန်း ပိုများလာတယ်” ဟု စွမ်းအားရှင်တဦးဖြစ်သူ ရန်ကုန် - လပွတ္တာ ကားဂိတ်အနီးရှိ ဆိုင်ကယ်တက္ကစီဂိတ်မှ ဆိုင်ကယ် ကယ်ရီသမားတဦးက ပြောပြသည်။
နာဂစ်ဆိုင်ကလုန်းဒဏ် ခံရပြီးနောက် ပြည့်တန်ဆာလုပ်ငန်း ဖွံ့ဖြိုးနေသည့်
လပွတ္တာမြို့လယ် မြင်ကွင်း (ဓာတ်ပုံ - Katherine.Neumann)ဆိုင်ကယ်တက္ကစီ ပြေးဆွဲသူများနှင့် ဆိုက်ကားသမားတချို့မှာ ပြည့်တန်ဆာခေါင်းများနှင့် ဆက်သွယ်ပြီး ပျော်ပါးလိုသူများ ရှာဖွေပေးခြင်းကို အလုပ်တခုသဖွယ် လုပ်ကိုင်လာ သကဲ့သို့ ပြည့်တန်ဆာများကို သယ်ယူပို့ဆောင် ပေးခြင်းများ လုပ်ကိုင်လာကြကြောင်း လပွတ္တာမြို့ခံများထံမှ စုံစမ်းသိရှိရသည်။
“မြောင်းမြက ပြည့်တန်ဆာတွေ၊ ပုသိမ်က ပြည့်တန်ဆာတွေလည်း လပွတ္တာကို ဆင်းလာကြတယ်” ဟု လပွတ္တာမြို့ခံ ကဏန်းလုပ်ငန်းရှင်တဦးက ပြောသည်။
ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်သူအများစုသည် လပွတ္တာမြို့နယ်ရဲများကို လိုင်းကြေးပေးကြရပြီး လပွတ္တာမြို့ပေါ် ၁ ရပ်ကွက် စည်ပင်သာယာ ဘုန်းကြီး ကျောင်းအနီး၊ ရေကန်ကြီးဘေးရှိ ထန်းပင်စုဟု ခေါ်ဆိုသည့် နေရာတွင် ပြည့်တန်ဆာတန်း တခုသဖွယ် ဖြစ်ထွန်းနေကြောင်း လပွတ္တာ ဒေသခံများ၏ အဆိုအရ သိရသည်။
“၁ ရပ်ကွက် ရေကန်ဘေးက တဲတွေမှာ ပြည့်တန်ဆာလုပ်ကြတဲ့ အမျိုးသမီးတွေ များတယ်။ ကန်ဘောင်ဘေးမှာ အဲဒီ တဲလေးတွေမှာပဲ ပြည့်တန်ဆာ အမျိုးသမီးတွေနဲ့ ပျော်ပါးလို့ရတယ်” ဟု အသက် ၄၅ နှစ်အရွယ် လပွတ္တာမြိုခံ ဆိုင်ကယ်ကယ်ရီသမား တဦးက ပြောသည်။
လပွတ္တာမြို့ပေါ်တွင် ပြည့်တန်ဆာများနှင့် ပျော်ပါးသည့် ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိပြီး ယခင်က တကြိမ်ပျော်ပါးလျှင် ငွေ ၂၀၀၀ ကျပ်၊ တညတာ ပျော်ပါးလျှင် ၈၀၀၀ ကျပ်သာရှိခဲ့ သော်လည်း ယခုအခါ တကြိမ် ပျော်ပါးလျှင် ငွေ ၃၅၀၀ ကျပ်၊ တညတာပျော်ပါးလျှင် ငွေ ၂၀၀၀၀ ကျပ် ပေါက်ဈေး ရှိလာကြောင်း သိရှိရသည်။
“မြောင်းမြနဲ့ ပုသိမ်က ပြည့်တန်ဆာတွေဆိုရင် တည်းခိုခန်းမှာတည်းပြီး ဖောက်သည် ရှာကြတယ်။ လပွတ္တာမှာ ရတဲ့ကြေးက မြောင်းမြနဲ့ပုသိမ်မှာရတဲ့ ကြေးထက် အများကြီးမြင့်လို့” ဟု လပွတ္တာ ၉ ရပ်ကွက်နေ လူငယ် တဦးက ပြောသည်။
ပြည့်တန်ဆာများနှင့် ပျော်ပါးကြသူများတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၌ အလုပ် လုပ်ကြသည့် အမျိုးသား များလည်း ပါဝင်ပြီး ရေလုပ်သားများ၊ အလုပ်ကြမ်း အလုပ်သမားများ အပါအ၀င် လူတန်းစားအသီးသီး ပါဝင်ကြောင်း ဒေသခံများ၏အပြောအရ သိရသည်။
“နာဂစ်မှာ အမျိုးသမီးနဲ့ ကလေးတွေ အများဆုံးသေတယ်။ ရွာတွေမှာ မိန်းမသေသွားတဲ့ ယောက်ျားက တော်တော်များတယ်။ အဖွဲ့အစည်းတွေမှာ လုပ်ကြတဲ့ အမျိုးသားတွေလည်း တော်တော် များများ ရှိနေတာ ကြောင့် လပွတ္တာရဲ့ ပြည့်တန်ဆာလုပ်ငန်းက ကြီးထွားလာတာ” ဟု လပွတ္တာမြို့ခံ စီးပွားရေးသမား တဦးက ရှင်းပြသည်။
ယခုလက်ရှိ အခြေအနေတွင် လပွတ္တာမြို့တွင် ပြည့်တန်ဆာ လုပ်ငန်း ကြီးထွားလာမှုနှင့် အတူ ခုခံအားကျဆင်းမှု ရောဂါ ကူးစက်နိုင်မှု အခြေအနေ မှာလည်း စိုးရိမ်စရာ ကောင်းလောက်သော အခြေအနေတွင် ရှိကြောင်း ခုခံအား ကျဆင်းမှုရောဂါ ပညာပေးရေး အဓိကလုပ်ဆောင်နေသော လပွတ္တာမြို့နယ်အခြေစိုက် ဆွစ်ဇာလန် AFXB အဖွဲ့မှ အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်း တဦးက ပြောသည်။
“လပွတ္တာမြို့နယ်မှာ လာနေကြတဲ့ သူတွေကလည်း ရပ်ဝေးက၊ ပြည့်တန်ဆာတွေကလည်း ရပ်ဝေးရပ်နီး အကုန်ပဲ။ သူတို့နဲ့ ပျော်ပါးကြတဲ့ သူတွေက လပွတ္တာမှာတင် နေကြတာမဟုတ်ဘူး၊ သူတို့ရဲ့ နေရပ်ရင်း ဒေသတွေဆီ ပြန်သွားကြတာဆိုတော့ လပွတ္တာက ခုခံအားကျဆင်းမှုရောဂါ ဖြန့်ဖြူးတဲ့ ဆုံရပ်ကြီးတခုလို ဖြစ်လာတယ်။ ဒါ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အချက်ပဲ” ဟု AFXB ၀န်ထမ်းကသုံးသပ်ပြောပြသည်။
ပြည့်တန်ဆာ လုပ်ကိုင်ကြသည့် အမျိုးသမီးများတွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးများ ပါဝင်လာပြီး တချို့မှာ နာဂစ်မုန်တိုင်းကြောင့် မိဘဆွေမျိုးသားချင်း သေဆုံးသွားကြသည့် အမျိုသမီးငယ်များ ဖြစ်ကြောင်း လည်း စုံစမ်းသိရှိရသည်။
အောင်သက်ဝိုင်း
REF: ဧရာဝတီ
Read More...
Collapse...
Monday, 16 March 2009
ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားကို ထပ်မံဆောက်လုပ်ရန် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ကုန်သည်ကြီးများ အသင်းက မြန်မာအစိုးရထံ အဆိုပြုထားကြောင်း အသင်းဥက္ကဌက ပြောသည်။
အဆိုပါ တံတားကို ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့ဘက်မှ မြန်မာနိုင်ငံ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုရွာ တို့ကို ဆက်သွယ် ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ရွှေကုက္ကို ရွာသည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(ဒီကေဘီအေ) တပ်မဟာ ၉၉၉ ထိန်းချုပ်ရာ နယ်မြေဖြစ်သည်။
တာ့ခ် ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဌ Ampol Chatchiyareuk က“မြန်မာအစိုးရဘက်က သဘောတူ ညီမှုကို စောင့်ဆိုင်းနေပါတယ်၊ သဘောတူညီမှု ရရှိရင် တံတားဆောက်လုပ်ရေးကို အကောင်အထည် ဖော် မှာဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ထိုတံတားကို ထပ်မံတည်ဆောက်ရန် အဆိုပြုရခြင်းမှာ ထိုင်းနိုင်ငံအနေဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတိုးမြှင့်ရန် ရည်ရွယ်သည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် စနေနေ့က မဲဆောက်မြို့၌ ထိုင်းကုန်သည်ကြီးများ အပါအဝင် မြန်မာ၊ တရုတ်၊ လော နိုင်ငံ ကုန်သည်ကြီးများ ဆွေးနွေးပွဲတွင် ယင်းအဆိုပြုချက်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိ မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားမှာ အိုဟောင်းလာပြီ ဖြစ်ပြီး ကုန်ကားကြီးများ ဖြတ်သန်း သွားလာရန် ခက်ခဲသဖြင့် ယခုကဲ့သို့ တံတားအသစ်ကို ထပ်မံအဆိုပြုရခြင်း ဖြစ်သည်ဟုလည်း တာ့ခ် ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဆိုသည်။
မြ၀တီမြို့ရှိ ကရင်စီးပွားရေး လုပ်ငန်းရှင် တဦးက “ ဒီကေဘီအေ က ပြီးခဲ့တဲ့နှစ်ကတည်းက သူတို့အစီအစဉ် ရှိထားပုံရပါတယ်။ ရွာ(ရွှေကုက္ကို-သင်္ဃန်းညီနောင်)ဘက်ထဲက ကုန်သွယ်ရေးလမ်းတွေကိုလည်း သူတို့ ဆောက်ထားပြီးပါပြီ။ ကျနော့်ကိုတောင် ဒီဘက်မှာ စီးပွားရေး အခြေချဖို့ မြေဝယ်ဖို့ ပြောပါတယ်” ဟုဆို သည်။
တံတားဆောက်ရန်အချိန်ကြာမြင့်စွာကပင် ပြောဆိုထားသော်လည်း ယခုအချိန်အထိ မဆောက်လုပ်သေး သဖြင့် ၎င်းအနေနှင့် မြေမ၀ယ်ဖြစ်သေးကြောင်းလည်း ကရင်စီးပွားရေး လုပ်ငန်းရှင်က ပြောသည်။
တာ့ခ်ခရိုင် ကုန်သည်ကြီးများ အဆိုအရ မဲဆောက် - မြ၀တီ နယ်စပ် ကုန်သွယ်ရေးမှာ တလလျှင် ထိုင်း ဘတ်ငွေ ၁ ဘီလီယံ ၀န်းကျင်ရှိ သည်ဟုလည်း သိရသည်။
ယခုအသုံးပြုနေသော မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို ၁၉၉၇ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီးနောက် ၂ နိုင်ငံ နယ်စပ် ကုန်သွယ်ရေး တရားဝင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြဝတီမြို့ကို ၂ နိုင်ငံ နယ်စပ် စီပွားရေးဇုန် အဖြစ် တိုးချဲ့ရန် မျှော်လင့်ထားကြောင်းလည်းသိရသည်။
REF: ဧရာဝတီ
Read More...
Collapse...
Monday, 16 March 2009
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် အင်ဒိုနီးရှားနိုင်ငံသို့ ယနေ့ရောက်ရှိသွားရာ နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို နှင့် ဆွေးနွေးခဲ့သည်ဟု သိရသည်။
“ဆွေးနွေးပွဲမှာ ရိုဟင်ဂျာတွေ အကြောင်းလည်း ပါဝင်နိုင်ချေ ရှိပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တဦး ဖြစ်သူ Teuku Faizasyah က အင်ဒိုနီးရှားတွင် ထုတ်ဝေသော ဂျကာတာဂလုပ်ဘ် သတင်းစာသို့ ပြောကြား လိုက်သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရိုဟင်ဂျာများ အင်ဒိုနီးရှားကမ်းခြေသို့ လှေဖြင့်ရောက်သွားကြရာ ယခုအခါ အင်ဒိုနီးရှားတွင် ရိုဟင်ဂျာ ၄ဝဝ ခန့် သောင်တင်လျက်ရှိသည်။
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုတို့ကို
ဂျကာတာမြို့ မာဒေးကား နန်းတော်တွင် ယနေ့အတူ တွေ့ရစဉ် (ဓာတ်ပုံ-အေပီ)ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ခရီးစဉ် မစတင်မီ ရက်ပိုင်းအလိုတွင် အမေရိကန် သမ္မတ ဘရက်အိုဘားမား က အင်ဒိုနီးရှား သမ္မတ သို့ တယ်လီဖုန်းဆက်ပြီး မြန်မာပြည် ဒီမိုကရေစီ အရေး နှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ကောင်း မွန်စေရေးနှင့် ပတ်သက်၍ ပြောဆိုခဲ့သည်ဟု သတင်းများတွင် ရေးသားထားသည်။
ပြီးခဲ့သည့်လအတွင်းကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီအရေးနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးမှုများ ရှိခဲ့သည်။
၂ဝဝ၄ ခုနှစ်က ရန်ကုန်ရှိ အင်ဒိုနီးရှားသံရုံး၏ တယ်လီဖုန်းလိုင်း ကြားဖြတ် ခိုးယူ နားထောင်ခံရသည် ဟူသော သတင်း များ ပေါ်ထွက်ခဲ့သည်။ သို့သော်လည်း စစ်အစိုးရနှင့် အင်ဒိုနီးရှားအစိုးရ၏ ဆက်ဆံရေး ထိခိုက်မှုများကို မတွေ့ခဲ့ရပေ။ အင်ဒိုနီးရှား သမ္မတသည် မြန်မာနိုင်ငံသို့ ၂ဝဝ၆ ခုနှစ်တွင် တရားဝင် သွားရောက် လည်ပတ်ခဲ့သည်။
ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ယခုခရီးစဉ်သည် စစ်အစိုးရနှင့် အင်ဒိုနီးရှား ဆက်ဆံရေး ကောင်းမွန်နေပုံကို ပြဆိုကြောင်း အင်ဒိုနီးရှား တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး ကျွမ်းကျင်သူ ဘာတန်တို ဘန်ဒိုရိုက ဂျကာတာပို့စ် သတင်းစာသို့ ပြောလိုက်သည်။
“စစ်အစိုးရက အင်ဒိုနီးရှားကို မိတ်ဆွေကောင်းတယောက်လို သဘောထားပါတယ်။ မိတ်ဆွေတယောက်အနေနဲ့တော့ အင်ဒိုနီးရှား သမ္မတက ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းတွေ အရှိန်မြှင့်ဖို့ တိုက်ရိုက် နားချနိုင်ပါတယ်။ လူ့အခွင့် အရေး ကို လေးစားဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပါ ဆိုပြီး ဗိုလ်ချုပ်ကြီးသိန်းစိန် စိတ်မကွက်အောင် ပြောနိုင်မှာ ဖြစ်ပါတယ်” ဟု မစ္စတာ ဘာတန်တိုက သုံးသပ်သည်။
စစ်အစိုးရ ဝန်ကြီးချုပ်၏ ခရီးစဉ်သည် အင်ဒိုနီးရှား၏ အထွေထွေ ရွေးကောက်ပွဲကာလနှင့်လည်း တိုက်ဆိုင်နေသည်။
ဤခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် ထူးခြားမှုများ ဖြစ်ပေါ်လာမည်မဟုတ်ဟု ဂျကာတာမြို့အခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Human Rights Working Group မှ ညှိနှိုင်းရေးမှူး မစ္စတာ ရာဖန်ဒီ ဂျမင်က ပြောကြားလိုက်သည်။
“အင်ဒိုနီးရှားမှာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာကြောင့် မြန်မာအစိုးရက ဒီမိုကရေစီအရေးအတွက် လာ လေ့ လာနေတာပါလို့ ကမ္ဘာကို ပြောလို့ရပြီပေါ့” ဟု မစ္စတာ ရာဖန်ဒီ ဂျမင်က ဂျကာတာပို့စ်သတင်းစာသို့ ပြောလိုက်သည်။
ဗိုလ်ချုပ်ကြီးသိန်းစိန်၏အဖွဲ့တွင် ဝန်ကြီးငါးဦး၊ စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စုစုပေါင်း ၄၅ ဦး ပါဝင်ကြောင်း သိရသည်။ ဤအဖွဲ့သည် ယခု ခရီးစဉ်အတွင်း စင်္ကာပူနိုင်ငံသို့လည်း သွားရောက်ကြမည်ဖြစ်သည်။
ဇာနည်ဝင်း
REF: ဧရာဝတီ
Read More...
Collapse...
Monday, 16 March 2009 17:24
နာဂစ်မုန်တိုင်း အဆိုးရွားဆုံး ခံခဲ့ရသော လပွတ္တာ မြို့နယ်အတွင်းရှိ ကျေးရွာ ၅၀၀ နီးပါး ရှိသည့်အနက် ပင်လယ်နှင့် နီးသည့် ကျေးရွာ ၁၅ ရွာကို ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန် ထားကြောင်း လပွတ္တာမြို့နယ် မယက (အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ရုံးမှ စုံစမ်းသိရှိရသည်။
နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသည့်
ဘိုကလေးဒေသကို ၂၀၀၈၊ မေ ၂၅ ရက်နေ့က ဤသို့ မြင်တွေ့ရသည် (ဓာတ်ပုံ - အေပီ)ပင်လယ် ရေမျက်နှာပြင်ထက် နိမ့်ကျနေသည်ဟု ဆိုကာ အဆိုပါ ၁၅ ရွာကို ပြောင်းရွှေ့မှုများ ပြုလုပ်ရန် လပွတ္တာမြို့နယ် တာဝန်ကျ စစ်ဗျူဟာမှူး အမိန့်ဖြင့် ညွှန်ကြားချက် တရပ်ကို လအတော်ကြာ ကတည်းကပင် ထုတ်ပြန်ထားပြီး ဖြစ်ကာ တဖြည်းဖြည်း ပြောင်းရွှေ့သွားရမည့် အဆိုပါ ကျေးရွာများ စာရင်းကို လပွတ္တာမြို့ အခြေစိုက် ကုလသမဂ္ဂ နှင့် INGO အဖွဲ့အစည်းများထံ စာရင်း ပေးပို့ထားပြီး ဖြစ်ကြောင်း လပွတ္တာ မယက အဖွဲ့ဝင်တဦးက ပြောသည်။
“ဗျူဟာမှူး အမိန့်နဲ့ ရွာတွေ ပြောင်းခိုင်းတာပါ။ ရွာသားတွေက မပြောင်းချင်ကြဘူး” ဟု အဆိုပါ လပွတ္တာ မယက အဖွဲ့ဝင်က ဆိုသည်။
ပြောင်းရွှေ့ရန် အမိန့်ထုတ်ခံထားရသည့် သင်္ဃန်းကြီး၊ သင်္ဃန်းကြီး (ရွာလေး)၊ ဆိပ်ကလေး၊ ဒူးဂုတ်၊ ကန်ကြီး၊ ဂုံညင်းတန်း၊ သင်္ဃန်းလေး စသည့် ကျေးရွာ ၇ ရွာကို ငလျှင်ကျော် ချောင်းဝ ကျေးရွာသို့ လည်းကောင်း၊ ဖိုးမီ၊ ရွေး၊ ဂွေးချောင်း ရွာ ၃ ရွာကို ချောင်းကျိုး အရှေ့ဘက် ကျေးရွာသို့ လည်းကောင်း၊ အလံတရာကြီး၊ အထက်စု၊ ကန့်မလာတပင် ကျေးရွာသုံးရွာကို ဒရယ်ဖြူ ကျေးရွာသို့ လည်းကောင်း၊ ပြင်ကနူကုံး၊ ပြင်ကနူဝ ကျေးရွာနှစ်ရွာကို ပိတောက်ကုန်း ကျေးရွာသို့ လည်းကောင်း အသီးသီး ပြောင်းရွှေ့ရမည်ဟု အမိန့်စာတွင် ပါရှိသည်။
“ပြောင်းဖို့ အမိန့် ထုတ်ထားတဲ့ ကျေးရွာတွေက လူတွေကို ပြောင်းရွှေ့ နေရာချထားပေးမယ့် ကျေးရွာတွေမှာ တစုတစည်းတည်း နေရာချထားမယ့် ပုံစံပဲ” ဟု လပွတ္တာမြို့နယ် အခြေစိုက် INGO တခုမှ အမည်မဖော်လိုသော မြန်မာဝန်ထမ်းတဦးက ပြောသည်။
ပြောင်းရွှေ့မိန့်ကို ကုလသမဂ္ဂအပါအဝင် INGO များထံ ကြိုတင် စာရင်းပေးပို့ ထားသော်လည်း အဆိုပါ ညွှန်ကြားချက်နှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများက တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိကြောင်း သူကပြောဆိုသည်။
ပြောင်းရွှေ့ခံရမည့် စာရင်းတွင် ပါဝင်သော ရွေးကျေးရွာမှ ကျေးရွာပြည်သူများမှာ ၎င်းတို့၏ ဒေသရင်းမှ ပြောင်းရွှေ့လိုခြင်းမရှိကြောင်း လပွတ္တာမြို့သို့ ရောက်ရှိနေသည့် ရွေးကျေးရွာဒေသခံတဦးက ပြောကြားသည်။
“လေဘေးသင့် စခန်းတွေမှာ နေတုန်းက ကိုယ့်ဒေသကိုယ် ပြန်ရမယ်ဆိုပြီး အတင်းအကျပ် ပြောင်းရွှေ့လို့ ကိုယ့်ဒေသမှာပဲ ကောင်းကောင်းဆိုးဆိုး သေတဲ့အထိ နေသွားတော့မယ်လို့ ဆုံးဖြတ်ပြီး ပြန်ခဲ့တယ်။ အခုတခါ ကျေးရွာတွေကနေ ထပ်ပြီး ပြောင်းခိုင်းပြန်တယ်။ ရွာသားတွေက မပြောင်းချင်ဘူး” ဟု ထို ရွေးကျေးရွာသားက ပြောသည်။
မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် လပွတ္တာ ကျေးရွာများတွင် စစ်တပ်များ ချထားဆဲဖြစ်ပြီး မုန်တိုင်းသင့် ဒုက္ခသည် များကို ပြည်သူ့စစ် သင်တန်းများ မတက်မနေ တက်ရောက်ရမည်ဟု ဆိုကာ ဒေသခံများကို စစ် သင်တန်းများ ပေးလျက် ရှိကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အောင်သက်ဝိုင်း
REF: ဧရာဝတီ
Read More...
Collapse...
တနင်္လာနေ့၊ 16 မတ်လ 2009
ပြီးခဲ့သည့်လကတည်းက ယခုချိန်အထိ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းရဲများက ပြင်းပြင်းထန်ထန် လိုက်လံဖမ်း ဆီးနေမှုကြောင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားအများအပြား အမိမြေသို့ ပြန်ပြေးကြသဖြင့် လက်ခံထားသည့် အလုပ်မပြီးပြတ် မည်ကို စိုးရိမ်ကြကြောင်း ထိုင်းအလုပ်ရှင်များအသိုင်းအ၀ိုင်းက ပြောကြသည်။
ရွှေ့ပြောင်းအလုပ်သမားများအား မှတ်ပုံတင် လက်ခံလုပ်ပေးသူ ပွဲစားတစ်ဦးက - “အရင်က ကျနော့်မှာ လူ ၇၀၀ လောက်ရှိတယ်။ ထိုင်းရဲတွေ ပြင်းပြင်းထန်ထန်လိုက်ဖမ်းတဲ့နောက်ပိုင်း ကျနော့်လူ ၁၀၀ လောက်ပျောက်သွားတယ်” ဟုပြော၏။
အလားတူ ဆောက်လုပ်ရေးလုပ်ငန်း ကန်ထရိုက်ဆွဲထားသူ ထိုင်းလုပ်ငန်းရှင် တစ်ဦးကလည်း ၎င်း၏ အလုပ်သမား ၇၀-၈၀ အနက် အယောက် ၃၀ ခန့် မတ်ခ်ျလအတွင်း ပျောက်သွားကြောင်း၊ တချို့မှာ အခြားဒေသသို့ထွက်ပြေးကြပြီး အချို့မှာ နေရပ်သျှမ်းပြည်သို့ ပြန်သွားကြကြောင်း၊ အများစုမှာ အလုပ်လုပ်ခွင့် ကဒ်ပြားမရှိသဖြင့် အဖမ်းခံကြခြင်း ဖြစ်ကြောင်း ပြောပြသည်။
“ကျနော် ဆာရဖီးမြို့နယ်ဘက်မှာ ဆောက်လုပ်ရေး ကန်ထရိုက်ဆွဲထားတယ်။ အခုလို အလုပ်သမားတွေ အများကြီး ပျောက်သွားတော့ လာမယ့်သင်္ကြန်မတိုင်မီ အပြီးလုပ်ဖို့ လက်ခံထားတာ မပြီးနိုင်မှာကို စိတ်ပူနေတယ်။ အာဏာပိုင်တွေ ကလည်း နေ့ ည မချန်၊ အလုပ်သမား တန်းလျားတွေမှာ ၀င်စစ်တယ်၊ ဖမ်းတယ်ဆိုတော့ ကဒ်မရှိတဲ့သူတွေ ပြေးကြ တာပေါ့” ဟုပြောပြသည်။
ထိုင်းလူမျိုး အလုပ်သမားမှာမူ အလုပ်၌ စိတ်မ၀င်စားခြင်း၊ အချိန်မလေးစားခြင်း၊ အချိန်ပို အလုပ်မလုပ်ကြခြင်း အပြင် ၎င်းတို့မှာ အလုပ်သမား ဆိုင်ရာ ဥပဒေကိုသိရှိနားလည်သူများဖြစ်ကြသဖြင့် ရွှေ့ပြောင်း အလုပ်သမားများ ကဲ့သို့အလုပ် များများ ခိုင်း၍မရကြောင်း အဆိုပါ ထိုင်း အလုပ်ရှင်က ဆက်၍ပြောပြသည်။
“သျှမ်းအလုပ်သမားတွေဆိုရင် အချိန်ပို အလုပ်ဆင်းခိုင်းလဲရတယ်။ နောက်ပြီး ထိုင်း အလုပ်သမားတွေ လောက်လုပ် အားခ မပေးလဲရတယ်။ သျှမ်းအလုပ်သမားတွေက အလုပ်ကြိုးစား လုပ်ပေးတယ်၊ ဒါမျိုးတွေကွာတာပေါ့၊ အဲဒါကြောင့် ဖြစ်နိုင်ရင် အလုပ်ခိုင်းချင်သလို ခိုင်းလို့ရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကိုဘဲ လိုချင်တယ်။ ထိုင်း အလုပ်သမားဆို မလိုချင်ဘူး” ဟုဆို၏။
ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ အလုပ်လက်မဲ့ လူဦးရေ ၂ သန်းကျော်ရှိမည်ဟု ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန် ကြေငြာထားသော်လည်း ထိုင်းလူမျိုးများအတွက် ပရိဘောဂအလုပ်ရုံ၊ စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ၊ ဘွဲ့ရပညာတတ်များ အနည်းစုသာ ဖြစ်နိုင်ကြောင်း၊ ယခုလက်ရှိ အနေအထား အရရွှေ့ပြောင်း အလုပ်သမားအများအပြားမှာ အလုပ်လက်မဲ့နှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း သျှမ်းခေါင်းဆောင်တစ်ဦးက သုံးသပ်ပြော ဆိုသည်။
ထိုင်းနိုင်ငံအတွင်း တရားဝင် အလုပ် လုပ်ခွင့်ကဒ်ရှိသူရော ကဒ်မရှိသူ သျှမ်းရွှေ့ပြောင်းအလုပ်သမားအယောက် ၂ သန်း ခန့်ရှိသည်ဟုဆို၏။ ချင်းမိုင်မြို့၌ ယခင်နှစ်က အလုပ်သမား ကဒ်သက်တမ်းတိုးသူ အလုပ်သမား ၄၀၀၀ ကျော်ရှိခဲ့ သော် လည်း ယခုနှစ်မှာ သက်တမ်းတိုး သူဦးရေ ၃၀၀၀ ခန့်သာရှိတော့သဖြင့် ၁၀၀၀ ကျော်လျော့သွားသည်ဟု ချင်းမိုင် သျှမ်း ရေဒီယိုလှိုင်း တစ်ခုမှ ယမန်နေ့က ကြေငြာခဲ့သည်။ ထို့ပြင် ၂၀၀၈ က ထိုင်းလူမျိုးအလုပ်လက်မဲ့ ၉ သောင်းကျော်ရှိပြီး ယခုနှစ်ဦးပိုင်းမှာမူ ၆ သောင်းကျော် ထပ်တိုးလာကြောင်း ထိုင်းသတင်း စာတစ်စောင်၌လည်း ဖော်ပြထားသည်။
REF: သျှမ်းသံတော်ဆင့်
Read More...
Collapse...
တနင်္လာနေ့၊ 16 မတ်လ 2009
ရှမ်းပြည်(မြောက်ပိုင်း) ပန်ဆန်းအခြေဆိုက် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ၀ပြည် သွေးစည်း ညီညွတ်ရေးပါတီ (ခေါ်) UWSPက ဗမာစစ်အာဏာပိုင်းများ ၄င်းနယ်မြေအတွင်းနိုင်ငံသားစီစစ်ရေး ကဒ်ပြုလုပ်ခြင်းကို တားမြစ်ထားကြောင်း သိရသည်။
အာဏာပိုင်များက ၀အဖွဲ့နှင့်မဟာမိတ်လုပ်ထားသည့် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (ခေါ်) MNDAAအဖွဲ့နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာ မိတ်တပ်မတော်(ခေါ်)NDAAအပစ်ရပ်လက်နက်ကိုင်အဖွဲ့နယ်မြေ များ တွင် ဖေဖေါ်ဝါရီလဆန်းပိုင်းမှစတင်ကာ နိုင်ငံသားစီစစ်ရေးကဒ်များပြုလုပ်ပေးနေသော်လည်း ၀ နယ်မြေ အတွင်း ၀င်ရောက်ခွင့်ကိုမူ တားမြစ်ခံထားရခြင်းဖြစ်သည်။
လတ်တလောအချိန်တွင် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက ၀န်ထမ်းများဝင်ရောက်ခွင့်ကိုတားမြစ်ထားသော် လည်း နောက်ပိုင်းတွင် ၀င်ခွင့်ပြုမည်မပြုမည်ကို ပြန်လည်စဉ်းစားမည်ဟု အကြောင်းပြန်ထားကြောင်းဒေသတွင်း သတင်းများအရ သိရသည်။
နယ်စပ်တွင် နှစ်ပေါင်းများစွာနေထိုင်လာသည့် စစ်ရေးအကဲခတ်ဦးအောင်ကျော်ဇောအားသျှမ်းသံတော်ဆင့်က မေးမြန်း ရာတွင် အဆိုပါ သတင်းမှန်ကန်ကြောင်း အခုလိုပြောသည်။
“ဟုတ်တယ် ကိုးကန့်နဲ့ မုံးလားလည်းအဲဒီလိုလုပ်တာပဲ။ ၀အဖွဲ့တစ်ခုပဲလက်မခံသေးတာ ၀နယ်ကတော့ပေးမလုပ်ဘူး။ သူတို့ (နအဖ) ၀င်ခွင့်မရဘူး။ ဧပြီလ (၁ရ)ရက်နောက်ပိုင်းမှကျနော်တို့စဉ်းစားမယ် လို့အကြောင်းပြန်ထားတယ် ” လို့ သူကပြောသည်။
ထိုသို့နယ်မြေ၀င်ခွင့်မပေးရခြင်းမှာ လာမည့်ဧပြီလ(၁ရ)ရက်နေ့တွင် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA/ UWSP ထူထောင်ခြင်း အနှစ် 20 ပြည့်မှ ပွဲလုပ်မည်ဖြစ်ပြီး နောက်ပိုင်းမှ တစ်ခုခုအကြောင်းပြန်မည်ဖြစ်ကြောင်း သိရသည်။
“မှတ်ပုံတင်လုပ်တယ်ဆိုတာ ရွေးကောက်ပွဲအတွက်ပြင်တာပေါ့။ အရင်တစ်ခေါက်တုန်းကလည်းလုပ်ပေးပြီးပြီ ရွေးကောက်ပွဲအတွက်ဆိုတော့သူတို့က(၀) သဘောတူနိုင်မယ်မထင်ဘူး ” ဟု သူကပြောသည ။
ကိုးကန့်အဖွဲ့နယ်မြေတွင် ဖေဖေါ်ဝါရီလဆန်းပိုင်းကတည်းကစတင်၍ ၀န်ထမ်းအင်အား (၁၅၀)ကျော်ဖြင့်နိုင်ငံသား စီစစ်ရေးကဒ်များပြုလုပ်ပေးနေခြင်းဖြစ်ပြီးယနေ့အထိလုပ်ပေး နေဆဲဖြစ်ကြောင်း ချင်းရွေဟော်ဒေသခံကုန်သည် တစ်ဦးကပြောသည်။
ယခုလို ကိုးကန့်နယ်မြေအတွင်းနိုင်ငံသားစီစစ်ရေးကဒ်လုပ်ပေးသည်ဆိုသော်လည်းကဒ်ပြားများယနေ့တိုင်ရရှိခြင်း မရှိသေးကြောင်း အဆိုပါဒေသခံပြောပြချက်အရ သိရသည်။
REF: သျှမ်းသံတော်ဆင့်
Read More...
Collapse...
မတ်လ(၁၆) ရက်၊ ၂၀၀၉
ရန်ကုန်မြို့တွင် ယခုနောက်ပိုင်း အင်တာနက်မှတဆင့် နိုင်ငံတကာသို့ ဖုန်းခေါ်ရန် သီးသန့်ဝန်ဆောင်မှုပေးသည့် ဆိုင် များလာကြောင်း အသုံးပြုနေသူများထံမှ စုံစမ်းသိရသည်။
မလေးရှားနိုင်ငံရောက် ခင်ပွန်းသည်ကို သွားရောက်ဆက်သွယ်လေ့ရှိသူတဦးက “အရင်ကဆို နိုင်ငံခြားကို ဖုန်းခေါ်တာ အင်တာနက်ဆိုင်တွေနဲ့ တွဲနေတာ များတယ်။ ကိုယ်က ခေါ်ချင်ရင် ဆိုင်ရှင်ကို သွားပြောရတယ်။ ခေါ်တဲ့အခါ အသံကောင်းကောင်း ကြားတဲ့အခါ ကြားရတယ်။ မကြားတဲ့အခါ မကြားရဘူး။ ခုနောက်ပိုင်း ဖုန်းခေါ်ဖို့အတွက် အဓိက ဝန်ဆောင်မှုပေးတဲ့ ဆိုင်တွေကတော့ ကွန်နက်ရှင်ကောင်းအောင် အသေအချာ ပြင်ဆင်ပေးထားတယ်။ ခုံတိုင်းကနေ ဖုန်းပြောလို့ရတယ်။ နိုင်ငံစုံကို ပြောလို့ရတယ်။ အသံလည်း ကြည်လင်တယ်။ ဈေးလည်းပေါတယ်” ဟု ပြောသည်။
နိုင်ငံခြားတွင် အလုပ်သွားလုပ်နေသူများ၏ ရန်ကုန်နှင့် နယ်အသီးသီးတွင် နေထိုင်သည့် မိသားစုဆွေမျိုး အများစုသည် တယ်လီဖုန်းပိုင်ဆိုင်ခြင်း မရှိကြသည့်အတွက် နိုင်ငံခြားရောက် ကိုယ့်ဆွေမျိုးသားချင်းများထံ ဖုန်းခေါ်သည့်အခါ အခက်အခဲ ဖြစ်ကြသည်။
အချို့က အိမ်နီးချင်း တယ်လီဖုန်းဆိုင်များမှတဆင့် ခေါ်ရပြီး အဆိုပါဆိုင်များတွင် နိုင်ငံခြားမှ ဖုန်းခေါ်သည်ကို လက်ခံပေးခ တမိနစ် ကျပ် (၃ဝဝ) မှ (၅ဝဝ) အထိ ဈေးနှုန်း အမျိုးမျိုးယူသည့်အတွက် ဖုန်းလက်ခံသူများအနေဖြင့် အဆင်မပြေကြပေ။
ယခုနောက်ပိုင်း အစိုးရက မိုဘိုင်းဖုန်းများ ထုတ်ရောင်းမှုများလာပြီး ဆင်းကတ်တခုလျှင် ကျပ် (၁၅) သိန်း (၅) သောင်း၊ အပြင်ပေါက်ဈေး ကျပ် သိန်း (၂ဝ) နီးပါးကုန်ကျသည့်အတွက် ပြည်သူအများ ဝယ်ယူသုံးစွဲရန် မတတ်နိုင်ကြကြောင်း သိရသည်။
အများစုမှာမူ စဘော်ငွေ ကျပ် (၂) သိန်း၊ တလ ကျပ် (၄) သောင်းခွဲနှုန်းဖြင့် (၆) လစာ စာချုပ်ချုပ်ကာ ငှားရမ်းသုံးစွဲကြသော်လည်း စစ်အစိုးရ၏ လိုင်းဖုန်းနှင့် မိုဘိုင်းဖုန်းမှတဆင့် နိုင်ငံခြားတိုင်းပြည်များသို့ ခေါ်ပါက ဆက်သွယ်ခ ဈေးအလွန်ကြီးမြင့်ခြင်းကြောင့် ပြည်သူများ အသုံးမပြုနိုင်ကြောင်း သိရသည်။
စစ်အစိုးရ စာတိုက် ကြေးနန်းနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တယ်လီဖုန်း ခေါ်ဆိုခ နှုန်းများမှာ အနီးဆုံး ထိုင်းနိုင်ငံကိုပင်လျှင် တမိနစ် (၁.၄ဝ) ဒေါ်လာ ပေးရသည်။ စင်ကာပူ၊ မလေးရှား တမိနစ် (၁.၇၅) ဒေါ်လာ၊ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ တမိနစ် (၃.၂ဝ) ဒေါ်လာ၊ အမေရိကန်၊ ကနေဒါ အပါအဝင် တောင်အမေရိက နိုင်ငံများကိုမူ တမိနစ် (၄.၅ဝ) ဒေါ်လာအထိ ပေးရသည်။
ယခုကဲ့သို့ ဈေးနှုန်းကြီးမြင့်သည့်အတွက် မြန်မာနိုင်ငံသားအများစုသည် စစ်အစိုးရပိုင် ဖုန်းများဖြင့် ပြည်တွင်းမှ နိုင်ငံခြားသို့ ဖုန်းခေါ်လေ့ခေါ်ထ မရှိကြပေ။
ယခု ပေါ်လာသည့် အင်တာနက်မှတဆင့် နိုင်ငံခြား ဖုန်းခေါ်သည့်ဆိုင်များတွင် စင်ကာပူကို တမိနစ် ကျပ် (၄ဝ)၊ ထိုင်း၊ တရုတ်နိုင်ငံတို့ကို တမိနစ် ကျပ် (၁ဝဝ)၊ ဟောင်ကောင်၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန် တမိနစ် ကျပ် (၁၅ဝ) စသဖြင့် ဈေးနှုန်း အလွန်ချိုသာခြင်းကြောင့် သွားရောက်သုံးစွဲသူများ အလွန်အဆင်ပြေကြောင်း သိရသည်။
ယခုလောလောဆယ် ရန်ကုန်မြို့က အင်တာနက်ဖုန်း ဝန်ဆောင်မှုပေးသည့် ဆိုင်များသည် စင်ကာပူအခြေစိုက် Pfingo ကို သုံးပြီး ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖုန်းနှင့် အင်တာနက်ကို ပုံမှန် သွားရောက်သုံးစွဲနေသူတဦးကမူ “ယခုဆို ပြည်သူတွေ နိုင်ငံခြား ဖုန်းခေါ်ရတာ အဆင်ပြေတော့ အဆိုပါဆိုင်တွေမှာ သုံးစွဲသူတွေနဲ့ အမြဲ ပြည့်နေတာ မြင်ရပါတယ်။ ဒါပေမယ့် ဒီလိုအဆင်ပြေနေတာကို အစိုးရက အကြောင်းအမျိုးမျိုးပြပြီး ပိတ်ပင်လိုက်မှာကိုတော့ စိုးရိမ်တယ်” ဟု ဝေဖန်ပြောဆိုသည်။
စစ်အစိုးရ၏ ဥပဒေအရ မည်သည့်ပုဂ္ဂလိက တဦးတယောက်မျှ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းကို အခကြေးငွေယူ လုပ်ကိုင်ခွင့်မရှိဘဲ လုပ်ကိုင်ပါက ထောင်ဒဏ် ချမှတ်နိုင်သည်အထိ ပြဋ္ဌာန်းထားသည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့မှ မကြာခင်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ အင်တာနက်သုံးနိုင်သူ (၄၀,၀၀၀) သို့မဟုတ် စုစုပေါင်းလူဦးရေ၏ (၀.၁) ရာခိုင်နှုန်းသာကြောင်း ရေးထားသည်။ မြန်မာနိုင်ငံရှိ လူဦးရေ (၂,၀၀၀) တွင် အင်တာနက်သုံးနိုင်သူ (၂) ဦးထက်လျော့နည်းနေသည့်အတွက် ကမ္ဘာတွင် အင်တာနက်သုံးစွဲမှု နိမ့်ကျသည့်နိုင်ငံများထဲတွင် ပါဝင်သည်ဟု ထောက်ပြထားသည်။
REF: ခေတ်ပြိုင်
Read More...
Collapse...
မတ်လ(၁၆) ရက်၊ ၂၀၀၉
လောင်းကစားကို အခြေခံသည့် ပျော်ပွဲရွှင်ပွဲ (အာဝါဒေး) ပွဲ တပတ်ကျင်းပလျှင် လောင်းကစားဝိုင်းမှရရှိသည့် အကောက်ငွေ သိန်း (၁၃၀) ခန့်ကို ပွဲတော်ကျင်းပသည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) က ပုံမှန်ရရှိသည်ဟု လောင်းကစားဝိုင်းများထံ ၀ိုင်းကြေးလိုက်ကောက်သည့် အဖွဲ့ဝင်တဦးက ပြောသည်။
မြ၀တီမြို့နယ်အတွင်း ယခုလ (၁၁) ရက်က စတင်သည့် (၁၀) တန်းစာမေးပွဲကာလတွင် ခေတ္တရပ်နားထားသည့် အာဝါဒေးပွဲများကို ယခုလ (၁၈) ရက်နေ့မှ စတင်ကာ မြ၀တီမြို့အမှတ် (၃) ရပ်ကွက် ဓမ္မရန်အောင် ဘုန်းတော်ကြီး ကျောင်းတွင် မော်လမြိုင်မှ မြန်မာဇာတ်အဖွဲ့တဖွဲ့ သွင်းကာ စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပမည်ဟု သိရသည်။
စာမေးပွဲကာလ မြ၀တီမြို့နယ်အတွင်း အာဝါဒေးပွဲများကို ခရိုင်အာဏာပိုင်များက ပွဲမိန့် ပိတ်ထားသော်လည်း မြ၀တီမြို့အနီးရှိ ဒီကေဘီအေ (၉၉၉) အဖွဲ့၏ ဖားသုံးကောင်ဂိတ်တွင် ယခုလ (၁၃) မှ (၁၇) ရက်အထိ မြန်မာဇာတ်အဖွဲ့ကြီးတဖွဲ့နှင့်အတူ အာဝါဒေးပွဲ (၅) ရက်ကို ကျင်းပလျက်ရှိသည်။
ဖားသုံးကောင်ဂိတ်ပွဲတွင် လောင်းကစားဝိုင်းမျိုးစုံ အဖွဲ့ (၅၀) ခန့်ရှိပြီး ဒီကေဘီအေအဖွဲ့သို့ တ၀ိုင်းလျှင် ၀ိုင်းကြေး (၅) သောင်းခန့် ပေးရပြီး ညစဉ်လောင်းကစားပွဲများ ပြုလုပ်လျက်ရှိကြောင်း ဖားသုံးကောင်ဂိတ်မှ ရွာခံတဦးက ပြောသည်။
၎င်းက “ဒီပွဲကို ဒီကေဘီအေက ဦးစီးပြီးလုပ်တာ။ လောင်းကစားဝိုင်း (၅၀) ဆိုတော့ တ၀ိုင်းကို (၅) သောင်းနှုန်းဆိုတော့ ဒီကေဘီအေက တညကို (၂၅) သိန်း ရတယ်။ အာဝါဒေးပွဲမှာကတဲ့ မော်လမြိုင်ကဇာတ်ကိုတော့ တည (၆) သိန်း နှုန်းနဲ့ ပေးရတယ်။ ကျန်တာကတော့ ဒီကေဘီအေ ရန်ပုံငွေပဲ။ အာဝါဒေးရဲ့ အကျိုးဆက်ကတော့ ဂျပိုး၊ သူခိုးတွေ များလာတယ်။ ဒုစရိုက်မှုတွေ များလာတယ်။ ပွဲကျင်းပတဲ့အဖွဲ့ကိုလည်း ဘယ်သူမှပြောဆိုဟန့်တားတာ မရှိဘူး။ ကရင်ပြည်နယ်မှာ ဒီကေဘီအေကြီးစိုးတဲ့ နေရာတွေမှာ အာဝါဒေးပွဲအမြဲရှိတော့ အကုန်ဒုက္ခရောက်ကုန်ပြီ။ နေ့ခင်းကြောင်တောင်လို အချိန်မျိုးမှာတောင် အိမ်ပေါ် သူခိုးတက်တာတွေရှိတယ်။ သူခိုးတောင်မှ အပြင်သူခိုးနဲ့ အိမ်တွင်းသူခိုးတွေ ပိုပြီးများလာတယ်။ မိဘတွေလည်း သား၊ သမီးတွေကို ပြောဆိုဆုံးမလို့ မရတော့ဘူး။ လူတွေရဲ့အသိထဲမှာ လောင်းကစားရှုံးရင် ဘန်ကောက်သွားဖို့လောက်ပဲ အသိရှိကြတော့ အခြေအနေက ကြာလေဆိုးလေပဲ” ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်း ကျင်းပသည့် အာဝါဒေးလောင်းကစားပွဲများတွင် ယခင်က လူကြီးများသာ အများစု ၀င်ရောက်လောင်းကစားကြသော်လည်း ယခုအခါ လောင်းကစားဝိုင်းများတွင် ဆယ်ကျော်သက် လူငယ်အမျိုးသား၊ အမျိုးသမီးများ ၀င်ရောက်လောင်းကစားပြုမှုမှာ ထက်ဝက်နီးပါး များပြားလာသည်ဟု အာဝါဒေးပွဲများတွင် နယ်လှည့် လောင်းကစားဝိုင်းဖွင့်သူ ဒိုင်တဦးကလည်း ရှင်းပြသည်။
အာဝါဒေးပွဲတော်ဖြင့် ရန်ပုံငွေရှာသည့် ဒီကေဘီအေ (၉၉၉) အဖွဲ့မှ အရာရှိတဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းပွဲများနှင့် ပတ်သက်၍ မကြားမိ မသိရှိကြောင်း ပြန်လည်ဖြေကြားသည်။ မြ၀တီခရိုင်အတွင်း ဒီကေဘီအေမှ အာဝါဒေးပွဲများကို နှစ်လုံးပေါက်နီးပါးခန့် နေရာဒေသအနှံ့တွင် ကျင်းပနေသော်လည်း မြ၀တီခရိုင်အာဏာပိုင်များက တစုံတရာ အရေးယူဟန့်တားမှုများ မရှိကြောင်း သိရသည်။
လောင်းကစားဝိုင်းထောင်ထားသည့် ဒိုင်တဦးက “ဒီကေဘီအေနဲ့ တွဲလုပ်လာတာ (၁၀) နှစ် ကျော်ပြီ။ ပိုက်ဆံမရှိရင် သူတို့ဆီမှာ အတိုးနဲ့ ချေးငှားလို့ရတယ်။ မော်လမြိုင်က ဇာတ်အဖွဲ့တွေပါမယ်ဆိုရင် လောင်းကစားဝိုင်းတ၀ိုင်းကို တည (၅) သောင်းပေးရတယ်။ ဇာတ်အဖွဲ့မပါဘဲ ရောင်ပြန်လို့ခေါ်တဲ့ ဗီဒီယိုပိတ်ကားသွင်းရင် တည (၃) သောင်း ပေးရတယ်။ ဒီကေဘီအေတွေ ပြောတာကတော့ သူတို့ကြီးပဲ အကုန်လုံးမရဘူး။ မြ၀တီက အကောင်ကြီးတွေကို လည်း ခွံ့ပေးရတာတွေ၊ မျက်နှာလုပ်ရတာတွေ တခေါက်ဆိုရင် သိန်း (၂၀) အနည်းဆုံးပဲလို့ပြောတယ်။ တချို့ ခရိုင်လူကြီးတွေကိုဆိုရင် ထိုင်းဘက်က သွင်းတဲ့ကားအသစ်တွေ လက်ဆောင်ပေးရတာတွေရှိတယ်” ဟု ပြောသည်။
မြ၀တီမြို့တောင်ပိုင်းရှိ သုံညဂိတ်အနီးတွင် အသစ်ထပ်မံဖွင့်လှစ်လိုက်သည့် ဒီကေဘီအေ (၉၉၉) ဂိတ်တွင်လည်း အာဝါဒေးပွဲများကို လစဉ်ရက်ခြား၍ ပုံမှန်နီးပါးကျင်းပလျက်ရှိသည်။
အဆိုပါဂိတ်အသစ်သည် ဘန်ကောက်မှမဲဆောက်သို့ ဘတ်စ်ကားများဖြင့် ပြန်လာကြသည့် မြန်မာအလုပ်သမားများ ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးပြီး မြန်မာပြည်ဘက်သို့ နယ်နှင်ပို့ဆောင်သည့် ဂိတ်ဖြစ်သည်။ ထိုင်းမှ ပြန်ပို့လိုက်သည့် မြန်မာအလုပ်သမားများအား ဒီကေဘီအေနှင့် မြန်မာလူပွဲစားများက လူတဦးလျှင် ဘတ် (၁,၅၀၀) နှုန်းယူပြီးမှသာ လိုရာခရီးသို့ ဆက်ခွင့်ပြုသည့် ဂိတ်ဖြစ်သည်။
REF: ခေတ်ပြိုင်
Read More...
Collapse...

ဟံသာဝတီဦးဝင်းတင်နဲ့ မွေးနေ့ စကားလက်ဆုံ
မိုးမခ
မတ် ၁၅၊ ၂၀၀၉
(မတ်လ ၁၄ ရက်နေ့က တွေ့ဆုံမေးမြန်းချက်)
၁၉ နှစ် ကြာ အကျဉ်းကျခဲ့ပြီး လွန်ခဲ့တဲ့ ၆ လက လွတ်မြောက်လာခဲ့သူ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဟံသာဝတီဦးဝင်းတင်ရဲ့ ထောင်ပြင်ဖက်မှာ ပထမဦးဆုံး ကျရောက်တဲ့ ၇၉ နှစ်မွေးနေ့မှာ သူပြောကြားခဲ့တဲ့ စကားတွေထဲက သူ့ဆန္ဒတရပ်ကို ပြန်လည် ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
“ကျနော်အခုလို မိတ်ဆွေတွေနဲ့ တွေ့တော့ ၀မ်းသာတာပေါ့ဗျာ။ ဘာဖြစ်လို့ ၀မ်းသာတာလဲဆိုတော့၊ ထောင်ထဲတုန်းက … အခု ကျုပ်က ထောင်က ထွက်လာတာ ၆ လပေါ့ဗျာ။ ဒါပေမဲ့ ထောင်ထဲတုန်းက ကိုယ့်ကိုယ်ကို အမေ့ခံအကျဉ်းသားလို မခံစားခဲ့ရဘူး။ Forgotten Prisoners ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိတ်ဆွေတွေရဲ့ ဘဘကို အားပေး ထောက်ပံ့ အားပေးစကားပြော တလျှောက်လုံး ထောင်ထဲမှာ … ကိုယ့်ကိုယ်ကို အမေ့ခံအကျဉ်းသားလို့ ထောင်ထဲမှာ မခံစားခဲ့ရဘူး။ ဒါ သိပ်အရေးကြီးတယ်။
ထောင်ထဲမှာ ကိုယ့်ကိုယ်ကို အမေ့ခံအကျဉ်းသားလို့ သဘောထားလိုက်မိရင်၊ ငါ့မိသားစုက ငါ့ကိုမေ့နေပြီ၊ ငါ့ညီအကို မောင်နှမများက ငါ့ကိုမေ့နေပြီ၊ နို့မို့ဆိုရင်လည်း ငါ့ရဲ့ သားချင်းများ၊ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်များ၊ အသိအကျွမ်းများ၊ င့ါရဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများက ငါ့ကိုမေ့နေပြီလို့ အမေ့ခံအကျဉ်းသား စိတ်ဓာတ်မျိုး ၀င်တာနဲ့ ပြဿနာတွေ တက်တော့တာပဲ။ အထဲမှာ စကားများကြတယ်။ ရန်ဖြစ်ကြတယ်။ ငြင်းကြတယ်။ ငိုကြတယ်။ စကားမပြောကြဘူး။ ဒါတွေ ဖြစ်ကုန်ရော။ စိတ်ဓာတ်ကျတယ်ပေါ့ဗျာ။ စိတ်ဓာတ်ပျက်တယ်ပေါ့ဗျာ။ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်တတ်တယ်။
ဘဘက အဲသလိုမျိုး မခံစားခဲ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ဆွေများရဲ့ ကောင်းမှုပေါ့ဗျာ။ မိတ်ဆွေများရဲ့ အားပေးမှု၊ ကူညီမှု … အဲဒါကြောင့် အမေ့ခံအကျဉ်းသားအဖြစ် မခံစားခဲ့ရဘူး။ ဒါကို တော်တော်ကောင်းတဲ့ စိတ်ဓာတ်ပဲလို့ ဘဘက ခံယူတယ်။ ဒါကြောင့် အခု အပြင်ရောက်လာတော့လည်း ဒီမိတ်ဆွေတွေနဲ့ တွေ့ရတယ်။ တွေ့တယ်အခါကျတော့လည်း အမေ့ခံအကျဉ်းသားဆိုတဲ့ စိတ်ဓာတ်မျိုး ဘဘမှာ မပေါ်တော့ဘူး။ ၀မ်းသာတယ်။
အဲဒါကြောင့် အဲဒီ စိတ်ဓာတ်နဲ့ ဘဘက ဘာလုပ်နိုင်သလဲဆိုတော့ နိုင်ငံရေးကို တတ်နိုင်သလောက် ၀င်လုပ်နိုင်တယ်။ တိုင်းသူပြည်သား လူအများအကျိုးကိုလည်း လုပ်ပေးနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ် အမေ့ခံအကျဉ်းသားဆိုတဲ့ စိတ်ဓာတ်မရှိတဲ့အခါကျတော့ လူတွေကို ပိုပြီးတော့ ချစ်ခင်လာတယ်။ လူတွေကိုပိုပြီးတော့ ယုံကြည်လာတယ်။ ပြီးတော့ လူတွေကို ပိုပြီးတော့ လေးစားလာတယ်။ အဲဒီစိတ်ဓာတ်နဲ့ ပိုပြီးတော့ လုပ်လာနိုင်တယ်။
ဒီတော့ ဘဘက ကိုယ်လုပ်နိုင်တဲ့ဟာကို နမူနာယူပြီးတော့ အခု ဘဘက နိုင်ငံရေးအကျဉ်းသားတွေကို လိုက်လုပ်ပေးနေတယ်။ တတ်နိုင်တာတဲ့ဟာတွေကို ကိုယ်ကူညီပေးနိုင်ရင်ပေး၊ အင်္ကျီအ၀တ်အစား ပေးနိုင်ရင်ပေး၊ ဆေးဝါးပေးနိုင်ရင် ပေး။ တတ်နိုင်တာ လုပ်နေတယ်။ အကုန်လုံးလုပ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် ထောင်ထဲမှာ နေခဲ့သလိုပဲ၊ ထောင်ထဲမှာ အမေ့ခံအကျဉ်းသားစိတ်ဓာတ်မျိုး မပေါ်ဘဲနဲ့ နေခဲ့သလိုပဲ သူတို့လည်း အမေ့ခံအကျဉ်းသားစိတ်ထားမျိုး မပေါ်ဘဲနဲ့ နေနိုင်အောင်၊ အမေ့ခံအကျဉ်းသားဆိုတဲ့ စိတ်ထားမရှိဘဲနဲ့ အပြင်ဖက် ထွက်လာနိုင်အောင်၊ ဒါ ကျနော်ကူညီနေတာပဲလို့။
အဲဒီလူတွေဟာ အမေ့ခံအကျဉ်းသားဆိုတဲ့စိတ် ကင်းမဲ့ပြီးတော့ အပြင်ကိုထွက်လာနိုင်မယ်ဆိုရင် တိုင်းပြည်အကျိုးကို အများကြီးလုပ်နိုင်လိမ့်မယ်။ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ နိုင်ငံရေးအကျိုး၊ ဒီမိုကရေစီအကျိုးကို အပြည့်အ၀ ဆောင်ရွက်နိုင်လိမ့်မယ်။ ဆောင်ရွက်တဲ့ နေရာမှာလည်း ကျနော်တို့ဆိုရင် အသက် ၈၀ပိုင်းနား ရောက်နေတော့ နောက်ကို ၁ နှစ် ၂ နှစ် ၃ နှစ်ထက်ပိုပြီး လုပ်နိုင်တာထက်တော့ အကြောင်းမရှိတော့ဘူး။ ဒါပေမယ့် သူတို့ကျတဲ့အခါကျတော့ သူတို့ကို နှစ်ပေါင်းများစွာ ဆက်လုပ်နိုင်မယ်ဆိုတာ မျှော်လင့်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လူငယ်တွေ။ အဲဒီလူငယ်တွေ အပြင်ကို ထွက်လာတဲ့အခါမှာ အမေ့ခံအကျဉ်းသားဆိုတဲ့ စိတ်ထားမျိုးကင်းမဲ့ပြီတော့ ထွက်လာကြရင် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ နိုင်ငံရေးပါတီအကျိုး၊ ကိုယ်ရဲ့ သားချင်းမိတ်ဆွေများအကျိုး၊ လူထုအကျိုးကို ဆောင်ရွက်နိုင်လိမ့်မယ်လို့လဲ အများကြီး မျှော်လင့်ပါတယ်။ အဲဒီစိတ်ဓာတ်ကို မွေးနိုင်အောင်လို့လည်း၊ အဲဒီစိတ်ဓာတ်ကို ရှိနိုင်အောင်လို့လည်း အခု ကျနော်လုပ်နေပါတယ်။ အဲဒါပဲ ပြောချင်ပါတယ်။
အဲ အလွတ်ပြောတာကတော့ … ဗျာ ကျနော်လည်း အသက်ကြီးလာတဲ့အခါကျတော့ တကယ်က ဒီအချိန်က နိုင်ငံရေးလုပ်ဖို့ကောင်းတော့တဲ့အချိန် မဟုတ်တော့ဘူးလို့။ နိုင်ငံရေးအတွက် အသုံးဝင်ဖို့ဟာကလည်း အများကြီး လျော့လာတယ်။ ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကလည်း အများကြီး လျော့လာတယ်။ သိပ်ပြီးတော့ စွမ်းအားလည်းမရှိ၊ ဥာဏ်အားလည်း မရှိတော့ဘူး။ သိပ်တော့ မကောင်းတော့ဘူး။ သို့သော် လုပ်နေရတာပဲ။ အခြေအနေအရ။ အဲဒါ တခု ပြောတယ်။ အဲသည်တော့ အခု ခင်ဗျားတို့က ဒီမှာ အသက်ရှည်ပါစေ ဆုတောင်းတဲ့အခါ ကျနော်က အသက်ရှည်ရုံတင်မဟုတ်ဘူး၊ နိုင်ငံရေးကိုလည်း အသက်ရှည်ရှည်လုပ်နိုင်ဖို့ကိုလည်း ကျနော့်ကိုကျနော် ဆန္ဒပြုမိတယ်လို့ ၊ အသက်ရှည်နေတုန်းကာလမှာ ကိုယ်လုပ်နိုင်တာလေး လုပ်ဖို့ပေါ့။ လုပ်တယ်ဆိုတာကလည်း ကိုယ်က နိုင်ငံရေးကို လုပ်တတ်လို့လို့၊ လုပ်နိုင်လို့လို့၊ အင်အားတွေရှိလို့တော့ မဟုတ်ဘူး၊ အခုက လုပ်ဖို့ အခွင့်အရေး ကြုံနေလို့။ လုပ်ဖို့ အခွင့်အရေးကြုံတယ်ဆိုတာက နောက်တခုက တာဝန်က ကျနေတယ်။ တာဝန်က ရှိတယ်၊ အခွင့်အရေးက ကျနေတယ်။ အဲဒီတုန်းမှာ နိုင်ငံရေးလုပ်ရတယ် ဆိုရင်လည်း အဲဒီနိုင်ငံရေးကို တတ်နိုင်သမျှ အသုံးကျကျ၊ အသုံးဝင်ဝင် လုပ်ချင်တယ်။ လုပ်ပါရစေလို့လည်း ဆုတောင်းတယ်။ ဒါလောက်ပဲ ပြောတာပါ။
REF: မိုးမခ
Read More...
Collapse...
ဖနိဒါ
သောကြာနေ့၊ မတ်လ 13 2009
ချင်းမိုင်(မဇ္ဈိမ) ။ ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ဒဏ် ၆၈ နှစ် ကျခံနေရသူ သံဃာတော် ဦးဂန္ဘီရက အင်တာနက်နှင့် လက်ဖက်ရည်ကို တမ်းတကြောင်း သူ၏ မိခင်အပြောအရ သိရသည်။
စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ မတ်လ ၉ ရက်နေ့က ထောင်ဝင်စာသွားတွေ့ခဲ့သော အသက် ၆၀ ၀န်းကျင် မိခင် ဒေါ်ရေးက အရှင်ဂန္ဘီရသည် ကျန်းမာရေးကောင်းမွန်နေ သည်ဟု ပြောသည်။
“သူမိန့်တာက အများကြီးပဲ။ သူ လွတ်လပ်ခွင့်နဲ့ သွားချင်ရာသွားမယ်၊ အင်တာနက် သုံးချင်တယ်။ လက်ဖက်ရည် သောက်ချင်တယ်၊ စာသင်ဖို့ တတန်းလိုသေးတယ်တဲ့။ ကိစ္စမရှိပါဘူး၊ ကျုပ် လွတ်လပ်ခွင့်တွေကို အဆုံးရှုံးခံပြီးတော့မှ ပေးဆပ်ထားတယ်။ ကျုပ် တိုက်ပွဲ ဝင်နေဆဲပဲ တဲ့” ဟု ၈ ရက်ကြာ ခရီးကို သွားခဲ့သော အသက် ၆၀ အရွယ် ဒေါ်ရေးက ပြောသည်။
ဓမ္မာစရိယတန်းစာ ၀ါလိုက်နေရင်းမှ ၂၀၀၇ ခုနှစ် မေတ္တာသုတ်ရွတ်ဆိုကာ လမ်းပေါ်ဆန္ဒပြမှုများကို ဦးဆောင်ခဲ့၍ အဖမ်းခံရသော အသက် ၂၉ နှစ်အရွယ်ရဟန်းကို စစ်အစိုးရက အင်တာနက်အသုံးပြုခြင်းနှင့်ဆက်ဆိုင်သော အီလက်ထရောနစ်ဥပဒေဖြင့်ပါ ထောင်ချထားခြင်းဖြစ်သည်။
မိသးစုအနေဖြင့် ခန္တီးထောင်တွင် ထောင်ဝင်စာ တွေ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လမ်းစရိတ် ကျပ်ငွေ ၆ သိန်းခွဲခန့် ကုန်ကျသည်ဟု သိရသည်။
“ တနာရီလောက် ပြောဖြစ်ခဲ့တယ်။ တဟားဟားနဲ့ ပြောတယ်။ ကျုပ် မရီရတာ တော်တော်ကြာပြီဗျာ တဲ့” ဟု ဒေါ်ရေးက ပြောသည်။
ထိုသို့အခြေအနေတွင် မြန်မာနိုင်ငံသည် ” အင်တာနက်၏ ရန်သူ” ဟု ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ယနေ့ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောဆိုလိုက်သည်။
မြန်မာသည် တရုတ်၊မြောက်ကိုရီးယား၊ ဗီယက်နမ်၊ အီရန်၊ ဆီးရီးယား၊ အီဂျစ်၊ ဆော်ဒီအာရေးဘီးယား၊ တက်ခ်မန်နီစတန်၊ ဥဇဘက်ကစ္စတန်၊ ကျူးဘား၊ တူနီရှားတို့နှင့် အတူ နာမည်ပျက်စာရင်း သွင်းခံရခြင်းဖြစ်သည်။
အစီရင်ခံစာက မြန်မာစစ်အစိုးရသည် သတင်းအချက်အလက်များ စီးဆင်းခြင်းကို စနစ်တကျပိတ်ပင်ကန့်သတ်မှုပြုလုပ်နေပြီး အနည်းဆုံး သတင်းစာဆရာ ၁၄ ယောက်နှင့် ဘလော့ဂ်ဂါ ၂ ဦးကို နှစ်ရှည်ထောင်ချထားသည်ဟု ပါရှိသည်။
ကလေးစစ်သားတယောက်ဖြစ်ခဲ့ဖူးသော ဦးဂန္ဘီရသည် ယခင်နှစ်နှောင်းပိုင်းက ကျန်းမာရေးချို့ယွင်းနေခဲ့ပြီး မိသားစုက သူ့အတွက် အယူခံတင်သွင်းရန် ရှေ့နေဖြင့် စီစဉ်လျက်ရှိသည်။
ဦးဂန္ဘီရ၏ ယောက်ဖနှင့် ညီဖြစ်သူ အပါအဝင် လူ ၆ ဦးအား မြောက်ဒဂုံ တရားရုံးက ယမန်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပြန်သည်။
ယောက်ဖတော်သူ ကိုမိုးထက်လျှံ၊ ညီဖြစ်သူ ကိုအောင်ကိုကိုလွင်နှင့် သူတို့၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော ကိုကျော်မျိုးဆက်၊ ကိုလှိုင်မျိုး၊ မစုလွင်၊ ကိုရဲညွန့်တို့အား နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် ထောင်ချလိုက်ခြင်းဖြစ်သည်။
REF: မဇ္ဈိမ
Read More...
Collapse...
Friday, 13 March 2009
ဟန်လေး

Read More...
Collapse...
Saturday, March 14, 2009
မြန်မာ့တပ်မတော်ထဲမှာ ရာထူးနေရာတွေ ဖောင်းပွနေပြီး တပ်မှူးကြီးအဆင့်အရာရှိတပ်ဖွဲ့ တောက်လျှောက်တိုးချဲ့နေပေမဲ့ ရာထူးတိုးဖို့ အခွင့်အလမ်းတွေ လုံလုံလောက်လောက် မဖန်တီးပေးနိုင်တော့ဘဲ ဖြစ်နေပါပြီ။ မြန်မာနိုင်ငံဟာ နအဖရဲ့ အဓိပ္ပါယ်ထူးခြားဆန်းပြားလှတဲ့ ဒီမိုကရေစီဆီကို တရွေ့ရွေ့သွားနေရင်း အရပ်ဖက်အစိုးရအဆောက်အအုံကြီးဟာလည်း ပိုလို့ပိုလို့ စစ်ဇာတ်သွင်းခံရမယ့် အလားအလာ ရှိနေပါတယ်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီး နဝတကို မတည်ထောင်ခင် တရက်အလို ၁၉၈၈ ခု စက်တင်ဘာ ၁၇ ရက်မှာ တပ်မတော်တခုလုံး အတွင်းမှာ ဗိုလ်ချုပ်အဆင့်ထက်ကြီးတဲ့အရာရှိ နှစ်ယောက်ဘဲရှိပါတယ်။ သူတို့ကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးသန်းရွှေ တို့ဖြစ်ပါတယ်။
အခုနောက်ပိုင်း အသုံးအနှုန်းအတိုင်းဆိုရင်တော့ အဲဒီရာထူးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) နဲ့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် (ကြည်း) (ကြည်းချုပ်) လို့ ပြောပါလိမ့်မယ်။ ဒီကနေ့ တပ်မတော်မှာတော့ လက်ရှိ ဒုဗိုလ်ချုပ်ကြီးနဲ့အထက်ဆင့် တာဝန်ထမ်းဆောင်နေဆဲ အထက်တန်းတပ်မှူးကြီး အနည်းဆုံး ၂၄ ယောက်ရှိနေပါပြီ။
အထက်တန်းတပ်မှူးကြီးရာထူး ၁၂၀၀ ရာခိုင်နှုန်း တိုးများလာတာဟာ ဒီကာလအတွင်းမှာဘဲ တပ်မတော်တခုလုံး အင်အား ၂၅၀ ရာခိုင် နှုန်း တိုးလာတာထက် အများကြီး ပိုလွန်နေပါတယ်။ အခုလို ထိပ်ပိုင်းအလွှာကို တိုးချဲ့တာဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ အာဏာ ကို ခိုင်ခိုင်မြဲမြဲချုပ်ကိုင်ထားနိုင်ဖို့အတွက် အခရာကျနေပါတယ်။
တပ်တွင်းမှာ ရာထူးတိုးမြင့်ရေးအခွင့်အလမ်းတွေ တိုးချဲ့ပေးထားခြင်းအားဖြင့် ဗိုလ်သန်းရွှေဟာ အရာရှိတပ်ဖွဲ့ကြီးရဲ့ သစ္စာစောင့်မှု ဆက်လက်ရရှိရေး သေချာအောင် အောင်မြင်စွာလုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ တပ်မှူးရာထူးတွေ တိုးချဲ့လိုက်ခြင်းအားဖြင့် ရာထူးတက်ဖို့ အခွင့်အလမ်းပိုများလာလို့ ဗိုလ်သန်းရွှေဟာ ကိုယ်ကျိုးစီးပွား ဆုလာဘ်လေး တဝင့်ဝင့်ပြပြီး စစ်ဗိုလ်တွေအနေနဲ့ စစ်အာဏာစနစ်ကြီးကို ဆက်လက်ထောက်ခံနေဖို့ ဆွဲဆောင်နိုင်ပါတော့တယ်။
တိုးချဲ့ပြန်လည်ဖွဲ့စည်းမှု
ရာထူးတိုးရေးအခွင့်အလမ်းတွေကို တိုးချဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ကြိုးပမ်းချက်တွေကို ၂၀၀၁ ခု တပ်မတော်ပြန်လည် ဖွဲ့စည်းမှုက သက်သေ ပြနေပါတယ်။ အဲဒီတုံးက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံကိန်းနဲ့ ကောင်းကောင်းအကျွမ်းတဝင်ရှိခဲ့တဲ့ အကြီးတန်းမြန်မာ့တပ်မတော် အရာရှိတယောက်ရဲ့ အဆိုအရ တပ်မတော်ကို အကြီးအကျယ်ပြင်ဆင်ဖွဲ့စည်းခဲ့တာဟာ အရာရှိတပ်ဖွဲ့ကြီးရဲ့ ရာထူးတိုးရေးအခွင့်အလမ်း တွေကို တိုးချဲ့ဖို့နဲ့ တိုင်းမှူးတွေရဲ့အာဏာကို လျှော့ချဖို့ဖြစ်ပါ တယ်။
၁၉၉၀ ခုနှစ်များအဆုံးပိုင်းမှာ တပ်မတော်တွင်း စိတ်ဓာတ်ကျဆင်းမှုတွေ အထူးတလည်ဖြစ်နေခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် တပ်မတော်နေ့ မှာ စစ်တပ်တွင်းလစာတွေကို ၅၀၀ ရာခိုင်နှုန်းတိုးပေးလိုက်တာဟာ အခြေအနေကို နည်းနည်းပါးပါး တိုးတက်စေခဲ့ပါတယ်။ ဒါပေမဲ့ လည်း ရှေ့တန်းထွက်အောက်ခြေအရာရှိတွေအတွင်းမှာ ရာထူးတိုးရေး အခွင့်အလမ်းနည်းပါးတာနဲ့ ပတ်သက်ပြီး မကျေနပ်ချက်တွေ အုံ့ပုန်းရှိနေဆဲ ဖြစ်ခဲ့တယ်လို့ ခုနကအရာရှိကပြောပါတယ်။
အဲသလိုဖြစ်ရတာဟာ တစိတ်တပိုင်းအားဖြင့် တိုင်းမှူးတွေက ရာထူးကို ကာလရှည်ကိုင်ထားတာတွေကြောင့် ဖြစ်ပါတယ်။ သူတို့ဟာ ဒီရာထူးနေရာတွေကို အသုံးပြုပြီး အာဏာကို ကြီးကြီးမားမားတည်ဆောက်ထားပါတယ်။ သူတို့ဟာ အနှစ်သာရအားဖြင့် စစ်ဘုရင်တွေ ဖြစ်နေပြီး တိုင်းရင်းသားသူပုန်အဖွဲ့တွေနဲ့ တိုက်နေရတဲ့ မြန်မာ့မြေပြင်တပ်ဖွဲ့တွေရဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား အားလုံးနီးပါးကို ထိန်းချုပ်ထားပါတယ်။ ဗိုလ်သန်းရွှေဟာ တိုင်းမှူး တယောက်ယောက်ကို ကိုင်ချင်ရင်လည်း ကျန်တဲ့တိုင်းမှူးတွေစုပြီး သူ့ကိုပြန်ပုန်ကန်မှာ စိုးလို့ မကိုင်ရဲဘူး ဖြစ်နေခဲ့ပါတယ်။
အဲဒီအချိန်တုံးက တိုင်းမှူးတွေဟာ နအဖကောင်စီဝင်တွေလည်း ဖြစ်နေခဲ့ပါတယ်။ ဒီလိုသတ်မှတ်ချက်ကြောင့် ဝန်ကြီးတွေထက် ပိုအဆင့် မြင့်နေခဲ့ပြီး ဝန်ကြီးဌာနတွေဟာ အမိန့်ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ဖို့ ခက်ခဲ့ပါတယ်။ တိုင်းမှူးတွေက ဘယ်အမိန့်ကို ဆောင်ရွက်မယ် ဘယ်အမိန့်ကို ခေါက်ထားမယ်ဆိုတာကို ဆုံးဖြတ်နိုင်ခဲ့ကြပါတယ်။ အဲဒီတော့ တိုင်းမှူးတွေကို စစ်ရုံးချုပ်မှာ တဆင့်မြင့် ရာထူးတွေ တိုးပေးခြင်းအားဖြင့် နယ်စားပယ်စားဘဝကနေဆွဲထုတ်ပြီး ပြဿနာကို ဖြေရှင်းခဲ့ရပါတယ်။ ပေါ်လစီအပြောင်းအလဲမှာ တိုင်းမှူးသစ်တွေဟာ နအဖကောင်စီဝင် မလုပ်ရတော့ပါဘူး။
တိုင်းမှူးသစ်တွေ သစ္စာရှိဖို့ ကျေးဇူးသိစေဖို့အတွက် ဗိုလ်သန်းရွှေဟာ တိုင်းမှူးရွေးရာမှာ တန်းစီဇယားထဲက တဆင့်နိမ့် စစ်ဗိုလ်တွေထဲက မရွေးဘဲ ၄-၅ ဆင့်နောက်ရောက်နေသူတွေထဲက ရွေးတင်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေစဉ်းစားချက်က နောက်တဆင့်နိမ့်အရာရှိဟာ မိမိရဲ့ ဝါစဉ်အရ လုပ်သက်အရ ရာထူးတိုးခံရတာဖြစ်ပြီး ဝါနု လုပ်သက်နုအရာရှိတယောက် အချိန်မတိုင်ခင် ရာထူးတိုးခံရရင်တော့ ဆရာသမား (သန်းရွှေ) ဂုဏ်ကျေးဇူးကို တန်ဖိုးထား သစ္စာရှိလိမ့်မယ်ဆိုတဲ့ စဉ်းစားချက် ဖြစ်ပုံရပါတယ်။
ဒီစီမံချက်အရ တိုင်းမှူးတွေကို နေရာပေးနိုင်ဖို့ ဒုဗိုလ်ချုပ်ကြီးရာထူးတွေ အများကြီးတိုးချဲ့ဖို့လိုလာပါတယ်။ ဒုဗိုလ်ချုပ်ကြီးရာထူးတွေအ တွက် နည်းလမ်းနှစ်ခုနဲ့ လမ်းဖွင့်ခဲ့ရပါတယ်။ တခုက ၂၀၀၁ ပြင်ဆင်ဖွဲ့စည်းမှု မတိုင်ခင်လေးမှာ ဒုဗိုလ်ချုပ်ကြီးနှစ်ယောက်ကို အကျင့် ပျက်ခြစားမှုနဲ့ အနားပေးပစ်လိုက်တာ၊ နောက်တခုကတော့ စစ်တိုင်းတွေကို ဖြန့်ကိုင်ရတဲ့ ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) ကို ၄ ခုခွဲပစ်လိုက်တာဖြစ်ပါတယ်။
နောက်ထပ်နေရာတွေ ဖန်တီးပေးလိုက်တာကတော့ ကြည်း-ရေ-လေ ကွပ်ကဲညှိနှိုင်းရေးမှူး ရာထူးသစ်နဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ် ရေး အရာရှိချုပ်ရုံး၊ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံးနဲ့ လေ့ကျင့်ရေးအရာရှိချုပ်ရုံးတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်မှာ အရာရှိ ချုပ်ရုံးတွေကို ဒုဗိုလ်ချုပ်ကြီးက ကွပ်ကဲပြီး ညွှန်ကြားရေးမှူးရုံးတွေကိုတော့ ဗိုလ်ချုပ်အဆင့်က ကွပ်ကဲရပါတယ်။ တကယ်တော့ ကြယ်သုံး ပွင့်အဆင့်ဗိုလ်ချုပ် (ဒုဗိုလ်ချုပ်ကြီး) ကို နေရာပေးဖို့ အရာရှိချုပ်ရုံး ဖန်တီးတာကို အရင်ကတည်းက လုပ်ခဲ့ဖူးပါတယ်။
၁၉၉၃ သြဂုတ်လမှာ ယခင်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွန့်ကို ဒုဗိုလ်ချုပ်ကြီးအဆင့် တင်တာနဲ့ ကိုက်ညီအောင် စစ်မဟာ ဗျူဟာလေ့လာရေးရုံး OSS ကို တည်ထောင်ခဲ့ပါတယ်။ တကယ်တော့ OSS ရဲ့ လုပ်ငန်းတာဝန်နဲ့ ဝန်ထမ်းတွေဟာ ဗိုလ်ခင်ညွန့်ရဲ့ တပ်မ တော်ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး DDSI ဌာနချုပ်ဝန်ထမ်းတွေ လုပ်နေတာတွေနဲ့ ဘာမှသိတ်ကြီး မထူးခြားပါဘူး။
အပြင်လူတွေနဲ့ အနောက်နိုင်ငံက လေ့လာသူတွေဟာ OSS တည်ထောင်တာကို အလွန်အကျွံ အလေးပေး အထင်ကြီးနေခဲ့ကြတယ်လို့ ထောက်လှမ်းရေးအရာရှိဟောင်းတယောက်က အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။ တကယ့် အနှစ်သာရကတော့ OSS ဆိုတာ ဗိုလ် ခင်ညွန့်ကို နောက်ထပ်ကြယ်တပွင့်တိုးပေးလိုက်တာနဲ့ ကိုက်ညီအောင် စာရွက်ပေါ်မှာ ကလဖန်ထိုးလိုက်တာဘဲ ဖြစ်ပါတယ်။
ရာထူးအဆင့်ဖောင်းပွမှု
၂၀၀၁ နိုဝင်ဘာ ပြင်ဆင်ဖွဲ့စည်းမှုဟာ နောက်ပိုင်းမှာ တပ်မတော်ထိပ်ပိုင်း တပ်မှူးအုပ်ကြီးကို တိုးချဲ့ဖို့ အကြောင်းအချက်တခုသာ ဖြစ်ပါ တယ်။ ရာထူးအဆင့်သစ်တွေ တီထွင်တာ၊ ရာထူးနေရာသစ်တွေ ဖော်ထုတ်တာနဲ့ အစိုးရဝန်ထမ်းလောကထဲ စစ်ဘက်က ထိုးဖောက်ဝင် တာတွေက ရာထူးအဆင့်ဖောင်းပွမှုနဲ့ ထိပ်ပိုင်းတပ်မှူးအုပ်ကြီးထွားမှုကို အားပေးမီးထိုးပေးခဲ့ပါတယ်။
ထိပ်ပိုင်းတပ်မှူးအုပ် တိုးချဲ့ဖို့လမ်းစကို နဝတ အာဏာသိမ်းပြီး ၁၈ လအကြာ ၁၉၉၀ မတ်လမှာ စတင်ခဲ့ပါတယ်။ အဲဒီတုံးက ဗိုလ်ချုပ် တွေနဲ့ ဗိုလ်မှူးကြီးတချို့ကို အစုလိုက်အပြုံလိုက် ရာထူးတိုးပေးခဲ့ပါတယ်။ စမူဆာပုံ စစ်မိန့်ပေး ဦးစီးကွပ်ကဲမှု အဆောက်အအုံကို ပုံစံပီဖို့ အတွက် ဗိုလ်သန်းရွှေအရင်လူ ဗိုလ်စောမောင်ဟာ ဗိုလ်ချုပ်မှူးကြီးရာထူး အသစ်ထွင်ပြီး ကိုယ့်ကိုယ်ကို ရာထူးတိုးခဲ့ပါတယ်။
၂၀၀၂ စက်တင်ဘာလမှာ စစ်အစိုးရရဲ့ နံပတ် ၂ ဗိုလ်မောင်အေးကို ဒုဗိုလ်ချုပ်မှူးကြီးအဆင့် (ကြယ် ၄ ပွင့်ခွဲ) ကို တိုးပေးခြင်းအားဖြင့် ရာထူးသစ်တီထွင်မှု ထပ်လုပ်ခဲ့ပါတယ်။ ဒီရာထူးသစ်ကြောင့် ဦးအေးဟာ ပြိုင်ဖက် ဗိုလ်ခင်ညွန့် စတုတ္ထမြောက်ကြယ် ထပ်တပ်ချိန်မှာ လည်း ရာထူးအဆင့်သာလွန်မှုကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးရာထူးတိုးဖို့ဟာလည်း စောစောပိုင်းက ရာထူးတိုးခဲ့သလိုမျိုး စာရွက်ပေါ်မှာ ကလဖန်ထိုးဖို့ လိုခဲ့ပါတယ်။ ကြယ် ၄ ပွင့်အဆင့်နဲ့ကိုက်အောင် ဦးခင်ညွန့်ဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ စစ်ဖက်အကြံပေးအဖြစ် သတ်မှတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ ဝန်ကြီးချုပ် ခန့်အပ်ခံရတော့ ရာထူးအဆင့်နဲ့ ပိုကိုက်ညီသွားပါတယ်။ သိတဲ့အတိုင်း ၂၀၀၄ မှာ ဗိုလ်ခင်ညွန့် ဖြုတ်ထုတ်အုပ်ခံရပြီး အခုထိ အကျယ် ချုပ် ချခံနေရပါတယ်။
ဗိုလ်ခင်ညွန့်ကို ရာထူးတိုးပေးတာတွေဟာ စက္ကူပေါ်မှာ အကြံအဖန်လုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ထိပ်ပိုင်းတပ်မှူး အုပ်ကြီးကို တိုးချဲ့ နိုင်ဖို့ စစ်ဆင်ရေးရာထူးနေရာသစ်တွေလည်း ဖန်တီးပေးခဲ့ရပါတယ်။ ၂၀၀၁ နိုဝင်ဘာ ပြန်လည်ဖွဲ့စည်းမှုက လမ်းပြခဲ့ပြီးနောက်မှာ နောက်ထပ် ကစထ နှစ်ခု ထပ်တည်ထောင်ခဲ့ပါတယ်။ ကစထ-၅ က ရန်ကုန်တိုင်းကို ကိုင်ပြီး ကစထ-၆ က ရခိုင်ပြည်နဲ့ မကွေးတိုင်းကို တာဝန်ယူရပါတယ်။
အခုနောက်ဆုံးတီထွင်လိုက်တဲ့ ဒုဗိုလ်ချုပ်ကြီးရာထူးကတော့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ဖြစ်ပါတယ်။ ကစထ တွေ တည်ထောင် တာဟာ စစ်ဆင်ရေးအတွက် တစုံတရာအသုံးဝင်မှုရှိနိုင်ပေမဲ့ အခုနောက်ဆုံးထွင်လိုက်တဲ့ ရာထူးကတော့ နောက်ထပ်ဗျူရိုကရေစီအလွှာ တခု ထပ်ပိုးလိုက်တာထက် ဘာမှသိတ်ထူးပုံမရပါဘူး။
ဒုဗိုလ်ချုပ်ကြီးအဆင့်အောက် စစ်ဗျူရိုကရေစီယန္တရားကြီးဟာလည်း ကြီးထွားလာခဲ့ပါတယ်။ စစ်တိုင်းအသစ်တွေ ဖန်တီးတာ၊ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွေ တိုးများလာတာ၊ တပ်မအဆင့် အမြောက်ကြီးစခန်းဌာနချုပ် နဲ့ သံချပ်ကာတပ်ကွပ်ကဲမှုစခန်းဌာနချုပ်တွေ ဖွင့်လှစ်လိုက်တာတို့ဟာ ထိပ်ပိုင်းတပ်မှူး အရာရှိတပ်ဖွဲ့ ကြီးထွားလာစေဖို့ အများကြီး အားပေး ခဲ့ပါတယ်။
ဖောင်းကားနေတဲ့ အစိုးရဝန်ထမ်း
စစ်ဗျူရိုကရေစီယန္တရားကြီးကို စစ်အစိုးရက ချဲ့ထွင်တာနဲ့ တပြိုင်တည်းမှာ အစိုးရ အရပ်ဖက်ဗျူရိုကရေစီယန္တရားကြီးကိုလည်း တောက် လျှောက် တိုးချဲ့နေပါတယ်။ ၁၉၈၈ ခု နဝတ အာဏာယူပြီး သိတ်မကြာခင်တုံးက အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ရုံးနဲ့ ဝန်ကြီး ၉ ယောက် ခေါင်းဆောင်တဲ့ ဝန်ကြီးဌာန ၁၈ ခု ရှိခဲ့ပါတယ်။ ဝန်ကြီး ၉ ယောက်မှာ ၈ ယောက်ဟာ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ရာထူးနေရာ တွေ ထမ်းဆောင်နေတဲ့ စစ်ဗိုလ်တွေ ဖြစ်ပါတယ်။
အဲဒီကတည်းကစလို့ ဗိုလ်သန်းရွှေဟာ သူ့စနစ်ကို ထောက်ခံအားပေးတဲ့သူခိုးဝန်ထမ်းကြီးတွေကို ဆုချဖို့ အခွင့်အလမ်းတွေ တိုးချဲ့တဲ့ အနေနဲ့ အရပ်ဖက်အုပ်ချုပ်ရေးဗျူရိုကရေစီယန္တရားကြီးကိုလည်း တိုးချဲ့လာခဲ့ပါတယ်။ ဒီကနေ့ မှာတော့ ဝန်ကြီးချုပ်ရုံးအပြင် ဝန်ကြီးဌာန ၃၂ ခု၊ ဝန်ကြီး ၃၂ ပါးရှိနေပါတယ်။ ဒီထဲမှာ ၇ ယောက်ဘဲ "အရပ်သား" ဖြစ်ပြီး အများစုက ဗိုလ်ချုပ်ဟောင်းတချို့အပါအဝင် စစ်မှုထမ်း ဟောင်းတွေဖြစ်ပါတယ်။
အထက်တန်းစစ်အရာရှိကြီးတွေနဲ့ ရင်းရင်းနှီးနှီးဆက်သွယ်မှုတွေရှိတဲ့ မြန်မာသတင်းရင်းမြစ်တခု အဆိုအရ ၂၀၀၄ ခုနှစ်က အထက်တန်း အရာရှိကြီးတွေရဲ့ အစည်းအဝေးတခုမှာ လူအင်အားကိစ္စတွေအကြောင်း ဆွေးနွေးတဲ့အခါ ဗိုလ်သန်းရွှေက ရာထူးတိုးရေးအခွင့်အလမ်း တွေ နောက်ထပ်ဖန်တီးပေးနိုင်ဖို့အတွက် ဝန်ကြီးတယောက်ထဲက ဝန်ကြီးဌာန အများအပြားကိုင်တဲ့ လုပ်ရပ်ကို ဆက်မလုပ်ဖို့ ညွှန်ကြား ခဲ့ပါတယ်။
အရင်နှစ်ဇွန်လမှာ ဗိုလ်ချုပ်မောင်မောင်ဆွေက လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကို လက်လွှတ်လိုက်တဲ့အတွက် ခုန ပြောတဲ့လုပ်ရပ် နိဂုံးချုပ်သွားခဲ့ပါတယ်။ ဦးအောင်ကြည်ကတော့ အလုပ်သမားဝန်ကြီးလည်းဖြစ်၊ ဆက်ဆံရေးဝန်ကြီးလည်း ဖြစ်နေပေမဲ့ ဆက်ဆံရေးဝန်ကြီးဆိုတာ တကယ့်ရုံးဌာန ဆုပ်ဆုပ်ကိုင်ကိုင်မရှိဘဲ ဆိုင်းဘုတ်သက်သက်ဘဲ ဖြစ်ပါတယ်။
ဝန်ကြီးဌာနသစ်တွေ ဖန်တီးလိုက်တာဟာ စစ်ဘက်ဝန်ထမ်းတွေ ရာထူးတိုးဖို့လမ်းကြောင်း ပိုကျယ်သွားစေခဲ့ပေမဲ့ တိုင်းပြည်မှာတော့ ပိုဖောင်းပွ ပိုအရည်အချင်းမဲ့တဲ့ ဗျူရိုကရေစီယန္တရားကြီးက ဖိစီးနှိပ်စက်မယ့်အန္တရာယ် ကျနေပါတယ်။ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲက မျှော်မှန်းထားသလို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရဆီ တနေ့နေ့မှာ အာဏာလွှဲပြောင်းသွားတဲ့အခါ အဲဒီအစိုးရဟာ စစ်တပ် အုပ်စိုးမှုအောက်မှာ ဖြစ်ထွန်းလာခဲ့တဲ့ ကမောက်ကမ ဗယုတ်သုက္ခအစိုးရအဆောက်အအုံကြီးကြောင့် အုပ်ချုပ်ရေးစွမ်းရည် ချို့ယွင်း ပျက်ပြားနေဖို့ အလားအလာများပါတယ်။
ဒါ့အပြင် အရပ်ဖက်ဗျူရိုကရေစီယန္တရားထဲကို စစ်ဘက်ပုဂ္ဂိုလ်တွေ စိမ့်ဝင်ထိုးဖောက်နေမှုဟာ ပမာဏအရရော၊ အတိုင်းအတာအရရော ပိုများလာစရာရှိပါတယ်။ ၂၀၀၆ တုံးက ဗိုလ်မှူးချုပ် ၄ ယောက်ကို ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဘုတ်အဖွဲ့မှာ ခန့်အပ်လိုက်တာဟာ အရပ်ဖက်အစိုးရဝန်ထမ်းနယ်ပယ်ထဲ စစ်ဖက်က ပိုပြီးပါဝင်ပတ်သက်မယ့် အလားအလာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။
မကြာသေးခင်က အင်တာနက်သတင်းတပုဒ်အရ သင်တန်းသားဦးရေများလာတဲ့အတွက် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် NDC ကျောင်းဆင်းတွေဟာ စစ်တိုင်း သို့မဟုတ် တပ်မရာထူးတွေ သေချာပေါက်ရမယ်လို့ တွက်မထားဖို့ သင်တန်းဆရာတယောက်က သင်တန်းသားတွေကို သတိပေးတယ်လို့ ဆိုပါတယ်။ အဲဒီ အဆင့်မြင့်တပ်ရာထူးတွေအစား ကာကွယ်ရေးဝန်ကြီးဌာန အပြင်ဖက်က ဝန်ကြီးဌာနတွေမှာဘဲ ညွှန်ချုပ်ရာထူးတွေ ယူရနိုင်ပါလိမ့်မယ်တဲ့။
အက်ကွဲနေတဲ့စမူဆာ
ဗိုလ်သန်းရွှေ မြန်မာ့တပ်မတော်ကို ကိုင်တွယ်နေပုံဟာ တချို့ပုံစံတွေအရ စံနမူနာပြ ပိရမစ် စမူဆာပုံ (ဝါ) ပွန်ဇီ စီးပွားရေးကစားကွက် Ponzi ပုံ ပေါက်နေပါတယ်။ [ပွန်ဇီ ဆိုတာ လွန်ခဲ့တဲ့ ၄-၅ နှစ်က မြန်မာပြည်မှာ ခေတ်စားပြီး အကြီးအကျယ်နာမည်ပျက်သွားခဲ့တဲ့ ဖိုးတွမ်တီး "အကျိုးဆောင်ကုမ္ပဏီ" တွေ လုပ်စားပုံကို ပြောတာဖြစ်ပါတယ်။]
ပွန်ဇီ (ပိရမစ်) ကစားကွက်မှာ အစောပိုင်းရင်းနှီးမြှုပ်နှံသူတွေကို နောက်ကျဝင်လာတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ထည့်ဝင် ရှယ်ယာတွေနဲ့ အမြတ်ဝေစုပေးတာ လုပ်ပါတယ်။ ဒီပိရမစ် ကြီးထွားကျယ်ပြန့်နေသရွေ့ ရှေ့လူတွေကို နောက်လူတွေ ဆီကရတာနဲ့ အကျိုးအမြတ် ပေးနေတော့ အားလုံးအကျိုးရှိနေပါတယ်။ ပိရမစ်ကြီးထွားမှု ရပ်ဆိုင်းသွားတဲ့အခါမှာတော့ အစောပိုင်း ငွေရင်းထည့်ထားသူတွေအနေနဲ့ ဧရာမအမြတ်ကြီးတွေ ရထားပြီးဖြစ်သလို နောက်ဝင်သူတွေကတော့ နည်းနည်းလောက်ဘဲ မြတ်လိုက်တာ သို့မဟုတ် လုံးဝမရလိုက်တာ ဖြစ်ကုန်ပါတယ်။
လက်ရှိစစ်အစိုးရခေါင်းဆောင်ပိုင်းဟာလည်း စစ်အာဏာရှင်စနစ်ကြီးထဲမှာ မိမိတို့သစ္စာရှိမှုကို အစောဆုံး ရင်းနှီးမြှုပ်နှံခဲ့လို့ အဆီတဝင်း ဝင်း ရာထူးနေရာတွေ အခွင့်ထူးတွေ ဆုချခံထားရပါတယ်။ မကြာသေးခင်က NDC ကျောင်းဆင်းတွေ တွေ့လိုက်ရသလို ပိရမစ်ထိပ်လွှာ တွေမှာ ကျပ်ညပ်ပြွတ်သိပ်လာတဲ့အခါ အမြတ်ဝေစုတွေက သေးလိုက်လာပါတော့တယ်။
စစ်အာဏာရှင်စနစ်ကြီးရဲ့ ပွန်ဇီစီးပွားရေးကွက် သဘာဝကြောင့် တပ်မတော်ကို တိုးချဲ့ဖို့ဖိအား အမြဲဖြစ်နေပါတယ်။ တချို့တပ်ဖွဲ့တွေမှာ စစ်သားတယောက်ဟာ လူသစ် ၂ ယောက် စုဆောင်းမပေးနိုင်ရင် တပ်ထွက်ခွင့်မရပါဘူး။ ဒီလိုဖိအားကြောင့် လမ်းသွားလမ်းလာတွေ ကလေးစစ်သားတွေကို အဓမ္မစစ်သားဆွဲတဲ့ အောက်တန်းကျအလေ့အထတွေ များပြားလာစေပါတယ်။ ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ ဒါမှမဟုတ် စစ်သားစုဆောင်းရေးရည်မှန်းချက်ပန်းတိုင်တွေ ဖြည့်ဆီးဖို့ ၂၀၀၇ ခုမှာ တပ်မတော်စစ်သားစုဆောင်းရေးညွှန်ကြားရေးမှူးရုံး အသစ် တိုးချဲ့ခဲ့ပါတယ်။
စစ်အုပ်စုဟာ ကိုယ့်ဖာသာကိုယ် အဓိပ္ပာယ်ဖွင့်ထားတဲ့ ဒီမိုကရေစီပန်းတိုင်ဆီ တိုင်းပြည်ကိုမောင်းနေရာမှာ စစ်ဗိုလ်တွေအတွက် ရာထူး တိုးရေးအခွင့်အလမ်းတွေ ပိုရလာစေဖို့ စစ်တပ်အဆောက်အအုံနဲ့ အစိုးရအဆောက်အအုံကို နောက်ထပ်ပြင်ဆင်ပြောင်းလဲ အကွက်ချ ကစားတာတွေ လုပ်ဖို့များပါတယ်။ ရာထူးနေရာတွေ ပိုများများဖန်တီးဖို့ အရင်ကကျင့်သုံးခဲ့တဲ့ နည်းနာတွေကိုလည်း ထပ်လုပ်နိုင်ပါတယ်။ လက်ရှိကစထတွေထဲက တော်တော်များများကို စိတ်ပိုင်းပြီး နောက်ထပ် ကြယ် ၃ ပွင့်ရာထူးနေရာ (ဒုဗိုလ်ချုပ်ကြီး)တွေ ဖော်ပေးနိုင်ပါ တယ်။
မကွေးတိုင်း၊ ကရင်နီပြည် ဒါမှမဟုတ် ကရင်ပြည်တို့မှာ စစ်တိုင်းအသစ်တွေ ထပ်ပေါ်နိုင်ပါတယ်။ အဲဒီနည်းနဲ့ ကြယ် ၂ ပွင့် နဲ့ ကြယ် ၁ ပွင့် ရာထူးနေရာတွေ တိုးချဲ့နိုင်ပါတယ်။ နောက်ဆုံးအားဖြင့် ကစထမှူးတွေက ဗိုလ်ချုပ်ကြီးအဆင့် တက်လာပြီး တိုင်းမှူးတွေက ဒုဗိုလ် ချုပ်ကြီးအဆင့် တက်လာတာအထိ ရာထူးဖောင်းပွမှု ဖြစ်လာနိုင်ပါတယ်။
ဒီမိုကရေစီနာမည်ခံရင်း စစ်တပ်ဆက်လက်ကြီးစိုးမှုအောက်မှာ အရပ်ဖက်အုပ်ချုပ်ရေးအစိုးရအဆောက်အအုံထဲ စစ်ဗိုလ်တွေ နောက်ထပ် စိမ့်ဝင်ပျံ့နှံ့လာပြီး ဗျူရိုကရေစီယန္တရားသစ်ပင်ကြီးမှာလည်း အကိုင်းအခက်သစ်တွေ ဖန်တီးခြင်းအားဖြင့် မြန်မာနိုင်ငံမှာ စွမ်းဆောင်ရည် နိမ့်ကျတဲ့ အစိုးရအုပ်ချုပ်ရေးအဆောက်အအုံက ဖိစီးနှိပ်စက်မယ့်အန္တရာယ် ကျရောက်နေပါတယ်။ ဒီလိုဖောင်းကားပွယောင်းနေတဲ့ စစ် စနစ်ကြီးကို အသက်ဆက်ဖို့ ဘယ်ကရင်းမြစ်တွေရမှာလဲ ဆိုတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးအနာဂတ်အတွက် နောက်ထပ်အရေးပါ တဲ့ မေးခွန်းဖြစ်ပါလိမ့်မယ်။
အရှေ့တောင်အာရှရေးရာ အထူးပြု အလွတ်သတင်းထောက် နော်မန်ရိုးဘက်စပီးယဲ (အမည်ရင်းမဟုတ်) ၏ မတ်လ ၁၂ ရက် အေးရှားတိုင်းမ် အင်တာနက်ဂျာနယ်ပါ ဆောင်းပါးကို ဂါမဏိ ဘာသာပြန်သည်။
ဂါမဏိ
REF: နေ့သစ်
Read More...
Collapse...
ကိုဝိုင်း
သောကြာနေ့၊ မတ်လ 13 2009
(ဦးဝင်းတင်နှင့် အင်တာဗျူး)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဆရာဦးဝင်းတင်သည် ယမန်နေ့က အသက် ၇၉ နှစ် မွေးနေ့ကျရောက်ခဲ့သည်။ စု-လွှတ်-တွေ့ နှင့် ရံသုံးရံ တို့၏ ပိုင်ရှင်အတွက် မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက်များက ရန်ကုန်မြို့၌ မွေးနေ့ပွဲကျင်းပပေးခဲ့သည်။
၁၉ နှစ်တာ အကျဉ်းကျခံခဲ့ရသူ သတင်းစာဆရာတဖြစ်လဲ နိုင်ငံရေးသမားကြီးက နိုင်ငံရေးအကျဉ်းသားများကို ကူညီရန် အားသန်သူလည်း ဖြစ်သည်။
မွေးနေ့အမှတ်တရ စကားများအတွက် မဇ္ဈိမက ဆရာကြီးကို ဆက်သွယ်မေးမြန်းထားသည်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးနေတယ်ဆိုတဲ့နေရာမှာ နိုင်ငံရေးသဘောအရထက် တိုက်ရိုက်လုပ်ပေးနေတာတွေများ ရှိပါသလားခင်ဗျာ။
ရှိတာပေါ့ဗျာ။ နိုင်ငံရေးအားဖြင့်လည်း ကျနော်တို့က သူတို့ကို လွှတ်ပေးရေးကိစ္စတွေကို အစဉ်တစိုက် တောင်းဆိုနေတာပဲ။ တခြားသော နိုင်ငံရေးအဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံတဲ့အခါမှာ ဒါတွေပြောတယ်။ ပြည်ပအဖွဲ့အစည်းများနဲ့ တွေ့ဆုံတဲ့ အခါမှာလည်း ဒါတွေတင်ပြတယ်။ နိုင်ငံရေးအကျဉ်းသား လွတ်ရေးဟာ ကျနော်တို့ရဲ့ အဓိကအကျဆုံး ကိစ္စရပ်တရပ်အနေနဲ့ သဘောထားပြီးတော့ လုပ်ဆောင်နေတယ်။
ပုဂ္ဂိုလ်ရေးအရဆိုရင် မိတ်ဆွေတွေ၊ သားချင်းတွေ၊ တပည့်တွေ စသည်ပေါ့ဗျာ ကျနော့်ကို ငွေလေးဘာလေး ထောက်ပံ့ကြတယ်ဗျ။ ကျနော် ဒီကနေ့ အသွားရောအပြန်ရော ဘတ်စ်ကားစီးနေတာ။ ဘတ်စ်ကားက ၂၀၀ လောက် ခရီးပေါ့ဗျာ။ တက္ကစီနဲ့ စီးသွားရင် ၄,၀၀၀ လောက် ကျမယ့်ခရီး။ အဲဒီအခါမှာ ကျနော့်မှာ ငွေပိုတွေ ထွက်လာတယ်။ အဲဒီငွေတွေကို ဘာမှ ကျနော် မသုံးစွဲဘဲနဲ့ ဒီအကျဉ်းသားတွေအတွက် ကူညီနိုင်သမျှပေါ့ဗျာ၊ ကူညီတာ။ မုံ့လေးတထုပ်ပဲဖြစ်ဖြစ်၊ ဆေးလေး တဗူးပဲဖြစ်ဖြစ်၊ ကော်ဖီထုတ်ကလေး တထုပ်ပဲဖြစ်ဖြစ်ပေါ့။
ဥပမာ စနေနေ့မနက်တိုင်းလိုလိုမှာ အင်းစိန်ထောင်ဗူးဝကို အမြဲသွားကြည့်နေတာပဲ။ ထောင်ဝင်စာတွေ့တဲ့လူတွေ ဇနီးသားမယားတွေ လာကြရင်လည်း ကျနော် အနည်းဆုံးတော့ နှုတ်၏ ဆောင်မခြင်းပေါ့ အားပေးစကားပြောနိုင်တယ်။ မုံ့လေး၊ ကော်ဖီလေး ကူညီနိုင်တယ်။ ဒါတွေ ကျနော် လုပ်နေတာပဲဗျ။
ဒီနေ့ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းဟာ ငါတို့ဟာ အမေ့ခံအကျဉ်းသားတွေပါလား ဆိုတဲ့ စိတ်ဓာတ်မျိုး မရှိဘဲနဲ့ ထွက်လာစေချင်တယ်ဗျာ။
ထောင်ထဲမှာ နေခဲ့တုန်းက “ထူထောင်ရမယ်။ ထိန်းသိမ်းရမယ်။ ထိုင်မနေနဲ့။ ထိတွေ့ရမယ်” ဆိုတဲ့ ထ’ လေးလုံး အယူအဆတခုကို လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဟုတ်ပါသလား ခင်ဗျာ။
ကျနော်လုပ်တာ မဟုတ်ဘူး။ တခြားလူတွေ လုပ်တာဖြစ်လိမ့်မယ်။ သိတယ် ကျနော်။ လူတွေအားလုံးကတော့ ဝိုင်းလုပ်ကြတာပါပဲ။ ကျနော်ကတော့ “စု-လွှတ်-တွေ့” တို့ “ရံ သုံးရံ” တို့ဆိုတာတော့ ကျနော် လုပ်ခဲ့တယ်ဗျ။ အကြံကောင်း ဉာဏ်ကောင်းတွေ၊ စိတ်ကူးကောင်းတွေ၊ အစီအမံကောင်းတွေ၊ လုပ်ငန်းစဉ်ကောင်းတွေဟာ ထောင်ထဲမှာ အမြဲတမ်း ပေါ်ထွက်နေတာပဲဗျ။
ထ’ လေးလုံးဆိုတာ ကျနော် ကြိုက်လည်းကြိုက်တယ်၊ သဘောကျတယ်၊ ကောင်းတယ်။ ကျနော် ချီးကျူးပါတယ်။
ဘယ်သူလုပ်မှန်း အတိအကျ မသိရတဲ့ အဲဒီ ထ’ လေးလုံး အယူအဆဟာ ဒီနေ့ အချိန်အခါနဲ့ ကိုက်ညီမှု ရှိတယ်လို့ ယူဆပါသလားခင်ဗျာ။
သိပ်ရှိတာပေါ့ဗျာ။ ဒီနေ့တင်မဟုတ်ဘူးဗျ။ အမြဲတမ်း ရှိနေတာပဲ။ ထောင်ထဲမှာ နေတယ်ဆိုတာက ပထမဦးဆုံး ထောင်ထဲက ဘဝကို ရင်ဆိုင်ရတာကိုးဗျ။ ဒုတိယကတော့ ပြင်ပနိုင်ငံရေးဘဝကို မျှော်မှန်းပြီးတော့ ချုပ်မိအောင် ကြိုးစားရတာကိုး။ ထောင်ထဲမှာနေတုန်းလည်း ဒီစကားဟာ အရေးကြီးတဲ့ စကားပဲ။ ထောင်ထဲမှာဆိုတာ ဘဝတွေက ပျက်နေကြတာဗျ။ ဒုက္ခ သိပ်ရောက်ကြတယ်။ ကျနော်တို့ နေရတာတောင်မှ အကောင်းစားတောင်မှ ပြောနိုင်တယ်။ ရန်ကုန်မှာတင် ကျနော်က နေခဲ့ရတာကိုး။ ဒီနေ့ခေတ်ကျတော့ ဟိုး ဝေးလံခေါင်ဖျားတွေမှာ နေရတဲ့အခါကျတော့ ဘဝပျက်မယ့်လူတွေ အများကြီးရှိမယ်။ အဲဒီအခါမှ ကိုယ့်ဘဝကို ကိုယ်ထူထောင်ရမယ်လို့ ကျနော်က အဲဒီလိုပဲ အဓိပ္ပာယ်ဖွင့်ချင်တယ်ဗျာ။ ချမှတ်ခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ ဘယ်လိုရည်မှန်းချက် ကျယ်ပြန်တဲ့ ဟာတွေ ရှိမှာပေါ့ဗျာ။
နောက်တခုက ထိန်းသိမ်းရမယ်ဆိုတာမျိုးကလည်း ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ဘဝတခုလုံး၊ သို့မဟုတ်လည်း ကိုယ့်ရဲ့အယူအဆ၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကိုယ့်ရဲ့အပေါင်းအသင်း၊ အသိုင်းအဝိုင်း ဒါတွေဟာ အကုန်လုံး အကျုံးဝင်တာပဲဗျ။ သာမန်တင် မကတော့ဘူး။ ထောင်ထဲမှာ ကျဉ်းကျဉ်းလေး နေရတဲ့ အခါကျတော့ အပေါင်းအသင်းကို ထိန်းသိမ်းထားရမယ်။ ကိုယ့်ရဲ့ နိုင်ငံရေးနဲ့ ရည်မှန်းချက်တွေကို ထိန်းသိမ်းထားရမယ်။
ထိုင်မနေနဲ့ဆိုတာကျတော့ ထောင်ထဲကျတော့ လူတွေက တခါတလေ စိတ်ပျက်တယ်ဗျ။ စိတ်ပျက်တော့ ဘာလုပ်ရမှန်းလည်းမသိဘူး။ ကိုယ့်အခန်းကျဉ်းလေးထဲမှာပဲ ငုတ်တုတ်လေးထိုင်ပြီးတော့ ဟိုငေးဒီငေး ငေးတာပေါ့။ ဒါကြောင့် ထိုင်မနေနဲ့ ဆက်သွယ်လို့ရအောင် အော်သင့်အော်ရတယ်ဗျာ။ တခါတလေ ဆေးလိပ်တိုထဲ စာထည့်ပြီးတော့ ပေးသင့်ပေးရတယ်ဗျာ။ သို့မဟုတ်လည်း ကိုယ်စားမယ့် အစားအစာကို အပြင်မှာ လွတ်လွတ်လပ်လပ် သွားလာနေရတဲ့ သာမန်အကျဉ်းသားတွေကို ပေးလိုက်ပြီးတော့ အဲဒီလူတွေကတဆင့် ဆက်သွယ်ရေးတွေ လုပ်ရတယ်။ အဲဒါ ထိုင်မနေတာပဲဗျ။ ထိုင်မနေနဲ့တင်မကဘူး ရုန်းကန်ကြ၊ လှုပ်ရှားကြ၊ ထွက်ပေါက်ရှာကြ၊ ဖောက်ထွက်ကြဆိုတဲ့ သဘောပါပဲဗျာ။
ထိတွေ့ရမယ်ဆိုတာက သာမန်ပြောရင်တော့ မိတ်ဆွေတယောက်နဲ့ တယောက် ထိတွေ့အောင် လုပ်ရတယ်။ တခါတလေ တယောက်ထဲ ပိတ်မိနေတယ်။ ဒီလိုပဲ ငုတ်တုတ်မနေဘူးပေါ့ဗျာ။ တံခါးခေါက်တယ်ဗျာ၊ လှမ်းအော်တယ်ဗျာ။ အပြင်က ကျန်တဲ့ ရဲဘော်တွေနဲ့ ထိတွေ့အောင် လုပ်ရတယ်။ ပြင်ပလောကနဲ့လည်း ထိတွေ့အောင်လုပ်တာပဲဗျ။ ပြင်ပက သတင်းတွေ၊ နိုင်ငံရေးစကားတွေ ဘယ်လိုရမလဲ။ ပြန်ပြီးတော့ message တွေ ဘယ်လိုပေးရမလဲ။
ဒီအယူအဆဟာ ထောင်တွင်းဘဝနဲ့ပဲ သက်ဆိုင်တာလား။ ထောင်ပြင်ပ ဘဝနဲ့ရော ဆက်စပ်လို့ရပါသလားခင်ဗျာ။
ဒါဟာ ထောင်ထဲ ဘဝနဲ့လည်း ဆိုင်တယ်။ လူ့ဘဝ တခုလုံးနဲ့လည်း ဆိုင်တယ်ဗျ။ ပြင်ပရောက်လာတဲ့ အခါကျလည်း စိတ်ပျက်စရာဖြစ်ပြီး ငါ့လည်း ကူညီမယ့်လူ မရှိဘူး။ ငါလည်း ဘာမှမလုပ်နိုင်တော့ဘူး။ ငါတော့ ထိုင်နေရုံပဲဆိုတာမျိုး မဖြစ်စေနဲ့။ ကိုယ့်ဘဝကိုယ် ဘယ်လိုထူထောင်မလဲ။ ထောင်ထွက်တယောက်ဗျာ။ ဘဝပျက်လာတယ်။ လူတွေနဲ့ အဆက်အသွယ်ပြတ်၊ ပြည်သူ့ဘဝတွေနဲ့ အဆက်သွယ်ပြတ်၊ နိုင်ငံရေးနဲ့လည်း အဆက်အသွယ်ပြတ်။ ကိုယ့်ဘဝကို နိုင်ငံရေးအားဖြင့် ထူထောင်ရတယ်၊ ရပ်တည်လာနိုင်တယ်၊ ပြည်သူ့အကျိုး ဆောင်မယ်ဆိုတဲ့ စွမ်းအားတွေရလာတယ်။ အဆက်အသွယ်တွေ ပြန်ရလာမယ်။
နောက် ကိုယ့်ရဲ့ နိုင်ငံရေးယုံကြည်ချက်ကို ထိန်းသိမ်းရတော့မယ်။ နောက် အိမ်မှာတင် စိတ်ပျက်ပြီးတော့ ဒီအတိုင်း ထိုင်မနေနဲ့ အလုပ်မရှိရင် အလုပ်ရှာရမှာပေါ့ဗျာ။ နိုင်ငံရေးလုပ်စရာမရှိရင် နိုင်ငံရေးလုပ်စရာ ရှာရမယ်ဗျာ။ အတွေးသစ်၊ အမြင်သစ်၊ အယူအဆသစ်တွေ ရစရာရှိတာတွေကို လုပ်ကြရမယ်ဆိုတဲ့ဟာက လမ်းညွှန်လို ဖြစ်လာတယ်ဗျ။
အလားတူပဲ ထိတွေ့မှုရှိရမယ်ဆိုတာ အိမ်မှာ စိတ်ပျက်ပြီး ထိုင်မနေဘူး။ အပြင်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ထိတွေ့ရတယ်။ တိုင်းရင်းသား နိုင်ငံရေးသမားတွေနဲ့လည်း ထိတွေ့ရမယ်။ ပြည်သူတွေနဲ့ ထိတွေ့ရမယ်။ အဆက်ပြတ် မခံရဘူး။ ဒီဟာတွေဟာ ဘဝလမ်းညွှန်တွေ ဖြစ်လာတယ်ဗျ။
ထောင်ထဲမှာ ထောင်သားဘဝအနေနဲ့ လမ်းညွှန်ဖြစ်သလို ပြင်ပဘဝ ရောက်တဲ့အခါလည်း ပြင်ပဘဝလမ်းညွှန် ဖြစ်ပါတယ်။ ကျနော် သိပ်ပြီးတော့ ကျေးဇူးလည်း တင်တယ်။ အမှတ်လည်း ရတယ်။ လေးလည်း လေးစားတယ်။ ဒီလို ဆရာလုပ်တာလားလို့မေးတဲ့အတွက် သိပ်ပြီးတော့ ဝမ်းသာတာပဲဗျာ။ ရှင်းရှင်းပြောရရင် စာပေဆု တဆုရသလို ဝမ်းသာပါတယ်။ ကျနော့်ထက် ပိုပြီး အမြော်အမြင်ရှိတဲ့ အကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လူငယ်ဖြစ်ရင်ဖြစ်မယ်၊ လူကြီးဖြစ်ရင် ဖြစ်မယ်ပေါ့ဗျာ။ အဲဒီလူတွေရဲ့ လုပ်ဆောင်ချက်ပါ။ ဒီဖန်တီးချက်ကို ကျနော် အပြည့်အဝ ထောက်ခံပါတယ်။ ကျနော်လည်း ဒီအယူအဆတွေအတိုင်း ကျင့်သုံးပါတယ်။
‘စု-လွှတ်-တွေ့’ ဆိုတာ ဒီကနေ့ လက်တွေ့အခြေအနေနဲ့ရော ကိုက်ညီသေးတယ်လို့ ဆရာ ယူဆပါသလားခင်ဗျာ။
ယူဆပါတယ်ဗျာ။ ဒေါ်စုအပါအဝင် မြောက်မြားစွာသော ပုဂ္ဂိုလ်တွေဟာ ဒီနေ့အထိ မလွတ်သေးဘူးဗျာ။ ကျနော်တို့သာ အကြောင်းအားလျော်စွာ ဘယ်လိုလွတ်လာတယ် မသိဘူး။ သူတို့ပြောလိုက်ရင်တော့ အကျဉ်းသား ၉,၀၀၀ လွှတ်တယ်တို့၊ ၆,၀၀၀၊ လွှတ်တယ်တို့။ ဒါပေမယ်လို့ ၁၀၀ မပြည့်ဘူး။ အယောက် ၂၀ မပြည့်ဘူး ဆိုတာတွေ ဖြစ်နေတဲ့အခါကျတော့။
ထောင်ထဲမှာလည်း ဒီနေ့ကာလမှာ အလွန်အကျွံ အကြီးအကျယ် ဖမ်းခံရပါတယ်ဆိုတဲ့ ၁၉၈၈ အရေးတော်ပုံ နောက်ပိုင်းမှာ ဖြစ်တာတောင်မှ နိုင်ငံရေးအကျဉ်းသားဟာ ၁,၀၀၀ လောက်ရှိတာ။ ဒီနေ့ နိုင်ငံရေးအကျဉ်းသားက ၂,၀၀၀ ကျော်နေပြီဗျာ။ အဲဒီတော့ ဒေါ်စုနဲ့တကွ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုတာ ဒီနေ့အထိ ရှိနေတုန်းပဲဗျ။
အလားတူပဲ လွှတ်’ ဆိုတဲ့ဟာကလည်း ၁၉၉၀ ရွေးကောက်ပွဲကို ဒီနေ့အထိ ဒီအစိုးရက လေးစားခြင်း မရှိဘူး။ ပြည်သူက လွှဲအပ်လိုက်တဲ့ အာဏာနဲ့ကို အကောင်အထည်ဖော်ရမယ်ဆိုတဲ့ တာဝန်ကို အခုအထိ သူက ပျက်ကွက်နေတုန်းပဲဗျ။ ဒါကြောင့်မို့လို့ လွှတ်’ ဆိုတဲ့ လွှတ်တော်ခေါ်ယူကျင်းပရေး ဆိုတာဟာလည်း ဒီနေ့အထိ ရှင်သန်နေတုန်းပဲ။
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့။ ဆိုတဲ့ ကျနော်တို့ရဲ့ တောင်းဆိုချက်တွေ၊ တိုင်းသူပြည်သားတွေရဲ့ တောင်းဆိုချက်တွေ၊ နိုင်ငံရေး အင်အားစုများရဲ့ တောင်းဆိုချက်တွေဟာလည်း ဒီနေ့အထိ ရှိနေတုန်းပဲဗျာ။
‘မကျိုးပဲ့ရေး တရားသုံးပါး’ ကရော ဒီနေ့အခြေအနေမှာ ဆက်ပြီး လုပ်ဆောင်သင့်တဲ့ အယူအဆလို့ ထင်ပါသလားခင်ဗျာ။
‘မကျိုးပဲ့ရေးသုံးပါး’ ဆိုတာ ကျနော်ထင်တယ် ထောင်ထဲတင် မဟုတ်ဘူးဗျ။ အပြင်မှာလည်း ဒါ အရေးကြီးနေတာပဲ။ ကိုယ့်ကျန်းမာရေး ကိုယ်ထိန်းရမယ်ဗျာ။ ကျနော်ဆို ၇၉ နှစ်ဗျာ။ သို့သော် ကျနော် ကျန်းမာတုန်းဗျ။ ဒီနေ့အထိ ဘတ်စ်ကား စီးတုန်းပဲဗျ။ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးသမားတွေရဲ့ အိမ်တွေလည်း သွားတုန်း၊ နိုင်ငံရေး မုဆိုးမအိမ်တွေ သွားတုန်း၊ မကျန်းမာတဲ့ နိုင်ငံရေးသမားတွေဆီ သွားတုန်းပဲဗျ။ ကျနော့် ကျန်းမာရေး ထိန်းထားနိုင်တာကိုး။ စိတ်ဓာတ်လည်း မကျိုးပဲ့ဘူး။ လုပ်စရာရှိတာ လုပ်နေတာပဲ။
စုဖွဲ့မှုမကျိုးပဲ့အောင်ဆိုတာ ကျနော့်ရဲ့ နိုင်ငံရေးရဲဘော်တွေ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်တွေ၊ ငါ့ပါတီရယ်လို့ တခုထဲနဲ့ ကျနော် သဘောမထားဘူးဗျ။ အခြား နိုင်ငံရေးအင်အားတွေ မှန်သမျှနဲ့လည်း စုဖွဲ့မှုမပျက်အောင် လုပ်နေတယ်။ ကျနော့်ပါတီထဲမှာလည်း လူငယ်တွေ ၁၀၀ ကျော်လောက် နုတ်ထွက်တယ်။ ကျနော်ကလည်း ပါတီကနေ ထုတ်မပစ်ပါနဲ့။ ဒီလူငယ်တွေရဲ့ အတွေ့အကြုံတွေ၊ စိတ်ဓာတ်တွေ၊ ဖြတ်သန်းမှုတွေကို အဆုံးရှုံးမခံနိုင်ဘူး။ စုဖွဲ့မှု မပျက်အောင် လုပ်နေတာပဲဗျ။
အဲဒါတွေဟာ ကျနော့်ရဲ့ ဘဝလမ်းညွှန်တွေလည်း ဖြစ်ပါတယ်။ ထောင်ထဲမှာတင် ကျင့်သုံးတာမဟုတ်ပါဘူး။ အပြင်မှာလည်း ကျင့်သုံးနေပါတယ်။ လူငယ်တွေ၊ မျိုးဆက်သစ်တွေဟာလည်း ဒီလိုစိတ်ဓာတ်မျိုးတွေ၊ ဒီလိုကျင့်သုံးမှုတွေ၊ ဒီလို အားထုတ်မှုမျိုးတွေ ဖြစ်စေချင်တာပဲဗျာ။
မတ်လ ၁၃ ရက်ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ကျင်းပနေကြပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေပေါ်မှာ ထင်ဟပ်ပြီးတော့ ဘာများ သတင်းစကား ပြောချင်ပါသလဲခင်ဗျာ။
ကျနော်တို့ တိုင်းပြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အလွန်ဆိုးဆိုးဝါးဝါး ပေါ်ပေါက်နေတယ် ဆိုတာကို တိုင်းပြည်က သိစေချင်တယ်။ အရေးအကြီးဆုံး လက္ခဏာဟာ တိုင်းသူပြည်သားတွေရဲ့ လွတ်လပ်စွာ ကိုယ့်အစိုးရကို ကိုယ် ရွေးကောက်တင်မြှောက်နိုင်တယ်ဆိုတဲ့ လူ့အခွင့်အရေး။ ဒီအခွင့်အရေးကြီးကို ဒီစစ်အစိုးရ ချိုးဖောက်တာဟာ ၁၉၉၀ ပြည့်ကတည်းက ဒီနေ့အထိပါပဲလို့။ အဲဒါကို မမေ့ကြပါနဲ့။ တခြားခြားသော ချိုးဖောက်မှုတွေလည်း အများကြီးပဲ။ ထောင်ကျနေတယ်။ ဖမ်းတာခံနေရတယ်။ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် မရှိဘူး။ ဘုန်းကြီးတွေကို သတ်ဖြတ်နေတယ်။
မြန်မာနိုင်ငံမှာ ဘယ်သူ့ကိုမေးမေး တနည်းမဟုတ်တနည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရတယ်။ ဒီချိုးဖောက်မှု ပြင်းထန်တိုင်း ကြောက်ရမှာလား။ လူတွေ မကြောက်ကြပါနဲ့၊ ငုံ့ခံလည်းမနေပါနဲ့၊ မကြောက်တရားကို မွေးပြီးတော့ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပျက်ပြားသွားအောင်လို့ တုံ့ပြန်ကြပါ၊ ဆန့်ကျင်ကြပါ၊ ထုတ်ဖော်ပြောကြပါ လို့ပြောချင်ပါတယ်။
အဲဒီလို လုပ်တဲ့နေရာမှာ ငါ့သဘောနဲ့ငါ လုပ်ကြမယ် ဆိုတာနဲ့ မဖြစ်ပါဘူး။ အားလုံး စုပေါင်းပြီးလုပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာကို ကာကွယ်လို့ရတယ်၊ ဆန့်ကျင်လို့ရတယ်၊ တွန်းလှန်ဖယ်ရှားလို့ရတယ်။ ပြုပြင်ပြောင်းလဲလို့ ရတယ်လို့ ကျနော် ပြောချင်တယ်နော်။ နိုင်ငံရေးပါတီများရဲ့ အလံတော်အောက်မှာ လာပြီးတွဲတာလည်း ဖြစ်နိုင်ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အမြဲတမ်း ဆန့်ကျင်တွန်းလှန်နေတဲ့ အန်အယ်ဒီလို အဖွဲအစည်းမျိုး ရှိပါတယ်။ အဲဒီလိုမှမဟုတ်ရင်လည်း တိုင်းရင်းသား အဖွဲ့အစည်းတွေဆီမှာလည်း ရပါတယ်။ သို့မဟုတ်လည်း လူငယ် ကျောင်းသားများအနေနဲ့လည်း ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့လိုဟာမျိုး၊ လူ့ဘောင်သစ် ကျောင်းသားအဖွဲ့လို ဟာမျိုးတွေ ရှိပါတယ်။ အလားတူပဲ အန်အယ်ဒီအောက်မှာ အမျိုးသမီးအဖွဲ့တွေလည်း ရှိပါတယ်။ အမျိုးသမီးများဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာရှိရင် အန်အယ်ဒီ အမျိုးသမီးအဖွဲ့လိုဟာမျိုးနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။
REF: မဇ္ဈိမ
Read More...
Collapse...
BBC News
VOA News
DVB News
RFA News
မဇ္ဈိမ
ဧရာဝတီ
နေ့သစ်
သျှမ်းသံတော်ဆင့်
ကရင်သတင်းစဉ်
ကောင်းဝါ
ကချင်သတင်းစဉ်
ယနေ့မြန်မာ
ကန္တာရဝတီ တိုင်းမ်
ငုရင်ပြင်
ရိုးမ (၃)
မိုးမခ
ဟစ်တိုင်
ဟံသာဝတီ
နိရဉ္စရာ
ခေတ်လူငယ်
မြို့တော်ပုသိမ်သတင်းစဉ်
မြန်မာသတင်းရပ်ဝန်း
ရိုးရာလေး
Mandalay Gazette
People Media Voice
KIC News
BNI News
Burma Daily
Burma Digest
Burma Net
Kaladan
Network Media Group Rebound 88