Friday, January 20, 2012

WAO နဲ့ ဆက်သွယ်တဲ့ စွပ်စွဲချက်နဲ့ လူမသိသူမသိ ဖမ်းဆီးခံ လူငယ် ပြန်လွှတ်လာ

1/19/2012

WAO နှင့် ဆက်သွယ်မူ အပါအ၀င် တခြား စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရပြီး ခုခံကာကွယ်ပိုင်ခွင့် တစ်စုံတစ်ရာ မရရှိဘဲ ထောင် (၆) နှစ် ချမှတ်ခံခဲ့ရသော ရခိုင်လူငယ် (၆) ဦးထဲမှ ခေါင်းဆောင်လူငယ် တစ်ဦးသည် ဇန္န၀ါရီ ၁၃ ရက် နေ့က သမ္မတ လွှတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ကျောက်ဖြူထောင်မှ ပြန်လည် လွှတ်မြောက်လာခဲ့သည်။

အဆိုပါ လူငယ်မှာ မြောက်ဦးမြို့မှ ကိုတင်အောင်စိုးဖြစ်သည်။


" ကျွန်တော်ကို သူတို့မေးတာက WAO နဲ့ ဘယ်လို အဆက်အသွယ်ရှိသလဲ။ ဘာတွေ လုပ်ကိုင်ဖို့ အစီအစဉ်ရှိသလဲဆိုပြီး ထပ်ခါ ထပ်ခါ မေးမြန်း စစ်ဆေးပါတယ်။ ကျွန်တော်က ဘာမှ အဆက်အသွယ်မရှိဘူး ဆိုပေမယ့် သူတို့က WAO အကြောင်းကိုဘဲ ထပ် ခါ ထပ်ခါ မေးမြန်း စစ်းဆေးခဲ့ပါတယ် " ဟု ကိုတင်အောင်စိုးက ပြောသည်။

WAO ခေါ် World Aakanese Organization မှာ နိုင်ငံရေး မပါ လူမူရေး သက်သက်ကို လုပ်ဆောင်နေသော ရခိုင်အဖွဲ့ အစည်း ဖြစ်ပြီး နိုင်ငံတကာတွင် အခြေစိုက် လူပ်ရှားနေသော အဖွဲ့ဖြစ်သည်။

ကိုတင်အောင်စိုးအား မြောက်ဦးမှ ရန်ကုန် အသွား စစ်တွေ-ရန်ကုန် ကားလမ်းရှိ အမ်း နစက စစ်ဆေးရေးဂိတ်မှ ဖမ်းဆီးခဲ့ပြီး ၂၀၀၈ ခုနှစ် ဇန္န၀ါရီက အမ်းမြို့နယ် တရားရုံးက တခြား ရခိုင် လူငယ် ၅ ဦးနှင့် အတူ ထောင် ၆ နှစ် ချမှတ်ခဲ့သည်။

" ကျွန်တော်ကိုတော့ တရားရုံးက ၆ နှစ်ချပါတယ်။ ကျန်တဲ့ ၅ ဦးကိုတော့ တယောက် ၅ နှစ်စီ ချပါတယ်။ ကျွန်တော် သူငယ် ချင်း ၅ ဦးကတော့ ထွန်းနေ၀င်း၊ သန်းရွှေ၊ ကိုကိုနိုင်၊ မောင်နီနဲ့ ကျော်သန်းတို့ ဖြစ်ကြပါတယ်။ ချတဲ့ ပုဒ်မက မတရားအသင်း ဖွဲ့စည်းမှု ပုဒ်မ ၆ ဆိုပြီး ဖမ်းပြီးထောင်ချတယ်။ နောက်ပီးတော့ မြို့နယ် အေးချမ်းသာယာရေးကို ပျက်ပြားအောင်လုပ်တဲ့ ပုဒ်မ ၅၀၅/ခ နဲ့ ထောင်ချတာ ဖြစ်ပါတယ် " ဟု သူက ပြောသည်။

တရားရုံးတွင် သူတို့ အနေဖြင့် ရှေ့နေ ဌားရမ်းခွင့်လည်း မရရှိဘဲ ပြစ်မူ တစ်စုံတရာလည်း မရှိဘဲ ထောင်ချခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" ကျွန်တော်တို့ကို ရှေ့နေဌားရမ်းခွင့်လည်း မပြုဘူး။ ကျွန်တော်တို့ကို WAO နဲ့ ဆက်သွယ်ဆိုတာကို သက်သေ အထောက် အထား တွေလည်း မပြနိုင်ဘူး။ ဒါပေမယ့်ထောင်ချလိုက်တယ်။ အဓိကတော့ အမြင်ကပ် ပုဒ်မနဲ့ ထောင်ချတာပါ။ နောက်ထပ် လူငယ်တွေကို ပုံစံပေးလိုတဲ့ အတွက် ခြိမ်းခြောက်တဲ့ သဘောနဲ့ ခုလို မတရား ထောင်ချတာ ဖြစ်တယ်လို့ မြင်ပါတယ် " ဟုသူက ဆက်ပြောသည်။

ကိုတင်အောင်စိုး၏ ဖမ်းဆီး ထောင်ချခံရသူ သူငယ်ချင်း (၅) ဦးမှာလည်း တစ်စုံတစ်ရာ အပြစ်မရှိဘဲ ထောင်ချခံရခြင်း ဖြစ်ပြီး သူ၏ မှတ်စု စာအုပ်မှ ၎င်း သူငယ်ချင်း (၅)ဦး၏ နာမည်များကို တွေ့ရှိသွားသဖြင့် ဖမ်းဆီးပြီး အမျိုးမျိုး ခြိမ်းခြောက်ကာ အတင်းဝန်ခံခိုင်းပြီး ထောင်ချခဲ့သည်ဟု ပြောသည်။ သူတို့ ၅ ဦးမှာ ၀ါကျွတ်လပြည့်နေ့ က သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးခဲ့သည်။

ကိုတင်အောင်စိုး အုပ်စုမှာ မြောက်ဦးမြို့တွင် တက်ကြွစွာ လူပ်ရှားနေသော အုပ်စု ဖြစ်သဖြင့် မြို့နယ် မယက တာဝန်ရှိသူများ၏ အငြိုအငြင်ကို ခံရကာ ယခုကဲ့သို့ ပြစ်မူ တစ်စုံတစ်ရာ မရှိဘဲ ထောင်ချ ခံခဲ့ကြရသည်ဟု ကိုတင်အောင်စိုးမှ ပြောသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့