January 19, 2012
နေသွင်
အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သဘောတူကြောင်း အကြောင်းပြန်လိုက်ပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) က ပြောပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့က အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တရားဝင် ကမ်းလှမ်းထားချက်ကို အကြောင်းပြန် လိုက်တာလို့ ကျောင်းသားတပ်မတော်ရဲ့ ဒုဥက္ကဋ္ဌ ကိုမျိုးဝင်းက ပြောပါတယ်။
“ဟုတ်ကဲ့ သူတို့ဆီက ပေးပို့လာတဲ့ စာပါအကြောင်းအရာပေါ် အခြေခံပြီးတော့ အဓိက သူတို့ဆီက ပေးပို့လာတဲ့ စာပါအကြောင်းအရာကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက်ကို ငြိမ်းချမ်းရေးစားပွဲမှာ တန်းတူညီတူ ဆွေးနွေးချင်တယ်ဆိုတဲ့ သဘောထားအပေါ်မှာ အခြေခံပြီးတော့ သူတို့ရဲ့စာ အပြုသဘောဆောင်တဲ့စာလို့ ကျနော်တို့ သုံးသပ်ထားတယ်လေ။ အဲဒီအခြေခံအပေါ်မှာပဲ ကျနော်တို့ အပြုသဘောဆောင်တဲ့ အခုလိုမျိုးကမ်းလှမ်းမှုကို ကျနော်တို့ ကြိုဆိုတယ်။ ဒီအခြေခံပေါ်မှာမူတည်ပြီး ကျနော်တို့ တုံ့ပြန်တဲ့စာကို ပို့လိုက်တာပါ။”
ဆိုလိုတာက တွေ့ဆုံဆွေးနွေးဖို့ကိစ္စကို ကျောင်းသားတပ်မတော်က အဆင်သင့်ရှိတယ်ဆိုတဲ့ သဘောမျိုးလား။
“ဟုတ်ကဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ကျနော်တို့ အဆင်သင့်ရှိနေပါပြီ။ ဒီဟာကို ကျနော်တို့ အကြောင်းပြန်တာပါ။”
အချိန်တွေ နေရာတွေကျတော့ရော အေဘီအက်စ်ဒီအက်ဖ် ဘက်က ရွေးချယ်တာမျိုး ရှိပါသလား။
“အဓိကအား ဖြင့်တော့ ဒီကိစ္စကို ကျနော်တို့ အချိန်ယူပြီးတော့ ဆောင်ရွက်ရလိမ့်မယ်လို့ ထင်တယ်လေ။ ကျနော်တို့ ကြိုးပမ်းချင်တာကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမ ကျနော်တို့ အဖွဲ့အစည်းအတွင်းမှာ အသေချာ စနစ်တကျ ညှိနှိုင်းဆွေးနွေးဖို့လိုတယ်။ ဗဟိုကော်မတီအဆင့်မှာတော့ ဆောင်ရွက်ထားပြီးပြီပေါ့နော်။ ပြီးတော့ ကျနော်တို့ အဖွဲ့အစည်းတခုရဲ့ အကျိုးစီးပွားဆိုတာထက်ကို တနိုင်ငံလုံးမှာ ရှိနေတဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ရန်အတွက် ရည်ရွယ်ပြီးတော့ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ကျနော်တို့ အနေနဲ့ ဒီဆောင်ရွက်မှု အပေါ်မှာ အခြေခံပြီးမှ ပြည်တွင်းပြည်ပမှာ ရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးရဲ့ အကြံပြုချက်တွေ၊ သဘောထားတွေ ကျနော်တို့ တောင်းခံသွားမှာ ဖြစ်တယ်။”
ဘယ်လိုပုံစံမျိုး တောင်ခံသွားဖို့ စဉ်းစားထားပါသလဲ။
“အဓိကကတော့ ပြည်တွင်းနိုင်ငံရေးအင်အားစု အသီးသီးကို ကျနော်တို့ရဲ့ ခွင့်ပြုချက်တောင်းခံလွှာကို စာနဲ့ပေးပို့သွားမှာပါ။ နိုင်ငံ တကာမှာ ရှိနေတဲ့ ကျနော်တို့ အဖွဲ့ဝင်တွေ ကျနော်တို့ အဖွဲ့အစည်းကို တလျှောက်လုံးပံ့ပိုးကူညီပေးခဲ့တဲ့ ဒီမိုကရေစီ ချစ်မြတ်နိုးတဲ့ ရဲဘော်တွေအားလုံးကို စာနဲ့ တရားဝင်ပေါ့ဗျာ။ ကျနော်တို့ နိုင်ငံတကာမှာလည်း အေဘီအက်စ်ဒီအက်ဖ် အလုပ်အဖွဲ့တွေရှိတယ်၊ အဖွဲ့ခွဲတွေရှိတယ်၊ အဖွဲ့ဝင်တွေရှိတယ်။ အဲဒါတွေ ကျနော်တို့ တရားဝင်စာနဲ့ တောင်းခံသွားဖို့ ရှိတယ်။ ဒီမှာ အတူတကွ လက်တွဲ တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေကျတော့ ကျနော်တို့ တွေ့ဆုံပြီးတော့မှ ကျနော်တို့ရဲ့ အမြင်သဘောထားတွေ တင်ပြမယ်၊ အကြံပြု ချက်တွေယူမယ်၊ ဒါတွေ စနစ်တကျ ဆောင်ရွက်ပြီး အပေါ်မှာ အခြေခံ၍ အချက်အလက်စုဆောင်းပြီးမှ တွေ့ဖို့အတွက်ကို ကျနော်တို့ စီစဉ်သွားမှာပါ။ အခုအချိန်အထိတော့ ဘယ်နေရာမှာ ဘယ်အချိန်မှာ တွေ့မယ်ဆိုတာ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။”
၈၈ နောက်ပိုင်းကနေ အေဘီအက်စ်ဒီအက်ဖ် ပေါ်လာတာလည်း နှစ်ပေါင်းလည်းတော်တော်ကြာပါပြီ။ အခု သူတို့ဘက်က ကမ်းလှမ်းချက်ကို ဘယ်အခြေခံပေါ်မှာ စဉ်းစားပြီးတော့မှ ဆွေးနွေးဖို့အဆင်သင့် ဖြစ်တယ်ဆိုတာ ဆုံးဖြတ်ခဲ့တာပါလဲ။
“အဓိကကတော့ လက်ရှိနိုင်ငံရေးအခြေအနေပေါ့နော် လက်ရှိနိုင်ငံရေး အခြေအနေအပေါ်မှာ မူတည်ပြီးတော့မှ လက်ရှိပြောင်းလဲ လာတဲ့ အခြေအနေတချို့ကို ထည့်သွင်းစဉ်းစားပါတယ်။ ဒါပေမဲ့ ဒီပြောင်းလဲလာတဲ့ အခြအနေကလည်းပဲ စစ်မျက်နှာအပြောင်းအလဲ ဖြစ်ပြီလို့တော့ ကျနော်တို့ မယူဆသေးပါဘူး။ ဒါပေမဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ အေဘီအက်စ်ဒီအက်ဖ်က မူတခုအဖြစ်နဲ့ ကျနော်တို့ ခံယူထားတာ ဖြစ်ပါတယ်။ အခုလိုမျိုး တန်းတူညီတူ နိုင်ငံရေးပြဿနာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့ အခြေခံအပေါ်မှာ နိုင်ငံရေးပြဿနာကို အဖြေရှာခွင့်ရရင်တော့ ဆွေးနွေးဖို့အတွက်တော့ ကျနော်တို့မှာတော့ သဘောထားရှိပါတယ်။ ဒီ အခြေခံပေါ်မှာ ကျနော်တို့ စဉ်းစားတယ်။ တပြိုင်နက်တည်းမှာပဲ ပြည်တွင်းစစ်ကို ရပ် စဲ ဖို့အတွက် ငြိမ်းချမ်းဖို့အတွက် ဆိုရင်တော့ အားလုံးပါဝင်တဲ့ဖြစ်စဉ် ဖြစ်ဖို့လိုအပ်တယ်။ ပြီးတော့မှ နိုင်ငံရေးအရ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်အတွင်းမှာ နိုင်ငံသားအားလုံးပါဝင်တဲ့ ဖြစ်စဉ် ဖြစ်ဖို့လိုအပ်တယ်။ အဲဒီ အပေါ်မှာ အခြေခံပြီးတော့မှ လက်တလော နိုင်ငံရေးအကျဉ်းသားတချို့ လွှတ်ပေးတာတွေ ရှိတယ်။ ဒိထက်မက လွှတ်ပေးရမယ်ဟာတွေ အများကြီး ရှိသေးတာပေါ့။ ဒီအခြေခံအပေါ်ကနေပြီးတော့မှ ဒီ တွေ့ဆုံဆွေးနွေးမှုအပေါ်မှာ အခြေခံပြီးတော့ နည်းလမ်းတခုအဖြစ်နဲ့ သွားပြီးတော့ ဒီနေ့ကာလမှာ ကျနော်တို့ ကြိုစားသင့်တယ်။ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်၊ နိုင်ငံရေးသဘောထားတွေ ကျနော်တို့ တင်ပြ မယ်။ လက်ခံတာ လက်မခံတာ သူတို့ကိစ္စ။ ကျနော်တို့ တင်ပြရမှာ ကျနော်တို့ ကိစ္စလို့ သဘောထားပြီးတော့မှ တွေ့မယ်ဆိုတဲ့ သဘောထားကို ကျနော်တို့ စဉ်းစားလိုက်တာပါ။ ထုတ်ပြန်လိုက်တာပါ။”
တွေ့ဆုံဆွေးနွေးပွဲမှာ အနည်းဆုံး လိုချင်တဲ့အချက်တွေက ဘယ်လိုအချက်တွေ ဖြစ်မလဲ။
“အခုဆိုရင် ကျနော်တို့ ဒီအချက်အလက်တွေကို စနစ်တကျ ပြင်ဆင်နေတုန်းကာလပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဒီအချက်တွေကို အဆင်သင့်မဖြစ်သေးဘူးဆိုတာပဲ ပြောလို့ရမယ်။ အခြေခံအားဖြင့် ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီအခြေခံတွေအပေါ်မှာပဲ ကျနော်တို့ ခိုင်ခိုင်မာမာ ရပ်တည်ပြီး သွားမှာပါ။”
ကျောင်းသား တပ်မတော်ဟာ ကျောင်းသားတွေ ဦးဆောင်တဲ့ ၁၉၈၈ လူထုအရေးတော်ပုံကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီးတဲ့နောက်မှာ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ နယ်စပ်ကို ထွက်လာတဲ့ ကျောင်းသားတွေနဲ့ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Friday, January 20, 2012
ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကျောင်းသားတပ်မတော် သဘောတူ (မေးမြန်းချက်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment