January 17, 2012
ဒေါက်တာညို
ကမ္ဘာကြီးပူ နွေးလာတာ လူတွေ လက်ခံလာကြပြီလား။ ဒီမေးခွန်းကတော့ အဖြေခက်လှပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့နေရာတွေမှာ ပိုပူပြီး အချို့နေရာတွေမှာ ပိုပြီးအေးလာလို့ပါပဲ။
သေချာတာက အပင်တွေ နည်းသွားတယ်။ လူတွေများလာတယ်။ ဒီတော့ အခန်း တခန်းထဲမှာ လူများလာတော့လည်း အပူချိန် တက်လာသလိုပါပဲ။
နောက် ဘာတွေ ဖြစ်ဦးမှာလဲ။
မကြာသေးမီက ကျနော် ရန်ကုန်မြို့ကနေ မိုင် ၈၀၀ ကျော် ဝေးတဲ့ ဟုမ္မလင်းကို ရောက်သွားပါတယ်။ ဒါက သမပိုင်းဇုန်ပဲ။ အီကွေတာကနေ အဝေးကြီးပါ။ ဆောင်းတွင်းတော့ အေးတာပေါ့ဗျာ။ ကျနော်တို့ကို လိုက်လံပို့ဆောင်ပေးတဲ့သူကို “ဆောင်းအေးတယ်။ နှင်းတွေကျတယ်။ ဒါဆိုရင် နွေတော်တော်ပူလား” လို့ မေးကြည့်ပါတယ်။
သူက “ဒီမှာတော့ ဆောင်း အတော်ချမ်းတယ်။ နွေဆိုလည်း အတော်ပူတယ်” လို့ ပြန်ဖြေပါတယ်။
ကျယ်ပြန့်တဲ့ ချင်းတွင်းမြစ်ကို ကျွန်တော် ငေးကြည့်နေမိတော့ မြစ်ထဲမှာလည်း သောင်တွေ ထွန်းနေတာ တွေ့ရပါတယ်။
“အပင်တွေနည်း သွားတယ်။ လူတွေများလာတယ်”လို့ သူပြောပြနေတော့ ကျနော်ဖတ်ဖူးထားတဲ့ ကမ္ဘာကြီး ပူနွေးလာခြင်းအကြောင်းရင်းကို ဖြည့်စွက် ပြောလေသလားလို့တောင် ထင်ရတယ်။
ဒါကတော့ လူတိုင်းအကြမ်းဖျင်း သိနေကြတာပဲလေ။ အပင်တွေနည်းလာရင် ပူလာတာ ဆိုတဲ့ အချက်ကို လူတိုင်း အကြမ်းဖျင်း သိနေတာပါ။ အခိုင်အမာအနေနဲ့ သိပ္ပံပညာက ရှင်းလို့ရတယ်။ သူတို့ပြောတော့ ဖန်လုံအိမ်သက်ရောက်မှုပါပဲတဲ့။
နေပူတဲ့နေ့ တနေ့မှာ မော်တော်ကားကို နေပူထဲမှာရပ်ပြီး မှန်တွေကို အလုံပိတ်၊ မော်တော်ကားထဲ နေကြည့်ပါ။
တရှိန်ရှိန်နဲ့ အပူချိန်တက်လာတာကို ခံစားရမယ်။ မှန်ထဲကို ဝင်လာတဲ့ အလင်းရောင် (နေရောင်ခြည်) တွေဟာ အထဲမှာ အပူအဖြစ် ဘဝပြောင်းသွားတယ်။ ဒီအပူတွေဟာ ပြန်မထွက်နိုင်ဘူး။ မှန်တွေက အပူတွေကို တားဆီးထားတယ်။ အချိန်ကြာလေ ပူလာလေပါပဲ။
ဒီအတိုင်းပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ ကမ္ဘာပေါ်ကိုကျရောက်တဲ့ အပူကို တားဆီးလေတော့ ဖန်လုံအိမ် သက်ရောက်မှုကို ဖြစ်စေတာပေါ့။
လေထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် များလာလေလေ၊ ဖန်လုံအိမ် သက်ရောက်မှု များလေလေပါပဲ။ အဲဒီအခါ ကမ္ဘာမျက်နှာပြင်ရဲ့ အပူချိန် တက်လာပါတယ်။
ကာဗွန်ဒိုင် အောက်ဆိုဒ် များရတဲ့ အကြောင်းကတော့ ရုပ်ကြွင်းလောင်စာတွေ အလွန်အကျွံ အသုံးပြုလို့ပါပဲလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုစကားကို သာမန်လူတွေ နားမလည်ကြပါဘူး။ ရုပ်ကြွင်းလောင်စာဆိုတာ ရေနံပဲပေါ့။ ရေနံကိုပြုပြင်ရာက ဒီဇယ်တို့၊ ဓာတ်ဆီတို့၊ ဖယောင်းတိုင်တို့ ဖြစ်လာပါတယ်။ သဘာဝဓာတ်ငွေ့တွေဖြစ်တဲ့ CNG၊ LPG တို့ဟာလည်း ရုပ်ကြွင်းလောင်စာပါပဲ။
ဒါတွေကို စက်ရုံတွေ၊ ကားတွေ လေယာဉ်တွေ ထော်လာဂျီတွေ ထွန်စက်တွေမှာ သုံးတာကို သိပါတယ်။ ဒီအခါ လောင်စာဆီ ဟာ လောင်ကျွမ်းသွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထွက်လာတော့တယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို သစ်ပင်တွေက အာဟာရ အဖြစ် စုပ်ယူကြတယ်။ ချိန်ခွင်လျှာ ညီမျှနေတယ်ဆိုရင်ကောင်းတာပေါ့။
ခုအခြေအ နေမှာတော့ လောင်စာလောင်ကျွမ်းတာ များနေပြီး တဖက်ကလည်း သစ်ပင်တွေ တဖြည်းဖြည်း လျော့နည်းလာနေပါ တယ်။ စက်မှုနိုင်ငံများဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် များလာခြင်းအတွက် တာဝန်ရှိပါတယ်။ သူတို့ဟာ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် အဆမတန် လွှတ်ထုတ်ကြပါတယ်။
ဖွံ့ဖြိုး ဆဲနိုင်ငံတွေကလည်း သစ်တွေ အလွန်အကျွံ ထုတ်တဲ့အတွက် တာဝန်ရှိပါတယ်။ လောလောဆယ်မှာ သိပ္ပံပညာရှင်များ အားလုံးက ကမ္ဘာကြီး ပူနွေးလာမှုကို လက်ခံထားကြတာပါ။ တော်ဝင်အသင်းကြီးရဲ့ ဥက္ကဋ္ဌ လော့ဒ်မေဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ဒီလို ပြောခဲ့ပါတယ်။
“ဘယ်တုန်းကမှ ဒီလိုတကမ္ဘာလုံးခြုံ ခြိမ်းခြောက်မှုမျိုးကို မခံစားရဖူးပါဘူး။ တကယ်လို့ ကျနော်တို့ဟာ ထိရောက်တဲ့ အရေးယူ မှုကို မပြုလုပ်နိုင်ခဲ့ရင် မှားယွင်းထွက်သွားတဲ့ မီးရထားကြီးနဲ့ တူနေလိမ့်မယ်။ ဒီမီးရထားဟာ အရှိန်မရခင် ရပ်လို့ရသေးတယ်။ တကယ်လို့ အရှိန်ရသွားရင်တော့ ဘယ်လိုမှ ရပ်လို့ရတော့မှာ မဟုတ်ဘူး” တဲ့။
သူရဲ့စကား ကို တာဝန်ရှိသူများက သတိပြုလိမ့်မယ်လို့ သူက ယူဆပေမယ့် ယခုထိတော့ တာဝန်ရှိသူများဟာ အစည်းအဝေး တခုပြီးတခု ထိုင်နေကြတာကလွဲရင် ဘာဆိုဘာမှ အရေးယူမှုတွေ မလုပ်ကြသေးပါဘူး။
ရောဘတ်မက်သယူး ကတော့ ကမ္ဘာကြီးပူနွေးလာခြင်းဟာ ကောင်းပါတယ်လို့ အချို့သော သိပ္ပံပညာရှင်တွေက မြင်တာကို အကျိုးအကြောင်းနဲ့ ထောက်ပြလာတယ်။ အဲဒီအုပ်စုက ကမ္ဘာကြီး ပူနွေးလာခြင်းအတွက် လူတွေရဲ့ ကျန်းမာရေးကအစ အသီးအနှံတွေအ တွက် ကောင်းကျိုးတွေရှိကြောင်း ဆွေးနွေး တင်ပြထားပါတယ်။
လန်ဒန်တက္ကသိုလ်မှ ပါမောက္ခ ဖိလစ်စတော့က “ခင်ဗျားတို့ လူတွေရဲ့ သဘောထားကို စစ်တမ်းကောက်ကြည့်ပါလား။ နွေးတာနဲ့ အေးတာ ဘာကိုကြိုက်ကြမလဲ။ နွေးတာကို ကြိုက်ကြမှာပဲ” လို့ အပြတ်ပြောသွားပါတယ်။
သူက လန်ဒန်လိုအေးတဲ့အရပ်မှာ နေတဲ့သူဆိုတော့ ဒီလိုပြောတာ ဖြစ်မှာပါ။ မြန်မာပြည်ကိုလာပြီး ပခုက္ကူလို နေရာမှာ နွေရာသီ အချိန် ရောက်နေခဲ့ရင် ဒိလို ပြောမှာ မဟုတ်ပါဘူး။
“အေး တယ်ဆိုတာ အားလုံးကို ဆိုးဝါးစေတာပဲ။ စီးပွားရေး၊ စိုက်ပျိုးရေး၊ ရောဂါဘယနဲ့ ဇီဝပြောင်းလဲမှုတွေ အားလုံးပေါ်မှာ ဆိုးဝါးစေတယ်” လို့ သူက ဆက်ပြောပါသေးတယ်။
ပါမောက္ခစ တော့က သမိုင်းကိုပြန်ကြည့်ရင် ပူနွေးခေတ်တွေ ရှိခဲ့တယ်လို့ ဆိုတယ်။ ဥပမာ- ခရစ်နှစ် ၁၁၀၀ ခုနှစ်ကနေ ၁၃၀၀ ခုနှစ်အကြားကို အလယ်ခေတ်၊ ပူနွေးခေတ်လို့ ခေါ်ကြတယ်။ အဲဒီကာလမှာ လူတွေ ဒုက္ခရောက်တာ မကြားဖူးဘူး။ ဒါပေမယ့် ရေခဲခေတ်ကလေးလို့ခေါ်တဲ့ ၁၄၅၀ ခုနှစ်ကနေ ၁၈၇၀ ခုနှစ်အကြားမှာ ငတ်မွတ်ခြင်း၊၊ ကူးစက်ရောဂါများဖြစ်ပွားခြင်းနဲ့ စစ်ပွဲတွေဖြစ်ခဲ့တယ်။
ဒါပေမယ့် တဖက်က ပြန်ကြည့်ရင် ၂၀၀၃ ခုနှစ်က ဥရောပတိုက်မှာ အပူလှိုင်းကြောင့် ပြင်သစ်နိုင်ငံမှာတင် လူပေါင်း တသောင်းလေးထောင် (၁၄,၀၀၀) သေဆုံးတယ်။ ဒါဟာ အင်မတန်ဆိုးတဲ့ ကမ္ဘာကြီး ပူနွေးလာခြင်းဆိုတဲ့ အဖြစ်အပျက်ကို ဖော်ပြတာပါပဲ။
မကြာသေးမီက လန်ဒန်တက္ကသိုလ်မှာကျင်းပတဲ့ ဆေးပညာဆွေးနွေးပွဲမှာ တင်ပြခဲ့တာကတော့ “နိုင်ငံအများအပြား အပူဒဏ်ထက် အအေးဒဏ်ကြောင့် လူသေတာများတယ်။ ဥပမာ ယူကေ(ဗြိတိသျှ)မှာ နောက် ၄၅ နှစ်ကို ကြည့်ရင် အပူဒဏ်ကြောင့် သေဆုံးသူဦးရေ တနှစ်ကို ၂၀၀၀ ရှိမှာဖြစ်ပြီး အအေးဒဏ်ကြောင့် သေဆုံးသူ ၂၀,၀၀၀ ရှိမှာ ဖြစ်တယ်”လို့ စာရင်းဇယားနဲ့ ပြဆိုခဲ့ပါတယ်။
ယနေ့မှာ တော့ ကမ္ဘာကြီးပူနွေးစေတဲ့ အဓိကတရားခံဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို လျှော့ချဖို့ အများက လိုလားနေကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က နိုင်ငံပေါင်း ၁၉၂ နိုင်ငံဟာ ကမ္ဘာကုလသမဂ္ဂရဲ့ ဥတုရာသီ ပြောင်းလဲခြင်းအတွက် နောက်ဆုံးအဆင့်ဆွေးနွေးပွဲကို တောင်အာဖရိကနိုင်ငံ ဒါဘင်မြို့(Durban) မှာ ဆွေးနွေးကြပါတယ်။
အဲဒီဆွေး နွေးပွဲဟာ ၂ ပတ်တိုင်တိုင် ကြာမြင့်ခဲ့ပေမယ့် ရလဒ်ကောင်းတွေ ရရှိခဲ့ပါတယ်။ ခုလို ဆွေးနွေးပွဲ ဦးစီးကျင်းပတဲ့ အဖွဲ့အစည်းကို ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်ဗင်းရှင်း UN Framework Convention on Climate Change လို့ခေါ်တဲ့ UNFCC အဖွဲ့က ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။
ဒီလို ဆွေးနွေးပွဲကို ၁၉၉၂ ခုနှစ်က စတင်လုပ်ခဲ့ရာ ယနေ့မှာ ၁၇ ကြိမ်ရှိပါပြီ။ နိုင်ငံအများ အပြင်းအထန် ဆွေးနွေးပြီးတဲ့ နောက် ပိုင်းမှာ စာနှစ်မျက်နှာရှိတဲ့ သဘောတူညီချက်ကို အစည်းအဝေး တက်ရောက်လာတဲ့ နိုင်ငံတိုင်းက လက်ခံလာကြတာ အားရစ ရာပါ။ ဒီသဘောညီချက်ကြောင့် နိုင်ငံတွေအနေနဲ့ဘယ်အခါမှာ ကာဗွန်ဘယ်လောက် လျှော့ချသင့်တယ်ဆိုတဲ့ လမ်းပြမြေပုံကို ရေးဆွဲလာခဲ့ရတယ်လို့ ဆိုရပါမယ်။ ရလဒ်ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Tuesday, January 17, 2012
ပြောင်းလဲနေတဲ့ ကျနော်တို့ကမ္ဘာကြီး၊ ကမ္ဘကီးပူနွေးလာမှု ပြဿနာများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment