Friday, January 20, 2012

KIO နှင့် အစိုးရ ဆက်လက်ဆွေးနွေးရန်သာ သဘောတူညီမှုရ

မျိုးသန့်
ဇန်နဝါရီလ ၁၉ ရက် ၂၀၁၂ ခုနှစ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့တို့ နှစ်ရက်ကြာ ဆွေးနွေးမှုရလဒ် အဖြစ် ဆက်လက်ညှိနှိုင်း ဆွေးနွေးရန်နှင့် တိုက်ပွဲဖြစ်ပွားနေမှုများ လျှော့ချရန်သာ သဘောတူညီမှု ရရှိခဲ့သည်ဟု နှစ်ဖက် ကိုယ် စားလှယ်များက ကြာသပတေးနေ့တွင် ထုတ်ပြန်သည်။

“နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့သည် နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ညှိနှိုင်း ဆွေးနွေး သွားကြမည် ဖြစ်ပါသည်။” ဟု ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သို့ ကြာသပတေးနေ့က တင်ပြသည့် KIO ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု စာတမ်းတွင် အမျိုးသားတန်း တူမှုနှင့် တိုင်းရင်းသားများ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်များအပေါ် အခြေခံသည့် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်သွားရန် လိုလားသည်ဟု ဖေါ်ပြပါရှိသည်။


ထို့ကြောင့် အဆိုပါအချက်များ ရရှိရန် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာလိုခြင်းဟုလည်း KIO ဗိုလ်မှူးချုပ် ဂွမ်မော်က မဇ္ဈိမကို ပြောသည်။

"ကျနော်တို့ရဲ့ ခံယူချက်က ဒီတိုက်ပွဲတွေ စစ်ပွဲတွေ ဖြစ်လာတာဟာ နိုင်ငံရေးရဲ့ အကျိုးဆက်တွေ ဖြစ်တယ်။ ဒီလိုဟာမျိုးတွေကို စစ်ပွဲတွေနဲ့ ဆုံးဖြတ်တာမျိုး မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ ဖြေရှင်းရမယ်ဆိုပြီးတော့ အဲဒီလိုခံယူတယ်။" ဟု ပြောသည်။

တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည့် ဇန်နဝါရီ ၁၈ နှင့် ၁၉ ရက် ဆွေးနွေးပွဲများသည် နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်း အ ဖြေရှာမှုများ ဆက်လက်ဖြစ်ပေါ်ရန် ရည်ရွယ်ပြီး အပစ်ရပ်ရေးသည် ဆွေးနွေးချက်များပေါ်တွင်သာ မူတည်သည်ဟုလည်း ဗိုလ်မှူး ချုပ် ဂွမ်မော်က ပြောသည်။

ဆွေးနွေးနေသည့် ကြာသပတေးနေ့တွင်ပင် KIO တပ်မဟာ ၄ ထိန်းချုပ်ရာဒေသ ကွတ်ခိုင်မြို့နယ်အတွင်း မြန်မာ စစ်တပ်နှင့် KIO တပ်ရင်း ၈ တို့ တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်ဟု KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးပွဲအတွင်း တင်ပြခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

"သို့သော်လည်း ကျနော်တို့ ဒီကနေ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ဟာ နှစ်ဘက်လုံးက အတည်ပြုပြီး ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် ဖြစ်တဲ့အတွက် ဒီဆွေးနွေးပွဲက ဒီလို ကိစ္စမျိုးတွေကို တားဆီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ဟု ပြောသည်။

ကြာသပတေးနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် “ကာမိုင်းမြို့နယ်အတွင်း KIA သောင်းကျန်းသူများ ထောင်ထား သည့်ဗုံး ကြောင့် အရပ်သားနှစ်ဦး ယခုလ ၁၆ ရက်နေ့တွင် သေဆုံးခဲ့သည်။”ဟု ရေးသားဖေါ်ပြထားသည်။

ရွှေလီဆွေးနွေးပွဲတွင် အစိုးရဘက်မှ ကိုယ်စားလှယ်များမှာ အဖွဲ့ဝင် ၁၃ ဦး ပါဝင်ပြီး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မတီဝင် ဦးသိန်းဇော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ ပါဝင်သည်။

KIO ဘက်မှ အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆွမ်မလွတ်ဂံနှင့် ဦးလဖိုင်လ၊ ဦးဂျီးနောင်၊ ဦးလဂျောင်ခေါင်လုံး၊ ဦးဇော်ခုံ၊ ဦးခွန်နောင်၊ ဦးလဖိုင်ဇော်ရော်၊ ဦးဇောင်တောင်တို့ အပါအဝင် ဗဟိုကော်မတီဝင် ၁၂ ဦး တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့