Tuesday, September 27, 2011

ခေတ်မြစ်

မျိုးမြင့်ချို(ခ)ကိုမျိုးမြင့်

“မြစ်တမြစ်မြစ်”ကို ပထဝီပေါ်တင်ကြည့်လျှင် သည်မြစ်ကြီးဘယ်ကစ။ ဘယ်တုန်းကစ။ ဘာတွေဖြစ်ခဲ့။ ဘယ်လိုစီး ဆင်းသွား။ ဘယ်မြို့ဘယ်ရွာ ဘယ်နေရာတွေဖြတ်စီး။ ဘယ်နေရာမှာ ဘယ်လောက်ကျယ် ဘယ်လောက်ကျဉ်း။ ဘယ် လောက်ရှည်လို့ ဘယ်လိုဆုံး စသည်များ ထွက်လာမည်။

“မြစ်”ကို ခေတ်ပေါ်တင်ကြည့်လျှင် သည်မြစ်ကြီးနဲ့အတူ ဘာသမိုင်းတွေမွေးဖွားခဲ့။ ဘာသမိုင်းတွေ ချုပ်ငြိမ်းခဲ့။ ဘာ သမိုင်းတွေ စီးဆင်းခဲ့။ ဘာသမိုင်းတွေ စီးဆင်းဆဲ စသည်များ မြင်လာမည်။

“မြစ်တမြစ်”ကို ပထဝီပေါ်တင်ကြည့်သည်မှာ မြစ်၏ ရုပ်ပိုင်းသဘောကို ထုတ်ယူလို၍ ဖြစ်ပြီး၊ “မြစ်” ကို “ခေတ်” ပေါ် တင်ကြည့် သည်မှာ ခေတ်၏ “အရွေ့သဘော”ကို မြင်လို၍ ဖြစ်၏။ ထို့ကြောင့် “ပထဝီသဘောမြစ်” သည် “ခေတ် သဘောမြစ်” လိုမဟုတ်။ မတူနိုင်။ တူလို့မဖြစ်။ တူလို့လည်းမရ။ “ပထဝီမြစ်”တွင် အစရှိ၏။ အဆုံးရှိ၏။ “ခေတ်မြစ်” က ထိုသို့မဟုတ်။ လူ့သမိုင်း ရှိသရွေ့ တည်၏။ သမနိရှည်၏။

ခေတ်တခေတ်သည် မြစ်တမြစ်မဟုတ်။ ခေတ်ကိုက မြစ်ဖြစ်၏။ မြစ်တွင်ဇာတိရှိ၏။ ဇာတိတွင် ရေတစက်ဖြင့် ချက် မြုတ်ရ၏။ ချက် မြှုတ်ရာမှ ခေါင်းချရာ ခရီးတွင် ဆက်စပ် ပေါင်းဝင်မှု များစွာကို လက်ခံပြီး စည်စည်ပင်ပင် ရှင်သန် စီးဆင်း ၏။ စီးဆင်းရာ တလျှောက်တွင် ကြေသည့် နေရာကြေ၍ ကြမ်းသည့်နေရာ ကြမ်း၏။ ကြေကြေကြမ်းကြမ်း စီးဆင်းရင်း ကွေ့ကွေ့ ကောက်ကောက်လည်း ရှိရ၏။ မကွေ့မကောက်လျှင် မြစ် မမြည်တော့။ တခါတရံတွင် မြစ်သည် ဖြောင့်ဖြောင့် မြန်မြန်စီးလို သဖြင့် မြစ်ကျိုးအင်းများ ထားခဲ့ပြီး ဆက်ထွက်ရ တတ်သေး၏။ မြစ်မှန်လျှင် တကမ်းဖြိုပြီး တသောင် ထွန်း ပေးရ၏။ သောင်ထွန်းရင်း ကျွန်းလည်း ဖေါ်ရ၏။ ပေါ်သည့် ကျွန်းတိုင်းလည်း နုံးတင်မြေနု မဟုတ်တတ်။

မြစ်တွင် မြစ်ဗီဇသဘောရှိ၏။ ထိုဗီဇသဘောသည် ဇာတိတွင်ပြ၏။ ဇာတိပြရင်း ဇာတိချုပ်ရ၏။ ဇာတိမချုပ်ခင် ဇာတ်ရုပ် ဖျောက်၏။ ဇာတ်ရုပ် ပျောက်မြစ် တမြစ်သည် နာမည် အမျိုးမျိုး ချန်ခဲ့ပြီးမှ ပင်လယ်ဝတွင် ခေါင်းချ၏။ ခေါင်းချရုံဖြင့် “ဝိဉာဉ်” ကင်းပြီဟု မဆိုနိုင်။ မြစ်၏ ဝိဉာဉ်သည် အလျဉ် စီးဆင်းနေသည့် ရေဖြစ်၏။ ရေမခမ်းသရွေ့ မြစ်မကန်း။

ဧရာဝတီသည် “မြစ်” ဖြစ်၏။ “မြစ်တမြစ်”မဟုတ်။ ထို့ကြောင့် သူသည် “ခေတ်”လည်းဖြစ်၏။ သူ့ဝိဉာဉ်အလျဉ်သည် မကန်းသေး။ သူ့ဝိဉာဉ်တွင် ခေတ်အလျဉ်တို့အား သယ်ပိုးထားဆဲ။ ဧရာဝတီနှင့် အတူ ခေတ်တို့ စီးဆင်းနေဆဲ။

မြစ်၏ခေါင်းချရာတွင် ပင်လယ်ကိုသန္ဓေတည်၏။ မြစ်ပေါင်းစုံဂဟေဆက်ရာမှ ပင်လယ်ကိုဖွားမြင်လာ၏။ သူက ရေစီး ညင်သာသည့်မြစ် ရေစီးကြမ်းသည့်မြစ်ဟု မခွဲခြားပဲ ကြည်ကြည်ဖြူဖြူ ထွေးပွေ့ယူ၏။ “မြစ်ယဉ်” “မြစ်ရိုင်း”အားလုံးကို သူ့ထံတွင် ရောနှောခိုင်းပြီး၊ မြစ်တိုင်း၏ သမိုင်းကိုလည်း လက်ခံ သိမ်းဆည်း ပေးထားသေး၏။ “မြစ်” သည် “ခေတ်”ဟု ဆိုလျှင် “ပင်လယ်”သည် “ခေတ်တို့၏သမိုင်း”။ ဗီဇသဘော အရပင်လယ်သည် တည်ငြိမ် အေးဆေးဟန် ရှိသော်လည်း ဝန်းကျင်၏ စေ့ဆော် မှောက်လှန်မှုကြောင့် တခါတရံတွင် လှိုင်းထန်၏။

လူ့သမိုင်းသည် လှိုင်းထန်၏။ အကောင်းနှင့်အဆိုး၊ အကျိုးနှင့်အပြစ်၊ အနှစ်နှင့်အကာ၊ အာဏာနှင့် ဖီဆန်မှု၊ ဖိစီးမှုနှင့် တွန်းလှန်မှု၊ ဓမ္မနှင့်အဓမ္မ၊ အသစ်အဟောင်း ပဋိပက္ခ စသည်တို့ဖြင့် ဗြောင်းဆန်နေသည့် မြစ်တစင်းဖြစ်၏။ အစဉ် စီး ဆင်းရင်း အဆက်မပြတ် ရှင်သန်နေ၏။ ခေတ်ဆိုသည့်မြစ်သည် “သမိုင်းခေတ်”များအားကျောပိုးပြီး “ခေတ်တို့၏ သမိုင်း” သိမ်းဆည်းရာ ပင်လယ်သို့ မျက်နှာမူ၏။ တရွေ့ရွေ့စီးဝင် နေ၏။ ပင်လယ်ရောက်လျှင် သမိုင်းခေတ်များ ဆုံမည်။ စုံလည်းစုံမည်။ သမိုင်းခေတ်များဆုံလျှင်၊ တစုံလုံးကိုမြင်ရ၏။ “ခေတ်မြစ်”နှင့် စီးနေဆဲတွင် သမိုင်းကို ဖြတ်ကြည့်ပါက “ခေတ်တဖြတ်အမြင်” သို့မဟုတ် “မြစ်တဖြတ်အမြင်”ဖြင့်သာ တင်းတိမ်စရာရှိ၏။

သမိုင်းကို “ခေတ်တဖြတ် (သို့) မြစ်တဖြတ်အမြင်” သက်သက်နှင့်ကောက်ကိုင်ကြည့်ပါမူ ယူစရာ “သင်ခန်းစာ” တခု တည်းကိုသာ ပြေးမြင်မိ၏။ အမှန်က ခေတ်တိုင်းတွင် ယူစရာ “သင်ခန်းစာ”များရှိသလို “နမူနာ”များလည်းရှိ၏။ သင် ခန်းစာယူခြင်းမှာ ကောင်းသည့်အရာ ဖြစ်၏။ “နောင်ကို..အရင်လိုမမှားဖို့”ဖြစ်၏။ နမူနာကိုမယူနိုင်လျှင် နှုန်းစံတန်ဖိုး ချိန်ဆဖို့ တိုင်းစရာ မရှိသလို ဖြစ်တတ်၏။ “အရင်လို..နောင်ကို လည်းမှားတတ်” စရာရှိသေး၏။

ပင်လယ်ရောက်မှ တစုံလုံးကိုမြင်ရမည်ဖြစ်သော်လည်း ပင်လယ်ရောက်မှ တစုံလုံးကို ကြည့်ရမည်ဟု မဆိုလို။ မြစ်တဖြတ် အမြင်ကို ပင်လယ်ပေါ် လှမ်းတင် ကြည့်နိုင်ပါမူ “သင်ခန်းစာ” ရော “နမူနာ” ပါ ခပ်ရေးရေးတော့ မြင်နိုင်စွမ်းမည် ထင်၏။

Ref: မျိုးမြင့်ချို

0 comments:

အပေါ်သို့