January 18, 2012
နော်နိုရင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အတွင်းရေးမှူးဟောင်း ဒေါ်မြင့်မြင့်အေးဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောပါတယ်။
မိတ္ထီလာမြို့ နယ် အဖွဲ့ချုပ်ဝင်တွေကတော့ သူ့ကို အန်အယ်လ်ဒီလှုပ်ရှားမှု တလျှောက်လုံး လုပ်လာတဲ့အပေါ် ရွေးကောက်ပွဲ ဝင်စေချင်တယ်လို့ ဆန္ဒပြုတာကြောင့် တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ဖို့ ဆုံးဖြတ်တာလို့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
“မိတ္ထီလာမြို့ နယ်အတွက် ဗိုလ်ကြီးဝင်းထိန်က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တရားဝင် ဝင်လိုက်တဲ့အခါမှာ ဒီအောက်ခြေမှာ တကယ် တရားဝင်လုပ်နေတာက မြို့နယ်အဆင့်၊ ခရိုင်အဆင့် ပူးတွဲပြီးတော့ လုပ်နေတဲ့ စည်းတွေချည်းပဲ ဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေ အကုန်လုံးနဲ့ လုပ်နေတဲ့ လူတွေက လက်မခံနိုင်ကြဘူးပေါ့။
“ဘာလို့လဲဆို တော့ သာစည်မှာ ရှိတဲ့ပွဲဖြစ်စေ နိုင်ငံရေးအခမ်းအနားတွေ အားလုံးကို ကျမတို့ကပဲ ဦးဆောင်ပြီး လုပ်ပေးတဲ့အခါမှာ အောက်ခြေလူနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ကျမတို့ တလျှောက်လုံး လုပ်ပေးနေတဲ့ အခါမှာ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာခရိုင်ရဲ့ ကိစ္စကို ဒေါ်မြင့်မြင့်အေးကသာလျှင် ဦးဆောင်လုပ်ပေးနိုင်မယ်လို့ သူတို့က ယုံကြည်ပြီးတော့ ၁၉ ရက် နဲ့ ၂၀ အစည်းအဝေးခေါ်ပြီး ၂၁ ရက်နေ့မှာ ရန်ကုန် ဗဟိုရုံးချုပ်အထိတောင် သွားပြီးတော့ လက်မှတ်ပေါင်း ၄၀၀၀ နီးပါးနဲ့ လကုန်ပြီး ၁ ရက်နေ့မှာ စာတင်ခဲ့တယ်ပေါ့။ လူထုသဘောထားနဲ့။
“အဲဒီ အချိန်မှာ ဗဟိုကလည်းပဲ ၂ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆိုပြီး အောက်ခြေသဘောထား တင်ပြတဲ့ တဦးချင်းစီ တင်ပါဆိုတဲ့အခါမှာ ၁၁ ရက်နေ့ ဗဟိုကချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင် မြို့နယ်အဆင့်ရော၊ ခရိုင်အဆင့်ရော ဒေါ်မြင့်မြင့်အေးကို အဆိုပြုပါတယ်ဆိုတာ စာကို တရားဝင် ပို့ခဲ့တယ်။ သို့သော်လည်းပဲ ၁၂ ရက်နေ့မှာ ဗိုလ်ကြီးဝင်းထိန်ကိုပဲ ချပေးတယ်ဆိုတာ ပေါ်ပေါက်လာတဲ့အခါမှာ ကျမက အောက်ခြေ ပြည်သူလူထုရဲ့ သဘောဆန္ဒကို လိုက်လျောတဲ့အနေနဲ့ လူထုရဲ့သဘောထားကို မလွန်ဆန်နိုင်ဘဲနဲ့ ကျမ ရွေးကောက်ပွဲ ဝင်တဲ့အခါမှာ တသီးပုဂ္ဂလ ဖြစ်သွားမယ်ဆိုလည်း ဝင်မယ်ဆိုတဲ့ သဘောပါ။”
သူ့အနေနဲ့ အန်အယ်လ်ဒီကထွက်ပြီး ရွေးကောက်ပွဲဝင်တယ်လို့ မယူဆဘူးလို့လည်း ဆိုပါတယ်။
“ဘာလို့လဲ ဆိုတော့ အန်အယ်လ်ဒီ ဟာ ကျမတို့ ပါတီဝင် လူအားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စလေ။ အန်အယ်လ်ဒီ ကို အစအဆုံး ပြန်ပြီး လျှောက်လွှာတင်ဆိုတာကလည်းပဲ အခုအချိန်အခါမှာ ရွေးကောက်ပွဲ ကိစ္စက အရေးကြီးနေသေးတယ်။ ဘာလို့လဲဆိုတော့ အထက်က ချပေးလိုက်တဲ့ လူထက် ပြည်သူလူထုရဲ့ တောင်းဆိုမှုနောက်ကို မမှိတ်မသုန် လိုက်ရတဲ့ သဘောနဲ့ ကျမတို့က ရွေးကောက်ပွဲ ဝင်ရတာပါ။”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းမှာ အန်အယ်ဒီ ဗဟိုကော်မတီဝင် ဦးဝင်းထိန်က မိတ္ထီလာမြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်မြင့်မြင့်အေးက တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ်ဆိုရင်တော့ ဦးဝင်းထိန်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
တသီးပုဂ္ဂလ ဝင်ပြိုင်မှာ ဖြစ်ပေမယ့် အန်အယ်လ်ဒီရဲ့ မူဝါဒအတိုင်းသာ ဆက်လက် ရပ်တည်မှာ ဖြစ်သလို မကြာခင် ရက်ပိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင်ဆီ ကိုယ်စားလှယ်လောင်းအဖြစ် မှတ်ပုံတင်မှာ ဖြစ်တယ်လို့ ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။ ရွေးကောက်ပွဲအတွက် ကုန်ကျစရိတ် အားလုံး မိမိဘာသာ အကုန်ကျခံမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှာလည်း မြန်အောင်မြို့နယ် အဖွဲ့ချုပ်ဝင်တွေက ရှေ့နေ ဦးခင်မောင်လတ်ကို ရွေးချယ်ပြီး အဖွဲ့ချုပ် ရုံးချုပ်ကို တင်ထားပေမယ့် ဗဟိုကော်မတီဝင်က ဦးကျော်မြင့်ကို ချပေးတာကြောင့် ပါတီဝင်တွေ မကျေနပ်ဘူးလို့ မြန်အောင်မြို့နယ် အဖွဲ့ချုပ်ဝင်တဦးက ပြောပါတယ်။
“ဟင်္သာတခရိုင် မြန်အောင်မြို့နယ်မှာ ကျနော်တို့ အဲဒီမှာ ကိုယ်စားလှယ်လောင်း ၄ ယောက်ကို လျှို့ဝှက်မဲ စနစ်နဲ့ ရွေးလိုက်တဲ့အခါကျတော့ ၄၄ မဲနဲ့ နိုင်တဲ့ ရှေ့နေ ဦးခင်မောင်လတ်ကို ကျနော်တို့က ရုံးချုပ်ကို ၁၁ ရက်နေ့ နောက်ဆုံးထားပြီးတော့ တင် လိုက်တယ်။ ပြန်ချပေးတော့ ဦးကျော်မြင့်ဆိုတဲ့လူ။ မြန်အောင်မြို့နယ်က လူတွေက လူတိုင်းမသိဘူး။ သူ့ကို ပြန်ချပေးတဲ့ အခါကျတော့ ပါတီဝင်တွေ အများစု မကျေနပ်ဘူးပေါ့။ ကျနော်တို့ ကိုယ့်ကိုယ်စားလှယ် ကိုယ်အားကိုးတဲ့လူ ကိုယ်ရွေးချင်တာပေါ့။ ပါတီဝင်တွေ အကုန်လုံးက ဒီမိုကရေစီ နည်းကျကျ ရွေးလိုက်တဲ့ ကိုယ်စားလှယ်တွေ။ ဗဟိုကနေပြီးတော့ ဗဟိုဦးစီးဆန်တဲ့ စနစ်မျိုးနဲ့ ရွေးချလိုက်တာကတော့ တသီးပုဂ္ဂလ ထောင်မယ်ဆိုရင် ကြားဖြတ် လစ်လပ်နေရာမှာ အင်အား နည်းသွားနိုင်တယ်ဗျာ။”
မြို့နယ်ပါတီဝင်တွေ ပြောဆိုလာတဲ့အပေါ် အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ရှင်းပြပါတယ်။
“ကျနော်တို့ က နဂိုကတည်းက ကျနော်တို့ သူတို့ကို သေချာပြောပါတယ်။ မြို့နယ်က လျာထားပေးပါ။ တိုင်းနဲ့ ပြည်နယ်ကလည်း လျာထားပေးပါ။ ပြီးရင် ဗဟိုကနေပြီးတော့ အဲဒါကို စိစစ်ပြီးတော့ ဗဟိုကလည်း လျာထားခွင့်ရှိတယ်။ အဲ့ဒါကိုမှ ဗဟိုက ဆုံးဖြတ်ပေးမယ်လို့ နဂိုကတည်းက ပြောထားပြီးသား။ နဂိုကတည်းက အောက်ခြေက ရွေးလိုက်တဲ့လူကို ဗဟိုက လက်ခံပြီးတော့ အတည်ပြု ရမယ်လို့ ပြောထားပြီးသား။ အဲဒီတော့ ကျနော်တို့ ဘာမှ ထူးထူးခြားခြား ဖြေရှင်းနေစရာ မရှိပါဘူး။ မြို့နယ်က မြို့နယ်အနေနဲ့ ရွေးတာပေါ့။ တိုင်းကျတော့ တိုင်းအနေနဲ့ ရွေးတာပေါ့။ ဗဟိုကျတော့ ဒါ တနိုင်ငံလုံး အတိုင်းအတာနဲ့ သွားမယ့် ခရီးတာကြီး တခုလုံး အတွက် ချိန်ဆပြီးတော့ လူကြီးတွေက ရွေးတာပေါ့။ အဲဒါပဲ ကျနော် ပြောစရာရှိပါတယ် တခြား ဘာမှ ပြော စရာ မရှိပါဘူး။”
Ref: ဒီဗွီဘီ
Thursday, January 19, 2012
ဒေါ်မြင့်မြင့်အေး တသီးပုဂ္ဂလ ဝင်ပြိုင်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment