January 16, 2012
နေသွင်
ပြည်မြို့က ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးတဲ့အတွက် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတဦး သေဆုံးသွားပြီး တဦး ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံ ပို့ထားရတယ်လို့ မိသားစုဝင်တွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သေဆုံးသွား တဲ့ မောင်ကောင်းဆက်ပိုင်ဟာ ပြည်အမှတ် (၁) ကျောင်းက တက္ကသိုလ်ဝင်တန်း ကျောင်းသားတဦးဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နေ့က မောင်ကောင်းဆက်ပိုင်နဲ့ သူငယ်ချင်း တဦးတို့ စီးလာတဲ့ ဆိုင်ကယ်နောက်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ဆိုင်ကယ်နှင့် လိုက် ဖမ်းစဉ်မှာ အသက် သေဆုံးတဲ့အထိ ဖြစ်သွားတာပါ။
အခင်းဖြစ်တဲ့ မနက်က အဖြစ်အပျက်နဲ့ပတ်သက်လို့ ဖခင် ဦးဝေအုန်းက “ကျနော့်သားလေး အဲဒီနေ့က သူငယ်ချင်းအချင်းချင်း ရန်ဖြစ်ကြတယ်လို့ ပြောပါတယ်။ ကျနော့်သားက သူတို့ဖြစ်ပြီးမှ ရောက်သွားပြီးတော့ ဖျန်ဖြေပါတယ်။ ၃ ရက်နေ့ မနက်ခင်းမှာ ရဲကအိမ်ကို လာပါတယ်။ သက်သေလိုချင်လို့ပါလို့ ပြောတယ်။ ရဲကတော့ အဲဒီထဲမှာ ကျနော့်သား မပါဘူးလို့ ပြောပြီး ပြန်ထွက် သွားတယ်။ သူလည်းထွက်သွားပြီး မိနစ် ၂၀ လောက်အကြာမှာ ကျနော့်သား သူငယ်ချင်းတွေ လာပြောပါတယ်။ ကောင်းဆက်ပိုင် ဆိုင်ကယ်မှောက်လို့ဆိုပြီး ဆေးရုံလိုက်သွားတော့ ဆေးရုံမှာ အသက်မမီတော့ပါဘူး” လို့ ပြောပါတယ်။
ပြည်မြို့ စည်တော်မင်္ဂလာရပ်ကွက်နှင့် ပြည်ရတနာလမ်းကြားထဲက ရထားလမ်းဘေးမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို တွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတဦးက အခုလို ပြောပါတယ်။
“ကျမတို့ လင်မယားနှစ်ယောက် ဘေးကနေ ဆိုင်ကယ်ဖြတ်မောင်းသွားတာကို မြင်လိုက်တာ။ တော်တော်ပြင်းတယ်။ ဖြတ်မောင်းသွားတာ ကြည့်တော့လည်း ကလေး ၂ ယောက်က မောင်းတယ်။ နောက်ကလည်း ၆ ပေ၊ ၇ ပေလောက် အကွာမှာ ဆိုင်ကယ် တစီးက အပြင်းအထန် လိုက်လာတယ်။ နောက်ဆိုင်ကယ်က ရှေ့ဆိုင်ကယ်ကို မှီလာတယ်။ နောက်ကနေ ရှေ့ဆိုင်ကယ်က နောက် ဘက်မှာ ထိုင်နေတဲ့ကောင်လေးကို ပခုံးကနေ လှမ်းဆွဲချတော့ နောက်ကကောင်လေး ပြုတ်ကျသွားတယ်။ နောက်ကကောင်လေးကတော့ ပြုတ်ကျသွားပြီ။ အဲဒီအချိန်မှာ တဘက်က နောက်ကလိုက်လာတဲ့ ဆိုင်ကယ်က ပိတ်ကန်လိုက်တာ။ အဲ့လိုကန်လိုက်တော့ လူကအောက်က ဆိုင်ကယ်က အပေါ်က ပိလဲသွားတယ်။ ပထမတော့ ရဲတွေဘာတွေလို့ မတွေးမိဘူး။ သူကလည်း ယူနီဖောင်းနဲ့မဟုတ်ဘူးလေ။ ဆိုယ်ကယ်အောက်က ကလေးကို လူတွေရောက်လာပြီး ဆွဲထုတ်တယ်။ ဆွဲထုတ်ပြီး အဲဒီကလေးကို လက်ထိပ် ခတ်လိုက်တယ်။ အဲဒီကျတော့မှ ရဲဆိုတာ သိလိုက်တာ။”
ဒဏ်ရာနဲ့ လဲနေတဲ့ မောင်ကောင်းဆက်ပိုင်ကို ရဲက လက်ထိတ်ခတ်ပြီး တရွတ်တိုက် ဆွဲခေါ်သွားတဲ့ မြင်ကွင်းကိုလည်း မျက်မြင် သက်သေက အခုလို ပြောပါတယ်။
“အဲဒီကလေး ကို လက်ထိတ်ခတ်၊ ဒရွတ်တိုက်ပြီးဆွဲသွားတယ်။ အဲဒီအချိန်မှာ နားထဲကသွေးတွေ မတရားထွက်နေပြီ။ အသက်က ဆန့်ငင်ဆန့်ငင် ဖြစ်နေပြီ။ လေးငါးတောင်လောက် အကွာကို ဆွဲခေါ်သွားပြီးမှာ ဝိုင်းကြည့်နေတဲ့သူတွေက ဝိုင်းပြောတော့မှ လက် ထိပ်ကိုဖြုတ်ပေးလိုက်တယ်။ ပြီးတော့ တဖက်က ပြုတ်ကျန်ခဲ့တဲ့ ကလေးက ထွက်ပြေးရင်း ဖွဲပုံထဲမှာ ခေါင်းစိုက်နေတယ်။ အဲဒီကလေးကို ကုတ်ကနေကိုင်ပြီး ဒရွတ်တိုက် ဆွဲခေါ်လာတာကို မြင်လိုက်တယ်။”
မောင်ကောင်းဆက်ပိုင်ကို ဆေးရုံပို့ဖို့ ဆိုက်ကားနဲ့အသွား လမ်းမှာပဲ သေဆုံးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
မောင်ကောင်း ဆက်ပိုင်ဟာ လဲကျသွားတဲ့အချိန်မှာ ဘေးမှာရှိတဲ့ ကျောက်တုံးနဲ့ ဦးခေါင်း ပြင်းပြင်းထန်ထန် ခိုက်မိပုံရတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
မောင်ကောင်း ဆက်ပိုင်ရဲ့ သူငယ်ချင်းကတော့ လောလောဆယ် ပြည်ဆေးရုံကြီးမှာ ဒဏ်ရာအပြင်းအထန်နဲ့ အသည်းကို နံရိုးစိုက်ဝင်နေတဲ့အတွက် ခွဲစိုက်ကုသမှု ခံယူနေရတယ်လို့ ဆေးရုံမှာ သွားကြည့်ခဲ့တဲ့ မိသားစုဝင် တဦးက ပြောပါတယ်။
မျက်မြင် တွေရဲ့ အဆိုအရ မောင်ကောင်းဆက်ပိုင်တို့ကို လိုက်ဖမ်းဖို့ ကြိုးစားသူက ပြည်အမှတ် ၂ ရဲစခန်းက ရဲတပ်ကြပ် သဲမောင်မောင် နဲ့ နောက်တဦးဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စကို မိသားစုက ရဲစခန်းမှာ သွားရောက်စုံးစမ်းတော့ စခန်းမှူးက မောင်ကောင်းဆက်ပိုင်အတွက် ဝမ်းနည်းကြောင်းပြောပြီး ဘယ်လို အရေးယူ ဆောင်ရွက်မယ်ဆိုတာကို ရှင်းမပြခဲ့ဘူးလို့ မောင်ကောင်းဆက်ပိုင်ရဲ့ ဖခင်က ပြောပါတယ်။
ဒီဗွီဘီက ရဲစခန်းကို တယ်လီဖုန်းကတဆင့် စုံစမ်းတဲ့အခါမှာလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ လောလောဆယ် ဘာမှ မပြောနိုင်သေးဘူးလို့ တာဝန်မှူးက ပြန်ဖြေပါတယ်။
မောင်ကောင်း ဆက်ပိုင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေကတော့ ဒီကိစ္စကို လူသေမှု၊ သို့မဟုတ် လူသတ်မှု စွဲချက်တွေနဲ့ တရားစွဲဖို့ရှိတယ်လို့ ပြောပါတယ်။
Ref: ဒီဗွီဘီ
Tuesday, January 17, 2012
ရဲက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးသဖြင့် ကျောင်းသားတဦး သေဆုံး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment