January 18, 2012
ရွှေအောင်
ကြားဖြတ် ရွေးကောက်ပွဲမှာ အဆိုတော်ဇေယျာသော်က နေပြည်တော် ပုဗ္ဗသီရိ နယ်မြေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နေပြည်တော်မဲဆန္ဒနယ် ၄ ခုမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ဒီနေ့ ထုတ်ပြန်လိုက်ရာမှာ အကျဉ်းထောင်တွေက မကြာခင်ကမှ လွတ်မြောက်လာကြသူတွေဖြစ်တဲ့ ဟစ်ဟော့အဆိုတော် ဇေယျာသော်နဲ့ မစန္ဒာမင်း (ခေါ်) ရွှီးတို့ ပါဝင်လာကြပါတယ်။
မစန္ဒာမင်းက ဇဗ္ဗူသီရိ၊ ဇေယျာသော်က ပုဗ္ဗသီရိ စတဲ့ မြို့နယ်တွေမှာ ဝင်ရောက် ရွေးကောက်ခံကြမှာ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ နေပြည်တော်ရှိ မြို့နယ်အားလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေပဲ နိုင်ခဲ့တာဖြစ်ပြီး စစ်အစိုးရလက်ထက်က ထိပ်ပိုင်း ခေါင်းဆောင်တွေဖြစ်တဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့လို ပုဂ္ဂိုလ်တွေ ဝင်ပြိုင်ခဲ့တာပါ။
နေပြည် တော်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေဟာ အာဏာရ ကြံ့ခိုင်ရေးပါတီနဲ့ အဓိက ယှဉ်ပြိုင် ကြရမှာ ဖြစ်လို့ အခုလို လူငယ်တွေနဲ့ ဝင်ရောက် အရွေးခံမယ့်အပေါ် အဖွဲ့ချုပ်ပြောခွင့်ရ ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။
“ကျန်တဲ့ နယ်တွေမှာလည်း အာဏာရပါတီတွေက တပြည်လုံး သူတို့ ဝင်ပြိုင်မှာပဲ။ ၄၈ နေရာစလုံး ဝင်ပြိုင်မှာပဲ။ အဲ့တော့ ဘယ်နေရာမဆို ရင်ဆိုင်ရမှာ တူတူပါပဲ။ နေပြည်တော်မှာပဲ ရွေးပြီးတော့ အခုလို ပြိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို အစီ အစဉ်သစ်နဲ့ ဝင်ပြီး ယှဉ်ပြိုင်တာက ပိုပြီး နိုင်ခြေရှိမယ်လို့ တွက်လို့ ကျနော်တို့ လုပ်တာပါ။”
နေပြည်တော်၊ ပုဗ္ဗသီရိနယ်မြေက ဝင်ပြိုင်မယ့် ကိုဇေယျာသော်ကို ဆက်သွယ်မေးကြည့်တော့ အဲ့ဒီနယ်မြေမှာ ဝင်ရောက် ယှဉ်ပြိုင် ကြမယ့် ပါတီဘယ်နှခုရှိလဲဆိုတာနဲ့ ကြံ့ခိုင်ရေးပါတီက ဘယ်သူဘယ်ဝါ ဝင်ပြိုင်မယ်ဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။
ဝင်ပြိုင်မယ့် နယ်မြေကပြည်သူတွေ ယုံကြည် ရွေးချယ်ချင်အောင် ဘယ်လိုလုပ်သွားမလဲဆိုတာနဲ့ပတ်သက်လို့ သူက ခုလိုပြောပါတယ်။
“အစပထမမှာ မိမိရဲ့ ဆန္ဒတွေ မိမိရဲ့ သဘောထားတွေကို ထုတ်ဖော်တဲ့ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူအနေနဲ့ ရပ်တည်ခဲ့တာ ပါ။ အဲ့ဒီကနေမှ အခုအချိန်မှာဆို နိုင်ငံရေးသမားတယောက်အဖြစ် ရပ်တည်ဖို့ စပြီးတော့ ခြေလှမ်း လှမ်းတာပါ။ စပြီးတော့ ကြိုးစားတာပါ။ လိုအပ်နေတဲ့ လိုအပ်ချက်တွေကတော့ အများကြီး ရှိမှာပါပဲ။ ဒါတွေကိုလည်း ကျနော့်အနေနဲ့ တဖြည်းဖြည်း လေ့လာ သင်ယူသွားရမှာပါ။ ကျနော့်အနေနဲ့ ပြောနိုင်တာကတော့ ကျနော်ဟာ လူငယ်တယောက်ဖြစ်တဲ့ အတွက်ကြောင့်မို့ လူငယ်တယောက်ရဲ့ လတ်ဆတ်တဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားပါမယ်လို့ ပြောကြားပါရစေ ခင်ဗျ။”
အဖွဲ့ ချုပ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း စာရင်းတွေကို ဇန်နဝါရီ ၁၂ရက် ကစပြီး ထုတ်ပြန် ကြေညာခဲ့ရာ ဒီနေ့မှာ ၄၈ နေရာ စလုံးအတွက် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
မြောင်း မြအကျဉ်းထောင်က လွတ်မြောက်လာခဲ့သော မစန္ဒာမင်းက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ မန္တလေး အိုးဘိုအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူ မိုးကုတ်မြို့က ကိုမင်းသူက ဥတ္တရသီရိမြို့နယ်၊ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုနိုင်ငံ လင်းက ဒက္ခိဏသီရိ မြို့နယ်တွေမှာ အန်အယ်လ်ဒီ ပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Thursday, January 19, 2012
ဇေယျာသော် ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီကိုယ်စားပြု ဝင်ပြိုင်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment