Friday, January 20, 2012

ဆရာကြီး ဒေါက်တာအေးကျော် ကွယ်လွန်

1/19/2012
မောင်ရမ္မာ

အမေရိကန်နိုင်ငံတွင် နေထိုင်သော ဆရာကြီး ဒေါက်တာအေးကျော်သည် ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၁၉ ရက်နေ့ အမေရိကန် စံတော် ချိန် ညနေ ၆နာရီ ၃၀ မိနစ်တွင် ကွယ်လွန်သွားသည်ဟု သိရှိရသည်။

ဆရာကြီးသည် အသဲကင်ဆာ ရောဂါဖြင့် လွန်ခဲ့သည် လကပင် နယူးယော့ ပြည်နယ် ဘိုကလန်ရှိ MAIMONENITES ဆေးရုံ တွင် ဆေးကုသမှု ခံယူနေခဲ့ရပြီး အဆိုပါရောဂါဖြင့်ပင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဆရာကြီး ယခုကဲ့သို့ ကွယ်လွန်သွားခြင်းသည် ရခိုင်ပြည်သူများအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည်ဟု ရခိုင် အမျိုးသမီးများ အစည်းအရုံး RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။


" စောစော အိပ်ရာကထပြီး ကွန်ပျူတာကို ဖွင့်လိုက်တာနဲ့ ဆရာကြီး ဆုံးရှုံးမှုသတင်းကို တွေ့လိုက်ရတာနဲ့ အများကြီး စိတ်မ ကောင်း ဖြစ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာကြီးလို ပုဂ္ဂိုလ်တယောက် သူရဲ့ ပညာအစွမ်းအစနဲ့ လုံးဝ ရခိုင်ပြည်နဲ့ ရခိုင် လူမျိုးဖက်က မားမားကြီး ရပ်တည်ပြီးတော့ အသက်ဆုံးသည်ထိ တိုက်ပွဲဝင်သွားတဲ့အပေါ်မှာ ကျွန်မတို့အနေနဲ့ ဂုဏ်ယူမဆုံးဖြစ် ခဲ့ရ ပါတယ်။ အဲဒီဂုဏ်ယူမှုနဲ့အတူ ဆရာကြီးရဲ့ နာရေးသတင်ကို ကြားရတဲ့ အချိန်မှာ ယူကျုံးမရ ခံစားရပြီးတော့ အများကြီး ရခိုင်ပြည်သူလူထု တရပ်လုံးအတွက် ဆုံးရှုံးမှုကြီးတရပ် ဆုံးရှုံးတယ်လို့ ခံစားရပါတယ်။ နောက်ဆုံးမှာတော့ခါ လူသားတွေဟာ တမလွန်ဘ၀ကို လားကြရမှာ ဖြစ်တဲ့အတွက်ကြောင့် ဆရာကြီး ကောင်းရာသုကတိ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။"

ဆရာကြီး ကွယ်လွန်သွားခြင်းသည် ရခိုင်ပြည်သူများအတွက် ဆုံးရှုံးမှုကြီးတရပ် ဖြစ်သလို ဆရာကြီးကို လုပ်ဆောင် ချက်များ ကိုလည်း စံနမူနာယူပြီး ကြိုးစားကြပါလို့ ၀ါရင့်နိုင်ငံရေးသမားတဦးဖြစ်သူ ဦကျော်မြသာက တိုက်တွန်းထားသည်။

" ဆရာကြီး ဒေါက်တာအေးကျော်ဟာ ရခိုင်အမျိုးသားထဲက အလွန်တရာ ရှားပါးတဲ့ ပညာရှင်ကြီးတဦး၊ ရခိုင်အမျိုးသား ရေးရာ၊ ရခိုင် အချုပ်အခြာ အာဏာရရှိရေး၊ ရခိုင်သမိုင်းများ တည်တန့်ခိုင်မြဲရေးတွေကို ကြိုးစား အားထုတ်ခဲ့တဲ့ ဆရာကြီး တယောက်ဖြစ် တယ်။ အဲဒီလို ဆရာကြီးတယောက် ကွယ်လွန် အနိစ္စ ရောက်သွားတာဟာ ကျွန်တော်တို့ ရခိုင်ပြည်သူ တရပ်လုံးအတွက် အလွန် တရာ ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်" ဟု ပြောသည်။

၎င်းအပြင် သူက " ရှေးအခါကလည်း ဒီလို သမိုင်းဆရာကြီးတွေ၊ ရခိုင်ခေါင်းဆောင်ကြီးတွေ ကွယ်လွန် အနိစ္စ ရောက်တာ များခဲ့ပါပြီ။ အဲဒါက သဘာဝပါ။ ဒါပေမယ့် ကျန်လိုက်ခဲ့တဲ့ လူတွေအနေနဲ့ ဆက်လက်ပြီးတော့ ရခိုင်အမျိုးသားကောင်း၊ အမျိုး သမီးကောင်း ဖြစ်လာဖို့၊ ရခိုင်ခေါင်းဆောင်တွေ ဖြစ်လာဖို့၊ ရခိုင်အရေးကို တက်ညီလက်ညီ ချီတက်နိုင်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာဖို့ကြိုးစားကြဖို့ အရေးကိုလည်း တိုက်တွန်းလိုပါတယ်" ဟု ဆက်ပြောသည်။

ဆရာကြီးကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။ ဆရာကြီး ကွန်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးမှာ ဇနီးနှင့် သား ၃ ယောက်၊ သမီး ၃ ယောက် ကျန်ရှိခဲ့သည်။

ဆရာကြီး၏ ရုပ်အလောင်းကို သဂြိင်္ုလ်မည့်နေ့ရက်ကို မိသားစုဝင်များ မစုံလင်သေးသဖြင့် မသိရသေးကြောင်း သတင်း ရရှိသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့