Tuesday, January 13, 2009

၂၀၀၈-၂၀၀၉ စစ်အစိုးရဘတ်ဂျက် ကျပ်ငွေဘီလီယံ (၇၀၀) ကျော် လိုငွေပြ

၁၃ ဇန်န၀ါရီ ၂၀၀၉

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရဘတ်ဂျက်မှာ သုံးစွဲငွေများနေသည့်အတွက် ကျပ်ငွေ ဘီလီယံ (၇၀၀) ကျော် လိုငွေပြနေသည်ဟု နေပြည်တော် ၀န်ကြီးအဖွဲ့အစည်းအဝေးပွဲတွင် ၀န်ကြီးချူပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ၀န်ခံသွားသည်။

၂၀၀၈-၂၀၀၉ ခုနှစ်အတွက် မြန်မာစစ်အစိုးရ ၀င်ငွေမှာ ကျပ်ငွေဘီလီယံ (၄,၈၂၄) ရှိသော်လည်း သုံးစွဲငွေမှာ ကျပ်ငွေ (၅,၅၅၇.၈၆) ရှိသည့်အတွက် စုစုပေါင်း လိုငွေပြမှုမှာ ကျပ်ငွေဘီလီယံ (၇၀၀) ကျော်ရှိသည်ဟု ၀န်ကြီးအဖွဲ့အစည်းအဝေး အမှတ် ၃၈/၂၀၀၈ တွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က ယခုကဲ့သို့ ပြောသွားခြင်း ဖြစ် သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

မြန်မာစစ်အစိုးရ၏ ၂၀၀၈-၂၀၀၉ ခုနှစ်အတွက် လိုငွေပြမှုနှင့် ဂျီဒီပီ (စုစုပေါင်းအသားတင် ပြည်တွင်း ထုတ် ကုန်တန်ဖိုး) အချိုးမှာ (၂.၈) ရာခိုင်နှုန်းရှိသည်ဟုလည်း အဆိုပါ (လူသိရှင်ကြား ထုတ်ပြန်ခြင်း မပြုသည့်) ၀န်ကြီးအဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် စစ်အစိုးရထုတ်ပြန်သည့် ဂျီဒီပီတန်ဖိုးသည့် အမှန် တကယ်ထက် အဆများစွာ များနေသည့်အတွက် ဗိုလ်ချုပ်ကြီးသိန်းစိန်ပြောသည့် လိုငွေပြမှုနှင့် ဂျီဒီပီ (စုစုပေါင်းအသားတင် ပြည်တွင်းထုတ်ကုန်တန်ဖိုး) အချိုးကို အမှန်ဟု ယူဆရန်ခက်ကြောင်း စီးပွားရေး ပညာရှင်တဦးက ပြောသည်။

ဝန်ကြီးဌာနပေါင်းစုံ၏ ပိုသုံးသည့်ငွေပမာဏမှာ ကျပ်ငွေဘီလီယံ (၉၀၀) ကျော်ရှိပြီး စွမ်းအင်ဝန်ကြီးဌာန၊ လယ်ယာနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား (၁) ၀န်ကြီးဌာန၊ စက်မှု (၁) ၀န်ကြီးဌာန၊ ရထား ပို့ဆောင်ရေးဝန်ကြီးဌာန စသည့် ငွေရှာပေးသည့် ၀န်ကြီးဌာနများက အများဆုံး ပိုသုံးထားသည်။ (အောက်ပါ ပုံတွင်း အသေးစိတ်ကြည့်နိုင်သည်)။

မြန်မာစစ်အစိုးရသည် စီးပွားရေးဆိုင်ရာ အချက်အလက်များကို တိုင်းပြည်သို့ မထုတ်ပြန်ဘဲ ထားသည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်သည်။ စစ်အစိုးရထုတ်ပြန်ခဲ့သည့် စီးပွားရေး ကိန်းဂဏန်းများသည်လည်း ယုံကြည်လောက်သည့် အနေအထားမရှိကြောင်း ရန်ကုန် အနောက်တိုင်း သံတမန်များက ယူဆသည်။

တိုင်းပြည်၏ ဘတ်ဂျက်လိုငွေပြမှုကို ဗဟိုဘဏ်မှ ကျပ်ငွေများ ရိုက်ထုတ်သည့်နည်းဖြင့် ဖြေရှင်းလေ့ရှိသည့် အတွက် ငွေဖောင်းပွမှုများပြီး မတ်ခရိုစီးပွားရေးမတည်မငြိမ် ဖြစ်စေသည်ဟု အေဒီဘီ အာရှဖွံ့ဖြိုးရေးဘဏ် က ထောက်ပြသည်။

စီးပွားရေးပြုပြင်မှုလုပ်ရာတွင် ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ရာ၌ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလည်း စီးပွားရေးပေါ်လစီ များ ရှေ့နောက်ညီရန်နှင့် ကြိုတင်တွက်ဆ၍ရသည့် စီးပွားရေးပေါ်လစီမျိုးများဖြင့် တိုးတက်အောင်လုပ်ရန် လိုသည်ဟု အေဒီဘီက အကြံပေးခဲ့သည်။



REF: ခေတ်ပြိုင်

Read More...

၂၀၀၉ ခုနှစ် နိုင်ငံရေးကို ဒီလိုမြင်ကြ၊ ဆန္ဒပြုကြသည်

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ 07 2009

၂၀၀၉ ခုနှစ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် အပြောင်းအလဲများ ဖြစ်လာမည်လား၊ ဆက်လက်၍ ဖိနှိပ် မှုများ တည်ရှိနေမည်လား၊ မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် ဘယ်လိုခြေလှမ်းမျိုးဖြင့် သွား မှာလဲ၊ အာဏာခွဲရေး အလားအလာများ ဖန်တီးဖို့ အတိုက်အခံ အင်အားစုများ စုပေါင်းအားထုတ်ဖွယ်ရာ အခြေအနေနှင့် ပြင်ဆင်မှုများ ပေါ်ပေါက်နေမှာလား - အစရှိတဲ့ မေးခွန်းများနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစု အချို့ထံ မဇ္ဈိမသတင်းထောက် ဆလိုင်းပီပီက ဆက်သွယ် မေးမြန်းထားသည်များကို တင်ပြ လိုက်ပါသည်။

သခင်ချန်ထွန်း

သခင်ချန်ထွန်း

၂၀၀၉ ခုနှစ် နှစ်သစ်မှာ ဘယ်လိုအပြောင်းအလဲမျိုး ဖြစ်လာမလဲလို့မေးတော့ ဖြေရမှာပေါ့။ အေး ဘဘ အနေ နဲ့တော့ ဘာမှာ အပြောင်းအလဲ ဖြစ်လာလိမ့်မယ်လို့ မထင်ဘူး။ သို့သော်လည်း မမြင်နိုင်တဲ့ ဖြစ်ခြင်းသဘော ဆိုတာ ရှိတဲ့အတိုင်း၊ နေ့မြင် ညပျောက်ဆိုတဲ့ သဘောတွေ ရှိတယ်လေ။

မမျှော်မှန်းနိုင်ဘဲနဲ့ ဖြစ်သွားနိုင်တာတွေတော့ ဖြစ်နိုင်တာပေါ့။ သို့သော်လည်း အပေါ်ယံအနေနဲ့ ကြည့်လို့ရှိရင် တော့ ဘာမှ ပြောင်းလဲနိုင်ဖို့ မရှိဘူး၊ မမြင်ဘူး။ သဘောထားက လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေး ကောင်စီရဲ့ သဘောထားက အင်မတန် တင်းမာတဲ့သဘော၊ တွေ့ဆုံဆွေးနွေးပါဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ တကွ နိုင်ငံတကာက မေတ္တာရပ်ခံတယ်။ အကုန်လုံးပြောကြပေမယ့် ဒါကို လုံးဝ ဂရုမစိုက်ဘူး။

ကိုယ့်အလုပ် ကိုယ်လုပ်သွားမယ်ဆိုပြီးတော့ လမ်းစဉ် ၇ ချက်ကိုပဲ လုပ်နေတယ်။ အဲဒါ အလကား ရှင်းရှင်း လေးပဲ လုပ်နေတယ်။ ဒီအတိုင်းသာ ဆိုလို့ရှိရင်တော့ ဘာမှ ပြောင်းလဲလာစရာမရှိဘူး။ သို့သော်လည်း မမြင် နိုင်တဲ့ ကိစ္စတွေကလည်း အများကြီး မပေါ်ပေါက်ဘူးလို့လည်း မပြောနိုင်ဘူး။ ကံ ကံ၏ အကျိုးဆိုတာ ရုတ် တရက် ဖြစ်တတ်တယ်။ ရိုးရိုး သာမန်ဆိုလို့ရှိရင် ဘာမှ ပြောင်းလဲမှု မရှိဘူး။ ရုတ်တရက် မမြင်နိုင်တဲ့ အရာ ၀တ္ထုတွေက ပြောင်းလဲမှုရှိရင်တော့ ဖြစ်လာနိုင်တယ်။ သာမန်အားဖြင့်တော့ ပြောင်းလဲမှု မရှိနိုင်ဘူးလို့ ဒီလိုပဲ မြင်တယ်။

အကောင်းဘက် အပြောင်းအလဲကို ဦးတည်တဲ့သဘောကို ပြောတာပါ။ ဒီမိုကရေစီကို တကယ်စစ်စစ် အစိုးရက တည်ထောင်ပေးဖို့ သဘောတွေပြောတာပါ။ နောက် ဆွေးနွေးဖို့ကိစ္စတွေမှာ ပေါ်မလာနိုင်ဘူး ယူဆတယ်။ ဘာမှ ဖြစ်ဖို့တော့ အကြောင်းမရှိဘူးပေါ့။ လူတွေက တဖြေးဖြေး ကျပ်ကျပ်လာတယ်။ နည်းနည်း လေး မထလိုက်နဲ့ ဖမ်းဖို့ဆီးဖို့ လုပ်နေတာကိုး။

ဖမ်းဖို့ဆီးဖို့ လုပ်နေတဲ့အပြင် ကျန်ရစ်တဲ့ မိသားစုတွေ ဒုက္ခရောက်အောင် အင်မတန် ဝေးလံတဲ့ နေရာဒေသ တွေကို တခါထဲ ပို့ပစ်တာတွေရှိတော့၊ နည်းနည်းလေး မထလိုက်နဲ့ ထလိုက်ရင် ဖမ်းတဲ့အတွက်ကြောင့် ပြဿနာက သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ်ပေါ်ဖို့ သိပ်မရှိဘူး။ NLD က အစည်းအဝေးတွေ လုပ်နေတယ်။ အဲဒီကို လာတက်တဲ့လူငယ်တွေထဲက တက်ကြွတဲ့လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ ၇ ယောက်စ၊ ၈ ယောက်စ သွားရင် ဒီလူတွေ ဖမ်းနေတာပဲ။

၂၀၀၈ မှာတောင် ဆိုးတာ၊ ၂၀၀၉ မှာဆိုရင် အဲဒီ ခြေရာအတိုင်း နင်းမှာပေါ့။ အဲဒီထက် ဘယ်လျော့ပါ့မလဲ။ ၂၀၀၈ ခုနှစ်ထက် ပိုမလျော့နိုင်ဘူးလို့ မြင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပါ၊ ဒီမိုကရေစီကို ပေးပါဆို တဲ့ ဆိုင်းဘုတ်လေးကိုင်ပြီး သွားတာလာတာ ရှိတာပဲ၊ အဲဒါကို ဖမ်းနေတာ။ ၂၀၀၉ ခုနှစ်မှာလည်း အဲဒီလို လုပ်လာရင် ဒီလိုပဲ ၂၀၀၈ ခုမှာ ဖမ်းသလိုပဲ ဖမ်းမှာပဲလို့ မြင်တယ်။ လူငယ် တော်တော်များများ လုပ်ရဲကိုင်ရဲ တဲ့ လူတွေလည်း အကုန်လုံးက ထောင်ထဲမှာ တော်တော်များများ ရောက်နေပြီ။ နယ်တွေမှာဆို ဘာမှ မလှန် နိုင်ဘူး။ မြို့နယ်တွေမှာဆိုရင် ဘာမှ မလုပ်နိုင်ဘူး။ ရန်ကုန်နဲ့ မန္တလေးလောက်ပဲ ရှိတာ။ အခု မန္တလေးမြို့ တောင်ပဲ အခု သိပ်မလုပ်နိုင်တော့ဘူး။ ရန်ကုန်တခုပဲ ရှိတာ။

ရန်ကုန်တခုမှာတောင် နည်းနည်းလေး ကြံ့ခိုင်ရေးတို့၊ စွမ်းအားရှင်တို့ဘာတို့ လူတွေနဲ့ အရပ်ဝတ် အရပ်စား တွေနဲ့ အကုန်လုံး ဖမ်းတာတောင် ရိုက်နှက်ဖမ်းတာ ဖြစ်တယ်။ အတော်ကို ကြမ်းကြမ်းတမ်းတမ်း ဖမ်းတဲ့ သဘောရှိတယ်။ တွေ့နေရတယ်၊ မြင်နေရတယ်၊ ကြားနေရတယ်။ ဒီဟာကြောင့်မို့လို့ ၂၀၀၉ ခုနှစ် အတွင်း မှာလည်း အလားတူ သိပ်ပြီးတော့ အပြောင်းအလဲတွေ ရှိလာနိုင်မှာ မဟုတ်သလို၊ တွေ့ဆုံဆွေးနွေးပွဲတွေဆို တဲ့ကိစ္စတွေ ပေါ်ပေါက်လာမယ်လို့တော့ မယူဆဘူး။

တခုတော့ ရှိတယ်။ အပြောင်းအလဲတွေ မရှိဘူးလို့လည်း မပြောနိုင်ဘူး။ အားလုံးက မမြင်နိုင်တဲ့ အရာတွေ ဖြစ်နေတယ်။ အဲဒါမျိုးတွေက ရုတ်တရက် အပြောင်းအလဲဆိုတာတွေ ဒီပြင်နိုင်ငံတွေမှာလည်း ဖြစ်ပေါ်တတ် တယ်။ ဒီပြင်နိုင်ငံတွေမှာလည်း ဒါမျိုးတွေ ဖြစ်တတ်တာ ကြားဖူးတာပဲ။ မြန်မာပြည်မှာလည်း အဲဒါမျိုး သဘောတွေ ဖြစ်ချင်လည်း ဖြစ်နိုင်တာပေါ့လေ။ ဒါတွေကတော့ ဖြစ်တတ်တဲ့ သဘောတွေကို ပြောတာပါ။ ဖြစ်လည်းဖြစ်နိုင်တယ်။ ဖြစ်တတ်တဲ့ သဘောလည်းရှိတယ်။ ကမ္ဘာမှာ ဒီပြင်နိုင်ငံတွေကို ကြည့်ပြီးတော့ ပြော တဲ့သဘောပေါ့။ ဥပမာအားဖြင့် အင်ဒိုနီးရှားတို့လို၊ ဖိလစ်ပိုင်တို့လို၊ ထိုင်းနိုင်ငံတို့လိုပေါ့။ တကယ့်နိုင်ငံရေး အခြေအနေတွေက မမြင်နိုင်ဘူး။

နှစ်သစ်ဆုတောင်း

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းမာချမ်းသာ၍ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများနဲ့ ပြည့် ပြီးတော့ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ အစိုးရကြီး ပေါ်ပေါက်လာပြီး ဆောင်ရွက်နိုင်ကြပါစေလို့ ဒီလိုပဲ ဆုတောင်းပါတယ်။

ဦးအေးသာအောင်
အတွင်းရေးမှူး
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ - စီအာပီပီ

ဦးအေးသာအောင်

၂၀၀၉ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ မျှော်လင့်ချက်

အဓိကပြောရမယ်ဆိုရင် အနှစ် ၂၀ ကျော် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အင်အားစုတွေ ဖြတ်သန်းလာခဲ့ တဲ့ အနှစ် ၂၀ ကျော်ရဲ့ခရီး၊ အထူးသဖြင့် အနီးစပ်ဆုံး ၂၀၀၈ ခုနှစ်ရဲ့ အကြွေးကျန်တွေကို သုံးသပ်ပြီးတော့ ပြောရမယ်ဆိုရင်၊ ၂၀၀၉ ခုနှစ်မှာ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလှုပ်ရှားသူများရဲ့ မျှော်လင့် ချက်၊ မျှော်မှန်းထားတဲ့ အနေအထားမျိုးတွေဟာ သိပ်ပြီးတော့ မျှော်လင့်နိုင်မယ့် အနေအထား မရှိဘူးလို့ဘဲ တိုတိုတုတ်တုတ် ပြောရမယ်။

ဘာကြောင့်လို့လဲဆိုတော့ အနှစ် ၂၀ ကျော်ခရီးကို ဖြတ်သန်းလာတဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ၊ ဒီမိုကရေစီ အခွင့်အရေးတွေကို ပိတ်ပင်ဟန့်တားမှုတွေ၊ ပြီးတော့ ဖိနှိပ်မှုတွေ၊ ညှဉ်းပန်းမှုတွေ၊ ထောင် တွင်း အကျဉ်းချမှုတွေနဲ့ပဲ လွှမ်းမိုးနေပြီးတော့ အထူးသဖြင့် ၂၀၀၈ ခုနှစ် ဒီဘက်မှာတော့ နိုင်ငံရေးလှုပ်ရှားမှု တွေ များလာသော်လည်း ကျောင်းသားခေါင်းဆောင်တွေကို နှစ်ရှည်ထောင်ဒဏ်တွေကိုချ၊ ဝေးလံတဲ့ဒေသ တွေကို ရွှေ့ပြီးတော့ မိသားစုတွေဟာ ဒုက္ခအဖုံဖုံ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် အထူးသဖြင့် ကျနော်တို့မျှော်လင့်တာက နအဖ အာဏာပိုင်များနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစု တွေဟာ တစတစ တယောက်နဲ့တယောက် ယုံကြည်မှုကို တည်ဆောက်ပြီးတော့၊ နားလည်မှုတွေ ရပြီးတော့၊ ဆွေးနွေးပြီးတော့၊ အမျိုးသားအကျိုးကို ပူးပေါင်းလက်တွဲပြီးတော့ ဆောင်ရွက်နိုင်ခဲ့မယ်လို့ မျှော်လင့်ခဲ့တယ်။

ဒါပေမဲ့ ၂၀၀၈ ခုနှစ်မှာ အာဏာပိုင်များက အစွမ်းကုန်လုပ်ပြလိုက်တဲ့ စောစောတုန်းကပြောတဲ့ လုပ်ရပ်တွေ ကို ကြည့်မယ်ဆိုရင် ၂၀၀၉ ခုနှစ်မှာလည်း ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ မျှော်လင့် တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ဖို့၊ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ဖော်ဆောင်ဖို့ဆိုတာဟာ ခက်ခက်ခဲခဲ နဲ့ပဲ ဆက်လက်ပြီးတော့ ကြိုးပမ်းရအုံးမယ်။ ၂၀၀၈ ခုနှစ်ထက်တောင် ကြမ်းတမ်းတဲ့၊ ခက်ခဲတဲ့ အနေအထား မျိုးနဲ့ပဲ ရပ်တည်ကြိုးပမ်း ဆောင်ရွက်ရအုံးမယ်လို့ ကျနော် မြင်ပါတယ်။

၂၀၀၉ ခုနှစ် နအဖ ခြေလှမ်း

နအဖရဲ့ အနေအထားကတော့ တဖက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားပါတီများ ရဲ့ အထူးသဖြင့် တိုင်းရင်းသား ငြိမ်းအဖွဲ့တွေ၊ လက်နက်ကိုင်အဖွဲ့တွေကိုရော ဒီမိုကရေစီ အင်အားစုများက အကြိမ်ကြိမ် တိုက်တွန်းနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ပြီးတော့ တွေ့ဆုံဆွေးနွေး ရာကနေ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို တည်ဆောက်ဖို့ တိုက်တွန်းနေသော်လည်းပဲ ဒါတွေကို လျစ်လျူရှု တဖက်သတ်ချထားတဲ့ လုပ်ငန်းစဉ်ကိုပဲ မဖြစ်မနေ သူ ဆက်သွားမယ်လို့ ကျနော်တို့ မျှော်လင့် တယ်။

ဒါက ဘာလဲဆိုရင် စောစောကပြောတဲ့ Road Map ၊ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်းပဲ ဘယ်လိုပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေကို ပြန်ပြင်ဖို့ တောင်းဆိုနေလင့်ကစား ကျနော်ကတော့ သူတို့ လုပ်ချင် တဲ့ အလုပ်တွေကိုပဲ ဆက်လုပ်သွားလိမ့်မယ်လို့ ယူဆတယ်။ အဲလိုလုပ်တဲ့အခါမှာ တဖက်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသား အဖွဲ့စည်းများအနေနဲ့ နအဖ ရဲ့ တဖက်သတ် လုပ်ရပ်နဲ့ ဇွတ်လုပ်သွားတဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ ပူးပေါင်းဆောင်ရွက်ဖို့သော်လည်း ကောင်း၊ သူလုပ်သမျှကို လိုက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။

မဖြစ်နိုင်တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ သူယုံကြည်ရာကို လိုက်ပြီးတော့ တဖက်မှာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ တိုင်းရင်းသားတွေ အခွင့်အရေးတွေရဖို့အတွက် ကြိုးပမ်း ဆောင်ရွက်တဲ့ ဆန့်ကျင်ဘက် လုပ်ငန်းတွေဟာလည်း ဆက်လက်ပြီးတော့ ရှိနေအုံးမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

နှစ်သစ် တိုက်တွန်းချက်

အထူးသဖြင့် ၂၀၀၈ ခုနှစ်မှာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးအတွက် ကြိုးပမ်း လှုပ်ရှားသူတွေဟာ သံဃာတော်များအပါအ၀င် မကြုံစဖူး နှစ်ရှည်ထောင်ဒဏ်တွေချ၊ မိသားစုတွေပါ အတိ ဒုက္ခကြုံခဲ့ရတယ်။ သဘာဝဘေးအန္တရယ်အားဖြင့်ဆိုရင်လည်း နာဂစ် လေမုန်တိုင်းဒဏ်တွေလည်း တခါ မကြုံဖူးတဲ့ လူပေါင်း သိန်းကျော် သေဆုံးခဲ့ရတယ်။ အခုထက်ထိ ပြန်လည်ထူထောင်ရေးနဲ့တကွ အဲဒီဒုက္ခ ကနေ နလန်ပြန်ထူလာနိုင်အောင် ကြိုးပမ်းနေရတဲ့ ဒုက္ခအ၀၀တွေကလည်း ရှိနေသေးတယ်။

အဲဒီအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဟန့်တားမှုတွေ၊ ပိတ်ပင်မှုတွေနဲ့အတူ အခု ကမ္တာ့စီးပွားရေးကပ် ရဲ့ ရိုက်ခတ်မှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေကနေတဆင့် မြန်မာနိုင်ငံကို ရောက်လာတယ်။ အဲလို ရောက်လာ တဲ့ ကပ်ဆိုးဘေးအန္တရာယ်တွေဟာလည်း ဒီ ၂၀၀၉ ခုနှစ်မှာ ပြည်သူတွေမှာ အဆိုးဝါးဆုံး ခံစားနိုင်ပါတယ်။ ဒါကြောင့် ဒီဘေးအန္တရာယ်အပေါင်းကနေ လွတ်မြောက်ဖို့အတွက် မိမိတို့အခွင့်အရေးကို မိမိတို့ရဲ့ သဘာဝ ဘေးအန္တရာယ်ကို ကာကွယ်နိုင်ဖို့ အတတ်နိုင်ဆုံး စုပေါင်းလက်တွဲပြီးတော့ လုပ်ကိုင်ကြပါလို့ တိုက်တွန်း လိုက်ပါတယ်။

ဦးညိုအုန်းမြင့်
နိုင်ငံခြားရေးရာတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)

ဦးညိုအုန်းမြင့်

ကျနော့်အနေနဲ့ကတော့ နအဖဘက်ကတော့ ခေါင်းမာဖို့ အလားအလာများပါတယ်။ နအဖဘက်က ပိုပြီး တင်းကျပ်တဲ့၊ ပိုပြီးတော့ ပြင်းထန်တဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့အတွက် သူတို့ အတွက် အသက်သာဆုံး၊ အကောင်းဆုံးဖြစ်တဲ့ နိုင်ငံရေးအခင်းအကျင်းတခုကို သူတို့ဖန်တီးတဲ့နေရာမှာ ဖမ်း တာပဲဖြစ်ဖြစ်၊ ထိန်းသိမ်းတာပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို ပိုဒုက္ခရောက်အောင် သူတို့ လုပ်လာမယ် လို့ ထင်တယ်။

အခု နအဖရဲ့ စီးပွားရေးကလည်း ကမ္တာ့စီးပွားရေး ဆုတ်ယုတ်မှုတွေက တိုက်ရိုက် မသက်ဆိုင်ပေမယ့် ဗမာ ပြည်က တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ အခက်အခဲတွေ အများကြီးဖြစ်လာတဲ့အခါမှာ ပြည်သူတွေမှာ အင်မတန်ကျပ်တည်းနိုင်တဲ့ အနေအထားမှာ ကျနော် တွေ့ပါတယ်။ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်း အသိုင်းအ၀ိုင်းတွေမှာလည်း အားနည်းနေပါတယ်။ အားနည်းအောင်လည်း နအဖက နည်းမျိုးစုံနဲ့ ဖန်တီးထားတယ်။ မြန်မာပြည်ထဲမှာ အင်အားချို့တဲ့နေတယ်။ အတိုက်အခံတွေအနေနဲ့ စည်းရုံးနိုင်တဲ့ အနေ အထားမရှိဘူး၊ အဲလိုအနေအထားမှာ နအဖ အခွင့်ကောင်းယူလာဖို့ အခြေအနေရှိပါတယ်။

ကျနော်တို့ အပြင်ဘက်ကတော့ နအဖ ကနေ အခွင့်ကောင်းယူလို့ မရအောင် အတတ်နိုင်ဆုံး ကြိုးစားသွား မှာပါ။ အဲလိုတော့ ကျနော်မြင်ပါတယ်။

ဘာလုပ်ကြမလဲ

အဓိကတော့ ကျနော်တို့ အပြင်မှာရှိနေတဲ့ သူတွေက ပြည်တွင်းမှာ လူထုအုံကြွမှုဖြစ်ပါလို့ ပြောတာထက်စာ ရင်၊ ပြည်တွင်းထဲမှာ အမျိုးသား ရင်ကြားစေ့ရေးဆိုတာထက် အာဏာခွဲဝေတဲ့ အလားအလာတခုဖြစ်လာ အောင် ကျနော်တို့ ဖန်တီးရမှာ ဖြစ်ပါတယ်။ အဲလို သံတမန်နည်းနဲ့လည်း ဖြေရှင်းလို့ မရပါဘူး။ ယူအန် (UN) ကိုလည်း ထိုင်စောင့်နေလို့မရဘူး။ ကျနော်တို့ ကိုယ်ပိုင်လုပ်ဆောင်မှုသာ လိုပါတယ်။

ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်နိုင်ငံက စီးပွားရေးပျက်ကပ်ကြောင့် နအဖအတွက် အကျပ် အတည်းတခုလို့လည်း ပြောလို့ရပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအပြောင်းအလဲက ဗမာပြည်ရဲ့ ဒီမို ကရေစီအတွက် တဖက်တလမ်းကနေ အကျိုးရှိလာမယ်လို့ ကျနော်မြင်တယ်။

နအဖအတွက်က အရင် ထိုင်းနိုင်ငံအစိုးရလို အခုလက်ရှိ အစိုးရကနေ စစ်အစိုးရကို ကာကွယ်ပေးလိမ့်မယ် လို့တော့ မထင်ဘူး။ အဲဒီလိုအနေအထားကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့အတွက် အားရှိစေတယ်။ အဲဒီ အချက်ကို ကျနော်တို့ အကောင်းဆုံး အသုံးချနိုင်ဖို့ လိုပါတယ်။ အဲဒီအတွက်ကြောင့်လည်း ခုနပြောတဲ့ တရုတ်ပြည်အနေနဲ့လည်း နအဖ တယောက်ထဲနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်လို့ မရဘူးဆိုတာ သဘောပေါက်ပြီ ထင်ပါတယ်။ တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းမှုရှိဖို့ဆိုတာ သူ့ရဲ့ မဟာဗျူဟာ စဉ်းစားချက်တခု ဖြစ်တယ်။

အဲဒီတော့ လက်ရှိအစိုးရက ဆက်ပြီး တည်ငြိမ်အောင် ထိန်းထားနိုင်မလားဆိုတဲ့ မေးခွန်းကို တရုတ်ပြည်ကို တင်ပြဖို့လည်း ဖြစ်ပါတယ်။ ဒီအချိန်မှာ ဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံဟာ ဒေသတွင်းရဲ့ ခြိမ်းခြောက်မှုတခုလို့ သူတို့ စိတ်ထဲမှာ တရားဝင် ဖွင့်မပြောပေမယ့် တရားမ၀င် ပြောလာတဲ့အချက်တွေ ရှိပါ တယ်။ အဲဒီအချက်တွေကို ကျနော်တို့ အသုံးချပြီးတော့ ခုန ပိုပြီးတော့ Collective ဖြစ်တဲ့၊ ပိုပြီး Unity ဖြစ် တဲ့၊ ဒီမိုကရက်တစ် လှုပ်ရှားမှုတခု ရှိဖို့လိုမယ်လို့ ထင်ပါတယ်။ အဲလိုဖြစ်အောင်လည်း ကျနော်တို့ ကြိုးစား သွားပါမယ်။

ကျနော်တို့က ပြည်သူလူထုရဲ့ အစေခံဖြစ်ပါတယ်။ လူထုတွေ သိပ်ဒုက္ခရောက်နေတဲ့ အချိန်မျိုးမှာ ဒီလို စစ် ကျွန်ဘ၀လွတ်အောင် အဓိက ကျနော်တို့ဖြစ်ရမှာက တန်းတူညီမျှမှုပေါ့။ တိုင်းရင်းသားတွေ အားလုံး ၀ိုင်းပြီး တော့ နအဖကို ကျနော်တို့ စိန်ခေါ်နိုင်မှသာလျှင် ကျနော်တို့ တကယ်လိုချင်တဲ့ ဒီမိုကရေစီ၊ ဘယ်သူ့မှ ကြောက်စရာမရှိဘဲ လွတ်လွတ်လပ်လပ် နေနိုင်ရမယ်၊ လွတ်လွတ်လပ်လပ် ရှာဖွေစားသောက်နိုင်ရမယ့် အနေအထားမျိုးကို ကျနော်တို့ အားလုံးလုပ်မှ ဖြစ်ပါမယ်။ တယောက်ထဲ လုပ်လို့မရပါဘူးလို့ ကျနော် ပြော ချင်ပါတယ်။

ဦးဉာဏ်ဝင်း
ပြောခွင့်ရပုဂ္ဂိုလ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးဉာဏ်ဝင်း

ကျနော်တို့ ၂၀၀၉ ခုနှစ်မှာ နိုင်ငံရေး အပြောင်းအလဲ၊ ဒီမိုကရေစီအပြောင်းအလဲ ဆိုတာနဲ့ပတ်သက်ရင် အခု ချိန်ထိတော့ လက္ခဏာ မတွေ့ပါဘူး။ ကျနော်တို့ အဖွဲ့ချုပ်အနေနဲ့ အဓိက တောင်းဆိုထားတဲ့ ကြေညာချက် အမှတ် ၁၈ ထဲမှာ ပြည်သူ့လွှတ်တော်ခေါ်ပြီးတော့ ကျနော်တို့ ပြည်သူ့လွှတ်တော်ကနေပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ Review ကော်မတီဖွဲ့မယ်။ Review ကော်မတီက ၆ လအတွင်း ပြီးအောင်လုပ်မယ်။ ဒါဟာ ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အကောင်းဆုံးလို့ ကျနော်တို့ ယူဆရတဲ့အတွက် ဒါကို တောင်း ဆိုထားတယ်။ ဒီတောင်းဆိုချက်က အခုချိန်ထိတော့ တုံ့ပြန်တာမရှိပါဘူး။ သို့သော်လည်းပဲ ဒီဟာက ပြည်သူ လူထုရဲ့ ဆန္ဒနဲ့ အညီဖြစ်တယ်လို့ ယုံကြည်ယူဆတဲ့အတွက် ကျနော်တို့ ဒီအပေါ်မှာ မျှော်လင့်ပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို လိုက်လျောမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ တောင်းဆိုတာက NLD အတွက် တောင်းဆိုတာ မဟုတ်ဘူး။ ပြည်သူလူထုနဲ့ တိုင်းပြည်အတွက် ဖြစ်ပါတယ်။

ကျနော်တို့က ဘယ်မှာပဲဖြစ်ဖြစ် ပြည်သူ့ဆန္ဒသည်သာ အဓိကလို့ ကျနော်တို့က ဒီမိုကရေစီသမားတွေပီပီ ကျနော်တို့ ယုံကြည်တယ်။ အဲဒီယုံကြည်ချက်ကြောင့် ကျနော်တို့ မျှော်လင့်တာပါ။ ခုန ကျနော် ပြောပါတယ်။ လက္ခဏာ တုံ့ပြန်တာတွေတွေ့လို့ ကျနော်တို့ ပြောနေတာ မဟုတ်ဘူး။ မတွေ့ပေမယ့် ပြည်သူ့ဆန္ဒဟာ ထိပ် မှာဖြစ်နေတဲ့အတွက် ဒီလိုဖြစ်လာရမယ်လို့ ကျနော်တို့ ယုံကြည်တာဖြစ်ပါတယ်။

နိုင်ငံရေးအရ ကျနော်တို့ ဖြစ်စေချင်တာက ကြေညာချက် အမှတ် ၁၈ ပါပဲ။ စောစောက ကျနော်ပြောသလိုပါ ပဲ။ ပြည်သူ့လွှတ်တော်ခေါ်ပေး၊ ပြည်သူ့လွှတ်တော်ကနေ Review committee ဖွဲ့၊ အားလုံး ပါဝင်တဲ့ Review ကော်မတီဖွဲ့၊ အဲဒါကနေ အဲဒါကိုလည်း အချိန်အကန့်အသတ်လုပ်၊ ဒါ ကျနော်တို့ ဖြစ်စေချင်တာပါ။

နှစ်သစ် သတင်းစကား

ပြည်သူလူထုက မိမိတို့လိုချင်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထက် မိမိတို့ကိုယ်တိုင် အပြည့်အ၀ ဦးဆောင် ပါဝင်စေချင်တယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ကျနော် သတင်းစကား ပါးချင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ပြင်ဆင်မှု

ကျနော်တို့ လုံးဝ ပြင်ဆင်မှု မလုပ်ပါဘူး။ ကျနော်တို့ လုံးဝ ဆုံးဖြတ်ထားခြင်း မရှိသေးပါဘူး။ ပြင်ဆင်တဲ့ အဖွဲ့ အစည်းတွေ ရှိတယ်တော့ ကြားတယ်။ ဒါပေမဲ့ အတိအကျ မသိရသေးဘူး။

စောဒေးဗစ်ထော
တွဲဘက် အထွေထွေအတွင်းရေးမှူး - ၁
တိုင်းရင်းသားလူမျိုးများကောင်စီ (ပြည်ထောင်စု မြန်မာနိုင်ငံ) - အီးအန်စီ

စောဒေးဗစ်ထော

၂၀၀၉ ခုနှစ်ကိုကြည့်ရင် ဒီနှစ်က အရေးကြီးတဲ့နှစ်လို့ ပြောလို့ရတယ်။ ၂၀၁၀ ခုနှစ်မှာ နအဖရဲ့ ရွေးကောက်ပွဲ ရှိမယ်။ ကျနော်ထင်တာ ၂၀၀၉ ခုနှစ်မှာ အပြောင်းအလဲ အများကြီးရှိမယ်။ ပြင်ဆင်မှုတွေ အများကြီးရှိမယ်။ နအဖ အနေနဲ့ နိုင်ငံတကာ ထောက်ခံမှုတွေရအောင် ကြိုးစားမယ်။ နိုင်ငံတကာ ငြိုငြင်တဲ့ဟာတွေကို သူ လျှော့တန်လျှော့မယ်။ ဒါပေမဲ့ အတိုက်အခံအင်အားစုတွေ အပေါ်မှာတော့ အခု လက်ရှိအနေအထားမှာ ကြည့်ရင် သူ့အနေနဲ့ လျှော့မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ရှည်ထောင်ဒဏ်ချတာတွေပဲ ကြည့် ကြည့်၊ ထောင်ထဲမှာ အကျဉ်းကျပြီးသား လူတွေကို အမှုသစ်တွေ ပြန်ဖော်ပြီးတော့ အပြစ်ပေးနေတာတွေကို ကြည့်ရင် သူ့ကို မလှန်ရဲအောင်တော့ လုပ်နေတဲ့လုပ်ရပ်တွေကို တွေ့ရမယ်။

ပြည်သူတွေအနေနဲ့ကတော့ ကနေ့ ကမ္ဘာ့စီးပွားရေးကပ် ရိုက်ခတ်မှုတော့ ရှိမယ်။ ပြည်သူတွေအနေနဲ့က တော့ ပိုပြီးတော့ ရုန်းကန်ရလိမ့်မယ်။ ပြည်သူတွေက နီးစပ်ရာ တိုင်းပြည်တွေကိုသွားပြီး အသက်မွေးဝမ်း ကျောင်း အလုပ်တွေ လုပ်လာလိမ့်မယ်။ ပြည်တွင်းမှာလဲ အစိုးရရဲ့ မတရားကောက်ခံတဲ့ အခွန်တွေကို မပေး နိုင်တဲ့အပေါ်မှာ တော်တော်များများကတော့ ပြည်ပမှာ အလုပ်အကိုင် ရှာဖွေပြီးတော့ မိသားစုတွေကို ပြန်လည်ပံ့ပိုးပါလိမ့်မယ်။ လူလတ်တန်းစားတွေ အနေနဲ့လည်း အခုလောလောဆယ် စီးပွားရေးအမြင်နဲ့ ပြော မယ်ဆိုရင် စစ်တပ်နဲ့နီးစပ်တဲ့ လူတွေတောင် သိပ်ပြီးတော့ အဆင်မပြေတဲ့ အခြေအနေ ရှိနေတယ်။ သူတို့ စီးပွားရေး အခြေအနေ တည့်မတ်ရမယ့် အခြေအနေမှာရှိတယ်။ တောင်သူလယ်သမားတွေအနေနဲ့ သီးနှံတွေ ရောင်းချမှုတွေအပေါ်မှာ အစိုးရရဲ့ အကန့်အသတ်က လွတ်မယ်ဆိုရင်တော့ သူတို့ အသက်ရှူချောင်မယ်။ တကယ်လို့ မလွတ်ရင် အခက်အခဲတွေ အများကြီးရှိမယ်။

ပညာရေးနဲ့ ပတ်သက်ပြီး ကြည့်မယ်ဆိုရင် တိုင်းပြည်မှာ ပညာရေးကတော့ တော်တော်လေးကို နောက်ကျ ကျန်ရစ်ခဲ့ပြီ။ တော်တော်များများကတော့ နိုင်ငံရပ်ခြားထွက်ပြီးတော့ သူတို့ရနိုင်တဲ့ ပညာတွေ သင်ယူမယ်။ ပြည်တွင်းမှာ ဘွဲ့ရပေမဲ့လည်း အဆင်မပြေတော့ ပြည်ပမှာပဲ။

ကိုအေးလွင်
၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ)

ကိုအေးလွင်

အပြောင်းအလဲအနေနဲ့တော့ အပြောင်းအလဲကို ဦးတည်တဲ့ ဖြစ်စဉ်တွေလောက်ပဲ ရှိမယ်ထင်တယ်။ နိုင်ငံရေးပါတီတွေ ထူထောင်ခွင့် ပေးတာမျိုးပေါ့ဗျာ။ အဲဒါလောက်ပဲ ရှိလိမ့်မယ်။ ကျန်တဲ့ အခြေနေမျိုးတော့ ရှိမယ် မထင်ဘူး။

ဒါတော့ ကျနော်တို့ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ ၂၀၀၉ မှာမှ ပါတီတည်ထောင်ခွင့် မပေးရင် ကျနော်တို့ ဘာမှ လုပ်လို့ မရတော့ဘူး။ ၂၀၀၉ မှာ သူတို့ သေချာပေါက် ၁ လ၊ ၂ လ၊ ၃ လလောက်မှာ ဖြစ် အောင် လုပ်ပေးရမယ်ဆိုတဲ့ အနေအထားမျိုး အစိုးရမှာ တာဝန်ရှိနေပြီပေါ့။

အဲဒါကတော့ အစိုးရနဲ့ ပိုပြီး ဆိုင်လိမ့်မယ်ထင်တယ်။ ကျနော်တို့ တွက်ရမှာကတော့ နိုင်ငံရေးကိစ္စနဲ့ နိုင်ငံရေး အရ ဖြစ်ပေါ်နေတဲ့ အခြေအနေမျိုး အကောင်းဘက်ကို တိမ်းညွှတ်လာဖို့ပဲ။ တိုင်းပြည်ရဲ့ စီးပွားရေး စားဝတ် နေရေး ဘာညာကိစ္စတွေက အစိုးရရဲ့ မူဝါဒတွေနဲ့ပဲ ဆိုင်တယ်။ နိုင်ငံတကာကနေပြီးတော့ မြန်မာနိုင်ငံပေါ်မှာ ကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့လည်း ဆိုင်လိမ့်မယ်။

အဲဒီဟာတွေက ကျနော်ထင်ပါတယ်၊ ကာယကံရှင်တွေက ပြောင်းလဲပေးရင် လက်တွေ့မှာ ကျနော်တို့ ပြည်သူတွေအတွက် အခြေအနေကောင်းလာမယ်။ ဆိုကြပါစို့၊ သမ္မတအသစ်တက်လာမယ့် အိုဘားမားလို ပုဂ္ဂိုလ်မျိုး မြန်မာနိုင်ငံကို စီးပွားပိတ်ထားမျိုးကို သူလို ပုဂ္ဂိုလ်မျိုးက ပြန်လာသုံးသပ်ပြီးတော့ သူ သမ္မတ တာဝန် ထမ်းဆောင်တဲ့အချိန်ကနေ ပြန်လည်ရုပ်သိမ်းတာမျိုး လုပ်လိုက်မယ်ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်အတွက် အများကြီးကောင်းတာပေါ့။

ကျနော်တို့လည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်။ တယောက်နဲ့ တယောက် အကျပ်ကိုင်ပြီးတော့ အပြောင်း အလဲကို တောင်းဆိုနေတာက တိုင်းပြည်လည်း အထိနာတယ်။ ပြည်သူလူထုလည်း အကျပ်အတည်းတွေ့ တယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကလည်း အလုပ်မဖြစ်ပါဘူး။ ဒါတွေလည်း နိုင်ငံရေးသမားအားလုံး လည်း သုံးသပ်နိုင်ပါတယ်။ သုံးလည်းသုံးသပ်နေကြတာပဲ။

ဒီနှစ်မှာ ကျနော်တို့က ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျနော်တို့ ပြည်သူတွေအတွက်ရော၊ ကျနော်တို့ ဒီမို ကရေစီလိုလားတဲ့ ဒီမိုကရေစီအရေးမှာ ဆောင်ရွက်တဲ့ နိုင်ငံရေးသမားတွေအတွက်ရော ဒီအခြေအနေဟာ ကျနော်တို့ မဖြစ်မနေ ၂၀၁၀ အတွက် ကြိုတင်ပြင်ဆင်ပြီးတော့ အကောင်းဆုံး နိုင်ငံရေး အခင်းအကျင်းတွေ ဆောင်ရွက်ကြရမှာပေါ့။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်ပေါ်လာမယ့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးရမှာက လက်ရှိ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးအစိုးရ ဖြစ်တယ်။

သူတို့ အကောင်အထည် ဖော်ပေးရမယ့် ပုဂ္ဂိုလ်တွေကိုလည်း ကျနော်တို့က ဒီ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေး၊ မဟာဗျူဟာမြောက် လုပ်ဘော်ကိုင်ဘက်တွေလို သဘောထားပြီး ကျနော်တို့ဘက်ကလည်း ကြည့်မယ်။ သူတို့ အနေနဲ့လည်း သူတို့ တာဝန်ယူထားတဲ့ အသွင်ကူးပြောင်းရေး တာဝန်တွေကို နိုင်ငံရေးလောကထဲက လူတွေ နိုင်ငံရေး လုပ်စကိုင်စရှိတဲ့ အခြေအနေမျိုး၊ ပြည်သူတွေဆိုလို့ရှိရင် ပြည်သူလူထုရဲ့ ဒီမိုကရေစီ အရေးကို ရှေးရှုတဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အပြန်အလှန် အသိအမှတ်ပြုပြီးတော့ နားလည်မှု ရှိရှိနဲ့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်အတွက် ၂၀၀၉ ဟာ ၂၀၁၀ အတွက် အောင်မြင်တဲ့ ကောင်းမွန်တဲ့ အခင်းအကျင်းတခုပေါ့ နိုင်ငံရေးရပ်တည်မှု ဖြစ်လာနိုင်တယ်။

ဒါဆိုရင်တော့ ကျနော်တို့ ပြည်သူတွေအတွက် အင်မတန်ကောင်းတဲ့ အခြေအနေတခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲဒီအတွက် ကျနော်တို့ ပြည်သူတွေအနေနဲ့ မျှော်လင့်ချက်ထားသလို အခုလက်တွေ့မှာ လည်း ကိုယ်လုပ်နိုင်တဲ့ဘက် ကြည့်ပြီးတော့၊ ကိုယ့်တာဝန်လို သဘောထားပြီးတော့ အလေးအနက် ဆောင် ရွက်ကြဖို့ ပြောချင်ပါတယ်။

ဖြစ်လာမယ့် အခြေအနေကို မျှော်လင့်တာမျိုး မဟုတ်ဘဲနဲ့ ဖြစ်လာစေချင်တဲ့ ဟာတွေကို ဖြစ်အောင် ကျနော် တို့ လုပ်သွားမယ်။

ဒေးဗစ် တာကပေါ
ပြောရေးဆိုခွင့်ရှိသူ
ကရင်အမျိုးသားအစည်းအရုံး - ကေအန်ယူ

ဒီနှစ်အတွင်းမှာတော့ ကျနော်တို့ အရှိန်မြှင့်မှာပေါ့။ နအဖ က ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှု၊ ပြည်ထောင်စုစစ်စစ် ပြုပြင်ပြောင်းလဲမှု ဖြစ်အောင် တိုက်ပွဲကို အရှိန်မြှင့်ရမယ်။ တိုက်ပွဲပျော့ပျော့နဲ့ လုပ်ရိုး လုပ်စဉ်တိုင်းသွားလို့တော့ မရဘူးလို့ထင်တယ်။ နည်းသစ်လမ်းသစ်လေးထွင်ပြီး နအဖကို လမ်းပေါ်ရောက် အောင် ကျနော်တို့ ဆက်တွန်းရမှာပေါ့ဗျာ။ ၂၀၀၉ အတွင်းမှာ အပြင်းအထန် တိုက်ပွဲဝင်မယ်လေ။ နအဖကို လမ်းမှန်ရောက်အောင် တွန်းရမှာပေါ့။

အဲသလို ဆွဲတဲ့လူလည်းဆွဲ၊ တွန်းတဲ့သူလည်း တွန်းပေါ့ဗျာ။ ခါတိုင်းလို ပျော့ပျော့လေးဆွဲ၊ ပျော့ပျော့လေး တွန်းလို့ မရတော့ဘူးလေ။ ခပ်ပြင်းပြင်းဆွဲ၊ ခပ်ပြင်းပြင်းတွန်းတာမျိုး။ အဲသလို နည်းသစ်၊ လမ်းသစ်အရ ဆောင်ရွက်ရမယ်လို့ မြင်တယ်လေ။

မြန်မာ့ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး အတိအကျပြောလို့မရဘူး။ မျှော်လင့်တာတော့ ရှိတာပေါ့ဗျာ။ နအဖ အနေနဲ့က လမ်းမှားလိုက်နေတယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး ဒီမိုကရေစီ အတုအယောင် လုပ်ဖို့၊ ဒီမို ကရေစီ အရေခြုံတဲ့ စစ်အစိုးရ ဆက်လက် တရားဝင်အုပ်ချုပ်ရေးလုပ်နေတယ်။

တိုင်းရင်းသားလူမျိုးများ လက်မခံနိုင်တဲ့ တပြည်ထောင်စနစ်ပေါ့ဗျာ။ ဗဟိုက အားလုံး အာဏာချုပ်ကိုင်ရေး အစီအစဉ်အတိုင်း သွားနေတယ်။ ကျနော်တို့က နည်းမျိုးစုံနဲ့ ဖိအားပေးရမှာပေါ့ဗျာ။ ရှေ့ကဆွဲတယ်ဆိုတာ မုန့်ပြတာပေါ့ဗျာ။ သူ အပြောင်းအလဲလုပ်ရင် သူ့အတွက် ဘယ်လောက် အကျိုးရှိမယ်၊ တိုင်းပြည်အတွက် ဘယ်လောက်အကျိုးရှိမယ်ဆိုတာ တဖက်ကလည်း ထောက်ပြရင်း နအဖအနေနဲ့ သံဝေဂတရားတွေ ရလာ ပြီးတော့ ပြုပြင်ပြောင်းလဲမှု စစ်မှန်တဲ့ဒီမိုကရေစီ၊ စစ်မှန်တဲ့ ပြည်ထောင်စု အဲဒီစနစ်တွေ ပြောင်းလဲ လုပ် ဆောင်လာဖို့၊ လုပ်ဆောင်တဲ့အခါမှာလည်း ပြည်သူ့ဆန္ဒအတိုင်း နောက်ပြီးတော့ ကျနော်တို့ နိုင်ငံရေး အဖွဲ့ အစည်းတွေအားလုံးနဲ့ ဟန်ချက်ညီ ပူပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ လုပ်သွားဖို့ပါပဲ။

၂၀၀၉ မှာ နအဖက နေပြီးတော့ သူ့လက်ရွေးစင် တပည့်လက်သားတွေနဲ့ စိတ်ကြိုက်ဆွဲထားတဲ့ အခြေခံ ဥပဒေကြီးကို အမှိုက်ပုံးထဲ ထည့်ပစ်မယ်၊ ဒါမှမဟုတ် ဥပဒေအသစ် ပြန်ဆွဲလာနိုင်မယ်၊ အဲလိုမှမဟုတ် ရှိပြီး သား ဥပဒေကိုပဲ Justice changes ပေါ့၊ အရင်းအမြစ်ကနေလှန်ပြီး ပြောင်းလဲတာမျိုးတွေ အဲလိုလုပ်လာ အောင် ကျနော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။

နှစ်သစ်စကား

ကျနော်တို့ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း တိုက်ပွဲဝင်မယ်၊ ပြည်သူတွေကလည်း တတ်နိုင် တဲ့ဘက်က ပါဝင်ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ၊ စစ်မှန်တဲ့ ပြည်ထောင်စု အပြောင်းအလဲ ဖြစ်လာအောင် သူတို့လည်းပါဝင်ဖို့ လိုတယ်။ သူတို့ပါဝင်နိုင်အောင်လည်း ကျနော်တို့ အခြေအနေ ဖန်တီးရမှာဖြစ်ပါတယ်။ အဲလိုဖန်တီးဖို့ ကျနော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ကိုဝင်းမင်း
မြန်မာ့အရေးလေ့လာသူ

ကိုဝင်းမင်း

၂၀၀၉ ကာလမှာတော့ အစိုးရအဖွဲ့ကနေ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေလိမ့်မယ်။ အတိုက်အခံဘက်က တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တရားမမျှတနိုင်ဘူး၊ မလွတ်လပ်နိုင်ဘူးဆိုပြီး campaign လုပ်လိမ့် မယ်။ စစ်အစိုးရက အရမ်းခေါင်းမာတဲ့သဘော ရှိတယ်။ သူ့လမ်းအတိုင်း လိုက်ရင်လိုက်၊ အဲဒီအတိုင်းပဲ တသွေမတိမ်း လုပ်မယ့်သဘော ရှိတယ်ဆိုတော့ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အလားအလာ တော်တော် နည်း သွားပြီ ထင်တယ်။ ဖမ်းဆီးမှုတွေ ပိုများလာနိုင်တယ်။ အဓိကကတော့ လူတွေအားလုံး ကြောက်ပြီးတော့ လူထုဆန္ဒခံယူပွဲ လုပ်သလိုမျိုးပေါ့။ ခြိမ်းခြောက်မှုလုပ်ပြီးတော့ ရွေးကောက်ပွဲကို အနိုင်ရအောင် လုပ်သွား မယ်လို့ ထင်တယ်။

နိုင်ငံတကာ ငွေကြေးအကျပ်အတည်း ဖြစ်တယ်ဆိုတော့ စီးပွားရေးရှေ့မှာ ပိုပြီး အခက်အခဲကြုံမယ် ထင် တယ်။ ၂၀၀၇ ကတည်းကဖြစ်တဲ့ စီးပွားရေးပြဿနာလည်း အခုထိ မဖြေရှင်းနိုင်သေးတော့ ပိုပြီး ဆိုးမယ် ထင်တယ်။ နိုင်ငံတကာမှာ သဘာဝဓာတ်ငွေ့ဈေး ကျတယ်ဆိုတော့ ၀င်ငွေ ကျလာလိမ့်မယ်။ ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့သူတွေ ပြန်လာမယ့်ဦးရေ များမယ်ဆိုတော့ အလုပ်လက်မဲ့ပြဿနာနဲ့ စီးပွားရေး ကျပ် တည်းမှု ပြဿနာ ကြုံရမယ်ထင်တယ်။



REF: မဇ္ဈိမ

Read More...

မြန်မာပြည် လွတ်လပ်ခွင့် နိမ့်ကျဆဲ၊ Freedom House အစီရင်ခံစာ ဖော်ပြ

13 January 2009

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ လွတ်လပ်ခွင့်အခြေအနေကို အမေရိကန်နိုင်ငံ ၀ါရှင်တန်အခြေစိုက် Freedom House အဖွဲ့ကြီးက နှစ်စဉ် လေ့လာတင်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်ဦးမှာ ထုတ်ပြန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွက် လွတ်လပ်ခွင့် အခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံ အပါအ၀င် ၄၂ နိုင်ငံဟာ မလွတ်လပ်ကြဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံကိုလေ့လာရာမှာ ဘယ်လိုအချက်အလက်တွေကို ကြည့်ရှုခဲ့ပါသလဲ။ အပြည့်အစုံကို ဦးတင်မောင် သန်းက တင်ပြထားပါတယ်။

၂၀၀၉ ခုနှစ် ကူးလာခဲ့ပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က အခြားနိုင်ငံ ၄၂ နိုင်ငံနဲ့အတူ မလွတ်လပ်တဲ့ တိုင်းပြည် ဖြစ်မြဲဖြစ်နေပါသေးတယ်လို့ Freedom House အဖွဲ့ကြီးရဲ့ ၂၀၀၉ ခုနှစ် အစီရင်ခံစာက ဆိုပါ တယ်။ Freedom House အဖွဲ့ကြီးဟာ ကမ္ဘာတ၀န်းနိုင်ငံတွေရဲ့ လွတ်လပ်ခွင့်တွေကို နှစ်စဉ် စောင့်ကြည့် နေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် အစီရင်ခံစာကို ဒီကနေ့ပဲ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့တော်မှာ ထုတ်ပြန်ခဲ့ တာပါ။

ကမ္ဘာ့နိုင်ငံတွေကို ခွဲခြားကြည့်ခဲ့ပုံနဲ့ပတ်သက်ပြီး ကမ္ဘာ့လွတ်လပ်ခွင့် လေ့လာရေးအဖွဲ့ရဲ့ အရှေ့တောင်အာရှ ပိုင်ခြားသုံးသပ်သူက အခုလိုပြောပါတယ်။ သူက သူ့အမည်ကိုမဖော်ပြဖို့ ဗွီအိုအေကို မေတ္တာရပ်ခံပါတယ်။

“Freedom House အဖွဲ့ကြီးက နိုင်ငံတွေကို လွတ်လပ်သောနိုင်ငံ၊ တပိုင်းတစ လွတ်လပ်သောနိုင်ငံနဲ့ မလွတ်လပ်သောနိုင်ငံတွေအဖြစ် ခွဲကြည့်ပါတယ်။ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေဟာ အမှတ် ၇ ရပါတယ်။ အဲဒီအမှတ်က လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးအရ ခွဲတာပါ။ အထူးသဖြင့် နိုင်ငံရေးအခွင့်အရေးနဲ့ နိုင်ငံသားတွေရဲ့လွတ်လပ်မှုအရ မလွတ်လပ်တဲ့သဘော ဖြစ်ပါတယ်။”

ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတပုံက အဲဒီ မလွတ်လပ်တဲ့နိုင်ငံ ၄၂ နိုင်ငံမှာ နေထိုင်နေကြရတာပါ။ အဲဒီလူဦးရေရဲ့ တ၀က်က တရုတ်ပြည်မှာ နေထိုင်ကြပါတယ်။ အာရှ-ပစိဖိတ်ဒေသမှာဆိုရင် တရုတ်နဲ့ မြောက်ကိုရီးယား နိုင်ငံတွေက မြန်မာနိုင်ငံလိုပဲ မလွတ်လပ်တဲ့စာရင်းက မကျွတ်နိုင်ကြသေးပါဘူး။

အရှေ့တောင်အာရှမှာဆိုရင်တော့ ဗီယက်နမ်၊ လော၊ ကမ္ဘောဒီးယားနိုင်ငံတွေကလည်း မြန်မာနိုင်ငံနဲ့အတူ မလွတ်လပ်တဲ့နိုင်ငံတွေထဲမှာ ပါနေပါတယ်။ တောင်အာရှနိုင်ငံတွေဖြစ်ကြတဲ့ ပါကစ္စတန်၊ မော်လ်ဒိုက်ဗ်နဲ့ ဘူတန်နိုင်ငံတွေက မနှစ်က ရွေးကောက်ပွဲတွေကို အတော်အတန် လွတ်လပ်ပြီး တရားမျှတ ကျင်းပခဲ့ကြတဲ့ အတိုင်း Freedom House အစီရင်ခံစာမှာ တိုးတက်မှုတွေ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် လူဦးရေထူပြောတဲ့ တရုတ်နိုင်ငံက မလွတ်လပ်တဲ့အတွက်ကြောင့်လည်း ကမ္ဘာ့လူဦးရေရဲ့ တ၀က်ဟာ မလွတ်လပ်တဲ့ အခြေ အနေမှာ နေနေရတယ်လို့ Freedom House အဖွဲ့ကြီးက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လေ့လာခဲ့တဲ့အခါ အခုလိုတွေ့ရှိရတယ်လို့ သူမက ဆိုပါတယ်။
“ဒီနှစ် ကျမတို့ လေ့လာတဲ့အခါ ရွှေဝါရောင်တော်လှန်ရေး နောက်ဆက်တွဲ ချေမှုန်းရေးတွေကို အထူး အာရုံ စိုက် ကြည့်ပါတယ်။ နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးတဲ့ လူအရေအတွက် ကြည့်ပါတယ်။ ဒီနှစ်အစောပိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ၊ လွတ်လပ်ခွင့်တွေကို ကျမတို့ ကြည့်ပါတယ်။ အဲဒါတွေက မြန်မာနိုင်ငံကို အမှတ်အဆင့် သတ်မှတ်ရာမှာ သော့ချက်ကျပါတယ်။”

နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကလည်း မြန်မာနိုင်ငံမှာ မရှိသလောက်ပဲလို့ ပိုင်းခြားသုံးသပ်သူက ပြောပါ တယ်။ နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကို ကြည့်ရာမှာ လွတ်လပ်စွာဖော်ပြခွင့် ရှိမရှိ၊ ယုံကြည်ခွင့်ရှိမရှိ၊ အဖွဲ့ အစည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခွင့် ရှိမရှိ၊ ဥပဒေစိုးမိုးမှု ရှိမရှိ၊ တဦးချင်း အခွင့်အရေးတွေ ရှိမရှိဆိုတဲ့ အချက် တွေကို ကြည့်ရှုပါတယ်။ လွတ်လပ်စွာဖော်ပြခွင့်နဲ့ ပတ်သက်ပြီး သုံးသပ်သူက အခုလို ဆက်ပြောပါတယ်။

“လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အဆင့်သတ်မှတ်ချက်က အရင်နှစ်အတိုင်းပါပဲ။ ၂၀၀၈ နှစ်ဦးပိုင်းမှာ အထူးသဖြင့် မီဒီယာကို ချေမှုန်းခဲ့ပါတယ်။ စာနယ်ဇင်းသမား အယောက် ၂၀ ကို ဖမ်းဆီးခဲ့ပါ တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ လူထုဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး မီဒီယာကို လိုသလို ကစားခဲ့ပါတယ်။”

လွတ်လပ်ခွင့်ကို အဆင့်သတ်မှတ်ရာမှာ လွတ်လပ်ခွင့်အရှိဆုံးကို ၁၊ မရှိဆုံးကို ၇ သတ်မှတ်ပါတယ်။ ၁၉၇၂ ကနေ ၁၉၈၀ အထိ၊ အဲဒီနောက် ၁၉၈၈ နဲ့ ၈၉ တွေမှာ နိုင်ငံရေး အခွင့်အရေးက အဆင့် ၇ ဖြစ်ပေမယ့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်ကတော့ ၅ နဲ့ ၆ တွေမှာ ရှိခဲ့ပါသေးတယ်။ ၁၉၈၉ နောက်ပိုင်းကစပြီး မြန်မာ နိုင်ငံရဲ့ လွတ်လပ်ခွင့်ဟာ အဆိုးဆုံးအဆင့် သတ်မှတ်ချက် ၇ မှာ ဆက်တိုက် သတ်မှတ်ခံခဲ့ရပါတယ်။



REF: ဗွီအိုအေ

Read More...

မြန်မာနိုင်ငံမှာ အပြောင်းအလဲ မြင်ချင်ဟု ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ပြော

၁၂ ဇန်န၀ါရီ ၂၀၀၉

မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်သည်ကို မြင်လိုသည့် ဆန္ဒရှိသော်လည်း မြန်မာနှင့်ဆက်ဆံရာတွင် အနောက်နိုင်ငံများနှင့် မတူသည့် နည်းလမ်းကို သုံးသွားမည်ဟု ထိုင်းဝန်ကြီးချုပ် အာဘီဆစ်ဝိဇ္ဇာဇီဝက ပြောသည်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံ တည်ရှိနေတဲ့ ဒေသတွင်းနိုင်ငံတွေ ဘာမှ မခြားနားပါဘူး။ ကျနော်တို့အားလုံး မြန်မာနိုင်ငံမှာ အပြောင်းအလဲ တခုခုဖြစ်တာ မြင်ချင်ကြတာပါပဲ” ဟု ၀န်ကြီးချုပ် အာဘီဆစ်က သတင်းထောက်များကို ပြောသည်။

သို့သော် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲလာအောင် မည်သည့်နည်းလမ်းမျိုး သုံးမည်၊ မည်သို့ ဖိအား ပေးမည်ဆိုသည်ကိုမူ ထိုင်းဝန်ကြီးချုပ်က ရှင်းရှင်းလင်းလင်း ပြောဆိုမသွားပေ။ မြန်မာစစ်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် ဘန်ကောက်တွင် တွေ့ဆုံပြီးနောက် အာဘီဆစ်က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။

ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူသည် ထိုင်း ဒီမိုကရက်ပါတီ အာဏာရလာပြီးနောက် ၀န်ကြီးချုပ် အာဘီဆစ်အား လာရောက်တွေ့ဆုံသည့် မြန်မာစစ်အစိုးရထဲမှ ပထမဆုံးပုဂ္ဂိုလ် ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်နှင့် တပ်ဆင်လက်ဝေခံများ အာဏာရသည့်အချိန်တွင် မြန်မာနိုင်ငံအပေါ် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားများကို ရှေ့တန်းတင် ဆက်ဆံခဲ့သည်။ ထိုဆက်ဆံရေးကို ရုတ်တရက် ချက်ချင်း ပြောင်းပြန်လှန် ဆက်ဆံရန်မှာ မလွယ်ကူဟု Tha Nation အယ်ဒီတာ Kavi Chongkittavorn က ထောက်ပြ ခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ကမူ မြန်မာနှင့်ဆက်ဆံရာတွင် တပ်ဆင်လက်ထက်ကဲ့သို့ လူနှစ်ယောက် တည်းနှင့် ဆုံးဖြတ်ပြီး လုပ်ကိုင်ခဲ့သည့် ဆက်ဆံရေးမျိုးရှောင်ရှားပြီး ဖြောင့်ဖြောင့်မတ်မတ် ဆက်ဆံသွားမည် ဟု ပြောခဲ့သည်။



REF: ခေတ်ပြိုင်

Read More...

အနောက်မှ ပိတ်ဆို့မှု ပြန်သုံးသပ်ဟု အရှေ့တီမော တိုက်တွန်း

Monday, 12 January 2009

မြန်မာပြည်အား စီးပွားရေးပိတ်ဆို့သည့် အနောက်နိုင်ငံတို့၏ မူဝါဒကို ပြန်လည်သုံးသပ်ကြရန် အရှေ့တီမော သမ္မတက ယမန်နေ့က ထပ်မံ တိုက်တွန်းလိုက်သည်။

“သူတို့ခေါင်းဆောင်တွေရဲ့ မကောင်းမှုတွေအတွက် ပြည်သူလူထုကိုတော့ ဒဏ်မခတ်သင့်ပါဘူး” ဟု မစ္စတာ ဟော်တာက ဘန်ကောက်တွင်ရောက်ရှိစဉ် ပြောကြားလိုက်ခြင်း ဖြစ်သည်။

၁၉၈၈ခုနှစ် လူထုဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက် ချေမှုန်းပြီးချိန်မှ စတင်၍ အမေရိကန် ပြည်ထောင်စုက မြန်မာစစ်အစိုးရကို စီးပွားရေးပိတ်ဆို့မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တချိန်တည်းမှာပင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ စသည့်အဖွဲ့များကလည်း မြန်မာပြည်သို့ ကူညီမှုများ ရပ်ဆိုင်းခဲ့သည်။

စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကလည်း ပြီးခဲ့သည့် စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မိန့်ခွန်းပြောရာတွင် စီးပွားရေးပိတ်ဆို့မှုကို အပြင်းအထန် ကန့်ကွက်ကြောင်း ထည့်သွင်းပြောကြား လိုက်သည်။

“ကျနော်တို့ရဲ့နိုင်ငံအပေါ် နိုင်ငံကြီးတချို့က တဖက်သတ် အရေးယူပိတ်ဆို့နေပါတယ်။ ဒီပိတ်ဆို့မှုတွေဟာ အကျိုးအကြောင်း ညီညွတ်ခြင်းမရှိသလို နိုင်ငံတကာဥပဒေတွေနဲ့လည်း မညီပါဘူး။ ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေပြီး ဆန့်ကျင်ဘက် ဆိုးကျိုးကိုပဲဖြစ်စေပါတယ်”ဟု ဦးဉာဏ်ဝင်းကဆိုသည်။

ပြည်ပရောက် အတိုက်အခံတဦးဖြစ်သည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ တွဲဖက် အထွေထွေ အတွင်း ရေးမှူး ကိုငွေလင်းကမူ စီးပွားရေးပိတ်ဆို့မှုကို ဒီမိုကရေစီအရေးအတွက် လိုအပ်ချက်တခုအဖြစ် ရှုမြင်သည်။

“ပိတ်ဆို့မှုကြောင့် စစ်အုပ်စုရယ်၊ သူတို့နဲ့ပေါင်းသင်းနေတဲ့ သူတို့ရဲ့ဆွေတော်မျိုးတော်တွေ ထိခိုက်တယ်။ ဒါပေမယ့် တနွယ်ငင် တစင်ပါဆိုသလို လူထုလည်း အဖျားအနားခတ်ပြီး ထိခိုက်တယ်။ စစ်အစိုးရ လမ်း ကြောင်းမှန်ပေါ်ကို ရောက်ဖို့တော့ ဒါက ဖိအားဖြစ်စေပါတယ်” ဟု ကိုငွေလင်းက ဆိုသည်။

မစ္စတာဟော်တာက မြန်မာပြည်အပေါ် ပိတ်ဆို့ထားမှုများနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန် ယခင်က လည်း အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးဖြစ်သည်။ ဧရာဝတီနှင့် ၂၀၀၄ ခုနှစ်ကပြုလုပ်သည့် ဆက်သွယ် မေးမြန်းခန်း တခုတွင် မစ္စတာဟော်တာက “ဒေါ်စုနဲ့ သူ့နောက်လိုက်တွေ လွတ်မြောက်လာသလိုမျိုး တိုးတက်မှုတွေ ရှိ လာမယ်ဆိုရင်တော့ ပိတ်ဆို့ထားတာတွေကိုလည်း ဖြည်းဖြည်းချင်း ရုပ်သိမ်းသင့်ပါတယ်”ဟု ပြောကြားခဲ့ဖူး သည်။

မစ္စတာဟော်တာသည် အရှေ့တီမောနိုင်ငံ၏ လွတ်လပ်ရေးသူရဲကောင်းတဦးဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် အရှေ့တီမောသည် အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၏ အုပ်ချုပ်မှုအောက်မှ ပြန်လည် လွတ်မြောက်ခဲ့လာသည်။

ယခုအခါ အရှေ့တီမောသည် မြန်မာနိုင်ငံမှအပ ဒေသတွင်း နိုင်ငံများအားလုံးနှင့် သံတမန် အဆက်အသွယ် ပြုလုပ်ထားပြီး ဖြစ်သည်။ ။



ဇာနည်ဝင်း
REF: ဧရာဝတီ

Read More...

ရခိုင် အဖွဲ့ချုပ်ဝင် တဦးကို ထောင် ၁၅ နှစ် ထပ်တိုး

Monday, 12 January 2009

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တွဲဖက်အတွင်းရေးမှူး ကိုမင်းအောင်ကို စစ်အစိုးရက ထောင်ဒဏ် ၁၅ နှစ် ထပ်မံတိုးလိုက်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

အဆိုပါ ကိုမင်းအောင် အသက် ၃၆ နှစ် ကို လွန်ခဲ့သည့် ဒီဇင်ဘာလလယ်က အီလက်ထရွန်နစ် ပုဒ်မဖြင့် ထောင်ဒဏ် ၁၅ နှစ် ထပ်မံ ချမှတ်လိုက်ခြင်း ဖြစ်သည်ဟု ကိုမင်းအောင်၏ မိခင် ဒေါ်စောဖြူက ပြောသည်။

“သူ့ကို ထောင် ၁၅ နှစ် တိုးတယ်တဲ့၊ ကလေးထောင်ကနေ တမူးကို ခေါ်ပြီးတရားစွဲပြီး တိုးလိုက်တာတဲ့၊ အန်တီတို့ကိုလည်း အသိမပေးဘူး၊ ထောင်ဝင်စာ သွားတွေ့တုန်းက သားက ပြောလိုက်တာ၊ သူ့ကို ဒီဇင်ဘာ လ ၁၀ ရက်နေ့ ရုံးတင်တယ်တဲ့၊ ၁၇ ရက်နေ့ အမိန့်ချတယ်၊ တမူးမှာ ၁၅ ရက်လောက် ကြာတယ်တဲ့”ဟု ဒေါ်စောဖြူက ဧရာဝတီသို့ ပြောပြသည်။

၎င်းကိုမင်းအောင်ရှိရာ ကလေးမြို့ထောင်သို့ ထောင်ဝင်စာတွေ့ရန် ဒီဇင်ဘာ ၂၅ ရက်မှစတင် သွားရောက် ရာ ဒီဇင်ဘာ ၃၀ ရက်တွင်မှ ကလေးကိုရောက်ရှိပြီး တွေ့ဆုံခွင့်ရကြောင်း၊ ယင်းသို့တွေ့ဆုံစဉ် ကိုမင်းအောင် က ပြောကြားလိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“ဒီက ဒီဇင်ဘာ ၂၅ ရက်နေ့မှာ လိုက်သွားတယ်၊ တောင်ကုတ်ကနေ ရန်ကုန်၊ မန္တလေး၊ မန္တလေးကနေ မုံရွာ၊ အဲဒီကမှ ကလေး၊ ကလေးကို ၃၀ ရက်နေ့ ရောက်တယ်၊ အဝေးကြီး၊ ကားနဲ့သွားရတယ်၊ လေယာဉ်စရိတ် မတတ်နိုင်ဘူး၊ အသွားအပြန် ၈ ရက်၊ ၉ ရက်လောက်ကြာတယ်၊ စရိတ်က ၂ ယောက်သွားတာ၊ ၃ သိန်း လောက်ကုန်တယ်၊ သားအတွက်တော့ အစားသောက်နဲ့ အ၀တ်အစား နည်းနည်းပါးပါးပဲပေးခဲ့နိုင်တယ်၊ ထောင်ဝင်စာက တရက်ပဲ” ဟုလည်း ဒေါ်စောဖြူက ဆက်လက်ပြောဆိုသည်။

ကိုမင်းအောင်ကို ၂၀၀၇ ခုနှစ် အောက်တိုဘာ လလယ်ခန့်တွင် စစ်အာဏာပိုင်များက ၎င်း၏ နေအိမ်မှ ဖမ်းဆီး၍ သံတွဲမြို့နယ် တရားရုံးတွင် ထောင်ဒဏ် ၉ နှစ်နှင့် ၆ လ ချမှတ်ခဲ့ပြီးနောက် ထောင်ဒဏ် ၂ နှစ် အထိ လျှော့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဖမ်းဆီးစဉ် မည်သည့်အတွက်ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် မည်သည့် ဥပဒေပုဒ်မဖြင့် အရေးယူကြောင်းကို အာဏာပိုင်များက အသိပေးခြင်းမရှိခဲ့ဟု မိခင် ဒေါ်စောဖြူက ပြောပြသည်။

ဒေါ်စောဖြူက “ပထမ သူ့ကို ထောင် ၉နှစ်ခွဲ ချတာ၊ နောက် ၂ နှစ်ပဲကျန်တယ်၊ အခု တနှစ်ကျော်ပြီ လာမယ့် အောက်တိုဘာဆို ၂ နှစ်ပြည့်မယ်၊ ၂ နှစ်ပြည့်ခါနီးမှ အခု ၁၅ နှစ် ထပ်ချတာ၊ အန်တီတော့ ဘယ်လို ပြောရ မှန်းကို မသိပါဘူး”ဟုလည်း ပြောသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့အထိ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၆၂ ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ထားသည်။ ။



ကိုစိုး
REF: ဧရာဝတီ

Read More...

Monday, January 12, 2009

ကရင်သူပုန်များ တိုက်ခိုက်ခံနေရ

ဒယ်နီယယ်ပီဒါဆင်
တနင်္လာနေ့၊ ဇန်နဝါရီလ 12 2009

မဲဆောက် (မဇ္ဈိမ)။ ။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကို အဆုံးသတ်ရန်နှင့် အတိုက်အခံ အင်အားစုများကို ရှာဖွေဖော်ထုတ်ရန် မြန်မာစစ်အစိုးရက ထိုင်းနိုင်ငံ အနောက်မြောက်နယ်စပ် အပိုင်းအစများ တွင် စစ်ဆင်ရေးများ တိုးမြှင့်ပြုလုပ်နေသဖြင့် မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသားများသည် နောက်ထပ် အလွန် ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပါသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ ၆ သည် နယ်စပ်မဲဆောက်မြို့၏ တောင်ဘက် ထိုင်းနိုင်ငံ၏ တော တောင်ထူထပ်သော အုံးဖန် ဒေသတွင် လောလောဆယ် ပြင်းထန်သောတိုက်ပွဲများကို ရင်ဆိုင်တိုက်ခိုက်နေရပါ သည်။

ဤအခြေခံစခန်းသည် တချိန်က နေရောင်ခြည်စွမ်းအင်သုံး မီးများ၊ ဆေးခန်း၊ သောက်ရေသန့်၊ ငါးကန်တို့ဖြင့် နှိုင်းယှဉ်ချက်အရ စည်ကားစွာရှိခဲ့သည့် နေရာတခုဖြစ်ပြီး၊ ယခုအခါ မြန်မာစစ်သားများ၏ တိုက်ခိုက်မှုကြောင့် မြေပြင်တွင် ပြားပြားဝပ်ပျက်စီးသွားခဲ့ရပြီဖြစ်သည်။

အစိုးရစစ်တပ်များသည် ကေအန်အယ်လ်အေ တပ်ဖွဲ့များအပေါ်တွင်သာ “မြေလှန်စနစ်” ကျင့်သုံးနေခြင်းမဟုတ်၊ ကရင်အရပ်သားများ အပေါ်တွင်လည်း အလားတူမူဝါဒ ကျင့်သုံးနေသည်ဟု ကေအန်ယူ၏ ဒုတိယဥက္ကဌ ဒေးဗစ် သာကပေါက ထိုင်း မြန်မာနယ်စပ် လျှို့ဝှက်နေရာတနေရာမှ ပြောကြားသွားခဲ့ပါသည်။

ကေအန်အယ်လ်အေသည် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် မြန်မာစစ်အစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆ဝ ကျော် အဆက်မပြတ် တိုက်ပွဲဝင်နေသည့် ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲကို ဆင်နွှဲနေပါသည်။

ဤမြန်မာစစ်တပ်၏ နောက်ဆုံးထိုးစစ်တွင် ထိခိုက်ကျဆုံးမှုများကို ရှောင်ရှားနိုင်ခဲ့သည်ဟု ကေအန်အယ်လ်အေ က တသမတ်တည်း ပြောကြားနေခဲ့ပါသည်။ သူတို့ တပ်ဖွဲ့ဝင်များသည် လုံခြုံမှု အနည်းငယ်ရစေရန် တောနက်ထဲ ၌ ညအမှောင်ထုကို အကာအကွယ်ယူကာ အိပ်စက်ခဲ့ကြပြီး၊ နေ့အခါတွင်မှ လှုပ်ရှားသွားလာကြသည်ဟု ဆို သည်။

ဤသို့ ကေအန်အယ်လ်အေ တပ်ဖွဲ့များကို လိုက်လံရှာဖွေ တိုက်ခိုက်နေရာတွင် မြန်မာစစ်တပ်များနှင့်အတူ ကရင် ခွဲထွက်အဖွဲ့တခုဖြစ်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ် (ဒီကေဘီအေ) လည်း ပါဝင်ပါသည်။ မြန်မာ စစ်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့တို့ အတူတွဲ၍ ထိုင်းနယ်မြေကို အသုံးပြုနေရာယူ တိုက်ခိုက်နေသည်ဟု သတင်း များ ရရှိပါသည်။ ထိုသို့ အသုံးပြုမှ တပ်ဖွဲ့များ လှုပ်ရှားသွားလာရ လွယ်ကူပြီး မြေမြှုပ်မိုင်းများ၏ အန္တရာယ်ကို လည်း ရှောင်းရှားနိုင်မည်ဖြစ်သောကြောင့် ဖြစ်သည်။

ကေအန်ယူ၊ ကေအန်အယ်လ်အေ ပြိုင်ဘက်ခေါင်းဆောင်များအတွင်း သွေးထွက်သံယို အရေးအခင်း ဖြစ်ပွါးခဲ့ပြီး နောက် ဒီကေဘီအေကို ၁၉၉၄ ခုနှစ်က စတင် တည်ထောင်ခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင် တပ်မှူးများ၏ အပြောအရ အဖွဲ့အစည်းအတွင်း ခရစ်ယာန်တပ်မှူးများကသာ ခေါင်းဆောင်မှုနေရာတွင် လွှမ်းမိုးချုပ်ကိုင်ထားခဲ့သည်ဟု ဆိုပါ သည်။

အင်အား ၂ဝဝ ကျော်ပါသည်ဟုဆိုသော မြန်မာစစ်တပ်နှင့် ဒီကေဘီအေတို့ ပြုလုပ်ခဲ့သော ၂ဝဝ၉ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့ ညနေက နောက်ဆုံးထိုးစစ်တွင် ကေအန်အယ်လ်အေ၏ အခြေခံစခန်းကို အင်အားချင်းမမျှ၍ လက် လွှတ် ဆုတ်ခွါခဲ့ရသည်ဟု ဆိုသည်။

ကရင်ကျေးရွာသား ၈ဝဝ ကျော်ကို နေရာချထားရာ အနီးအနားရှိ စခန်း ၂ ခုအတွက် ဤအခြေခံစခန်းတွင်သာ တခုတည်းသော ဆေးပေးခန်းရှိသည်။

ဤနောက်ဆုံးထိုးစစ်ကြောင့် လူပေါင်း ၃ဝဝ ကျော်၏ အိုးအိမ်များ ပြာပုံဖြစ်သွားခဲ့ရပြီး၊ ယခုအခါ ယာယီ အမိုး အကာများအောက်တွင် နေနေကြရသည်ဟု ဆိုသည်။ သူတို့ကို မြန်မာစစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့များ၏ သောင်းကျန်းနှိပ်စက်မှုများမှ ထိုင်းစစ်သားများက အကာအကွယ်ပေးနေကြရသည်။

ယခင်အပတ် တနင်္ဂနွေနှင့် တနင်္လာနေ့များကလည်း ထိုင်းစစ်တပ် ရဟတ်ယာဉ်များက မဲဆောက်နှင့် အုံးဖန် ဒေသအတွင်း အနိမ့်ပျံသန်း ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ပြီး၊ ထိုဒေသ ၂ ခုလုံးရှိ နယ်စပ်တပ်ဖွဲ့များထံ စစ်ကူနှင့် စစ်ပစ္စည်းပေးပို့ခြင်းများ ပြုလုပ်ခဲ့သည်။ နောက်ဆုံးအသုတ် ဒုက္ခသည်များလည်း ထိုဒေသများမှ ထွက်ပြေး ရောက်ရှိလာကြသည်။

အင်္ဂါနေ့ညက ပြုလုပ်ခဲ့သော ရဲတင်းလှသည့် အင်တာဗျူး၌ ကေအန်အယ်လ်အေမှ ဗိုလ်မှူးကြီးနဒါးမြက ယခု အခါ သူ့စခန်းသည် ပြာပုံ ဖြစ်သွားပြီဖြစ်ကြောင်း၊ ဗုဒ္ဓဟူးနေ့တွင် အဆိုပါ နောက်ဆုံးဖြစ်ပွါးနေသော စစ်မျက်နှာ သို့ သွားရောက်မည် ဖြစ်ကြောင်းနှင့် “အရာရာကို နဂိုအတိုင်းဖြစ်အောင်” ပြန်လည် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသည်။

"ကျနော်တို့ နေရာသစ် ရှာရမှာပါ။ အခုလောလောဆယ်တော့ နေရာ မတွေ့သေးဘူး၊ တချိန်လုံး ရွှေ့ပြောင်း လှုပ်ရှားနေရတာဘဲ" ဟု ဗိုလ်မှူးကြီးက အသေးစိတ် ရှင်းလင်းပြောကြားသွားပါသည်။

မကြာမီက ကွယ်လွန်သွားခဲ့သူ ကရင်ခေါင်းဆောင်ကြီး ဗိုလ်မြ၏သား နဒါးမြက မြေမြှုပ်မိုင်းများကြောင့် မြန်မာ စစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့ဝင် ၂ဝ ခန့် ဒဏ်ရာရသွားခဲ့ကြောင်း၊ အချို့ကို စစ်မြေပြင်တွင် ကုသပေးနေပြီး၊ ကျန်သူများကို အုံးဖန်နှင့် မဲဆောက်ဆေးရုံများသို့ ဖြတ်တောက်ကုသမှုခံယူရန် ပေးပို့ထားကြောင်းသိရပါသည်။

သို့သော် အခြေအနေမှာ သူ့တပ်ဖွဲ့ဝင်များအတွက် စိုးရိမ်ပူပန်စရာ မရှိကြောင်းဖြင့် သူက အခိုင်အမာဆိုပါသည်။

"ဒီလိုအခြေအနေမျိုးကို ကျနော်တို့ နှစ်ပေါင်းများစွာ ရင်ဆိုင်ကျော်လွှားခဲ့ပြီးပြီ။ တခါတလေ သူတို့က နေရာတခု လုံးကို သိမ်းနိုင်ဘို့ စစ်သားတွေ အများကြီးပို့တာ၊ ဒါပေမဲ့ ကျနော်တို့က တချိန်လုံး လှုပ်ရှားနေတော့ သူတို့ကို ပတ်ရှောင်နိုင်တယ်" ဟု နဒါးမြက ဆက်လက်ပြောဆိုပါသည်။

ဤဒေသကို ကေအန်အယ်လ်အေ က ခက်ခက်ခဲခဲ အကောင်းဆုံး နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။

ယခုတိုက်ပွဲ ဖြစ်ပွါးနေသော ထိုင်းနှင့်မြန်မာ ၂ နိုင်ငံအကြား ဖုတ်ဖ်ဖရ (Phop Phra) ဟု လူသိများသော ဒေသ တွင် ရွှေတွင်းနှင့် ခနောက်စိမ်းအပါအဝင် တွင်းထွက်များ ပေါကြွယ်ဝစွာရှိနေပြီး သွပ်နှင့် သံဖြူသတ္တုသိုက်များ လည်း ရှိသည်။

ဤသယံဇာတများကို ရှာဖွေဖေါ်ထုတ်ရယူရန် ထိုင်ဝမ်နှင့် ထိုင်းစီးပွါးရေးသမားများက တလျှောက်လုံး ကြိုးစားခဲ့ ကြသော်လည်း မည်သည့်ဘက်နှင့် ပေါင်းစပ် လုပ်ကိုင်သည်ဖြစ်စေ၊ လုံခြုံရေးကိစ္စကို အာမမခံနိုင်ခြင်းကြောင့် အောင်မြင်ခြင်း မရှိခဲ့ကြပါ။

ဤဒေသကို ထိန်းချုပ်နိုင်ရန် ဆင်နွှဲသော တိုက်ပွဲသည် ဤဒေသ၌ မိုးများ နေ့စဉ်အကြီးအကျယ် ရွာသွန်းနေ သည့် လွန်ခဲ့သောနှစ် ဇွန်လကတဲက စတင်ခဲ့ပါသည်။ ထိုအချိန်ကတဲက ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်စိုးမှုသည် မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တပ်ဖွဲ့များကြောင့် ထပ်ခါထပ်ခါ ချိုးဖောက်ခံခဲ့ရသည်ဟု သိရှိရ သည်။

ထိုကဲ့သို့သော အချိန်မျိုးတွင် မြန်မာစစ်တပ်ဘက်က ပစ်ခတ်လိုက်သော အမြောက်ဆံများကြောင့် ထိုင်းကျေးရွာ သားများ ထွက်ပြေးကြရသည့်အခါ ထိုင်းစစ်တပ်ကလည်း မြန်မာစစ်တပ်ဘက်သို့ စိန်ပြောင်းများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြပါသည်။

ဖုတ်ဖ်ဖရသည် တချိန်က ထိုင်းနိုင်ငံ၏ အကောင်းဆုံးကျွန်းတောများ တည်ရှိခဲ့ရာဒေသ ဖြစ်သည်။ ဤသစ်တော ကို လွန်ခဲ့သော ဆယ်စုနှစ်များက ကေအန်ယူက ခုတ်လှဲ ထုတ်ယူခဲ့သည်။ ထိုအချိန်က ထိုင်းအာဏာပိုင်များနှင့် ဤအဖွဲ့အစည်းတို့အကြား ဆက်ဆံရေး ကောင်းမွန်နေချိန်ဖြစ်ပြီး၊ ထိုင်းက သူတို့ကို ထိုင်းနှင့် မြန်မာတပ်ဖွဲ့တို့ အကြား ကြားခံအင်အားစုများအဖြစ် ရှုမြင်နေချိန် ဖြစ်သည်။ ယခုတော့ သစ်တောများ ပြောင်သလင်းခါသွားပြီ ဖြစ်သဖြင့် မြေစေးနီများပေါ်တွင် ပြောင်းခင်းများကိုသာ မြင်ရတော့သည်။

သို့သော် အဆိုပါ ထိုင်းစီးပွါးရေးသမားများသို့ ရောင်းချရန် ပြောင်းစိုက်ပျိုးသူလယ်သမားများသည် ယခုအခါ နယ်မြေဖြတ်သန်းခွင့်အတွက် ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ ၂ ဖွဲ့လုံးကို အခွန်များ ပေးဆောင်နေကြရ ပါသည်။

ထိုင်းမြန်မာ နယ်စပ်တလျှောက် အေးမြသော ရာသီဖြစ်သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလဆန်း အချိန်များသည် ပြောင်းရိတ်သိမ်းရန် အကောင်းဆုံး အချိန်များဖြစ်ပြီး၊ ပြောင်းဖူးပြုတ်ထက် ဈေးပိုရသည်။ သို့သော် ယခု နောက်ဆုံး ဖြစ်ပွါးနေသော တိုက်ပွဲများသည် ၇ လထဲသို့ ဝင်လာပြီဖြစ်သဖြင့် ပြောင်းများမှာ အလဟဿ ဖြစ်ကုန် ရပြီဖြစ်သည်။

အီတလီ အစိုးရမဟုတ်သော အဖွဲ့အစည်း Popoli ကို အတူပူးတွဲ တည်ထောင်သူနှင့် ကေအန်အယ်လ်အေကို မျိုးစေ့များ၊ ထွန် ထယ်များ၊ မော်တော်ဆိုင်ကယ်များ ပေးအပ်ခဲ့သူ၊ ဖျက်ဆီးခံလိုက်ရသော ဗိုလ်မှူးကြီးနဒါးမြ၏ အခြေခံစခန်းကို ငွေကြေးထောက်ပံ့ကူညီခဲ့သူ ဆာဂျီယိုကာမာဒါ (Sergion Carmada) က ၁၉၄၈ ခုနှစ်က စတင်ဖြစ်ပွါးခဲ့သော ဤစစ်ပွဲနှင့် စပ်လျဉ်း၍ သူ့အမြင်ကို ယခင်က ဤသို့ ထုတ်ဖော် ပြောဆိုခဲ့ပါသည်။

"ကျနော့်အမြင်အရ လူမျိုးရေးအတွက် တိုက်ပွဲက ကမ္ဘာပေါ်မှာ သိပ်ခေတ်မစားတော့ဘူး" ဟု ကာမာဒါက ပြော သည်။

"ဒီမိုကရေစီအတွက် တိုက်တဲ့စစ်ပွဲသာ အရမ်းခေတ်စားတာ။ ဒီအတွက်ခင်ဗျား မြို့ပေါင်းများစွာ ဖျက်ဆီးပစ်လိုက် လို့ရတယ်၊ လူရာပေါင်းများစွာကို သတ်ဖြတ်လိုက်လို့ ရတယ်။" ဟု သူကဆိုသည်။

ဘာမားရိန်းဂျား (Free Burma Rangers) အဖွဲ့ကို တည်ထောင်သူ ယခင်နိုင်ငံခြား စစ်သားတဦးဖြစ်ခဲ့သူ ဦးဝါး အားပါးဟု အမည်ဝှက် ပေးထားသူကမူ ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် သူတို့ ဘာအတွက် တိုက်နေမှန်းလည်း မသိ၊ ဘာကြောင့် တိုက်နေရမှန်းလဲ မသိသူများဖြစ်သည်ဟု ပြောဆိုပါသည်။

မြန်မာစစ်တပ်သည် မြေလှန်စနစ် ကျင့်သုံးနေကြောင်း ကေအန်ယူမှ ဒေးဗစ်သာကပေါ၏ ပြောကြားချက်ကို သူ က သဘောတူပါသည်။ ထိုင်းနိုင်ငံနှင့် နီးစပ်သော နယ်မြေများနှင့်စာလျှင် ကရင်ပြည်နယ် အနောက်ပိုင်းတွင် နေထိုင်သူများ၏ အခြေအနေသည် ပို၍ပင် ဆိုးရွားကြောင်း သူက ပြောသည်။ ကျေးရွာများ၊ စိုက်ခင်းများမှာ တချိန်လုံး မီးရှို့ဖျက်ဆီးခြင်းခံနေရကြောင်း သူက ပြောပါသည်။

ဤဝေးလံ ခေါင်းပါးလှသော ဒေသတွင် မြန်မာစစ်တပ်၏ ရန်မှလွတ်ကင်းရန် ရှောင်ပုန်း ပြေးလွှားနေရသော ကျေးရွာသားများကို ဖရီးဘားမားရိန်းဂျားအဖွဲ့က ဆေးဝါးကုသ ထောက်ပံ့မှုများ ပေးအပ်လျက်ရှိပါသည်။

"တချိန်ကျရင် တကယ် စစ်မှန်တဲ့ ရွေးချယ်စရာ ရှိလာခဲ့ရင် ဒီကေဘီအေက ဘက်ပြောင်းလာမှာဘဲလို့ ကျနော် ယုံကြည်ပါတယ်။ ဒါပေမဲ့ ကေအန်အယ်လ်အေက အနိုင်ရနိုင်တယ်ဆိုတာ သူတို့ မြင်ဘို့ လိုတယ်၊ သူတို့က နိုင်မဲ့ ဘက်မှာ နေချင်မှာဘဲ" ဟု သူကပြောပါသည်။

သို့သော် ယနေ့ အချိန်အခါတွင် ကေအန်အယ်လ်အေ၏ အောင်ပွဲဆိုသည်မှာလည်း မဖြစ်နိုင်ဆုံးသော၊ ဖြစ်နိုင်ခြေ အနည်းဆုံးသော အရာတခု ဖြစ်နေပြန်သည်။



REF: မဇ္ဈိမ

Read More...

ဗိုလ်ချုပ်ခင်ညွန့် ဆောက်သည့် မင်္ဂလာဒုံအ၀င်မုခ်ဦး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြိုချ

၁၂ ဇန်န၀ါရီ ၂၀၀၉

မင်္ဂလာဒုံလေဆိပ် အဝင်လမ်းမကြီးနှင့် ပြည်လမ်းအနီး ပြည်လမ်းမကြီးပေါ်တွင် တည်ဆောက်ထားသည့် ရန်ကုန် မြို့၏ အကြီးဆုံးမုခ်ဦးကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖြိုချဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း လေဆိပ်လုံခြုံရေး တာဝန်ယူထားသည့် အမည်မဖော်လိုသူ တပ်မတော် အရာရှိတဦးက ပြောသည်။

၎င်းက “ညွှန်ကြားချက်ကို ကျနော် တိုက်ရိုက်ရတာတော့ မဟုတ်ပါဘူး။ ကျနော့်အထက်အရာရှိတွေ ပြောပြတာ က ဇန်နဝါရီလဆန်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရန်ကုန်ရောက်တယ်။ လေဆိပ်ကအထွက် အဲဒီမုခ်ဦးကို မြင်တော့ သူ့လုံခြုံရေးတပ်ဖွဲ့ကို မေးတယ်။ ဒီမုခ်ဦးဟာ လုံခြုံရေးအရ ပြဿနာ ရှိနိုင်သလားပေါ့။ ဒါနဲ့ သူ့လုံခြုံရေးအဖွဲ့တွေ က နောက်တနေ့မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တင်ပြတယ်။ ဒါဟာ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က တည် ဆောက်ထားတာ၊ ထုထည် အလွန်ကြီးတယ်။ ထု (၁ဝ) ပေနီးပါးရှိပြီး ကွန်ကရစ်နဲ့ အခိုင်အမာ ဆောက်ထား တယ်။ မုခ်ဦးပေါ်မှာ လူ (၃-၄) ယောက်လောက် ရိက္ခာအပြည့်အစုံနဲ့ဆို (၅) ရက်ကနေ တပတ်လောက်အထိ ခို အောင်းပြီး လေဆိပ်က ထွက်လာတဲ့၊ ဒါမှ မဟုတ် လေဆိပ်ကိုသွားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို လုပ်ကြံ သတ်ဖြတ်မယ်ဆို လုပ်လို့ရတယ်။ လုံခြုံရေးအရ အဲဒီလို အန္တရာယ်ရှိတယ်ဆိုပြီး တင်ပြတယ်။ တယောက်က တော့ ဗိုလ်ချုပ်ခင်ညွန့် ဗေဒင်ယတြာသဘောနဲ့ လုပ်ထားတာလည်း ဖြစ်နိုင်တယ်ဆိုပြီး တင်ပြတယ်” ဟု ပြော သည်။

ယင်းသို့ တင်ပြသည့် နေရာတွင်ပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖျက်ဆိုပြီးတန်းအမိန့်ပေးသည့်အတွက် ချက်ချင်း ယန္တရားကြီးများကိုခေါ်ပြီး တရက်ထဲဖြင့် အပြီးဖျက်ခဲ့သည်ဟု စုံစမ်းသိရသည်။

အဆိုပါ မုခ်ဦးကြီးသည် လေဆိပ်အဝင်လမ်းနှင့် ဥက္ကလာလမ်းထိပ် မြို့တွင်းဘက် ပြည်လမ်းပေါ်၌ တည်ရှိသည်။ (၁ဝ) မိုင်ဈေးနှင့်လည်း နီးပြီး မြို့တွင်းဘက်အလာ ပြည်လမ်းပေါ်မှာ တည်ရှိသည်။ ပြည်လမ်းကို ခွပြီး တည် ဆောက်ထားသည့် အဆိုပါမုခ်ဦးမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည့် စာတမ်း ရေးထိုး ထားသည်။

ရန်ကုန်မှ နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာသူများသည် ခေတ်မီသည့် နိုင်ငံများဆီသို့ သွားကြမှာဖြစ်သည့် အတွက် အဆိုပါမုခ်ဦးမှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဆိုသည့် စာတမ်းကို ဖတ်ရတိုင်း ပြုံး စေ့စေ့ ဖြစ်ကြပြီး မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်ရောက်လာသည့်အချိန်တွင် “ရန်ကုန်မြို့မှ ကြိုဆိုပါ၏” ဆိုသည့် စာတမ်းဖတ်ရတိုင်း ဆင်းရဲသည့် နိုင်ငံပြန်ရောက်ပြီ ညည်းတွားလေ့ရှိကြောင်း ခရီးသွားတဦးက ပြောသည်။

အဆိုပါ မုခ်ဦးဖြိုချနေသည်ကို မြင်တွေ့ရသည့် ပြည်လမ်းပေါ်နေသူတဦးက အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရဟန်းရှင်လူ တိုင်းသူပြည်သားများ၏ အသက်ကို တန်ဖိုးမထားဘဲ ပစ်ခတ်သတ်ဖြတ်ရန် အမိန့် ပေးစေခိုင်းတတ်သော်လည်း သူ့ အသက်ကိုမူ အလွန်စိုးရိမ်တတ်သူဖြစ်တာ၊ သေမှာကြောက်သူဖြစ်တာ ပေါ်လွင် နေကြောင်း ပြောဆိုသည်။

အမည်မဖော်လိုသူ တပ်မတော်အရာရှိဟောင်းတဦးကမူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သူ ဖြုတ်ထုတ်၊ ထောင်ချ လုပ်ထားသည့် ယခင်စစ်ထောက်လှမ်းရေးအဟောင်းများကို ကြောက်လန့်နေတုန်းပဲဟု မှတ်ချက်ပေးခဲ့သည်။

REF: ခေတ်ပြိုင်

Read More...

ဒီမိုကရေစီအသွင်ကူးပြောင်းမှုနှင့် တိုင်းရင်းသားရေးရာ - ခင်မမမျိုး

ဒီမိုကရေစီဆိုတာဟာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ် ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစား တွေး ခေါ်မှု၊ ပြင်ဆင်မှုမရှိရင် လစ်ဘရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် အောင်မြင်စွာ ဖြစ်ပေါ်လာနိုင်ဖို့ဆိုရင် လိုအပ် တဲ့ အခြေအနေ (conditions) တွေနဲ့ ဒါတွေရှိအောင် ပြုလုပ်ဖန်တီးထားရတဲ့ ကွန်စတီကျူးရှင်းတွေ၊ ဖယ်ဒရယ် ပြည်ထောင်စုစနစ်လိုမျိုးစတာတွေ ရှိရပါတယ်။

ဒါတွေမရှိရင် ဘာတွေဖြစ်လာနိုင်မလဲလို့ မေးချင်စရာပါပဲ။ သမိုင်းအဆက်ဆက် နိုင်ငံပေါင်းများစွာရဲ့ သင်ခန်းစာ တွေကတော့ nationalism ဆိုတဲ့ အမျိုးသားရေးဝါဒအပေါ်မှာ အခြေခံတဲ့ ethnic antagonism တွေ ဖြစ်လာနိုင် တာပါပဲ။ ဒီလိုတွေဖြစ်လာရင် နိုင်ငံတနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ ဘယ်လိုမှ မအောင်မြင်နိုင်ပါ ဘူး။ ကနဦးဒီမိုကရေစီအသွင်ကူးပြောင်းမှု (initial democratization) ကနေ ဒီမိုကရေစီစနစ် အမြစ်တွယ်ခိုင်မာ မှု (democratic consolidation) ဖြစ်လာဖို့ကို အတားအဆီးတွေ ဖြစ်လာစေတတ်ပါတယ်။ ဒီနေရာမှာ nationalism ဆိုတဲ့အကြောင်းလေးကို နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စိတ်ဓာတ်ရေးရာ အပိုင်းလေးတွေကနေ မြင်လေ့ရှိ ကြတဲ့ ရှုထောင့်အမြင်လေး အနည်းငယ်ကို တင်ပြချင်ပါတယ်။

Nationalism

political doctrine အရဆိုရင် အမျိုးသားရေးဝါဒဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ လူအများဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရတွေရှိနေတဲ့ nation states ဆိုတဲ့ နိုင်ငံတော်တွေမှာ သီးခြားနေထိုင်ကြတယ်လို့ ဆိုနိုင်ပါတယ်။ Culture ideal အရ ဆိုရင်ကျတော့ identities များစွာ ကွဲပြားခြားနားတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို နိုင်ငံတော်တရပ် အနေနဲ့ primary form of belonging ပံ့ပိုးပေးတဲ့ ၀ါဒတရပ်အနေနဲ့ မြင်ကြတယ်။ moral ideal အနေနဲ့ကျ တော့ ပြည်တွင်းပြည်ပ အန္တရာယ်တွေကနေ တိုင်းပြည်ကို ကာကွယ်ပေးတဲ့ သူရဲကောင်းတွေရဲ့ အနစ်နာခံ ပေး ဆပ်မှု ကျင့်ဝတ်တွေကို မီးမောင်းထိုးပြတတ်ကြတယ်။
ဒီလိုကမ္ဘာ့သမိုင်းအဆက်ဆက်က အမျိုးသားရေးဝါဒတွေကို လေ့လာပြီး၊ နိုင်ငံရေးသိပ္ပံပညာရှင် Ignatieff က civic nationalism နဲ့ ethnic nationalism ဆိုတဲ့ အမျိုးအစားနှစ်မျိုးကို ခွဲခြားရှင်းပြဖော်ထုတ်ခဲ့ပါတယ်။ နိုင်ငံ တနိုင်ငံမှာရှိတဲ့ ပြည်သူလူထုဟာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ဘာသာစကား ဆိုတာတွေအပေါ်မှာ လုံးဝ ခွဲခြားမှုမရှိတော့ပဲ နိုင်ငံတော်ရဲ့ နိုင်ငံရေးမူဝါဒ (nation's political creed) အပေါ်မှာပဲ တညီတညွတ်တည်း လက်ခံကျင့်သုံး ယုံကြည်ချက်ရှိနေတာကို civic nationalism လို့ခေါ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေရဲ့ ဒီမို ကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်အများစုမှာ ဒီ civic nationalism ကို အခြေခံတဲ့အတွက် အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွေမှာ အခက်အခဲတွေ နည်းပါးခဲ့ပါတယ်။ ဒီလိုတွေမဟုတ်ပဲ အာရှ၊ အာဖရိကနိုင်ငံတွေမှာကျတော့ ဒီမို ကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေဟာ ကြာမြင့်တာတွေ၊ အခက်အခဲတွေအများကြီး ရှိခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့တွေရဲ့ nationalism က များသောအားဖြင့် ethnic nationalism ပေါ်မှာ အခြေခံတဲ့အတွက် ကြောင့်ပါပဲ။

ethnic nationalism ကကျတော့ လူတဦးချင်းရဲ့ ရင်းနှီးဆက်နွယ်မှုတွေဟာ inherited ဖြစ်တယ်ဆိုတဲ့ သဘော တရားပေါ်မှာ အခြေခံပါတယ်။ နိုင်ငံတော်ဆိုတာဖြစ်လာပြီးမှ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုမဟုတ်ပဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဆိုတာကို လူမျိုးစုအချင်းချင်း နားလည်မှုတည်ဆောက်ပြီးမှ နိုင်ငံတော်ဆိုတာ ဖြစ်တည်လာတယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒီလိုအယူအဆအပေါ်မှာ အခြေခံတဲ့ လူ့အဖွဲ့အစည်းတွေ အတွက်က တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေးဆိုတဲ့ အချက်တွေအပေါ်မှာ နားလည်မှု တည် ဆောက်ပြီးမှ နိုင်ငံတော်ဖြစ်တည်မှုရှိရပါတယ်။ ဒီလိုမဟုတ်ရင်ကျတော့ ethnic antagonism ဖြစ်လာတတ်ပါ တယ်။ ဒီလိုဖြစ်လာရင် လူမျိုးအချင်းချင်းခွဲခြားဆက်ဆံမှု (discrimination) တွေ၊ ပြည်တွင်းစစ် (Civil Wars) တွေဖြစ်လာတော့တာပါပဲ။ အဆိုးဆုံးအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) တွေအထိ ဖြစ်လာနိုင်ပါ တယ်။ အဲဒီအခါမျိုးတွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍမြှင့်တင်မှုတွေ ဖြစ်လာရာက စစ်အာဏာရှင်စနစ်တွေ ဆက် တိုက် ထွန်းကားလာပြန်ပါတော့တယ်။ ဒါကြောင့်လဲ ပဋ္ဋိပက္ခတွေမှာ state formation conflict (နိုင်ငံတော် တည်ထောင်မှုဆိုင်ရာ ပဋ္ဋိပက္ခ) ဟာ ဖြေရှင်းရအခက်ဆုံးနဲ့ အရှည်ကြာဆုံး ပဋ္ဋိပက္ခပုံစံတမျိုးဖြစ်တယ်လို့ ပညာရှင်တွေက သုံးသပ်ပြောဆိုကြတာဖြစ်ပါတယ်။

နိုင်ငံရေးသိပ္ပံဘာသာရပ်ဟာ ဒီပြဿနာတွေကို နားလည်မှုရှိစေဖို့နဲ့ ပြဿနာဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို consociational democracy ဆိုတဲ့ အိုင်ဒီယာနဲ့ ဖော်ပြလမ်းညွှန်ပေးပါတယ်။

Consociational Democracy

Consociational Democracy ဆိုတာက တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်တဲ့ နိုင်ငံတွေနဲ့ အခြားသော ယဉ်ကျေးမှူဓလေ့ထုံးစံ ကွဲပြားခြားနားမှုရှိနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးလူ့အဖွဲ့အစည်းတရပ် ထူထောင်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေအကောင်အထည်ဖော်တဲ့ political arrangement တခုပါ။ ဒီသဘောတရားဟာ လူမျိုး၊ စာပေ၊ ကိုးကွယ်မှုနဲ့ ယုံကြည်ချက်တွေမှာ နက်နက်ရှိုင်းရှိုင်း ခြားနားမှုရှိနေတဲ့ လူ့အဖွဲ့အစည်းတွေအတွက် သင့်လျော်မယ့် democratic rule ပုံစံကို ဖော်ညွှန်းတာဖြစ်ပါတယ်။ အဲဒီမှာ ကွဲပြားနေတဲ့ လူ့အဖွဲ့အစည်းတွေကို ညှိနှိုင်းစေ့စပ်ပေးနိုင်မယ့် political institutions တွေရဲ့ အခန်းကဏ္ဍဟာ အရေးပါသလို၊ လစ်ဘရယ်ဒီမိုကရက်တစ် အုပ်ချုပ်မှုရဲ့ ဖွဲ့စည်းပုံမှာလဲ flexibility ရှိရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အရေးကြီးတာကတော့ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတိုင်းကို ဒီဂရီ မြင့်မားတဲ့ အော်တိုနော်မီ ပေးအပ်ရမှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် အတွင်းစည်းမှာ အခြေခံအားဖြင့် integration ရှိလာပါမယ်။

တကယ်တော့ ဒီသဘောတရားဟာ ကွဲပြားခြားနားမှု (diversity) ရှိနေတဲ့ နိုင်ငံတွေမှာ political arrangements တွေ တည်ဆောက်ခဲ့စဉ်က အောင်မြင်ခဲ့တဲ့ သာဓကတွေ အပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာခဲ့တာပါ။ ဥပမာ အားဖြင့်- ဘယ်လဂျီယံနိုင်ငံမှာဆိုရင် Flemings နဲ့ Walloonsတို့အကြားက ကွဲပြားခြားနားမှုတွေ၊ ဟော်လန်မှာ ဆိုရင် အမြစ်တွယ်နေတဲ့ religious cleverages တွေ၊ သြတတြီးယားမှာဆိုရင် anti-clerical socialistsနဲ့ catholic bourgeoisie တို့အကြားက ပြင်းထန်တဲ့ antagonism တွေစတဲ့ ကွဲပြားခြားနားမှုတွေဖြစ်ပါတယ်။

Principles and Preconditions

ဒီလိုကွဲပြားခြားနားတဲ့ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင်နေတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း မှုတွေအတွက် အသင့်လျော်ဆုံးဖြစ်တဲ့ consociational democracy သဘောတရားမှာ အခြေခံစည်းမျဉ်း နှစ်ချက်ရှိပါတယ်။

ပထမဆုံးလိုအပ်တဲ့ အခြေခံစည်းမျဉ်းကတော့ သက်ဆိုင်ရာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအမြင်နဲ့ အတွေးအခေါ် အများစုကို ခြုံငုံဖွဲ့စည်းထားတဲ့ ပါဝါရှယ်ယာအဖွဲ့အစည်း (executive power-sharing institutions) (သို့ မဟုတ်) ညွှန့်ပေါင်းအဖွဲ့အစည်း (grand coalition institutions) တွေဖြစ်ပါတယ်။ ဒုတိယလိုအပ်တဲ့ စည်းမျဉ်း ကတော့ တိုင်းရင်းသားလူမျိုးစုအားလုံးအတွက် autonomy ဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ လူဦးရေ အပေါ်မှာ မူတည်တွက်ချက်ပြီး public offices တွေကို ခွဲဝေရပါမယ်။ proportionality အပေါ် အခြေခံရမှာဖြစ်ပါတယ်။

နိုင်ငံရေးသိပ္ပံပညာရှင်များက ဒီလိုအခြေခံစည်းမျဉ်းတွေအပြင် multi-ethnic political system တွေအတွက် အသုံးဝင်လှတဲ့ preconditions တွေကို ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။ အဲဒီအထဲမှာ အရေးကြီးတဲ့ အချက်က တော့ လူမျိုးကြီးဝါဒ ကျင့်သုံးနေတဲ့ လူမျိုးစုတခု မရှိဖို့ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတွေ စုပေါင်းနေထိုင် တဲ့ နိုင်ငံတရပ်မှာ လူမျိုးကြီးဝါဒ ကျင့်သုံးတဲ့ လူမျိုးစုတခုရှိနေရင်၊ ဒါမှမဟုတ် ဒီဝါဒကို အားပေးနေတဲ့ နိုင်ငံ အုပ်ချုပ်ရေး စနစ်တရပ်ရှိနေရင် ဒီနိုင်ငံက ပြည်သူတွေဟာ ပြည်တွင်းစစ်ရဲ့ သားကောင်တွေ ဖြစ်ရတတ်ပါတယ်။ ဒီလိုအဖြစ်တွေကို ရှောင်ကြဉ်ဖို့ အကောင်းဆုံးစနစ်တခုကတော့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပါပဲ။ ဒီစနစ် မပေါ်ပေါက်နိုင်သရွေ့ ပဋ္ဋိပက္ခတွေဟာ မပြေလည်နိုင်ပါဘူး။ စစ်ရေးအင်အား၊ စီးပွားရေးအင်အား ချိန်ခွှင်လျှာ မညီချိန်မှာ ခေတ္တငုပ်လျှိုးနေခဲ့ရင်တောင် မီးပွားတွေဟာ မငြိမ်းတာကြောင့် မီးတောက်တွေအဖြစ် အချိန်မရွေး ပြန်ပေါ်လာနိုင်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ လူမှုစီးပွားကွာဟမှု (socio-economic inequality) တွေဖြစ်ပါ တယ်။ လူမျိုးစုတွေအကြားမှာ ဒီလိုကွာဟမှုတွေ သိပ်ကြီးနေရင် နိုင်ငံတခုလုံးရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေး၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေတော့တာပါပဲ။ ဒါကြောင့် ဒေသတခုချင်းစီအလိုက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုပရောဂျက်တွေ ချမှတ်ရေးဆွဲပေးဖို့ လိုအပ်ပါတယ်။ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွေ ဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေအတွက် အထူးပဲအရေးကြီးလှတဲ့ explanatory factors တွေဖြစ်တာ ကြောင့် အထူးအာရုံစိုက်ပြီး စနစ်တကျ ပြုလုပ်ရမှာပါ။

တခြားအရေးကြီးတဲ့ geographical compactness တွေ၊ political accomodation ဆိုင်ရာ ယဉ်ကျေးမှု အစဉ် အလာစတဲ့ အချက်တွေရှိနေသေးပေမယ့် နိုင်ငံရေးကျမ်းတခုမဟုတ်တဲ့အတွက် အသေးစိတ်မဖော်ပြတော့ပါဘူး။

နိဂုံး

အခုဒီဆောင်းပါးဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ တိုင်းရင်းသားရေးရာတွေမှာ ထည့်သွင်းစဉ်းစားဖို့လိုအပ် လှတဲ့ consociational democracy သဘောတရားကို conceptual approach နဲ့ ရေးသားဖော်ပြထားတာသာ ဖြစ်ပါတယ်။ case-study approach မဟုတ်တဲ့အတွက် နိုင်ငံတနိုင်ငံချင်းအလိုက် ဥပမာတွေကို ထည့်သွင်း ဖော်ပြထားခြင်း မရှိပါဘူး။ နိုင်ငံရေးသိပ္ပံပညာရှင် Peter Ferdinand ကတော့ ဒီအခြေခံသဘောတရားတွေကို အသုံးပြုပြီး Czechoslovakia နဲ့ Yugoslavia တို့ရဲ့ စစ်အေးတိုက်ပွဲပြီးစကာလ ဒီမိုကရေစီအသွင်ကူးပြောင်းမှု များရဲ့ အခြေအနေတွေ၊ အောင်မြင်မှုမရရှိပဲ ပြိုကွဲခဲ့ရခြင်းရဲ့ အကြောင်းရင်းတွေ၊ အားနည်းချက်၊ လိုအပ်ချက် တွေကို လေ့လာဖော်ထုတ်ထားခဲ့ပါတယ်။ နိုင်ငံရေးပညာရှင် V. Bogdanor ကလဲ multi-ethnic context အတွက် consociational democracy အကောင်အထည်ဖော်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို အသေး စိတ် ရေးသားပြုစုထားခဲ့ကြပါတယ်။ ဒီသဘောတရားတွေဟာ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ပြီး၊ ပြည်တွင်းစစ်မီးအမျိုးမျိုး တောက်လောင်မှုတွေ၊ တော်လှန်ရေးအသွင်မျိုးစုံတွေ၊ အာဏာရှင်စနစ်ရဲ့ လူမျိုးကြီးဝါဒ ကျင့်သုံးမှုတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွက်လဲ တစုံတရာ အကျိုးပြုနိုင်မယ် ယူဆပြီး၊ ဗဟုသုတအနေနဲ့ သာ တင်ပြရေးသားခြင်းဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးသုံးသပ်ချက်စာတမ်းမဟုတ်ပါ။ ဒီသဘောတရားတွေအပေါ် အခြေခံပြီး၊ မြန်မာ့နိုင်ငံရေးအပေါ် သုံးသပ်ချက်သုတေသနများ ဆက်လက်ပြုလုပ်ကြမယ်ဆိုရင် အကျိုးရှိစေနိုင် မယ့် သဘောတရားတွေလို့တော့ တွေးထင်မိပါတယ်။



ခင်မမမျိုး (၁၀၊ ၁၊ ၂၀၀၉)
ရည်ညွှန်းကိုးကား
Anderson, B. (1991) Imagined Communities, 2nd edition, Verso, London
Bogdanor, V. (ed.) (1991) The Blackwell Encyclopaedia of Political Science, Blackwell, Oxford
Ferdinand, P. (1997) 'Nationalism, Community and democratic transition in Czechoslovakia and Yugoslavia” in Potter, D., GoldBlatt, D. (eds) Democratization,Polity Press, Cambridge

REF: ခင်မမမျိုး

Read More...

ပြည်သူ့အသက်နဲ့ နန်းဆက်သူ

Friday, 09 January 2009

မြန်မာ စစ်အစိုးရက နက္ခတ်ဗေဒင်ပညာကို ဘယ်လောက်ထိ နိုင်ငံရေးနဲ့ သူတို့ ကုလားထိုင် မြဲဖို့အတွက် အသုံးချ နေခဲ့တယ်၊ ဘယ်လောက်အထိ ဗေဒင်ပညာကို ယုံကြည်နေခဲ့တယ်ဆိုတာကို ကမ္ဘာကသိအောင် တင်ပြထားဖို့ တော့ လိုအပ်ပြီလို့ထင်ပါတယ်။

မြန်မာစစ်အစိုးရက ကမ္ဘာပေါ်မှာ ဘယ်သူကိုမှ ဂရုမစိုက်ပါဘူး။ UN ဆိုတာသူတို့လက်ခုပ်ထဲကရေလို့ပဲ သဘော ထားတာပါ။ပြီးတော့ တရုတ်၊ ရုရှားနဲ့ အိန္ဒိယဆိုတာတွေကို သူတို့ အားကိုးနေတာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ ကစားနေတဲ့ ဖဲသုံးချပ်ပါပဲ။ စစ်အစိုးရက နိုင်ငံရေးလုံခြုံမှုအတွက် အဲဒီ တရုတ်၊ ရုရှား၊ အိန္ဒိယဆိုတဲ့ ဖဲသုံးချပ်နဲ့  ထိန်းညှိထားတာပါ။ ဒီလိုထိန်းညှိထားရာမှာလည်း ဗေဒင်ပညာရဲ့ စေစားရာ အချက်အလက်တွေကိုပဲ အသုံးချခဲ့ တာပါ။

သူတို့က ဘယ်လို ကမ္ဘာ့ခေါင်းဆောင်ကိုမဆို၊ အထူးသဖြင့် UN ကပုဂ္ဂိုလ်တွေကို သူတို့အတွက် အပေါ်စီးက ရရှိနေမယ့် အချိန်အပိုင်းတခုအတွင်းမှာပဲ တွေ့ခွင့်ပေးကြတာမျိုးပါ။ ဥပမာ - UN က မစ္စတာ အီဗရာဟင် ဂန်ဘာ ရီပါ။

စစ်အစိုးရခေါင်းဆောင်တွေ သူ့ကိုတွေ့ ခွင့်ပြုတဲ့အချိန်က မစ္စတာဂန်ဘာရီအတွက် တနေ့တာမှာ အဆိုးဆုံး ခိုက် နေချိန်ဖြစ်တာမို့ အဲဒီလို သူတို့နဲ့ တွေ့နေချိန်မှာ သူတတ်ထားတဲ့ ပညာတွေ၊ အတွေးခေါ်တွေက အလိုလို ပျောက် သွားစေတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ လိမ်နေသမျှကို အကြွင်းမဲ့ ယုံကြည်လိုက်ရပြီး ပထမဆုံးတွေ့ပြီး မြန်ပြည်က ထွက်လာတာနဲ့ ကမ္ဘာ့မီဒီယာတွေကို စစ်အစိုးရ အပြောင်းအလဲ ရှိလိမ့်မယ်ဆိုပြီး မှားယွင်းအချက်ပြ မိတာပါ။ ဒါဟာစစ်အစိုးရရဲ့ ဗေဒင်ကိန်းခန်းကရလာတဲ့ အချိန်နဲ့နေရာတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားနိုင် လိုက်ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာပြည်ထဲကို ဘာလို့  နာဂစ် မုန်းတိုင်ဝင်ရတာလဲ။ ဘာကြောင့် ပြည်သူ့အသက်ပေါင်း တသိန်းကျော်ကို ဖျက် ဆီးပြီး သန်းချီတဲ့ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ဖြစ်သွားကြရပါသလဲ။ ဒါကို ကမ္ဘာမှာ ရှိနေတဲ့ ဒေါက်တာဘွဲ့နဲ့ မာစတာ ဒီဂရီလောက် ကိုင်ထားသူတွေ၊ နိုင်ငံရေးသိပ္ပံယူထားတဲ့ ပညာရှင်တွေ၊ ပါမောက္ခတွေကတော့ သာမန် မုန်တိုင်း ၀င်သွားတာလို့ပဲ မြင်ကြပါလိမ့်မယ်။

သဘာဝဘေးရန်တခု ၀င်လို့ မြန်မာပြည်သူတွေ ခံစားလိုက်ကြရတာပဲလို့ မုန်တိုင်းကိုပဲ အပြစ်မြင်ကြမှာပါ။ တကယ်တော့ ဒီ နာဂစ်မုန်တိုင်းက ဘာလို့  မြန်မာပြည်ကိုပဲ ၀င်သွားရတာလဲဆိုတဲ့ အကြောင်းတရား အရင်းခံ တွေကို ဘယ်လိုပညာရှင်တွေကမှ မသိနိုင်ကြပါဘူး။

ပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပျဉ်းမနား ကြတ်ပြေးကုန်းမှာ နေပြည်တော် အသစ်ကိုတည်လို့  ပြောင်းပြေးခဲ့ တာကိုလည်း ကမ္ဘာမှာရှိနေကြတဲ့ ခေါင်းဆောင်တွေနဲ့ ကမ္ဘာ့မီဒီယာတွေကတော့ နားမလည်နိုင်စရာ ဒါမှမဟုတ် ရယ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် စစ်အစိုးရကတော့ အကြောင်းမဲ့ သက်သက် လုပ်ခဲ့တာမျိုး မဟုတ်ပါဘူး။ မြန်မာမင်း အဆက်ဆက်ကို ကြည့်မယ်ဆိုရင်လည်း ဗေဒင်ကိန်းခန်း မပါဘဲ ဘာကိုမှ မလုပ်ကြသလို ယုတ်စွအဆုံး နန်းတော် အပြင်ထွက် တာတောင် ဗေဒင်ပညာရှင် ပရောဟိတ်ရဲ့ အချိန်အခါ ရွေးချယ်ပေးတဲ့ နေ့နာရီမှာသာ ထွက်လေ့ရှိတာမို့ မင်းတို့ ထွက်ရာ ရက်ရာဇာလို့ အဆိုရှိလာခဲ့ပြီး ဘုရင်တွေကို အပြင်မှာတွေ့ရင် ရက်ကောင်းရက်မြတ်ပဲလို့ အလိုလို အသိအမှတ်ပြုလာခဲ့ကြပါတယ်။

ပြီးတော့ မြန်မာမင်းအတိုင်ပင်ခံ ဗေဒင်ပရောဟိတ်တွေဆိုတာကလည်း လည်ပင်းဓားတင်ခံပြီး ဟောပြောရတာ မျိုးပါ။ မှားရင်အသတ်ခံရမှာပါ။ ဒါကြောင့်လည်း မြန်မာပညာရှင်တွေက ဒီပညာရပ်မှာ တဖက်ကမ်း ခတ်အောင် တော်တတ်ကြသလို မင်းတွေကလည်း ယုံကြည်အားကိုးနေကြဆဲပါ။

တခုရှိတာက မင်းတွေက ဒီပညာရပ်ကို အဓိက တိုင်းပြည်ကောင်းစားရေးအတွက် ဆိုတာထက် သူတို့ နန်း သက်ရှည်ရေး၊ ရာဇပုလ္လင်မြဲရေးအတွက်ကိုပဲ အဓိက အသုံးချနေကြပါတယ်။

မြန်မာမင်းတွေဟာ အတိတ်၊ တဘောင်၊ နိမိတ်တွေကိုလည်း ယုံကြည်လို့ တဘောင်နိမိတ်ရှိထားတာကို သိထား ရင် အဲဒ်ီနိမိတ် တဘောင်ပျက်စီးအောင်၊ သူ့အတိုင်း ဖြစ်မလာရအောင် ရှောင်နိုင်ဖို့ တန်ပြန် ယတြာများနဲ့ အရှောင်အတိမ်းလုပ်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး ပျဉ်မနားကို ပြောင်းပြေးရတာကလည်း တဘောင်၊ အတိတ်၊ နမိတ်ကိုလွတ်အောင် ရှောင်ပြေး သွားခဲ့တာပါပဲ။ ရန်ကုန်မြို့ကို ဦးအောင်ဇေယျ တည်ခဲ့ပြီ့း ရန်ကုန်လို့ သမုတ်ခဲ့တာဖြစ်သလို မြို့တည်လို့ အပြီးမှာ ရန်ကုန်သက် နှစ်ပေါင်း ၂၀၀ ကျော်ရင် မင်းပျက်ကိန်းတွေ ကြုံရလိမ့်မယ်လို့ တဘောင်နိမိတ် တပြိုင်တည်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ ရန်ကုန်မြို့က ဦးအောင်ဇေယျ တည်ပြီးလို့  ၁၉၅၈ ခုနှစ်မှာ ရန်ကုန်မြို့ ဟာ အနှစ် ၂၀၀ တင်းတင်းပြည့်ခဲ့ပါတယ်။

ဒီတော့ နှစ် ၂၀၀ ကျော်လို့ ၃ နှစ် ၄နှစ် အတွင်းမှာပဲ ၁၉၉၂ မှာ လွတ်လပ်ရေးရပြီး ပထမဆုံးခေါင်းဆောင် ၀န်ကြီးချုပ်ဦးနုက ဗိုလ်ချုပ်နေ၀င်းရဲ့ အာဏာသိမ်းခြင်းကို ခံခဲ့ရပါတယ်။ တခါ အဲဒီနောက်ပိုင်းက စပြီး နိုင်ငံရေး မတည်ငြိမ်မှု၊ မငြိမ်းချမ်းမှုတွေကလည်း တပါတည်း ကပ်ပါလာခဲ့ရာက တရုတ် အရေးအခင်း၊ ဦးသန့်အရေးခင်း၊ အလုပ်သမားအရေးအခင်း စတာတွေ ဆင့်ကဲ ဖြစ်ပေါ်ခဲ့ပြီး နောက်ဆုံးပြည်လုံးကျွတ်ထကြွ ပုန်ကန်ခဲ့လို့ ဦးနေ၀င်း နန်းကျခဲ့ပြန်ပါတယ်။

တခါ ဗိုလ်ချုပ်စောမောင် တက်လာပြန်တော့လည်း ရူးသွပ်သွားတယ်ဆိုပြီး နန်းချခံလိုက်ရရုံတင်မက သေဆုံး သွားရပြန်ပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးစီးနေခဲ့ရာက ၀န်ကြီးချုပ်ရာထူးပေးလို့  အပြီး မကြာခင်မှာဘဲ အဖမ်းဆီးခံခဲ့ရ ပြန်ပါတယ်။

နောက်ဆုံးတော့ ဗိုလ်ချုပ်မှူးကြီး အလှည့်ဖြစ်လာပါတယ်။ သူ နန်းကျဖို့ ရှိနေလေတော့ ဒီတဘောင်၊ နိမိတ်တွေနဲ့ လွတ်အောင် မင်းပျက်ကိန်းတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ရန်ကုန်ကို နှုတ်ဆက်လမ်းခွဲလိုက်ပြီး ပျဉ်းမနား ကြတ်ပြေး ကုန်းမှာ နန်းမြို့တော်သစ် နေပြည်တော်ကိုတည်၊ နန်းသက်ရှည်ဖို့အတွက် ပြောင်းရွှေ့သွားရတာပဲ ဖြစ်ပါတယ်။

ကြတ်ပြေးကို ရွေးချယ်ခဲ့တာကတော့ ကြတ်ပြေး = ကြေပျက် ဆိုတဲ့ နိမိတ်ကို ယူထားတာပါ။ အားလုံးကြေပျက် စေဆိုတဲ့သဘောပါပဲ။ ရန်ကုန်မှာ မင်းနန်းကျ၊ ပျက်ရမှာကို ယတြာလုပ်ပြီး အလွတ်ပြောင်းပြေးလိုက်တော့ မင်းကို မစားတော့ဘဲ ပြည်သူတွေကို ပေးစားလိုက်ရတဲ့ သဘောပါပဲ။ ဒါဟာ နာဂစ်မုန်တိုင်း ၀င်လာရခြင်းရဲ့ အဓိက အကြောင်းအရင်းခံပါပဲ။

ဘာနဲ့ တူသလဲ ဆိုတော့၊ ဒုတိယကမ္ဘာစစ်ကြီးမှာ အမေရိကန်က ဂျပန်ကို လက်နက်ချခိုင်းတာကို စစ်မင်းတွေက လက်နက်မချတော့ ဟီရိုရှီးမားနဲ့ နာဂါစကီကပြည်သူတွေကို စတေးပေးလိုက်ရသလိုပါပဲ။

တကယ်တော့ ဗိုလ်ချုပ်မှူးကြီးက ရန်ကုန်မှာသာ နန်းစိုက်နေခဲ့ရင် စက်တင်ဘာ သံဃာ့အရေးအခင်းမှာ ဧကံ နန်းကျရမှာပါ။ ဒီလိုနန်းကျသွားခဲ့ရင် နာဂစ်မုန်တိုင်းလည်း ၀င်လာစရာမရှိတော့ဘဲ လမ်းကြောင်းလွဲသွားရမှာပါ။

ဒါပေမယ့် မင်းက အလွတ်ရှောင်ထွက်သွားတော့ သူ ဆက်လက်နန်းဆက်ဖို့ သိန်းကျော် ပြည်သူတွေရဲ့ အသက် ကို စတေးလို့ သန်းချီနေတဲ့ ပြည်သူတွေရဲ့ စည်းစိမ်အိုးအိမ်တွေကို စတေးပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ရတာပါပဲ။

စစ်အစိုးရရဲ့ ယတြာဆိုတာက အစားထိုးပေးဆပ်မှုတွေနဲ့ မိမိလိုတဲ့အချိန်တွေကို ပိုင်းခြားလို့ ပိုင်ပိုင်နိုင်နိုင် အသုံးချ သွားတာမျိုးတွေပါပဲ။

စစ်အစိုးရ ကြောက်တာ ဒေါ်စုကိုပါ။ ဒါကြောင့် ဒေါ်စုကိုလွှတ်ဖို့ဆိုရင်တော့ တကမ္ဘာလုံးကို ဆန့်ကျင်နေဖို့ ဘယ်တော့မှ ၀န်လေးမှာ မဟုတ်သလို၊ လွှတ်ပေးစရာလည်း မရှိပါဘူး။ တကယ်လို့ လွှတ်ပေးလိုက်ရင်လည်း သတ်ကွင်းထဲကို လွှတ်ပေးသလိုပဲ ဖြစ်နိုင်ပါတယ်။

ဒါကြောင့်ပြည်သူ သိန်းကျော်တို့ရဲ့အသက်တွေကို စတေးလိုက်ရတာ၊ ပြည်သူသန်းနဲ့ချီပြီး အိုးမဲ့၊ အိမ်မဲ့ဖြစ်ကြရ တာတွေဟာ သာမန်ကြည့်ရင်တော့ မုန်တိုင်းကြောင့်ပါ။ သို့သော်၊ မုန်တိုင်း မြန်မာပြည်ကို ၀င်လာရတဲ့ အကြောင်းတရားကတော့ ဗိုလ်ချုပ်မှူးကြီးက သူ့ရဲ့နန်းသက် တည်တန့်နေရေးအတွက် ရန်ကုန်ကို ပေးစား လိုက်ပြီး နေပြည်တော်မြို့သစ်ကို ထွက်ပြေးတိမ်းရှောင်သွားလို့ပဲ ဖြစ်တယ်ဆိုတာ ဗေဒင်ပညာ ရှုထောင့်ကနေ သုံးသပ်ပေးရခြင်းဖြစ်ပါတယ်။ သူသာ နန်းကျခဲ့ရင် မုန်တိုင်းလည်း ၀င်လာစရာမရှိပါဘူး။



သုတေသီတဦး
မှတ်ချက်။ ။ Sidereal System Burmam Independent Chat showing Scorpio Ascendant ,Virgo Moon and Leo MC (midheaven) ကို မှီငြမ်းရေးသားသည်။
REF: ဧရာဝတီ

Read More...

လေးဖြူ ပြန်လာပြီ

Friday, 09 January 2009

နိုင်ငံကျော် အဆိုတော် လေးဖြူ၏ စင်မြင့်ဖျော်ဖြေပွဲများ မကြာမီ ပြန်လည်စတင်တော့မည်ဟု ၎င်း၏ ပင်တိုင် တေးဂီတ အဖွဲ့ Iron Cross (IC) ၀ိုင်းတော်သား တဦးထံမှ သိရသည်။

ပြန်လည် စတင်မည့် ဖျော်ဖြေပွဲကို “မန္တလေး ဆီဒိုးနားဟိုတယ်မှာ လုပ်မယ်။ လာမယ့် ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့ မှာ လုပ်ဖို့စီစဉ်ထားတယ်” ဟု အဆိုပါ IC ၀ိုင်းတော်သားက ပြောပြသည်။

ဤအစီအစဉ်နှင့် ပတ်သက်ပြီး တရားဝင် သတင်းထုတ်ပြန်ခြင်း မပြုရသေးဘဲ လာမည့် ၁၂ ရက်နေ့တွင် သတင်း စာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု ဆိုသည်။

အဆိုတော် လေးဖြူသည် ပြီးခဲ့သည့် ၂ နှစ်ကျော်မှ စတင်ပြီး စင်မြင့် ဖျော်ဖြေပွဲများကို ရှောင်ရှားခဲ့သူ ဖြစ်သည်။ စင်မြင့်ပွဲများတွင် ပျောက်ကွယ်နေခဲ့ရာမှ ပြီးခဲ့သည့် သြဂုတ်လက ရန်ကုန်တွင် ပြုလုပ်သည့် နာဂစ်မုန်တိုင်း ဒုက္ခ သည်များ ရန်ပုံငွေပွဲတွင်သာ တကြိမ် ပြန်လည်ပေါ်ထွက်လာခဲ့သည်။

လေးဖြူ၏ ဖျော်ဖြေပွဲသတင်းနှင့် ပတ်သက်ပြီး မန္တလေးမြို့မှ လေးဖြူ၏ ပရိသတ်တဦးဖြစ်သူ ကိုမင်းမင်းက “ဒီမှာ ဘယ်နေ့လုပ်မယ် ဆိုတာတော့ မသိသေးဘူး။ ဂျာနယ်တို့ သတင်းစာတို့မှာ ကြော်ငြာထားတာလည်း မတွေ့သေး ဘူး။ ကိုလေးဖြူ ဆိုမယ် ဆိုတာတော့ ကြားတယ်။ သူ့ နောက်ဆုံးထွက်တဲ့ သီချင်းလည်းဆိုမယ် ဆိုတာ ကြား တယ်။ (လက်မှတ်) ဈေးကြီးရင်တော့ သွားကြည့်ဖြစ်မယ် မထင်ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက ပြုလုပ်ခဲ့သော လေးဖြူ ပါဝင်သည့် စတိတ်ရှိုးတွင် လက်မှတ်ရောင်းဈေးများမှာ ကျပ် ၉၀၀၀ မှ ၂၀၀၀၀ အထိ သတ်မှတ်ခဲ့ရာ မြန်မာပြည် စင်မြင့်ဖျော်ဖြေပွဲလောကတွင် မရှိခဲ့ဘူးသော ဈေးဖြစ်သည် ဟု ရန်ကုန်မြို့နေ IC ပရိသတ်တဦးက ပြောသည်။

အဆိုပါ နာဂစ်ရန်ပုံငွေပွဲကို ကမကထ ပြုခဲ့သည့် ALPINE သောက်ရေသန့်ကုမ္ပဏီက ယခု မန္တလေးတွင် ပြုလုပ် မည့်ပွဲကို တာဝန်ယူစီစဉ်မည်ဟု သိရသည်။

ရော့ခ်အဆိုတော် လေးဖြူသည် ၁၉၉၃ ခုနှစ်တွင် သီဆိုထုတ်ဝေခဲ့သော “ကန္တရလမင်း” သီချင်းခွေဖြင့် တရှိန်ထိုး ထင်ရှားလာသူ ဖြစ်သည်။ ပြီးခဲ့သည့်လက ၁၃ ခွေမြောက် တကိုယ်တော် တေးစီးရီးဖြစ်သော “ဘင်္ဂလား ပင်လယ်အော်” ကို ဖြန့်ချိခဲ့သည်။

လေးဖြူ၏ တကိုယ်တော်စီးရီးများမှာ အရောင်းရဆုံး သီချင်းခွေ များထဲတွင် ပါဝင်ခဲ့သည်။ ။



အေးလဲ့
REF: ဧရာဝတီ

Read More...

နိုင်ငံရေး အကျဉ်းသားများကို ရဲဘက်စခန်းပို့ပြီ

Friday, 09 January 2009

နိုင်ငံရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသူများ ရဲဘက် စခန်းတွင် ရောက်ရှိ နေသည်ဟု ရန်ကုန်မြို့ နိုင်ငံရေး အကျဉ်းသား မိသားစုများထံမှ သိရသည်။

၂၀၀၇ စက်တင်ဘာလ ဆန္ဒပြမှုများနှင့် ပတ်သက်၍ ထိန်းသိမ်းခံရသည့် တက္ကသိုလ်ကျောင်းသား ကိုကျော်ဇော သည် မကြာသေးမီက ရန်ကုန်တိုင်း တွံတေးမြို့နယ် ရွှေသူဌေးရဲဘက်စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။

“ကျော်ဇောကို အင်းစိန်ကနေ ရွှေသူဌေးကို ပို့လိုက်ပြီ၊ သူက ဥပဒေ၊ ဒုတိယနှစ် တက်နေတာ။ အသက်က ၁၉ နှစ်ပဲ ရှိသေးတယ်”ဟု မိသားစုနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောပြသည်။

အခြားတဦးမှာ မကြာသေးမီက ထောင်ဒဏ် ၉ နှစ် ချခံထားရသော ကိုဇော်နိုင်ထွေး (ခေါ်) ကိုကက်နက် ဖြစ်ပြီး ယခုအခါ တောင်ငူမြို့နယ် လေးမိုင်ရဲဘက်စခန်းတွင် ရောက်ရှိနေသည်ဟု သိရသည်။ ကိုဇော်နိုင်ထွေးသည် နိုင်ငံရေးမှုဖြင့် အကျဉ်းကျနေသော ၎င်း၏ အကိုဖြစ်သူ ကိုကျော်ကျော်ထွေးနှင့် စာပေးစာယူ လုပ်ရန်အတွက် ထောင်ဝန်ထမ်း ၃ ဦးကို လာဘ်ထိုးခဲ့သည်ဟု စွပ်စွဲခံရပြီး ထောင်ချခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ရဲဘက်စခန်းသို့ ပို့ဆောင်ခံရသူများ၏ အသက်အန္တရာယ်အတွက် စိုးရိမ်မိသည်ဟု ဆိုသည်။

“ရဲဘက်စခန်းတွေ ဆိုတာက ကျန်းမာရေး စောင့်ရှောက်မှုရော၊ နှိပ်စက်ညှဉ်းပန်းမှုရော အရမ်းအခြေအနေဆိုးတဲ့ အနေအထားမျိုးတွေရှိတယ်။ ရဲဘက်စခန်းတွေကို ပို့တယ်ဆိုတာက ထောင်ထဲမှာထက်စာရင် သေဖို့အတွက် ပိုနီး သွားတဲ့ အနေအထားမျိုးတွေဖြစ်တော့ အတော်စိုးရိမ်စရာကောင်းတယ်” ဟု ကိုဘိုကြည်က သုံးသပ်ပြသည်။

၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော သံဃာ့ဆန္ဒပြပွဲ နောက်ပိုင်း ဖမ်းဆီးခံရသူများအနက် ရဲဘက်စခန်းအသီးသီးသို့ ပို့ ဆောင်ခံရသူပေါင်း အနည်းဆုံး အမျိုးသား ၁၆ ဦး၊ သံဃာ ၁ ပါး ရှိကြောင်း AAPP အသင်း၏ မှတ်တမ်းများအရ သိရှိရသည်။

အာဏာပိုင်များက အကျဉ်းသားများကို အခြားထောင်များ၊ ရဲဘက်စခန်းများ၊ ရှေ့တန်း စစ်မြေပြင်များသို့ ပို့ ဆောင်သည့်အခါ သက်ဆိုင်ရာမိသားစုသို့ အကြောင်းကြားလေ့မရှိပေ။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ လင်တန် ရဲဘက်စခန်းမှ ထွက်ပြေးလွတ် မြောက်လာသော ရဟန်းတော် ဦးပညာသီရိက ရဲဘက်စခန်းတွင် ၁ ပတ်လျှင် ၆ ရက် အလုပ်ကြမ်းမျိုးစုံ လုပ်ကိုင် ခဲ့ရကြောင်း၊ အစားအသောက် အနေအထိုင်ဆင်းရဲမှု၊ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် အသေအပျောက်များ ရှိ ကြောင်း သတင်းဌာနများသို့ မိန့်ကြားခဲ့သည်။

ယခင်ကလည်း နိုင်ငံရေး အကျဉ်းသားများ ရဲဘက်စခန်းသို့ ပို့ဆောင်ခံရဖူးသည်။ ၁၉၉၆ ခုနှစ်က မန္တလေးမြှို့မှ ဦးထွေး၊ ဦးအောင်၊ နာမည်ကျော် လူရွှင်တော်များ ဖြစ်ကြသော ဦးပါပါလေး၊ ဦးလူဇော်တို့သည် ကချင်ပြည်နယ်ရှိ မြစ်ကြီးနား လေဆိပ်ဆောက်လုပ်ရေး၊ ဆွမ်ပရာဘွမ် လမ်းဖောက်လုပ်ရေး ရဲဘက်စခန်းတို့တွင် အလုပ်ကြမ်း လုပ်ခဲ့ရသည်။ ၎င်းတို့ ၄ ဦးမှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်၍ အငြိမ့်ကပြပြီး ရက်ပိုင်း အတွင်း ထိန်းသိမ်းခံရခြင်းဖြစ်သည်။

၁၉၉၇ တွင်လည်း တောင်ငူမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မြို့နယ်အဆင့် ခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ရသည်။ ခေါင်းဆောင် ၁၇ ဦးနှင့် အဖွဲ့ဝင် ၁ ဦးသည် ရှေ့တန်းစစ်မြေပြင်တွင် အထမ်းသမား (ပေါ်တာ) များအဖြစ် ခိုင်းစေ ခံခဲ့ရသည်။ ၎င်းတို့ထဲမှ အနည်းဆုံး တဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ ဦးစောထွန်းနွယ် (အသက် ၇၅ နှစ်ခန့်) ဖြစ်ကြောင်း အဖွဲ့ချုပ်က စစ်အစိုးရကို အကြောင်းကြား ကန့်ကွက်ခဲ့သည်။

စစ်အစိုးရက တစုံတရာ တုန့်ပြန်ခြင်းမရှိခဲ့ပေ။ ။



ဇာနည်ဝင်း
REF: ဧရာဝတီ

Read More...

ကချင်လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြုနိုင်ငံရေးပါတီ ကချင်အတိုင်ပင်ခံ ကောင်စီက ဦးစီးဖွဲ့မည်

၉ ဇန်န၀ါရီ ၂၀၀၉

၂၀၁၀ ရွေးကောက်ပွဲအတွက် ကချင်ပြည်နယ် ကိုယ်စားပြုမည့် နိုင်ငံရေးပါတီတခုကို ကချင်အတိုင်ပင်ခံကောင်စီ က ကြီးမှူးပြီးဖွဲ့ရန် စီစဉ်နေကြောင်း ကချင်အပစ်အခတ်ရပ်စဲရေး အရာရှိတဦးက ခေတ်ပြိုင်သို့ အတည်ပြုပြော သည်။

“ဒီပါတီကို ကချင်အတိုင်ပင်ခံကောင်စီက ဦးစီးပြီးထောင်ဖို့ လုပ်နေပါတယ်။ ခုလောလာဆယ်တော့ လူထုကို ကွင်းဆင်းပြီး ရှင်းပြနေတဲ့ အဆင့်မှာပဲ ရှိပါတယ်။ ဒီပါတီဟာ ကချင်ပြည်နယ်ကို ကိုယ်စားပြုမယ့်ပါတီ ဖြစ်ပါ တယ်။ ကချင်အတိုင်ပင်ခံကောင်စီရဲ့ ပါတီမှာ ပါမယ့်သူတွေဟာ ကေအိုင်အိုကပဲဖြစ်ဖြစ်၊ အန်ဒီအေကေကပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့က ထွက်ရမှာဖြစ်တယ်” ဟု ဒီမိုကရေစီသစ်တပ်မတော်-ကချင် အပစ် အခတ်ရပ်စဲရေးအဖွဲ့ (အန်ဒီအေကေ) မှ ဗိုလ်မှူးကြီး မုယင်တောင်ဟောင်းက ပြောသည်။

အဆိုပါ ကချင်အတိုင်ပင်ခံကောင်စီက ဖွဲ့မည့် နိုင်ငံရေးပါတီတွင် ကေအိုင်အိုမှ အချို့လည်း ပါဝင်ကြမည်ဟု အန်ဒီအေကေဆက်ဆံရေးတာဝန်ခံ ဆခုန်ချမ်းဘောင်ကလည်း ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ကေအိုင်အိုကို ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တယ်လီဖုန်း လက်ခံမည့်သူ မရှိခဲ့ပေ။

အန်ဒီအေကေအဖွဲ့အနေဖြင့် အဆိုပါ ကချင်နိုင်ငံရေးပါတီတွင် ပါရန် အလားအလာရှိသလားဟု ခေတ်ပြိုင်က မေးရာ ပါဖြစ်မည်မထင်ကြောင်း ဗိုလ်မှူးကြီး မုယင်တောင်ဟောင်းက ရှင်းပြသည်။ သို့သော် အန်ဒီအေကေအဖွဲ့ အနေဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတိုင်း စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အန်ဒီအေကေ ဆက်ဆံရေးတာဝန်ခံ ဆခုန်ချမ်းဘောင်က ဆက်လက်ပြောသည်။

ကချင်နိုင်ငံရေးပါတီတွင် ဒီမိုကရေစီသစ်တပ်မတော်-ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့ (အန်ဒီအေကေ) မပါဝင် ဟု ဗိုလ်မှူးကြီး မုယင်တောင်ဟောင်းက ပြောသော်လည်း အန်ဒီအေကေ ဥက္ကဋ္ဌ ဆခုန်တင်ယိန်းသည် လော လောဆယ် ပါတီဖွဲ့မည့်ကိစ္စအတွက် ကချင်ပြည်နယ်တွင်း ကွင်းဆင်း စည်းရုံးနေသည်ဟု အန်ဒီအေကေနှင့် နီးစပ်သည့် တရုတ်သတင်းရပ်ကွက်က ပြောသည်။

ကချင် အပစ်အခတ်ရပ်စဲရေးအဖွဲ့များပါမည့် အဆိုပါ ကချင်နိုင်ငံရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် သီးခြားပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည်လား၊ စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် တစညပါတီ၊ ကြံ့ဖွံ့ပါတီ စသည်တို့နှင့် မဟာမိတ်လုပ်မလားဆိုသည်မှာမူ ရှင်းရှင်းလင်းလင်း မရှိသေးပေ။



(သတင်းထောက် ဟန်တင်အောင်၏ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘယ်နှပါတီ ပြိုင်ခွင့်ရမလဲ သုံးသပ်ချက်)

ွREF: ခေတ်ပြိုင်

Read More...

ရန်ကုန် ဒီပီအေ သတင်းထောက်အား အရေးယူရန် အတိုက်အခံများ ဒီပီအေ သတင်းဌာနကို ဖိအားပေးပြီ

၁၂ ဇန်န၀ါရီ ၂၀၀၉

ဦးဝင်းတင်နှင့် အန်အယ်လ်ဒီအား သိက္ခာကျစေရန် ရေးသားခဲ့သည့် ဒီပီအေ ရန်ကုန်သတင်းထောက်အား အရေး ယူပေးရန် ဘန်ကောက် ဒီပီအေသတင်းဌာနကို ဖိအားပေးရေး အတိုက်အခံများက နိုင်ငံတကာ ကမ်ပိန်းအနေ ဖြင့် စည်းရုံးနေကြောင်း ဒေါက်တာ လွဏ်းဆွေဘလော့ဆိုက်တွင် ဖော်ပြထားသည်။

၂၀၀၈ ခု နိုဝင်ဘာ (၃၀) ရက်နေ့ထုတ် ရန်ကုန် ဒီပီအေသတင်းထောက်၏ သတင်းတွင် အန်အယ်လ်ဒီနှင့် ဆရာ ဦးဝင်းတင် သိက္ခာကျစေမည့် မမှန်မကန် အချက်အလက်များဖြင့် သတင်းရေးသားခဲ့ကြောင်း ရန်ကုန်ရှိ နိုင်ငံ ခြားသတင်းထောက်များအသင်းသို့ ဦးဝင်းတင်ပေးပို့ခဲ့သည့် ကန့်ကွက်စာ အင်္ဂလိပ်ဘာသာပြန်ကိုပါ အဆိုပါ ဘလော့ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ အင်္ဂလိပ်ဘာသာပြန် ဦးဝင်းတင်၏စာကို ဦးဝင်းတင်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ကြောင်း ရန်ကုန် အန်အယ်လ်ဒီနှင့် နီးစပ်သည့် သတင်းရပ်ကွက်က အတည်ပြု ပြောကြားသည်။ ထို့ပြင် အဆိုပါစာဖြင့် ဒီပီအေ သတင်းဌာနကို ၎င်း၏ ရန်ကုန်သတင်းထောက်အား အရေးယူရန် အတိုက်အခံများက ဆောင်ရွက်ပေးစေလို ကြောင်း ဦးဝင်းတင်၏ မိတ်ဆွေများကလည်း ပြောသည်။

ဂျာမနီအခြေစိုက် ဒီပီအေသတင်းဌာနကို အသုံးချပြီး အန်အယ်လ်ဒီကို စနစ်တကျ ပြိုကွဲအောင် ကြံစည်ရေးသား နေသည့် ရန်ကုန် ဒီပီအေသတင်းထောက် ကိုကို (စက်မှုတက္ကသိုလ်) အား ဒီပီအေမှ ဖြုတ်ပြီး နအဖနှင့် မပတ်သက်သည့် သတင်းထောက်အသစ် ခန့်ရေးကိစ္စအတွက် ဒီပီအေသတင်းဌာနအား ၀ိုင်းဝန်းကန့်ကွက် ဖိ အားပေးရန်လည်း အဆိုပါ ဘလော့ဆိုက် (http://www.drlunswe.blogspot.com/) တွင် တိုက်တွန်းထား သည်။

ဒီပီအေသတင်းဌာနသို့ ကန့်ကွက်စာပေးလိုလျှင် အလွယ်တကူဖြစ်စေရန် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် စာ နမူနာပါ ထည့်သွင်းဖော်ပြထားပြီး အဆိုပါ စာများကို Managing Editor: mccormack.eva-maria@dpa.com နှင့် ဘန်ကောက် ဒီပီအေအယ်ဒီတာ bangkok@dpa.com တို့ထံ ပေးပို့ရန်လည်း ဖော်ပြထားသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်လိုသည့်အပိုင်းနှင့် ရွေးကောက်ပွဲ မ၀င်လိုသည့်အပိုင်း (၂) ပိုင်း ကွဲ နေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကို ကိုးကား၍ ရန်ကုန် ဒီပီအေ (Deutsche Presse-Agentur ) နိုင်ငံခြား သတင်းထောက် ရေးသားခဲ့သည့်သတင်း မှားယွင်းနေကြောင်း ဖော်ပြထားသည့် စာတစောင်ကို ဦးဝင်းတင်က ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်းသို့ ဒီဇင်ဘာ (၁၀) ရက် နေ့စွဲဖြင့် ပေးပို့ထားသည်။

နိုဝင်ဘာ (၃၀) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ဒီပီအေသတင်း၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး လိမ်လည် လုပ်ကြံရေးသားသည့် သတင်းမှားအတွက် အရေးယူပေးရန် ရန်ကုန် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်း အတွင်းရေးမှူးသို့ လိပ်မူပြီး အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ရေးသားပေးပို့ ထားခြင်း ဖြစ်သည်။

ဒီပီအေသတင်းကို ကိုးကား၍ စစ်အစိုးရအလိုကျ အတိုက်အခံသတင်းများအား မမှန်မကန်ဖော်ပြနေသည့် ပြည်တွင်းဝဂ်ဆိုက်တခုဖြစ်သည့် သာကီနွယ် အင်တာနက်သတင်းဌာနကလည်း ဦးဝင်းတင်က ရွေးကောက်ပွဲ ၀င် လိုသည့် ဆန္ဒရှိသယောင်၊ အန်အယ်လ်ဒီအတွင်း အကွဲအပြဲများ ပေါ်ပေါက်နေသယောင် ရေးထားသည့်အတွက် ဒီပီအေ နိုင်ငံခြားသတင်းဌာနနှင့် သာကီနွယ် အင်တာနက်သတင်းတို့ ပူးပေါင်းလိမ်လည် လုပ်ကြံဖန်တီးချက်ကို အရေးယူပေးရန် ဦးဝင်းတင်၏ စာ၌ ဖော်ပြထားသည်။

ဒီပီအေ သတင်းဌာနသည် ဂျာမနီနိုင်ငံ ဟမ်းဘတ်တွင် အခြေစိုက်သည့် သိက္ခာရှိ သတင်းဌာနကြီး တခုဖြစ်သော် လည်း လောလောဆယ် ဒီပီအေ ရန်ကုန် သတင်းထောက်မှာ စစ်အစိုးရအလိုကျ ရေးသားနေသည့် ပြန်ကြားရေး ၀န်ကြီးနှင့် နီးစပ်သည့် စာနယ်ဇင်းသမားတဦးဟု ရန်ကုန် စာနယ်ဇင်းလောကတွင် လူသိများသည့် ကိုကို (စက်မှု တက္ကသိုလ်) ဆိုသူ ဖြစ်ကြောင်း စုံစမ်းသိရသည်။



ွREF: ခေတ်ပြိုင်

Read More...

လွတ်လပ်ရေးနေ့အကြောင်းရေးသူ အယ်ဒီတာ စာပေစိစစ်ရေးက ခေါ်ယူ စစ်ဆေးခံရ

၉ ဇန်န၀ါရီ ၂၀၀၉

စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုသည့် ဆောင်းပါးနှစ်ပုဒ် အန်အယ်လ်ဒီနဲ့ နိုင်ငံရေးသမား အသိုင်းအဝန်းတွင် ပျံ့နှံ့ ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီး ဆောင်းပါးရေးသူ ဦးထွန်းဝင်းငြိမ်းကို စာပေစိစစ်ရေးက ခေါ်ယူစစ်ဆေးခဲ့ကြောင်း စာပေစိစစ်ရေးရုံးမှ အမည်မဖော်လိုသူ စာစစ်မှူးတဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့အပတ် လွတ်လပ်ရေးနေ့ မတိုင်မီက တင်ပြတဲ့ True News ဂျာနယ်ရဲ့ စာမူကြမ်းမှာ ဦးထွန်း ဝင်းငြိမ်းရဲ့ ဆောင်းပါးနှစ်ပုဒ်ပါတယ်။ လွတ်လပ်ရေးနေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးနှစ်ပုဒ်ပါ။ အဲဒါကို ကျမတို့ စာပေစိစစ်ရေးက ပုံနှိပ်ဖော်ပြခွင့် မပြုပါဘူး။ ဒါပေမယ့် ဒီဆောင်းပါးနှစ်ပုဒ် အန်အယ်လ်ဒီနဲ့ နိုင်ငံရေးသမားကြီး တွေ ကြားထဲ ပျံ့နှံ့နေတယ်ဆိုတာ စရဖနဲ့ အက်စ်ဘီအဖွဲ့က အကြောင်းကြားလာလို့ ကျမတို့ ညွှန်မှူးက ဦးထွန်း ဝင်းငြိမ်းကို ခေါ်ယူစစ်ဆေးတာပါ။ အရေးယူတာမျိုးတော့ မရှိပါဘူး” ဟု ပြောသည်။

၎င်း၏ ရှင်းပြချက်အရ အဆိုပါ ဆောင်းပါးနှစ်ပုဒ်အနက် တပုဒ်က လွတ်လပ်ရေးနေ့နှင့် ပတ်သက်ပြီး နိုင်ငံရေး သမားကြီးများဖြစ်သည့် သခင်အုန်းမြင့်၊ သခင်သိန်းမောင်၊ ဦးအုန်းမောင်၊ ဒဂုန်တာရာ၊ ဦးအောင်မြင့်၊ သခင် ချန်ထွန်း၊ သခင်သိန်းဖေ၊ ဦးထွေးမြင့်၊ ဦးမောင်မောင်ကြီး၊ ဦးမင်းလွင်တို့ကို အင်တာဗျူးလုပ်ပြီး ရေးသားဖော်ပြ ထားသည့် ဆောင်းပါးဖြစ်သည်။ နောက်တပုဒ်မှာမူ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိစဉ်က ခံယူအဓိဋ္ဌာန်ပြုခဲ့သည့် အဓိဋ္ဌာန်စာတမ်းနှင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနေ့ မော်ကွန်းကျောက်စာတိုင် အုတ်မြစ်ချမိန့်ခွန်းပါဝင်သည့် ဆောင်းပါးတို့ ဖြစ်ကြသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦးကို မေးမြန်းကြည့်ရာ ၎င်းက “နိုင်ငံရေး သမားဟောင်းကြီးတွေအနေနဲ့ စစ်အစိုးရ စာပေစိစစ်ရေးဟာ ဆိုးရွားတယ်ဆိုတာ သိပေမယ့် ယခု ကိုယ်တိုင် လက်တွေ့ကြုံလိုက်ရမှ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ သိသွားကြမှာ ဖြစ်ကြောင်း၊ လွတ်လပ်ရေးနဲ့ ပတ်သက်လို့ မဟာဗန္ဓုလပန်းခြံထဲက လွတ်လပ်ရေးကျောက်တိုင် အောက်ခြေမှာ ရေးသားထား တဲ့ သမိုင်းဝင် စာသားတွေကိုတောင် လွတ်လွတ်လပ်လပ် ရေးသားဖော်ပြခွင့်မရတာ သူတို့ သိသွားကြတာမို့ ကောင်းကြောင်း၊ ဒါကြောင့် မကြာခင် ၂ဝ၁ဝ မှာ စစ်အစိုးရက ရွေးကောက်ပွဲတွေ လုပ်ပေးတော့မယ်၊ နိုင်ငံရေး ပါတီတွေ ဖွဲ့ပြီး လှုပ်ရှားနိုင်မယ်၊ ရွေးကောက်ပွဲ ဝင်နိုင်မယ် ဆိုပြီး စိတ်ကူးမယဉ်သင့်ကြောင်း” ပြောကြားသည်။

ခေတ်ပြိုင်၏ သီးသန့် စုံစမ်းချက်အရ ဆောင်းပါးရေးသူ ဦးထွန်းဝင်းငြိမ်းသည် ပြည်တွင်းထုတ် ဗြူတီ လစဉ်ထုတ် မဂ္ဂဇင်း အယ်ဒီတာတဦး ဖြစ်သောကြောင့် စာပေစိစစ်ရေးက ဗြူတီမဂ္ဂဇင်းမှတဆင့် ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ဆောင်းပါးများ ပျံ့နှံ့နေသည့်ကိစ္စနှင့် ပတ်သက်၍ ဦးထွန်းဝင်းငြိမ်းက ၎င်းအင်တာဗျူး လုပ်ထားသူ နိုင်ငံရေး သမားကြီးများကို ရေးသားထားသည့်ဆောင်းပါး ပြန်လည်ပြသခြင်းသာဖြစ်ပြီး ပုံနှိပ်ဥပဒေကိုလည်း ချိုးဖောက် ခြင်း မရှိသည့်အတွက် စာပေစိစစ်ရေးက အရေးမယူနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဆောင်းပါးရေးသားသူ ဦးထွန်းဝင်းငြိမ်းအား စာပေစိစစ်ရေးမှ ဗိုလ်မှူးတင့်ဆွေက ၀ါရင့်နိုင်ငံရေးသမား ကြီးများ၏ လွတ်လပ်ရေးနေ့အခမ်းအနားတွင် ကြေညာချက်စာတမ်းဖြန့်ဝေသည်ဟုဆိုကာ ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း စာပေအသိုင်းအ၀န်းမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်အမှန်မှာ စာရေးသူ ဦးထွန်းဝင်းငြိမ်းသည် ၎င်းတွေ့ဆုံမေးမြန်းခဲ့သော ၀ါရင့်နိုင်ငံရေးသမားကြီးများထံ စာမူကြမ်းသွားရောက်ပေးခြင်းသာဖြစ်ကြောင်း သိရှိရပြီး ယင်းကဲ့သို့ သွားရောက်မှုကို စာပေစိစစ်ရေး ညွှန်ကြား ရေးမှူးက တပ်အပ်သေချာ သိရှိမေးမြန်းနိုင်သည်မှာ စာပေစိစစ်ရေးရုံးသည် နအဖထောက်လှမ်းရေးများနှင့် အမြဲ ပတ်သက်မှုရှိသည်ကို သက်သေပြုခြင်းတရပ် ဖြစ်နေသည်ဟု ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀န်းက ယူဆသည်။

ဦးထွန်းဝင်းငြိမ်း တွေ့ဆုံမေးမြန်းခဲ့သော ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း

“အန်ကယ်တို့ကတော့ လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့ကြရပုံတွေ၊ အဲဒီအချိန်တုန်းက နိုင်ငံတကာ နိုင်ငံရေးအခင်း အကျင်း….ဒါတွေရှင်းပြပြီးတော့ အခုချိန်မှာ လူတွေ လွတ်လွတ်လပ်လပ် ပြောရေးဆိုခွင့်မရကြတာနဲ့ စီးပွားရေး အခြေအနေတွေအကြောင်းကြောင့် အမှုအခင်းတွေ ပေါများလာတာတွေ… ဒါတွေ ပြောပြလိုက်တာပဲ။ အဲဒါတွေ ကိုပဲ သူတို့ မကြိုက်တာ၊ သဘောမကျတာနေမှာပေါ့” ဟု ခေတ်ပြိုင်၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။

စာပေစိစစ်ရေးအဖွဲ့က ကဗျာဆရာ စောဝေ ကဗျာကိစ္စတုန်းကလည်း ယခုကဲ့သို့ ဆွေးနွေးစရာရှိသည်ဟုဆိုကာ စာပေစိစစ်ရေးရုံးသို့ ဆင့်ခေါ်ပြီး အဆိုပါ ရုံး၌ပင် ရဲလက်အပ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂ဝဝ၈ အတည်ပြုပြီး ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ လုပ်ပေးတော့မည်ဟု စစ်အစိုးရက ကြေညာထား သော်လည်း စာပေစိစစ်ရေးက လွတ်လပ်စွာ ရေးသားခွင့်နှင့် ပတ်သက်ပြီး ဆိုးဆိုးရွားရွား ချိုးဖောက်နေဆဲဖြစ် ကြောင်း ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်အယ်ဒီတာနှင့် သတင်းထောက်များက တညီတညွတ်တည်း ပြောဆိုနေကြ သည်။



(မင်းနိုင်သူ ဖြည့်စွက်ရေးသားသည်)
REF: ခေတ်ပြိုင်

Read More...

အပေါ်သို့