Tuesday, January 17, 2012

တဆင့်​ချင်း​ တဆင့်​ချင်း​ နိုင်ငံ​ရေး​ကိစ္စ​တွေကို ​ဆွေး​နွေး​ပြောဆိုသွား​မယ်

January 16, 2012
နော်နိုရင်း

ကရင်အမျိုး​ သား​အစည်း​အရုံး​(​ကေအန်ယူ) အ​နေနဲ့​ အစိုး​ရ ကိုယ်စား​လှယ်​တွေနဲ့​ လာမယ့်​ ၄၅ ရက်အတွင်း​ ထပ်မံ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ အ​သေး​စိတ် ဆက်လက် ​ဆွေး​နွေး​သွား​မယ်လို့​ သိရပါတယ်။

ပြီး​ခဲ့​တဲ့​ အပတ်ထဲ ​တွေ့​ဆုံ​ဆွေး​နွေး​မှုနဲ့​ ပတ်သက်ပြီး​ သွား​ရောက်​ဆွေး​နွေး​ခဲ့​တဲ့​ထဲ ပါဝင်တဲ့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ် အဖွဲရဲ့​ ဒုတာဝန်ခံလည်း​ဖြစ်၊​ လက်ရှိ နိုင်ငံခြား​ရေး​ရာ တာဝန်ခံလည်း​ဖြစ်တဲ့​ ပဒို​ဒေး​ဗစ်​ထောကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။

အန်ကယ်တို့​သွား​တော့​ ဘာ​တွေ​ဆွေး​နွေး​ဖြစ်လဲ။

“အဓိက​တော့​ ကျ​နော်တို့​ ​ကေအန်ယူ ဗဟို​ကော်မတီက​နေ သ​ဘောတူထား​တဲ့​ တင်ပြချက် ၁၁ ချက်ကို ကျ​နော်တို့​ ယူသွား​တယ်။ ကျ​နော်တို့​က တင်ပြတဲ့​အခါကျ​တော့​ သူတို့​ဘက်ကလည်း​ အဲဒီ ၁၁ ချက်ကို ပြန်လည်သုံး​သပ်ပြီး​တော့​ ကျ​နော်တို့​ အ​သေး​စိတ်လုပ်ငန်း​တွေ အတွက်ကို ဆက်​ဆွေး​နွေး​နိုင်ဖို့​နဲ့​ အခု​လော​လောဆယ် ဒီ ၁၁ ချက်ကို မူအား​ဖြင့်​ သ​ဘောတူညီတဲ့​ အဆင့်​ကို လုပ်နိုင်ခဲ့​တယ်။”

အန်ကယ်တို့​ အပစ်အခတ် ရပ်စဲ​ရေး​ သ​ဘောတူညီချက်​တွေ​ကော ဘယ်လိုရှိလဲ။

“ကျ​နော်တို့​ စာချုပ် ၂ ခုလုပ်ခဲ့​ပါတယ်။ တခုက အပစ်အခတ် ရပ်စဲ​ရေး​နဲ့​ ပတ်သက်လို့​ သ​ဘောတူညီချက်တ​စောင်၊​ ၁၁ ချက်နဲ့​ပတ်သက်ပြီး​တော့​ ပြည်​ထောင်စု အဆင့်​နဲ့​ ​ဆွေး​နွေး​ဖို့​ သ​ဘောတူညီချက် တ​စောင်၊​ ၂​စောင် ခွဲလုပ်ပါတယ်။ အဲဒီ ၂ ​စောင်မှာ ကရင်ပြည်နယ် အတိုင်း​အတာနဲ့​ ကရင်ပြည်နယ်နဲ့​ ထိစပ်​နေတဲ့​ တပ်မဟာ​တွေရဲ့​ ​ခေါင်း​ဆောင်၊​ ခရိုင်​တွေက ​ခေါင်း​ဆောင်​တွေက လက်မှတ်ထိုး​ပြီး​တော့​ ပြည်​ထောင်စု အဆင့်​ကိုကျ​တော့​ ကျ​နော်တို့​ ​ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ အဖွဲ့​က​နေ တာဝန်ခံပြီး​ လက်မှတ်​ရေး​ထိုး​ကြပါတယ်။”

အပစ်အခတ် ရပ်စဲ​ရေး​လက်မှတ် ထိုး​တာကျ​တော့​ ဘယ်လိုပုံစံနဲ့​ ထိုး​ခဲ့​တာလဲ။

“အပစ်အခတ် ရပ်စဲ​ရေး​နဲ့​ ပတ်သက်တာ​တော့​ တစ်အချက်က အပစ်အခတ် ရပ်မယ်။ နှစ်အချက်က ဆက်သွယ်​ရေး​ရုံး​တွေ ဖွင့်​မယ်။ သုံး​အချက်က​တော့​ လက်နက်မပါဘဲနဲ့​ သွား​လာလှုပ်ရှား​မှုကို တ​ယောက်နဲ့​တ​ယောက် အ​ကြောင်း​ကြား​မယ်။ ​နောက်ပြီး​တော့​ နိုင်ငံ​တော် ပြည်​ထောင်စုအဆင့်​နဲ့​ ​ဆွေး​နွေး​တဲ့​အခါမှာ အဖွဲ့​အစည်း​နဲ့​ လူ​တွေကို သတ်မှတ်ပြီး​တော့​ ​ဆွေး​နွေး​ပွဲ စမယ်။ အဲဒီအချက်​တွေ ပါပါတယ်။”

ဆက်သွယ်​ရေး​ရုံး​တွေက ဘယ်နှရုံး​လောက်ဖွင့်​ဖို့​ ရည်မှန်း​ထား​လဲ။ ဘယ်​နေရာ​လောက် ဖွင့်​ဖို့​ ရည်မှန်း​ထား​လဲ။

“ဆက်သွယ်​ရေး​ ရုံး​နဲ့​ ပတ်သက်ရင် ဗဟိုအ​နေနဲ့​က မြဝတီနဲ့​ ဘား​အံကို ဖွင့်​မှာဖြစ်ပြီး​တော့​ မြိတ်၊​ ထား​ဝယ်ဘက်မှာဆို ​နေရာ ၃ခု၊​ ​နောက်တပ်မဟာ ၆ ဘက်က​နေရာ ၂ ခု၊​ ​တောင်ငူက ​နေရာ ၂ ခု၊​ တပ်မဟာ ၁ ဘက်က ​နေရာ ၂ခု၊​ ဘား​အံခရိုင် တပ်မဟာ ၇ ​နေရာ ၁ခု၊​ ​နောက်ပြီး​ ​ညောင်​လေး​ပင်လည်း​ ​နေရာ ၁ ခု၊​ အစရှိသဖြင့်​ ​နေရာ​တွေကို သတ်မှတ်ထား​ပါတယ်။ အဲဒီ ဆက်သွယ်​ရေး​ရုံး​တွေ ဖွင့်​ဖို့​။”

ဘယ်​တော့​ဖွင့်​ဖို့​ စဉ်း​စား​ထား​လဲ။

“အမြန်ဆုံး​က​ တော့​ ဗဟိုဖြစ်တဲ့​ မြဝတီနဲ့​ အမြန်ဆုံး​ဖွင့်​ဖို့​ ကြိုး​စား​ရပါမယ်။ ​နောက်တကြိမ်ဆိုတာကလည်း​ ​တွေ့​ဆုံမှာက ကျ​နော်တို့​ ရက်သတ်မှတ်ထား​တာ ၄၅ ရက်၊​ မ​ကျော်တဲ့​အချိန်ကာလမှာ ကျ​နော်တို့​ နိုင်ငံ​တော်အဆင့်​နဲ့​ ဒါမှမဟုတ် ပြည်​ထောင်စုအဆင့်​နဲ့​ ​တွေ့​ကြဖို့​အတွက် သ​ဘောတူညီချက် ရှိထား​ပါတယ်။”

ဘား ​အံမှာ လက်မှတ်ထိုး​ပြီး​တဲ့​နောက်ပိုင်း​မှာ ပဲခူး​နဲ့​နေပြည်​တော်ကို သွား​ရောက်တယ်လို့​ သိရတယ်။ ပဲခူး​နဲ့​ ​နေပြည်​တော်ကို ဘာအတွက် သွား​ခဲ့​တာလဲ။

“ဘား​အံမှာ လက်မှတ်​ရေး​ထိုး​ပြီး​တဲ့​ ည​နေမှာပဲ ​မော်လမြိုင်ကို သွား​ပါတယ်။ ​မော်လမြိုင်မှာ မွန်ပြည်နယ်ရဲ့​ ဝန်ကြီး​ချုပ်က ကျ​နော်တို့​ကို ကြိုဆိုပါတယ်။ ဘာ​ကြောင့်​လဲဆို​တော့​ မွန်ပြည်နယ် ဝန်ကြီး​ချုပ်နဲ့​ မ​တွေ့​လို့​ မဖြစ်ဘူး​ဆိုတာက ကျ​နော်တို့​ တပ်မဟာ ၆ နယ်​မြေဆိုရင် မွန်ပြည်နယ်နဲ့​ တပ်မဟာ ၁ ဆိုရင်လည်း​ မွန်ပြည်နယ်နဲ့​ ဆက်စပ်​နေတာ​ကြောင့်​ မွန်ပြည်နယ်က တာဝန်ရှိပုဂ္ဂိုလ်များ​လည်း​ သိရှိဖို့​လိုအပ်တယ်။ အဲဒါ​ကြောင့်​ အဲဒီကို သွား​ခဲ့​ခြင်း​ဖြစ်တယ်။ ​နောက်တရက်မှာ ပဲခူး​ကိုသွား​တယ်။ ပဲခူး​မှာလည်း​ ထိုနည်း​တူပဲ။ ပဲခူး​တိုင်း​နဲ့​ ဆက်စပ်​နေတဲ့​အတွက် ကျ​နော်တို့​ရဲ့​ နယ်​မြေအချို့​က လုပ်​ဆောင်ရမယ့်​ ရုံး​ကိစ္စတို့​ ဆက်သွယ်​ရေး​ ကိစ္စတို့​ကို ကျ​နော်တို့​အ​နေနဲ့​ ရှင်း​ရှင်း​လင်း​လင်း​ သိရှိနိုင်ဖို့​ ကျ​နော်တို့​ တင်ပြပြီး​တော့​ အကူအညီ ​ပေး​ဖို့​တောင်း​ဆိုခဲ့​ခြင်း​ ဖြစ်ပါတယ်။ ​နေပြည်​တော်ကို သွား​တာက​တော့​ ကျ​နော်တို့​ လုပ်ငန်း​အရ ဟိုမှာရှိတဲ့​ ​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​တွေ့​ဖို့​ ကျ​နော်တို့​ အစီအစဉ် ရှိတဲ့​အ​ပေါ်မှာ သွား​ခဲ့​ခြင်း​ဖြစ်တယ်။ ကျ​နော်တို့​ကိုလည်း​ ​နေပြည်​တော်က ဒုသမ္မတ စိုင်း​မောက်ခမ်း​က ညစာနဲ့​ တည်ခင်း​ဧည့်​ခံပြီး​တော့​ ကာကွယ်​ရေး​ ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ လှမင်း​ရော၊​ တခြား​ဝန်ကြီး​ ၆ ပါး​လည်း​၊​ တက်​ရောက်ပြီး​တော့​ ညစာစား​ပွဲမှာ ​တွေ့​ရတယ်။ ဒုဝန်ကြီး​ ၆ ပါး​လည်း​ ပါဝင်ပြီး​ ဌာနဆိုင်ရာ ​ခေါင်း​ဆောင်​တွေလည်း​ ပါဝင်ပါတယ်။”

အဲဒီမှာ ဘာ​တွေ​ဆွေး​နွေး​ဖြစ်ခဲ့​သေး​လဲ။

“ကျ​နော်တို့​ အဓိက​တော့​ အပစ်အခတ်ရပ်စဲ​ရေး​နဲ့​ ပတ်သက်လို့​ နိုင်ငံ​တော် သမ္မတရုံး​က​နေ သူတို့​တပ်​တွေစီကို ညွှန်ကြား​တဲ့​ ညွှန်ကြား​စာ​တွေကို ကျ​နော်တို့​ကို ​ပေး​အပ်ပါတယ်။ ပြီး​တော့​ တပ်​တွေဆီကိုလည်း​ ညွှန်ကြား​ပြီး​ဖြစ်တဲ့​ အ​ကြောင်း​ကိုလည်း​ ကျ​နော်တို့​ကို အသိ​ပေး​ပါတယ်။ ဒါက​တော့​ အဓိက ကိစ္စပါ။ ​နောက်တခုက ကျ​နော်တို့​အ​နေနဲ့​ တခြား​သော အခု ၁၁ ချက်ထဲက ပါဝင်တဲ့​ အချက်တချို့​ကို ​ယေဘုယျအား​ဖြင့်​ ​ဆွေး​နွေး​နိုင်ခဲ့​ပါတယ်။”

တပ်​တွေကို ညွှန်ကြား​တဲ့​စာဆိုတာ ဘယ်လိုမျိုး​စာလဲ။

“စာက​တော့​ သမ္မတရုံး​က​နေ တပ်မ​တော်ကို အ​ကြောင်း​ကြား​တဲ့​စာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲထား​ပြီး​ ဖြစ်တဲ့​အတွက် ပစ်ခတ်မှု​တွေကို ​ရှောင်ရှား​ဖို့​အတွက် ညွှန်ကြား​ထား​တာဖြစ်ပါတယ်။ ၁၃ ရက်​နေ့​ ရက်စွဲနဲ့​။”

ကေအန်ယူဘက်က​ရော တပ်​တွေကို ညွှန်ကြား​ထား​တာ ရှိပြီလား​။

“ကျ​နော်တို့​ဘက်ကလည်း​ ညွှန်ကြား​ထား​တာ ရှိပါတယ်။”

ကေအန်ယူအ ​နေနဲ့​ အခု နှစ်​ပေါင်း​ ၆၀ ​ကျော် ကာလအတွင်း​မှာ ပထမဆုံး​အကြိမ် အပစ်အခတ် ရပ်စဲ​ရေး​ လက်မှတ်ထိုး​တာ ဖြစ်တဲ့​အတွက် ​နောက်ပိုင်း​မှာ နိုင်ငံ​ရေး​အရ ဘယ်လိုလုပ်ငန်း​တွေ ဆက်လုပ်ဖို့​ ပြင်ဆင်ထား​လဲ။

“ကျ​နော်တို့​ အ​နေနဲ့​က တဆင့်​ချင်း​ တဆင့်​ချင်း​ နိုင်ငံ​ရေး​ကိစ္စ​တွေကို ​ဆွေး​နွေး​ပြောဆိုသွား​မယ်ဆိုတာကို ကျ​နော်တို့​ ရှိပါတယ်။ အခု ​လော​လောဆယ်က ပြည်သူပြည်သား​တွေကို ကျ​နော်တို့​ရဲ့​ ပဋိပက္ခဖြစ်တဲ့​ နယ်​မြေ​တွေက လူ​တွေကို ပြန်လည်ပြီး​တော့​ ​နေရာ ချထား​ဖို့​၊​ ပြန်လည်ထူ​ထောင်​ရေး​ လုပ်ဖို့​ကိစ္စက နံပါတ်တစ် အ​ရေး​ကြီး​တဲ့​ ကိစ္စဖြစ်ပါတယ်။ အဲဒီက​နေ တက်သွား​မှာက ခုန​ပြောတဲ့​ နိုင်ငံ​ရေး​ အဆင့်​ဆိုတာက ကျ​နော်တို့​ နိုင်ငံ​ရေး​အရ ပြုပြင်​ပြောင်း​လဲချင်တဲ့​ဟာ​တွေကို ပြုပြင်နိုင်တဲ့​ နည်း​လမ်း​က​နေ တ ဆင့်​ သွား​ရမယ်ဆိုတာကို ကျ​နော်တို့​ သ​ဘော​ပေါက်ပါတယ်။ ဘာလို့​လည်း​ဆို​တော့​ ဒီ​နေ့​နိုင်ငံ​ရေး​ ကိစ္စက ပါလီမန်နိုင်ငံ​ရေး​ ဖြစ်​နေပြီဖြစ်တဲ့​အတွက် ပါလီမန်အတွင်း​ကို ဝင်​ရောက်ပြီး​တော့​ ကျ​နော်တို့​ရဲ့​ အမြင်သ​ဘောထား​တွေကို ကျ​နော်တို့​ ပြင်ချင်တဲ့​ဟာ​တွေ ကျ​နော်တို့​ ​ပြောင်း​လဲချင်တဲ့​ဟာ​တွေကို စဉ်း​စား​ဖို့​ လိုအပ်ပါတယ်။”

ဒုက္ခသည် ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​မေး​မြန်း​၊​ ​ဆွေး​နွေး​တာမျိုး​တွေ ရှိခဲ့​သေး​လား​။

“ရှိပါတယ်။ ကျ​နော်တို့​အ​နေနဲ့​ အဓိက​တော့​ ပြည်တွင်း​မှာ အိုး​မဲ့​အိမ်မဲ့​ ဖြစ်​နေတဲ့​ ဌာ​နေမဲ့​လူ​တွေကို ကျ​နော်တို့​ ပထမဆုံး​ အစီ အစဉ်အ​နေနဲ့​ သူတို့​ကို ပြန်လည်​နေရာချထား​ရေး​ ပြုစုပျိုး​ထောင်​ရေး​ လုပ်​ပေး​ပြီး​မှ ဒုက္ခသည်ကိစ္စကို ကျ​နော်တို့​ ကိုင်တွယ်မှာပါ။ ပြည်တွင်း​မှာရှိတဲ့​ ဒုက္ခသည်​တွေက ရိက္ခာပိုင်း​ပဲ ​ပြော​ပြော၊​ လုံခြုံ​ရေး​အပိုင်း​ပဲ ​ပြော​ပြော၊​ သူတို့​မှာ ဘဝအာမခံချက် မရှိဘူး​။ ဒုက္ခ သည်စခန်း​မှာ ရှိတဲ့​လူက အတိုင်း​အတာ တခုထိ လုံခြုံ​ရေး​နဲ့​ ဒီ​နေ့​ ရိက္ခာပိုင်း​မှာ သူတို့​ပူစရာ မရှိဘူး​လို့​ ​ပြောချင်တယ်။ ဒါ​ကြောင့်​ အ​ရေး​ကြီး​တဲ့​လူကို ကျ​နော်တို့​ နံပါတ်တစ် ဦး​စား​ပေး​ လုပ်သွား​မှာပါ။”

အစိုး​ရဘက်က​ကော ဒီကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ဘယ်လိုတုံ့​ပြန်တာမျိုး​တွေ ရှိသလဲ။

“ရှိပါတယ်။ ​ဆွေး​နွေး​ပွဲမှာ အခု​တော့​ ဝန်ကြီး​တာဝန် ထမ်း​ဆောင်​နေတဲ့​ ဦး​ခင်ရီ​ပေါ့​၊​ အရင်တုန်း​က ဗိုလ်ချုပ်ခင်ရီ၊​ သူ့​အ​နေနဲ့​ ပါဝင်မယ်။ သူလည်း​အင်မတန်မှ စိတ်ဝင်စား​တယ်။ ဒီလူ​တွေကိစ္စကို ပြန်စီစဉ်တဲ့​အပိုင်း​မှာ သူလည်း​ တတ်နိုင်တဲ့​ဘက်က ပါဝင် ကူညီပြီး​တော့​ လုပ်​ဆောင်​ပေး​မယ်ဆိုတာကို ကတိ​ပေး​ပါတယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့